နေ့စဉ်သတင်းစုစည်းမှု
12-May-2024
တိုက်ပွဲသတင်း
၁။ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် ကြေးနီတင် စစ်ယာဉ်တန်းနှင့် ကင်းပုန်းစစ်သားများကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်
မေ ၁၂ ၊ D Day News
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြား၌ အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီ တင်ဆောင်လာသည့် အကြမ်းဖက်စစ်ယာဉ်တန်းနှင့် ကင်းပုန်းစစ်သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People's Defence Force Myinmu ထံမှ သိရသည်။ မေလ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၅၂ မိနစ်အချိန်က မုံရွာမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီများတင် စစ်ယာဉ်တန်းကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပရွာအကြား အရောက် မိုင်းဆွဲ၍ လက်နက်ငယ်များ၊ ၄၀ မမ များဖြင့် အနီးကပ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားများမှာ အရှိန် ကုန် မောင်းနှင်ပြေးသွားကြောင်း သိရသည်။ထို့သို့ ကြေးနီတင်စစ်ယာဉ်တန်းကို တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာလာစဉ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်း စစ်သားများနှင့် ထိပ်တိုက်တွေ့ရှိခဲ့ရာ အပြန်အလှန် ပစ်ခက်တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu (DK PDF-MMU) ၊ ဇေယျာ ရွှေမြေ ၊ မြင်းမူဖိုက်တာ၊ အနောက်ခြမ်း ပ.က.ဖ နှင့် မြင်းမူမြို့နယ် ရပ်ကျေး ပ.က.ဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂။ မြို့သစ် မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲ ၂၁ ဦး အညံ့ခံ
မေ ၁၂ ၊ Mizzima
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်လက် အောက်ခံရဲ ၂၁ ဦး လက်နက်ချ အညံ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ် ရေး တပ်မတော် စစ်ရုံးချုပ်က မေလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။ တမူးမြို့အထက်ပိုင်း မြို့သစ်မြို့တွင် အခြေပြု ထားသည့် ခလရ (၂၂၈) ၊ SNA တပ်မဟာ (၈၉၁) တပ်ရင်း(၃) ၊ ကသည်းတပ်ဖွဲ့၊ ရဲ နှင့် ပျူစောထီးပူးပေါင်းအင်အား ၂၅၀ ခန့်ကို မေလ ၇ ရက်မှစတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့်လက်အောက်ခံများ ထွက်ပြေးသွားခဲ့ပြီး စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင် ၊ ဒုရဲအုပ် ကျော်ကျော်လွင် ၊ ဒုရဲအုပ် မျိုးသန့်အပါအဝင် ရဲ ၂၁ ဦး အလံဖြူထောင်ပြီး လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စစ်ကောင်စီတပ်သားများကိုင်ဆောင်သည့် လက်နက်ငယ် ၂၉လက် ၊ ၆၀ မမ ဗုံးသီး ၁၂လုံး ၊ အီနာဂါ ငါးလုံး ၊ ရှေ့ထွက်မိုင်းတလုံး ၊ Station Jammer သုံးခု ၊ ကျည်အိမ် ၃၄ခု နှင့် ကျည်ဆန်များသိမ်းဆည်းရခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့် ဒဏ်ရာရသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ အဆိုပါမြို့သိမ်းတိုက်ပွဲကို တမူးခရိုင် ကွပ်ကဲရေးမှူးဦးစီးပြီး တမူးခရိုင်တပ်ရင်း(၂)၊ အထူးလှုပ်ရှား တပ်ရင်း(၉) ၊ ကူကီးအမျိုးသားတပ်မတော်( KNA -B) ၊ အမျိုးသား လွတ်မြောက်ရေးတပ်တော် (NLA) တို့ပူးပေါင်းခဲ့ပြီး တမူးမြို့နယ် ပကဖ က ထောက်ပို့အနေဖြင့်ပါဝင်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း တမူးခရိုင်တပ်ရင်း(၂) မှ ချေမှုန်းရေး တပ်စိတ်မှူး ရဲဘော် မြတ်ထွန်းသန့် သည် မေလ ၉ ရက်နေ့နှင့် အမျိုးသား လွတ်မြောက်ရေးတပ်တော်မှ ချစ်မင်းသူ မေလ ၁၀ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးထံက သိရသည်။
၃။ တနင်္သာရီ-ဘုတ်ပြင်းမြို့နယ်အစပ်မှ ၁၀၂၀ တောင်ကုန်းစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
မေ ၁၂ ၊ Mizzima
တနင်္သာရီတိုင်း တနင်္သာရီ-ဘုတ်ပြင်းမြို့နယ်အစပ် အမှတ်(၈)လမ်းမကြီးဘေးရှိ စစ်ကောင်စီ၏ ၁၀၂၀ တောင်ကုန်းစခန်း ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄) လက်အောက်ခံ အမှတ်(၁၁)တပ်ရင်းနှင့် ပူးပေါင်း အဖွဲ့များက ယမန်နေ့(မေလ ၁၁ ရက်)တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီအတွက် ဗျူဟာအရအရေးပါသည့် ၁၀၂၀ တောင်ကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့ က ဧပြီလ ၃၀ ရက် နေ့မှ မေလ ၁၁ ရက်နေ့အထိ နှစ်ပတ်နီးပါးအကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်ရဲဘော်များထံမှ သိရသည်။
“ဒီပွဲမှာ ကျနော်ဆို Fixed Wing သုံးစီး Jammer (ဖုန်းလိုင်းဖြတ်တောက်စက်)ထိပြီး ဆုံးသွားတယ်။ ပြန်ဖြည့်ဖို့ ငွေကြေးအခက်နဲ့ လက်နက်ခဲယမ်း အခက်အခဲတွေ အများကြီးရှိသေးတယ်။ ရန်သူက ခေါင်း အရမ်းမာတာလည်းပါတယ်၊ ငါသေမှ ငါ့စခန်းရမယ်ဆိုပြီး ကြွေးကြော်ထားတော့ အချိန်ကြာသွားတာ”ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တဦးက ပြောသည်။
အဆိုပါ ၁၀၂၀ တောင်ကုန်းစခန်းတွင် စစ်ကောင်စီတပ်က အင်အား ၃၀ နီးပါးရှိပြီး စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်း များ သိမ်းဆည်းရမိခြင်းမရှိသော်လည်း စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက် ခဲ့ရာတွင် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
၄။ ရွှေကျင် ဘောကထာစစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
မေ ၁၂ ၊ Mizzima
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ရွှေကျင်-ကျောက်ကြီးလမ်းပေါ်ရှိ ဘောကထာစစ်ကောင်စီစခန်းကို တပ်မဟာ (၃) KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ဧပြီလနောက်ဆုံးပတ်မှစ၍ ဒရုန်းနှင့် မြေပြင်စစ်ဆင်ရေးများဖြင့် ဘောကထာစခန်းသိမ်းတိုက်ပွဲကို စတင် ခဲ့ခြင်းဖြစ်ပြီး မေလ ၇ ရက်နေ့တွင် တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။“ရွှေကျင်-ကျောက်ကြီးလမ်းပေါ်က ဘောကထာစခန်းကို မေလ ၇ ရက်မှာ ရပါတယ်။ အသေးစိတ်ကို KNU တပ်မဟာ (၃) က ထုတ်ပြန်ပါလိမ့်မယ်" ဟု စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက် အထိအခိုက်နှင့် လက်နက်၊ ခဲယမ်း သိမ်းဆည်းရမိမှု အခြေအနေများကို အသေးစိတ် မသိရသေးပေ။စခန်းသိမ်းတိုက်ပွဲကာလအတွင်း ပိန်းဇလုပ်အခြေစိုက် ခလရ (၂၆၄)နှင့် အနီးဝန်းကျင်တပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ရွှေကျင်ဒေသခံများထံမှ သိရ သည်။
၅။ မုံရွာမြို့နယ်၊ ကျောက်ဆစ်ပုံအမြောက်တပ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး
မေလ ၁၂ ၊ D Day News
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊ ကျောက်ဆစ်ပုံအမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်- ADPRA တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ မေလ ၁၂ ရက် နံနက် ၁ဝ နာရီ မိနစ် ၃၀ ခန့်တွင် မုံရွာမြို့နယ် ကျောက်ဆစ်ပုံ အမြောက်တပ် အထိုင်တပ်ရင်းကို ၆၀ မမ ၆ လုံး နှင့် ၁၂၀ မမ ၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများနေထိုင်ရာ အဆောင်များအတွင်း ထိမှန် ကျရောက်ပေါက်ကွဲပြီး တပ်သား ၈ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျနော်တို့ဘက်က ၆၀ မမ ၆ လုံးရယ်၊ ၁၂၀ မမ တစ်လုံးရယ် ပစ်ပြီးတဲ့အခါမှာ သူတို့ဘက်က အမြောက်တပ်ထဲကနေပြီး တော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်သေးတယ်။ ထိရောက်မှုတော့ မရှိဘူး။ သူတို့က ရမ်းသမ်းပစ်တာ ဆိုတော့။ လက်နက်ကြီးက သူတို့အဆောင်တွေပေါ်ကို ကျတာ။ အဆောင်တွေပေါက်ကို ကျတဲ့အချိန်မှာ ၈ ဦးသေတာ၊ ပြီးတော့ ၈ ဦးအပြင်အခြားဒဏ်ရာ ရတဲ့သူတွေကို အိမ်စီးကားတွေနဲ့ ခေါ်ထုတ်သွားပြီးတော့ မုံရွာဆေးရုံကြီးကို ပို့တယ် ဆိုတာ အတည်ပြုနိုင်တယ်” ဟု အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်- ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုကို အမေ့သားကျားသုံးဖော်-ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ် ၃ဝ ၊ တပ်ခွဲ ၄ နှင့် မြောက်လွင်ပြင် Local တပ်ပေါင်းစု-ယင်းမာပင်ခရိုင်နှင့် တပ်ရင်းအမှတ်တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၆။ မြန်မာမှာ ရွေးကောက်ပွဲကျင်းပမဲ့အစီအစဉ် စစ်ခေါင်းဆောင်နဲ့ ဟွန်ဆန်တို့ ဆွေးနွေး
မေ ၁၂ ၊ RFA
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမဲ့ အစီအစဉ်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
အခုသီတင်းပတ်အတွင်း ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ အွန်လိုင်းကနေ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ကြတာလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတဲ့အကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့ ကတိပေးထားပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် အချိန်အတိအကျကို သတ်မှတ်ကြေညာထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ရာထူးကနေ အနားယူခဲ့တဲ့ ဟွန်ဆန်ဟာ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထား ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို တောင်းဆိုခဲ့ တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ တောင်းဆိုချက်ကို အလေးထားပြီး စဉ်းစားမယ်လို့ ပြောခဲ့တဲ့ အကြောင်း ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ကြီးချုပ် ဟောင်း ဟွန်ဆန်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှု ရှိကြောင်း နိုင်ငံပိုင်သတင်းမီဒီယာတွေကို ပြောသွား ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့် တောင်းတဲ့အကြောင်းကိုတော့ ထည့်ပြောမသွားပါဘူး။
စစ်ကောင်စီဟာ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကျင်းပဖို့ ကတိပေးထားတဲ့အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လိုအပ်တဲ့ အချက်တွေကို ပြင်ဆင်အကောင်အထည်ဖော်နေတဲ့အကြောင်းနဲ့ ဒီအစီအစဉ်ကို နှောင့်နှေးစေမယ့်လုပ်ရပ်အားလုံးကို ရှောင်ရှားနေတဲ့အကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၇။ မတ္တရာ၊ ကျွဲကျရွာကို စစ်တပ် မီးရှို့
မေ ၁၂ ၊ DVB
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျွဲကျကျေးရွာကို မေ ၁၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ သိရပါ တယ်။ မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာက စစ်သား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းက ဆိပ်သာရွာနဲ့ ကျွဲကျရွာဘက်ကို မေ ၁၁ ရက်နေ့ မနက် ၅ နာရီခွဲလောက်မှာ စစ်ကြောင်းထိုးလာပြီးနောက် ကျွဲကျရွာကိုမီးရှို့ခဲ့တာလို့ မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။ “နေအိမ်တွေကိုတော့ မွှေနှောက်တာတွေရှိခဲ့ပါတယ်။ အခုကတော့ မနေ့က တိုက်ပွဲ ကြောင့်လို့ ယူဆရပါတယ်။ စစ်ကြောင်းက မတ္တရာမြို့ပေါ်ကိုပြန်ဆုတ်သွားပါပြီ” လို့ပြောပါတယ်။ စစ်ကောင်စီတပ် မီးရှို့ တာကြောင့်ကျွဲကျကျေးရွာကနေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ဆိုင်ကယ်တစ်စီးကိုလည်း မီးရှို့သွားသေးတယ်လို့ သိရ ပါတယ်။ မတ္တရာမြို့နယ်ကို စစ်ကောင်စီတပ်က ဧပြီလကုန်ပိုင်းလောက်ကတည်းက ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ဧပြီလကနေ မေလအတွင်း ကျေးရွာ ၁၀ ရွာဝန်းကျင် မီးရှို့ခံထားရတယ်လို့ သိရပါတယ်။
၈။ ဗန်းမော်ခရိုင်တွင် စစ်ကောင်စီကြောင့် ပြည်သူ ၉ ဦးသေဆုံး
မေ ၁၂ ၊ DVB
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်က ဗန်းမော်မြို့နယ်၊ မံစီမြို့နယ်၊ မိုးမောက်မြို့နယ်တို့မှာ အခုရက်ပိုင်းအတွင်း ကချင်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် KIA/PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် တွေက လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်တာတွေလုပ်လို့ အိမ်ခြေအများအပြား ပျက်စီးခဲ့ရပြီး ဒေသခံ ၉ ယောက် ထက်မနည်းသေဆုံး၊ ကလေးငယ်တချို့ ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ခံတယောက်က “ဟုတ်ပါတယ်။ ဗန်းမော်ကနေ မရပ်မနား လက်နက်ကြီးတွေ နေ့ရောညရော ပစ်ခတ်သံတွေဆူညံနေတယ်။ ၁၀ ရက်နေ့က မိုးမောက် မံပုံ ဘက်မှာ ထွက်မရလို့ ကျန်ထားတဲ့ မစိန်ဆိုတဲ့အမျိုးသမီးတဦး လက်နက်ကြီးထိဆုံးတယ်။ ၁၁ ရက်နေ့က ကျန်ထားတဲ့ ရွာသားအမျိုးသား ၄ ဦး လက်နက်ကြီးထိပြီး တပြိုင်တည်းဆုံးသွားတယ်။ တယောက်လည်း ထိခိုက်ဒဏ်ရာရထားတယ်။ ငှက်ပျောတောရွာဘက်က အသက် ၁၀ နှစ်အရွယ်ကလေးနဲ့ ဟန်းတဲရပ်ကွက်က ကလေးတယောက်လည်း လက်နက်ကြီး ထိလို့ စိုးရိမ်ရတယ်။ အခုချိန်ထိ လေယာဉ်နဲ့ ညကတည်းကကြဲနေတာ။ လက်နက်ကြီးတွေရောပစ်နေတာ မရပ်သေးဘူး” လို့ ပြောပါတယ်။ မံစီမြို့ကနေ ဗန်းမော်ကို စစ်ရှောင်လာတဲ့ ဒေသခံတယောက်ကလည်း မံစီမြို့ထဲမှာ စစ်တပ်က လက်နက် ကြီးနဲ့ လှမ်းလှမ်းပစ်နေတာကြောင့် ကျန်ခဲ့သူတချို့ သေဆုံးတယ်လို့ သိရကြောင်း ပြောပါတယ်။ ဂျိန်းဖော့မြေရပ်ကွက်နဲ့ ကောင်ရာက အသက် ၄၀ ကျော်အမျိုးသား ၁ ယောက်၊ သက်လတ်ပိုင်း အမျိုးသမီး ၂ ဦးဟာ ဗုံးခိုကျင်းထဲကအထွက် လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ နှစ်ဖက်တပ်တွေကို အကြောင်းကြားပြီး သယ်ယူခဲ့ရတယ်လို့ သူက ပြောပါတယ်။ ပြီးတော့ ဗန်းမော်မြို့နယ်၊ မိုးဖိန်းကျေးရွာမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၉။ ဆားလင်းကြီးမှာ လက်နက်ကြီးကြောင့် ဒေသခံ တစ်ဦးဒဏ်ရာရ၊ နေအိမ် နှစ်ဆယ်ခန့် မီးလောင်
မေ ၁၂ ၊ RFA
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ပလောင်ရွာကို စစ်ကောင်စီတပ် မေလ ၁၀ ရက်နေ့က လက်နက်ကြီး နဲ့ ပစ်ခဲ့တာကြောင့် ဒေသခံ တစ်ဦးဒဏ်ရာရခဲ့ပြီး နေအိမ် နှစ်ဆယ်နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကနေ ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ပလောင်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းနဲ့ ဝမ်းဗိုက်မှာ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့ပြီး ဆေးကုသပေးနေတယ်လို့ ဆားလင်းကြီး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ခြောက်လုံးပစ်တာမှာ တစ်လုံးက ပလောင်ကို ကျတာ။ တိုက်ပွဲလည်း ဖြစ်နေတာမဟုတ်ဘဲ ပြောရရင်တော့ လှမ်းပြီးတော့ ခြောက်တဲ့သဘောပေါ့။ နေ့နေ့ညည ပစ်ချင်ရင် ပစ်တော့တာပဲ။ ထိခိုက်ဒဏ်ရာရတဲ့ ကိုအောင်မိုးကိုတော့ ဆေးကုသ ပေးနေပါတယ်။ အသက်အန္တရာယ် ကင်းပါပြီ" လက်နက်ကြီးကြောင့် ပလောင်ရွာနဲ့ ကူးတို့ကုန်းရွာက ဒေသခံ နှစ်ထောင် နီးပါးလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
၁၀။ ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရပြီးနောက် ဆက်စပ်ဖမ်းဆီးခံရသူများရှိလာ
မေ ၁၂ ၊ Mizzima
ရန်ကုန်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်မဲ့လှုပ်ရှားမှုများ၊ သပိတ်များပြုလုပ်လျက်ရှိသည့် ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)မှ အဖွဲ့ဝင်အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရပြီးနောက် ၎င်းတို့နှင့်ဆက်စပ်၍ ဖမ်းဆီးခံရ သူများရှိလာကြောင်း အဆိုပါအဖွဲ့ဥက္ကဋ္ဌက ပြောသည်။ အသက် ၂၀ ကျော်အရွယ် ရေဘဝဲအဖွဲ့၏စီမံရေးရာတာဝန်ခံနှင့် ရေဘဝဲမြေပြင်သပိတ် အမျိုးသမီး ရဲဘော် S4 တို့ မေလ ၉ ရက်နေ့ ညနေပိုင်းနှင့် ညသန်းခေါင်ကျော်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီးနောက် ၎င်းတို့နှင့်ဆက်စပ်ပြီး ဖမ်းဆီးမှုများ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ “နှစ်ဦးထဲက တဦးက မြို့ထဲက နေ အိမ်ကိုပြန်တဲ့လမ်းမှာ ဖုန်းစစ်ရင်း အဖမ်းခံရတာပါ။ ဖမ်းဆီးခံရပြီးတဲ့ နောက်မှာ သူနဲ့သိတဲ့ နောက်ထပ် သပိတ်ရဲဘော် ပေါ့နော်၊ သူသိတာကလည်း အဲဒီတယောက်ပဲရှိတာဆိုတော့ ဖော်လိုက်ရတဲ့အတွက် လှည်းတန်းကအဆောင်ကို သန်းခေါင် ကျော် ပေါ့နော် ၁၂ နာရီနဲ့ ၁ နာရီကြားမှာ ဝင်ပြီးတော့ ဖမ်းဆီးသွားတယ်” ဟု ကိုရေဘဝဲက ပြောသည်။
အဆိုပါအမျိုးသမီးနှစ်ဦးအား မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရသေးကြောင်းနှင့် ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေးအရဆက်စပ်နေသည့် ပြည်သူအချို့ ဖမ်းဆီးခံထားရမှုရှိကြောင်း ရေဘဝဲ (ပြည်သူ့ အကျိုးပြုလူငယ် အဖွဲ့အစည်း)၏ ဥက္ကဌဖြစ်သူက ဆက်ပြောသည်။ “အခုလက်ရှိ သူတို့ကို ဘယ်မှာထားတယ်၊ သူတို့နဲ့ဆက်စပ် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့သူတွေကိုရော၊ အုပ်ထိန်းသူတွေကိုပါ ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ ကျွန်တော်တို့ အခုထိ သတင်းအစအန လုံးဝမရသေးပါဘူး။ စီမံရေးရာတာဝန်ခံရဲ့မိသားစုဝင်အချို့နဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်သူ သာမန်ပြည်သူ အချို့ကို ဖမ်းဆီးထားတာရှိပါတယ်။ ဖုန်းတွေသိမ်းထားပါတယ်။ သူတို့တွေကိုလည်း စစ်ကြောရေးပို့ပြီးတော့ မေးမြန်း နေတယ်လို့ သိရပါတယ်” ဟု ဆိုသည်။
Comments