နေ့စဉ်သတင်းစုစည်းမှု
13-May-2024
တိုက်ပွဲသတင်း
၁။ ဖားဆောင်းမြို့ရှိ စစ်တပ်စခန်းတခု ကရင်နီပူးပေါင်းတပ်များသိမ်းပိုက်
မေ ၁၃ ၊ PVTV
ကရင်နီပြည်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၅ နယ်မြေအတွင်းရှိ ကာကင်းစခန်းကုန်းတခုကို ယနေ့တွင် သိမ်းပိုက်ရရှိ ခဲ့ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်း ၁ က သတင်းထုတ်ပြန် သည်။
အဆိုပါ စခန်းအား ကလလတ ဗျူဟာ ၁၊ ၉၄၂၀ တပ်ရင်း ညွှန်ကြားရေးမှူးဦးဆောင်ကာ ကြယ်ဖြူ KNS Army နှင့် စစ်နည်း ဗျူဟာ ၁ လက်အောက်ရှိ ၄၈၇၈ တပ်ရင်း၊ KA D-1 Drone တပ်ဖွဲ့၊ စနိုက်ဘာတပ်ဖွဲ့၊ ကွန်မန်ဒိုအထူးတပ်ဖွဲ့ အစရှိသော ပူးပေါင်းတပ်များက မေလ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး MA ကျည်၊ အီနာဂ့ါကျည်၊ မိုင်းများ၊ လက်ပစ်ဗုံး၊ G3 ကျည်၊ MA ကျည်ဘောက်များကို ပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့သည်။ လက်ရှိတွင် တပ်ပေါင်းစုများက အဆိုပါစခန်းကုန်း၌ တပ်စွဲနေရာယူထားပြီး ခလရ ၁၃၄ နှင့် ခလရ ၁၃၅ တပ်ရင်းများကို ဆက်လက်သိမ်းပိုက်နိုင်ရေး ပြင်ဆင်ထားသည်ဟု သိရ သည်။ ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခလရ ၁၃၅ ၊ ခလရ ၁၃၄ တပ်တို့နှင့် မြို့တွင်းရှိ မီးသတ်ရုံးနှင့် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များမှ ပြီးခဲ့သည့်မတ်လကတည်းက စစ်ဆင်ရေးဖော်ဆောင်၍ ထိုးစစ်ဆင်နေခြင်းဖြစ်ကာ တပ်စခန်းနေရာတချို့ကို ပူးပေါင်းတပ် များ သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည်။
၂။ ချောင်းဦး-မုံရွာလမ်းပိုင်း၌ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့်တွဲကားများ မိုင်းဆွဲတိုက်ခိုက်ခံရ
မေ ၁၃ ၊ Myanmar Pressphoto Agency
စစ်ကိုင်းမြို့မှထွက်လာသည့် စစ်ကောင်စီတပ်သားများ လုံခြုံရေးလိုက်ပါလာသော တွဲကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မုံရွာခရိုင်အမှတ်(၁၁) People’s Defence Force – South Monywa က ယနေ့(မေလ ၁၃ ရက်)တွင် ထုတ်ပြန်သည်။ စစ်ကိုင်းမြို့မှထွက်လာသည့် တွဲကား ၁၁ စီးပါယာဥ်တန်းကို ချောင်းဦ-မုံရွာလမ်းပိုင်း၌ မေလ ၁၂ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မိုင်း ၁၄ လုံးဖြင့်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး တွဲကားတစီးပျက်စီးခဲ့သည့်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်သည် တိုက်ခိုက်ခံခဲ့သည့်တွဲကားမျိုးဖြင့် ယခုရက်ပိုင်းအတွင်း မုံရွာမှ စစ်ကိုင်းမြို့သို့ ကြေးနီများပို့ဆောင်လျက်ရှိကြောင်း ဒေါင်းကာရံက ဆက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို PDF – South Monywa ၊ Area 71 People’s Defence Force နှင့် မုံရွာမြို့နယ် တိုက်နယ်(၃) ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၃။ ပခုက္ကူမြို့မှ စစ်ကောင်စီဂိတ် ၂ ခု တိုက်ခိုက်ခံရ
မေ ၁၃ ၊ Mizzima
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှ စစ်ဆေးရေးဂိတ်နှစ်ခုကို ယမန်နေ့(မေလ ၁၂ ရက်)က တိုက်ခိုက်မှု၌ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း တိုက်ခိုက်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန် သည်။ပခုက္ကူမြို့၊ သီတာလမ်းစစ်ဆေးရေးဂိတ်ကို နံနက် ၁၀ နာရီအချိန်ခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့သည်ဟု ဒေါင်းစစ်သည် People Defence Force PKU / PDF က သတင်းထုတ်ပြန်သည်။
ထိုတိုက်ခိုက်မှုအပြီး မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ပခုက္ကူစက်မှုဇုန်စစ်ဆေးရေးဂိတ်ကို ထပ်မံတိုက်ခိုက် ခဲ့ကြောင်းသိရသည်။ အဆိုပါစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်မှုများရှိသော်လည်း အတိအကျအတည်မပြုနိုင်သေးကြောင်း ဒေါင်းစစ်သည် People Defence Force PKU / PDF အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ စစ်ဆေးရေးဂိတ်များကို ဒေါင်းစစ်သည်People Defence Force PKU PDF၊ Yesagyo Revolution Group (YRG)နှင့်King Cobra အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။
ပခုက္ကူမြို့ပေါ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ဆယ်ခုထက်မနည်းရှိပြီး ခရီးသွားပြည်သူများအားရိုက်နက်စစ်ဆေးခြင်း၊ ငွေကြေးတောင်းခံခြင်းများပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
၄။ ဘုတလင် မြို့မ ရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သား ပစ်ခတ်ခံရပြီး သေဆုံး
မေ ၁၃ ၊ Mizzima
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ မြို့မရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ရာသေဆုံးသွားကြောင်း မုံရွာခရိုင် တပ်ရင်း(၂၀) Battalion Of Budalin (BOB) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ဘုတလင်မြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) (၄) လက်အောက်ခံ ခမရ (၇၀၃)မှ တပ်သား သိန်းသန်းဦး သည် မေလ ၁၂ ရက်တွင် မြို့မရဲစခန်းမှ မြောက်ဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်လာစဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “ရန်သူထွက်လာလို့ အသင့်နေရာယူထားရာကနေ ပေ ၂၀ လောက်အကွာကနေ တိုက်ခိုက်တာပါ။ အတွင်းသတင်းလည်းရပြီးလို့ သေတာ Comfirm (အတည်ပြုနိုင်) ပါ “ ဟု BOB ပြန်ကြားရေးတာဝန်ရှိသူက မဇ္စျိမကိုပြောသည်။ BOB တပ်ဖွဲ့နှင့် နယ်မြေခံ ရဲဘော် များ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။အဆိုပါတပ်သားတွင် လက်နက်ကိုင်ဆောင်လာခြင်းမရှိသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် လက်နက်ရယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ ပစ်ခတ်မှုအပြီး စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၅။ မိုးမောက်နဲ့ မံစီမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ
မေ ၁၃ ၊ RFA
ကချင်ပြည်နယ် မိုးမောက်နဲ့ မံစီမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ မေလ ၁၃ ရက် ဒီနေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းသုံး တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးမောက်နဲ့ မံစီမြို့တို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ကစလို့ တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အချိန်တစ်ပတ်ကြာလာတဲ့ အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းနေတာလို့ KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“မံစီဘက်လည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်၊ မိုးမောက်ဘက်လည်း ဖြစ်နေတယ်။ မံစီဘက်မှာ နေအိမ်တွေ မီးလောင် တယ်ဆိုတာလည်း ကြားရတယ်။ စစ်ကောင်စီဘက်လည်း လက်နက်ကြီးနဲ့ လေယာဉ်တွေနဲ့လည်း ပုံမှန်လာပစ်နေတယ်” ။ မံစီမြို့မှာရှိတဲ့ ခမရ-၆၀၁ နဲ့ မိုးမောက်မြို့က ခမရ-၄၃၇ တပ်တွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာပါ။
တိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုနဲ့ နေအိမ်မီးလောင်ပျက်စီးတာတွေလည်းရှိနေတယ်လို့ မံစီဒေသခံတစ်ဦးက ပြောပါ တယ်။ လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် မံစီနဲ့ မိုးမောက်မြို့နယ်က အရပ်သား တစ်သောင်းကျော်အထိ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၆။ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
မေ ၁၃ ၊ D Day News
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိတပ်စွဲနေသော အကြမ်းဖက် စစ်သားများကို ရော့ကတ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျားဖြူစစ်ကြောင်း ထံမှ သိရသည်။ မေလ ၁၂ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ရောက်ရှိကာ တပ်စွဲနေထိုင်သော အကြမ်းဖက်စစ်ကောင်စီ၏ “အောင်ဇေယျ” စစ်ကြောင်းမှ စစ်သားများကို Rocket လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက် အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။ “သူတို့တပ်စွဲထားတဲ့နရာတွေကို တိုက်ခိုက်ခဲ့တာပါ။ ဒေါနတောင်ခြေတဝိုက်မှာပဲ။ မြေပြင် သတင်း အချက်အလက်တော့ မသိရသေးဘူး။ အောင်ဇေယျစစ်ကြောင်းကို ကျနော်တို့ မြေပြင်ပူးပေါင်း အဖွဲ့တွေ အစွမ်းကုန်ပိတ်ဆို့ ဖြတ်တောက်နေပါတယ်။ ပူးပေါင်းအဖွဲ့ဆိုတာက KNLA အပါအဝင် အမှတ် ၃၁ ဗျူဟာ၊ အမှတ် ၃၂ ဗျူဟာ ပေါင်းပြီး ဝန်းရံပိတ်ဆို့ထားပါတယ်” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၇။ ပခုက္ကူမြို့နယ်၊ ကျပ်ထိုးရဲစခန်းနှင့် စစ်တပ်စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
မေ ၁၃ ၊ D Day News
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်ထိုးနယ်မြေရဲစခန်းနှင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Joker ပြောက် ကျားတပ်ဖွဲ့ (M.Y.G) ထံမှ သိရသည်။
မေလ ၁၁ ရက် ညနေ ၆ နာရီအချိန်က ပခုက္ကူမြို့နယ်၊ ကျပ်ထိုးနယ်မြေရဲစခန်းကို ဒရုန်းအကြီးဖြင့် 3.5kg ဗုံးသီး ၂ လုံး 1.5kg ၈ လုံး ၊ ည ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် 2 kg ဗုံးသီး ၆ လုံး ကြဲချတိုက် ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက် သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ မေလ ၁၂ ရက်နေ့တွင် ပခုက္ကူမြို့မှ အင်အား ၇၀ ခန့်ဖြင့် ကျပ်ထိုးနယ်မြေရဲစခန်းကို အင်အားဖြည့်ရင်း ရေကြည်ရွာနှင့် ချိုင်ရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်တပ်စစ်ကြောင်းကို ချိုင်ကျေးရွာအရောက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်မှ စ၍ 3.5 kg ဗုံးသီး ၂ လုံး 1.5 kg ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေကြည်ကျေးရွာနှင့် ချိုင်ကျေးရွာမှ ပြည်သူ ၃၀ ခန့်ကို ဓာစားခံဖမ်းဆီးပြီး အင်္ကျီအဖြူများ ဝတ်ခိုင်းကာ ကျပ်ထိုးနယ်မြေရဲစခန်းကို ဆိုင်ကယ်များဖြင့် ရိက္ခာပို့ခိုင်းခဲ့ကြောင်း၊ ပြည်သူလူထုပိုင်နေအိမ်များကို ဖောက်ထွင်းပြီး ပြည်သူပိုင်ပစ္စည်းများကိုခိုးယူမှုများ ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် (ပ.က.ဖ) ၊ Joker ပြောက်ကျားတပ်ဖွဲ့ (M.Y.G) ဒို့ညီနောင် ပြောက်ကျား တပ်ဖွဲ့ ((M.Y.G) ၊ P.D.F KAMMA (တပ်ပေါင်းစု) ၊ ABSDF ကျောင်းသားတပ်မတော် စစ်ကြောင်း ၃နှင့် ဧရာဒေါင်း အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၈။ ရေစကြိုတွင် စစ်ကောင်စီတပ်က လူငယ် အယောက် ၄၀ နီးပါးကို အိမ်ထဲအထိ လိုက်လံဖမ်းဆီးနေ
မေ ၁၃ ၊ DVB
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေဟာ လူငယ်တွေကို ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ရေစကြိုမြို့နယ်မှာ မေ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံ လူငယ် အယောက် ၄၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားသလို မေ ၁၁ ရက် ညပိုင်းမှာ ရေစကြိုမြို့၊ အမှတ် ၃၊ ကုလားတန် ရပ်ကွက်က လူငယ် ၅ ဦးနဲ့ ပေကုန်းကျေးရွာက လူငယ် ၂၀ လောက်ကို နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။ဒေသခံတဦးက “ညပိုင်း မှောင်ပြီဆိုမှ စစ်သားတွေက လူနေအိမ်တွေထဲကို ဇွတ်ဝင်လာ ပြီး အသက် ၂၀ ကျော်ဝန်းကျင်ရှိတဲ့ လူငယ်တွေကို ဘာမှမပြောဘဲ တခါတည်း ဖမ်းခေါ်သွားတာ။ အိမ်တွေထဲဝင်ဖို့ ဘာခွင့်ပြုချက်မှလည်း မတောင်းဘူး” လို့ ပြောပါတယ်။မေ ၁၂ ရက်၊ မနက် ၃ နာရီဝန်းကျင်ကလည်း ရေစကြိုမြို့ပေါ်က လူငယ် ၁၅ ဦးခန့်ကို နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖမ်းဆီးခံရသူ လူငယ်တဦးရဲ့ မိခင်က “စစ်သားတွေက အိမ်ရှေ့ကနေ ဇွတ်တံခါးဖွင့်ခိုင်းပြီး ကျမသားလေး အိပ်နေတာကို အိပ်ယာထဲဝင်နှိုးပြီး ခေါ်သွားတာပါရှင်။ ကျမသားလေးက အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။ အခုထိ အဆက်အသွယ်မရ သေးဘူး။ ဘယ်ကိုခေါ်သွားမှန်းလည်း မသိပါဘူးရှင်” လို့ ပြောပါတယ်။ဖမ်းဆီးခံရသူတွေဟာ မိသားစုနဲ့လည်း တွေ့ခွင့်မရ သလို ဘယ်နေရာကို ဖမ်းဆီးသွားတယ် ဆိုတာ မသိရဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။
၉။ တွန်းဇံမှာ လေကြောင်းကဗုံးကြဲလို့ ခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီး
မေ ၁၃ ၊ RFA
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် လုံတပ်ရွာကို မေလ ၁၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းနဲ့ နေအိမ် လေးလုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တွန်းဇံမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “တွန်းဇံမြို့မှာ တိုက်ပွဲဖြစ်ဖို့ CNA တပ်တွေ ရောက်လာတာလို့ ပြောကြတယ်။ လုံတပ်ရွာက တွန်းဇံမြို့နဲ့နီးတယ်။ တိုက်ပွဲဖြစ်လာမှာကိုတော့ ကျွန်တော်တို့က စိုးရိမ်နေရတယ်။ လေကြောင်းနဲ့ စနေနေ့ ညမှာ နှစ်ကြိမ် လာပစ်တယ်။ မနေ့ကလည်း လေယာဉ်တွေ ဝဲနေတာရှိတယ်”
တွန်းဇံမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး မြို့အဝင်အထွက်နေရာတွေမှာလည်း ပိတ်ဆို့စစ်ဆေးနေတယ်လို့ သူက ဆိုပါတယ်။
၁၀။ ဂန့်ဂေါမှာ လက်နက်ကြီးကြောင့် ကလေးတွေအပါအဝင် ခြောက်ဦး ဒဏ်ရာရ
မေ ၁၃ ၊ RFA
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောရွာကို မေလ ၁၀ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးနှစ်ဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရသူတွေက အသက် ၆ နှစ်အရွယ် မငြိမ်းဝေဖြိုး၊ အသက် ၁၄ နှစ်အရွယ် မစိုးစိုး၊ အသက် ၆၅ နှစ်အရွယ် ဒေါ်အေးကျော်၊ အသက် ၂၅ နှစ်အရွယ် ကိုအဆီတုံး၊ အသက် ၂၃ နှစ်အရွယ် ကိုဝိုင်ဝိုင်းနဲ့ အသက် ၃၅ နှစ်အရွယ် ကိုမျိုးမင်း တို့ ဖြစ်ကြပါတယ်။ ဒဏ်ရာရထားသူ ခြောက်ဦးထဲမှာ ကိုမျိုးမင်းကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဇာဟောရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့ ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ - ၅၀ ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာမှာ ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“ဇာရောရွာ ခြံဝင်းထဲက မန်ကျည်းပင်ပေါ်ကို ကျတယ်။ အဲဒီကကွဲပြီး အစမှန်ကြတာ။ အမျိုးသားတစ်ဦးက ခေါင်းကို ထိတယ်။ နားတွေထဲ သွေးထွက်လို့ မန္တလေးကို အရေးပေါ် ဆေးကုဖို့ သွားတယ်။ စိုးရိမ်ရတယ်ပေါ့ဗျာ”။
အဲဒီနေ့က ရွာကို လက်နက်ကြီးနဲ့မပစ်ခတ်ခင် စစ်ကောင်စီတပ်က ဒရုန်းနှစ်စင်းက ရွာပေါ်ကိုဝဲပျံခဲ့ပြီး မီးအလင်းရောင်ရှိတော့ လူစုတယ်လို့ ယူဆတဲ့နေရာကို ပစ်ခတ်ခဲ့တာလို့လည်း သူကဆိုပါတယ်။
၁၁။ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းက ရိုဟင်ဂျာ ၇၀၀၀ ခန့် အာရက္ခ တပ်တော် (AA) ရဲ့ ထိန်းချုပ်မှုနယ်မြေထဲ ဝင်ရောက်လာ
မေ ၁၃ ၊ PVTV
ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာ ၇၀၀၀ ခန့်က အာရက္ခ တပ်တော် (AA) ရဲ့ ထိန်းချုပ်မှုနယ်မြေထဲ ဝင်ရောက်လာတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO)က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော် (AA) ရဲ့ ထိန်းချုပ်မှုနယ်မြေထဲကို ဝင်ရောက်ခိုလှုံလာသူတွေက ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ကကျဘတ်၊ ကကျဘတ်ကံပြင်၊ မြောင်းနား၊ အလယ်ချောင်း၊ ဘဂုံးနား၊ လက်သာကျေးရွာတွေက ဖြစ်တယ်လို့လည်း သိရပါတယ်။အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာတွေနေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တာ၊ ဂျက်ဖိုက်တာလေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
၁၂။ ဝက်လက်မြို့ပေါ်တွင် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် အကြောင်းမဲ့ ပစ်ခတ်၍ သေဆုံး
မေ ၁၃ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်တွင် စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသားတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းသိရသည်။မေလ ၁၀ ရက်၊ ညနေ ခြောက်နာရီခန့်တွင် ဝက်လက်မြို့ပေါ် အထွေထွေအုပ်ချုပ်ရေးရုံးအနီး လမ်းလျှောက်နေသည့် စိတ်ကျန်းမာရေးမကောင်းသူကို ထွေအုပ်ရုံး၌ တပ်စွဲထားသည့် စစ်သားများက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး အလောင်းကိုလည်း မိသားစုထံ ပြန်မပေးကြောင်း ဒေသခံအချို့ထံက သိရသည်။
"သူက မြို့ထဲကို ခြေလျင်လမ်းလျှောက်ထွက်သွားတဲ့အချိန်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာပါ။ အသတ်ခံလိုက်ရတဲ့ သူက စိတ်ကျန်းမာရေးချို့တဲ့သူပါ။ အလောင်းကိုမိသားစုဆီလည်း ပြန်မပေးဘဲ စစ်တပ်က မီးရှို့လိုက်တယ်" ဟု ဝက်လက် မြို့နယ်ထောက်ပို့အဖွဲ့မှတာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ ဝက်လက်မြို့၊ အမှတ် သုံးရပ်ကွက်နေ ကိုငြိမ်းချမ်း(အသက်၃၀) ဖြစ်သည်။ ကိုငြိမ်းချမ်းကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၂ ရက်ကျမှသာ ညခြောက် နာရီကျော်လျှင် အပြင်မထွက်ရန်နှင့် ထွက်လျှင် သေနတ်ဖြင့် ပစ်မည်ဖြစ်ကြောင်း ဝက်လက် မြို့တွင်းရှိ ဓာတ်မီးတိုင်များ၌ စစ်တပ်က စာကပ်သည်ဟု သိရသည်။
၁၃။ လက်ပစ်ဗုံးနှင့်ဆော့ကစားရာမှ ပေါက်ကွဲခဲ့သဖြင့် ကလေးတစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
မေ ၁၃ ၊ Myanmar Pressphoto Agency
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် မေ ၁၂ ရက်က စစ်လက်နက် အကြွင်းအကျန်လက်ပစ်ဗုံးကို ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာပြင်းထန်းစွာ ရရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။ နမ့်ဖတ်ကာကျေးရွာ ဈေးအနီးရှိ ရပ်ကွက်တစ်တွင်နေထိုင်သည့် အသက် ၁၀ နှစ် ကျော်အရွယ် ကလေး ၅ ဦးသည် လက်ပစ်ဗုံးအား ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက် ၁၂ အရွယ် ကလေးတစ်ဦးမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ်နှင့် ၁၅ နှစ်အရွယ်ကလေးနှစ်ဦး မျက်စိ၊ ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာအသီးသီးရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် ကလေး နှစ်ဦးကို ကွတ်ခိုင်မြို့၊ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရသည်။
“အသံကြားတော့ ကျမလည်းထွက်ကြည့်တာ။ အဲဒီမှာ ကလေးတစ်ယောက်က ကယ်ပါဦးအော်တော့ ဆေးရုံးကိုအကူအညီ လှန်တောင်းတယ်။ တရုတ်ကျောင်းပိတ်တော့ ကလေးတွေက အဖွဲ့လိုက်သွားလည်ကြရင်းအဲဒီလိုဖြစ်သွားတာ”ဟု ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိခဲ့သည့်ကလေးများကို မျက်မြင်တွေ့မြင်ခဲ့ရသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
Comments