top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်

နေ့စဉ်သတင်းစုစည်းမှု

14-May-2024

တိုက်ပွဲသတင်း

 

၁။ ဖောင်းပြင်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပုဂံတောင်ရွာက စခန်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ရာ၊ ၁၁ဦးသေပြီး လက်နက်တွေရ

 

မေ ၁၄ ၊ PVTV

 

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပုဂံတောင်ရွာရှိ ခမရ (၃၆၇၊ ၃၆၈)နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၆၀)နေတဲ့ စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁၁ ဦးသေပြီး လက်နက်တွေရခဲ့တယ်လို့အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ပါတယ်။ အဆိုပါ အကြမ်းဖက် အမှတ် (၁) စစ်ဒေသ ရှေ့တန်းကွပ်ကဲရေးအဖွဲ့၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂)၊ ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းတပ်က မေ (၁၃) ရက်မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အလောင်း (၁၁) လောင်းရရှိပြီး (၃) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ငယ် (၅) လက်၊ ၄၀ မမ ဗုံးသီး (၁၀) လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တော်လှန်ရေး ရဲဘော်တွေဘက်က ရဲဘော် (၁)ဦး မြင့်မြတ်စွာကျဆုံးပြီး (၁၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က Mi-2 ရဟတ်ယာဉ်နဲ့ ဗုံး (၃) လုံးကြဲချ တိုက်ခိုက်သလို ရွှေညောင်ပင်ကျေးရွာက ခမရ (၃၆၇၊ ၃၆၈) ထုတ်နုတ်အင်အားနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ ၆၀ မမနဲ့ပစ်ကူ တိုက်ခိုက်ပေးခဲ့ပြီး ဖောင်းပြင်မြို့ ခမရ (၃၆၇၊ ၃၆၈) ထုတ်နုတ်အင်အားနဲ့ ပျူစောထီးတိုပူးပေါင်းပြီး ပုဂံတောင်ခြေကို စစ်ကူလာ ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

၂။ ရေဦးမြို့မှာ အရပ်သားပြည်သူတွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နေရာကို ဒရုန်းနဲ့ တိုက်ခိုက်၊ ပြည်သူ ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့

 

မေ ၁၄ ၊ PVTV

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အထက်တန်းကျောင်းထဲမှာ စခန်းချနေထိုင်ပြီး အရပ်သားပြည်သူတွေကို အဓမ္မပေါ်တာဆွဲ ဖမ်းဆီး ထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မေ ၁၄ ရက် မနက် ၇ နာရီမှာ Fix-Wing ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ YEU PDF က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ဖရိုဖရဲ ဖြစ်နေချိန်မှာ အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူထဲက ၈ ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး YEU PDF က ကူညီဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ သေဆုံးဒဏ်ရာရရှိမှုကို ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၃။ ၃ လနီးပါး ပစ်ခတ်မှုမရှိခဲ့သော ဖလမ်းမြို့တွင် တိုက်ပွဲပြန်ဖြစ်

 

မေ ၁၄ ၊ PVTV

 

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်များအကြား သုံးလနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိရာမှ မေလ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား တဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(CNDF)ထံမှ သိရသည်။ ဖလမ်းမြို့ပြင်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ “ကျနော်တို့လုံခြုံရေးလုပ်ရင်း စစ်ကောင်စီတပ်သားတွေ ထွက်လာလို့ ပစ်ခတ်မှုဖြစ်တာ။ ကျနော်တို့ လက်ဦးမှုရ လိုက်လို့ စစ်ကောင်စီတပ်သား တယောက်သေတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျွန်ငိုင်းက မဇ္စျိမကို ပြောသည်။ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုဖြစ်ပွားသည့် နေရာနှင့် သက်ဆိုင်ခြင်းမရှိသော ဖလမ်းမြို့အတွင်းသို့ ရမ်းသန်းပစ်ခတ်ခဲ့ရာ ဈေးဟောင်းရပ်ကွက်ရှိ နေအိမ်ရှေ့တွင် ထိုင်နေသည့် အသက်ခုနစ်နှစ်အရွယ် ကလေးတဦး သေနတ်ကျည်ထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဖလမ်းမြို့တွင် ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့က စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရပြီးနောက် တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိသည်မှာ သုံးလနီးပါးရှိခဲ့ရာမှ ပြန်လည်ထိတွေ့မှု ဖြစ်ပွားခြင်းဖြစ်သည်။

ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီခြေကုတ်ယူထားသည့် ရိဒ်ခေါ်ဒါ၊ သွီးဘွာလ် ၊ ဗားစခန်းနှင့် ထင်းရှူးစခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး မြို့ပေါ်မှ တပ်စခန်းတခုသာ ကျန်တော့ကြောင်း သိရသည်။

 

၄။ ထားဝယ်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက် စစ်သား နှစ်ဦးသေဆုံးဟုဆို

 

မေ ၁၄ ၊ Myanmar Pressphoto Agency

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း Ba Htoo-Army မှ သိရသည်။မေ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်တွင် အင်အား ၂၀ ခန့်ဖြင့် စစ်ဆေးရေးဂိတ်ဖွင့်ထားသည့် စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Ba Htoo-Army မှ ပြန်ကြားရေးတာ၀န်ခံ ကိုထက်မြက်က ပြောသည်။

"သေတာကအတိအကျပဲဗျ၊ ပစ်ခတ်တဲ့အချိန်မှာသေတာဗျ၊ တိုက်ပွဲပြီးတော့အလောင်းကို ကားနဲ့လာတင်သွားတယ်။အဲဒီ စစ်ဆေးရေးဂိတ်က စကခ ၈ နဲ့လည်းနီးတယ်။ တပ်ဆေးရုံနဲ့လည်းနီးတယ်" ဟု ကိုထက်မြက်ကပြောသည်။

စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် အင်အားထပ်မံတိုးခဲ့ပြီး ထားဝင်မြို့အဝင်နေရာအားလုံးကို စစ်ဆေးမှုတင်းကျပ်ကာ လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"(မေ ၁၂ ရက်) က ညဘက် ဗုံးကွဲသံအကျယ်ကြီးကြားရတယ်။ မနေ့က(မေ ၁၃ရက်)လည်း နေ့လယ်ပိုင်း အိမ်ရှေ့ပြင်နားက ဂိတ်မှာ ပစ်ခတ်သံကြားရတယ်။ ပြီးတော့ တစ်မြို့လုံးကို သူတို့(စစ်ကောင်စီ)က ပိတ်ချထားတယ်။ ညနေ ၆နာရီမှ ပြန်ဖွင့် ပေးတယ်" ဟု ထားဝယ်မြို့၊ ဒေသခံတစ်ဦးက ပြောသည်။ ထိုကဲ့သို့ စစ်ကောင်စီက ထားဝယ်မြို့အတွင်း သွားလာမှုအား ခြောက်နာရီခန့် ပိတ်လိုက်သဖြင့် ဒေသခံများ အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။

 

၅။ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာထိပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး

 

မေ ၁၄ ၊ D Day News

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြိုနယ်၊ ရေငံကျေးရွာထိပ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သား ၁ ဦးသေဆုံး ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ထုတ်ပြန်သည်။ ယမန်နေ့ မေလ ၁၃ ရက် နံနက် ၇ နာရီခန့်က လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄၀ မမကျည်များ ရှေ့ကင်းပွိုင့်အတွင်း ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးကာ ၃ ဦးအပြင်းအထန်ဒဏ်ရာရာနှင့် ၆ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၂ ရဲဘော်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အကြမ်းဖက်စစ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများအနီး သွားလာနေထိုင်ခြင်း လုံးဝ၊ လုံးဝ မပြုလုပ်ကြရန် သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ထုတ်ပြန်ထားသည်။

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၆။ အောက်တိုဘာ၌ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မည်

 

မေ ၁၄ ၊ The Irrawaddy

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၏ ထိုးစစ်များကြောင့် နိုင်ငံတဝှမ်း ထိန်းချုပ်နယ်မြေ အများအပြား လက်လွှတ်နေရသော်လည်း လာမည့်အောက်တိုဘာတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မည်ဟု ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ယမန်နေ့၌ တွေ့ဆုံစဉ် ပြော သည်။ သန်းခေါင်စာရင်းအား အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်ထိ တနိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည် ဖြစ်သည့် အတွက် အောင်မြင်စွာကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်လည်း ၎င်းက ဆိုသည်။ ထို့ပြင် ရန်ကုန်တိုင်းအတွင်း လုံခြုံရေးလစ်ဟာမှုမရှိစေရေး လုံခြုံရေးအသိသတိရှိရန် လိုအပ်ကြောင်းနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းမှုအား စာရင်းဇယားအရ မဟုတ်ဘဲ မြေပြင်၌ အမှန်တကယ် ထိရောက်စွာ အကောင်အထည်ဖော်ရန်လိုကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ ယမန်နှစ် အောက်တိုဘာလကလည်း စစ်ကောင်စီသည် အကြိုသန်းခေါင်စာရင်း ကောက်ယူမှုအား နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ကရင်ပြည်နယ် စသည့်ဒေသများတွင် လုပ်ဆောင်ခဲ့သေးသည်။

အကြိုသန်းခေါင်စာရင်းကောက်ယူသည့်ကာလမှာပင် ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ရာ စစ်ကောင်စီသည် ရှမ်းမြောက်ဒေသနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့များ၊ စစ်တပ်စခန်း အများအပြားကို လက်လွှတ်ခဲ့ရသည်။ ထို့ပြင် ကရင်နီပြည် (ကယားပြည်နယ်)၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်လည်း စစ်ကောင်စီ၏ တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရကာ ထိန်းချုပ်နယ်မြေစိုးမိုးမှုများ လျော့ကျလာလျက်ရှိသည်။

ယခုကဲ့သို့ နိုင်ငံတဝှမ်း နယ်မြေများ လက်လွှတ်နေရသည့် စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေပြီး မကြာမီကောက်ယူမည့် သန်းခေါင်းစာရင်းအား အခြေခံကာ မဲစာရင်းများပြုစုရန်လည်း ရည်မှန်းထားသည်။

စစ်ကောင်စီအား ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများကမူ သန်းခေါင်းစာရင်းကောက်ယူမှုနှင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုများအပေါ် လက်မခံကြောင်း ထုတ်ဖော်ပြောဆိုထားသလို နိုင်ငံတကာအဖွဲ့အစည်းအချို့ ကလည်း မြေပြင်အချက်အလက် ကောက်ယူမှုများသည် သွေးထွက်သံယိုမှုများကိုသာ ပိုမိုဖြစ်ပွားစေနိုင်ကြောင်း သတိပေး ထားသည်။

 

၇။ KNU နဲ့ KNPP ခေါင်းဆောင်တွေ ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးနဲ့တွေ့ဆုံ

 

မေ ၁၄ ၊ BBC

 

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းနဲ့ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့ဟာ မေ ၁၄ ရက် မနက်ပိုင်းမှာ ဂျပန်နိုင်ငံခြားရေးဒုတိယဝန်ကြီးနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်ဘက်က သတင်း ထုတ်ပြန်ပါတယ်။ဒုတိယဝန်ကြီး မစ္စတာ ကိုမူရာမာဆုဟီရိုဟာ မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့အစည်း ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံပြီးမြန်မာ့အခြေအနေကို ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ ဒုဝန်ကြီးနဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာ့အရေး အမြင်ချင်းဖလှယ် ဆွေးနွေးထားပြီး လက်ရှိမြန်မာ့အခြေအနေတိုးတက်လာဖို့ မြန်မာပြည်တွင်းက သက်ဆိုင်ရာပါဝင် ပတ်သက်သူတွေကြား ဆွေးနွေးမှုကတဆင့် နည်းလမ်းရှာနိုင်ဖို့ ဂျပန်အစိုးရက အားထုတ်သွားမယ့်အကြောင်း ပြောထား တယ်လို့လည်းထုတ်ပြန်ချက်ကဖော်ပြပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ်တွေဘက်ကတော့ မြန်မာကို ဂျပန်အစိုးရနဲ့ လူထုရဲ့မပြတ်ထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်းပြောသလို မြန်မာ့အရေးမှာ ဂျပန်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သူတို့ရဲ့ မျှော်လင့်ချက်ကို ပြောခဲ့ကြတယ်လို့လည်း ဂျပန်ဘက်က သတင်းထုတ်ပြန်ပါတယ်။ နှစ်ဖက်စလုံးကတော့ မြန်မာ့အကျပ် အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ တစ်ဖက်နဲ့တစ်ဖက် နီးကပ်တဲ့ဆက်ဆံရေး ဆက်ထားရှိကြဖို့ကိုလည်း ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၈။ မောင်တောမှာ လေကြောင်းကဗုံးကြဲလို့ သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာရ

 

မေ ၁၄ ၊ RFA

 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာအုပ်စု ကင်းချောင်းရွာကို မေလ ၁၄ ရက် မနက် ၁၁ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်တိုက်လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးကြဲ တိုက်ခိုက် ခဲ့တာကြောင့် အရပ်သား သေဆုံးထိခိုက်မှုတွေ ရှိခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “အဘွားနှစ်ယောက်နဲ့ ယောက်ျားတစ်ယောက် သေတယ်၊ ဒဏ်ရာရတာက ခြောက်ယောက်။ ပြီးတော့ ကားတွေ ခြောက်စီး၊ ခုနစ်စီးလောက် ပျက်စီးသွားတယ်။ ဘုန်းကြီးကျောင်းဓမ္မာရုံ ပြိုသွားတယ်။ ပြီးတော့ အိမ်နှစ်လုံး မီးလောင်တယ်”

ဒီတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရဲ့ ကိုယ်ရေးအချက် အလက်အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။ အခုဗုံးကြဲတိုခိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရသူတွေ အပြင် ကလေးငယ်တချို့လည်း ပျောက်ဆုံးနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

 

၉။ ပေါင်းတလည်မှာ အမျိုးသားတစ်ဦး သတ်ဖြတ်စွန့်ပစ်ခံရ

 

မေ ၁၄ ၊ RFA

 

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့က ပြည်-ပေါက်ခေါင်းကားလမ်းမပေါ်မှာ အနက်ရောင်သေမင်းတမာန်လည်ဆွဲ ချိတ်ပေးပြီး စွန့်ပစ်ထားတဲ့ အမျိုးသားအလောင်းကို မေလ ၁၃ ရက်နေ့မှာ လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူဟာ အသက် ၂၇ နှစ်ဝန်းကျင်အရွယ်ရှိပြီး သူ့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပေါင်းတလည်မြို့ခံတစ်ဦးက ပြောပါတယ်။ “သေဆုံးတဲ့သူက ဘယ်သူလဲတော့ မသိရပါဘူး။ မျက်နှာကပျက်စီးနေတာဆိုတော့လေ။ ကားလမ်းမပေါ်မှာပဲ ရုပ်အလောင်းတွေ့တာ”

ပေါင်းတလည်မြို့က အရပ်သားတစ်ဦးကို ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်ခဲ့တာကြောင့် လက်တုံ့ပြန်တာလို့လည်း အနက်ရောင်သေမင်းတမာန်အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ထောက်ခံတဲ့ သတင်းတွေကိုဖော်ပြနေတဲ့ ပြည်သတင်းမှန် တယ်လီဂရမ်ချန်နယ်ကတော့ ဒီသတ်ဖြတ်မှုကို အနက်ရောင်သေမင်းတမာန်အဖွဲ့က လုပ်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ မင်းလှ PDF အဖွဲ့ဝင် စန်းမင်း (ခ) ဖိုးသဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မေလ ၅ ရက်နေ့ကလည်း မင်းလှနဲ့ လက်ပံတန်းမြို့နယ်မှာနေထိုင်တဲ့ အသက် ၁၉ နှစ်ကနေ ၃၀ ဝန်းကျင်အရွယ် အမျိုးသား သုံးဦးကို အနက်ရောင်သေမင်းတမာန်အဖွဲ့က သတ်ဖြတ်ခဲ့ပါတယ်။အနက်ရောင်သေမင်းတမာန်အဖွဲ့ဟာ ပဲခူးတိုင်း အနောက်ခြမ်းမှာ အခြေချလှုပ်ရှားပြီး ဒေသခံတွေကို PDF တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး သတ်ဖြတ်နေတဲ့အဖွဲ့ဖြစ်တယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

 

၁၀။ မိုးမောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး

 

မေ ၁၄ ၊ RFA

 

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်ရွာကို မေလ ၁၃ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံအမျိုးသား တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ အသက် ၅၀ ခန့်အရွယ်ရှိကြတဲ့ ဇနီးမောင်နှံတွေဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “ညပိုင်း ၈ နာရီလောက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လာပစ်သွားတာ။ ပစ်တာတော့ တစ်ကြိမ်ပဲ ပစ်တာ။ အမျိုးသားက တစ်ခါတည်း မီးလောင်သွားတယ်။ သူ့အမျိုးသမီးက ဒဏ်ရာရတယ်”

မြို့သစ်ရွာအခြေစိုက် ခမရ- ၃၂၀ တပ်ရင်းကို မတ်လ ၂၆ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းယူခဲ့တာပါ။ တိုက်ပွဲဖြစ်နေစဥ်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ပေမဲ့ လက်ရှိမှာ အားလုံးနေရပ်ပြန်ပြီး နေထိုင်နေကြတာလို့ ဆိုပါတယ်။ မေလ ၁၀ ရက်နေ့ကလည်း ဗန်းမော်မြို့နယ် စီအင်ရွာထဲကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

၁၁။ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲသို့ စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျ၊စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံး ကာ ၁၂ ဦး ဒဏ်ရာရ

 

မေ ၁၄ ၊ Myanmar Pressphoto Agency

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲသို့ စစ်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ရာ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မေလ ၁၃ ရက်၊ ည ရှစ်နာရီ ၄၅ မိနစ်ခန့်က မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်မှ လက်နက်ကြီး ခြောက်လုံးပစ်ခတ်ခဲ့ရာ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲသို့ သုံးလုံး ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးထိမှန်ကာ သေဆုံးသွားသူမှာ အသက် ၂၀ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ် ကြောင်း ဒေသခံအချို့ထံကပြောသည်။ "ဘုရားထဲကို သုံးလုံးကျတယ်။ အပြင်မှာ သုံးလုံးကျတယ်။ ဆရာလေးတွေရောထိတယ်။ ၁၄နှစ်အရွယ် ကလေးတယောက်ရောပါတယ်။ ကျန်တာကတော့ လူကြီး ပိုင်းနဲ့ လူလတ်ပိုင်းတွေပဲ။ ဆည်ကြီးတောကနေ လာပြီး စစ်ရှောင်နေတဲ့သူတွေထိတာ" ဟု ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။ စိုးရိမ်ရသူ လေးဦးကို အရာတော်မြို့နယ်တစ်နေရာရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်စဉ် လမ်း၌ တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။"ဆေးရုံပို့တာကို လေးယောက်။ တစ်ယောက်က လမ်းမှာတင်ဆုံးတာ။ သူကတော်တော်ဆိုးတယ်။ ရင်ဘတ်မှာကို အပေါက်ကြီးဖြစ်သွားတာ။ ကျန်သုံးယောက်မှာ နှစ်ယောက်ကိုတော့ ဆေးရုံကပြန်ခေါ်လာပြီ။ ကျန်တဲ့သူ တွေက အပေါ်ယံ‌တင်ဆိုတော့ အစ်မတို့ လုပ်ပေးထားဝောာ့ အကုန်အဆင်ပြေတယ်" ဟု ဆေးကုသမှုပေးနေသည့် ကျန်းမာရေးဆရာမတစ်ဦးကပြောသည်။

 

၁၂။ ထန်းတပင်တွင် လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ ဦး သေဆုံး

 

မေ ၁၄ ၊ The Irrawaddy

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းအုပ်စု၊ ရွာလေးကုန်းကျေးရွာတွင် ယမန်နေ့ညပိုင်း၌ စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား ၄ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်သည်။ ရွာလေးကုန်းရွာကို ဇရပ်ကြီးအခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၇၃ က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာတွင် နေထိုင်သူများဖြစ်သည့် ဦးကျော်စိန် (၈၄ နှစ်)၊ မဌေးရီ (၅၂ နှစ်)၊ ကိုဌေးနိုင် (၄၉ နှစ်)နှင့် မအိဖူးသော် (၁၈ နှစ်)တို့ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် မေ ၅ ရက် ညနေပိုင်းကလည်း တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ဘဲခလေးခိုရွာနှင့် သေ့ခူဒဲရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ဘဲခလေးခိုရွာမှ ကလေးငယ် ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ သလို သေ့ခူဒဲရွာ၌လည်း ဘုရားကျောင်းနှင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းမရှိကြောင်း တုံ့ပြန်လေ့ရှိသည်။

 

၁၃။ မတ္တရာ နှင့် စဉ့်ကူးအစပ်ရှိ ပြည်သူတစ်ဦးကို စစ်ကောင်စီတပ် ရက်စက်စွာ သတ်

 

မေ ၁၄ ၊ Myanmar Pressphoto Agency

 

မန္တလေးတိုင်း၊ မတ္တရာနှင့်စဉ့်ကူးမြို့နယ်အစပ်ရှိ တောင်ယာကြီးရွာတွင် စစ်တပ်က အမျိုးသားတစ်ဦးကို ဦးခေါင်းဖြတ် သတ်ထားခဲ့ကြောင်း သိရသည်။ မတ္တရာမြို့နယ်၊ ယက္ကန်းစင်တောင်သို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်သည် ယနေ့ (မေလ ၁၄ ရက်) နံနက်ပိုင်းတွင် တောင်ယာကြီးရွာထဲသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အသက်၃၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ၏ ဦးခေါင်းကိုဖြတ်ကာ ခြံစည်းရိုးတိုင်၌ ချိတ်ထားခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ "ဘာကြောင့်သတ်သွားတယ်ဆိုတာမသိရသေးပါဘူး။စစ်တပ်ထွက်သွားလို့ ရွာထဲ ပြန်ဝင်ချိန်မှာ ဦးခေါင်းကို တွေ့ရတာ။ ခန္ဓာကိုယ်ကိုတော့ မတွေ့ရသေးဘူး။မတ္တရာကလာတဲ့စစ်ကြောင်းပါ" ဟု ၎င်းက MPAသို့ ပြောသည်။

ယင်းစစ်ကြောင်းသည် ယနေ့မွန်းလွဲ တစ်နာရီခန့်တွင် တောင်ယာကြီးရွာမှ ပြန်လည်ထွက်ကာ မတ္တရာမြို့ပေါ်သို့ ပြန်တက် သွားကြောင်း သိရသည်။"စစ်ကြောင်းက အခုလောလောဆယ်တော့ တစ်မြို့နယ်လုံးကိုထိုးနေတာပါ။ ဒီနေ့အရှေ့ခြမ်း ဆိုရင် နောက်ရက်အနောက်ခြမ်းပဲ။ယာယီစစ်ရှောင်တော့ တိုးလာတာမရှိပါဘူး" ဟု မတ္တရာမြို့နယ်ပကဖ၊ သတင်း တာဝန်ခံ ဘိုတောက်က ပြောသည်။ယင်းစစ်ကြောင်းသည် ယက္ကန်းစင်တောင်မှ ထွက်ခွာလာစဉ် တောင်ယာကြီးရွာ ဘက် သို့ လက်နက်ကြီးဖြင့် နှစ်ချက် ပစ်ခတ်ခဲ့သေးသည်။

 

၁၄။ ဆောမြို့နယ်တွင် စစ်ကောင်စီလေကြောင်းမှ မီး‌လောင်ဗုံးကြဲချတိုက်ခိုက်၍ ဒေသခံအချို့ထိခိုက်သေဆုံးဟုဆို

 

မေ ၁၄ ၊ Mizzima

 

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(မေလ ၁၄ ရက်) မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် မီးလောင်ဗုံးကြဲချတိုက်ခိုက်သွားသဖြင့် နေအိမ်များမီးလောင်နေပြီး အရပ်သားများထိခိုက် သေဆုံးရှိကြောင်း ဒေသခံသတင်းရင်းမြစ်ကပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Mi -2 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခြင်းဟု ၎င်းကဆိုသည်။“အကြောင်းမဲ့ပစ်ခတ်တာ။ ဘာမှကိုမရှိတာ။ မီးလောင်ဗုံး ထပ်ကြဲတယ်ဗျ။ ဗုံးကရှစ်လုံးလို့ကြားနေတယ်ဗျ။ အဖွားကြီးတယောက်အပါ ၁၀ ယောက်လောက်သေတယ်။ အချို့နေအိမ် တွေမီးလောင်နေတယ်။ ကျွန်တော်တို့လည်းဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ဒေသခံသတင်းရင်းမြစ်တဦးက မဇ္စျိမ ကို ပြောသည်။ မန္တလေးမြို့၊တံတားဦးလေဆိပ်မှ တက်လာသော Mi-2 အမျိုးအစားတိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် တောမ ရွာကိုတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ယောဒေသသတင်းများဖော်ပြနေသော ယောအလင်းတန်း ဖေ့စ်ဘွတ်ခ် စာမျက်နှာ တွင်ဖော်ပြသည်။စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေကိုအသေးစိတ် မသိရှိ ရသေးပေ။ တောမရွာ၌ အိမ်‌ ခြေ၁၀၀ ကျော်ရှိပြီး ယနေ့ညနေ လေကြောင်းတိုက်ခိုက်မှုသည် ဒေသခံပြည်သူများ၏ နေအိမ်များအား ဦးတည်၍တိုက်ခိုက်ခြင်းဖြစ်ကာ ထိခိုက်မှုအခြေအနေအသေးစိတ်ကိုစုံစမ်းနေသည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။

 

၁၅။ ဘုရားသုံးဆူ ပေါက်ကွဲမှုအတွင်း လူ ၈ ဦးထက်မနည်း သေဆုံး

 

မေ ၁၄ ၊ Mizzima

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွင်း လူရှစ်ဦးထက် မနည်း သေဆုံးခဲ့ကြောင်း မြို့ခံများထံက သိရသည်။ ပြီးခဲ့သည့် မေလ ၁၀ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် ဘုရားသုံးဆူမြို့၊ ဥဒေါင်းကန် (၈) လမ်းတွင် ပစ်ခတ်သံများကြားရပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ဆိုသည်။ “အလောင်းသေချာတွေ့ရတာ ရှစ်ယောက်ရှိတယ်။ ဒါပေမဲ့ မီးကျွမ်းလို့ခွဲမရတော့တဲ့ဟာတွေ လည်းရှိတယ်။ ၁၁ ယောက်ဆုံးတယ်လို့ ကြားရပေမယ့် မီးကျွမ်းနေတော့ ခွဲမထိဘူး (ခွဲခြားမသိဘူး) ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ဦးအောင်ခိုင်ဦး (ခေါ်) ဂတုံး ဆိုသူ၏ နေအိမ်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ပထမ အရင်ပစ်ခတ်ကြတာ ပစ်ခတ်ပြီးမှ ပေါက်ကွဲတာ။ ပစ်တာမသိဘဲ မီးလောင်ပေါက်ကွဲတာပဲ ထင်ပြီး သွားကြည့်မိတာ။ ဘေးအိမ်တွေဆို ခေါင်မိုးပါ မရှိတော့ဘူး ပေါက်ကွဲတဲ့အရှိန်နဲ့” ဟု မြို့ခံ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

 

၁၆။ ရေစကြိုတွင် စစ်ကောင်စီတပ်က  ရွာမီးရှို့

 

မေ ၁၄ ၊ DVB

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကိုင်းမကြီးကျေးရွာကို မေ ၁၃ ရက်၊ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး လူနေအိမ်တွေ မီးရှို့ကာ၊ နွားတွေကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကိုင်းမကြီး ရွာသားတဦးက “စစ်သားတွေနဲ့ ဆင်ချောင်းပျူစောထီးရွာက ပျူစောထီးတွေ အင်အား ၈၀ လောက် ကျနော်တို့ရွာကို ဝင်ရောက်စီးနင်းပြီး လူနေအိမ် ၉ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ကိုင်းမကြီးကျေးရွာက ပြည်သူတွေရဲ့ နွား ၈ ကောင်ကိုလည်း ပစ်သတ်သွားသေးတယ်လို့ ရွာခံတွေ ဆီက သိရပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲဖြစ်တာ မရှိဘူး။ သက်သက်မဲ့ကြီး ပြည်သူကို နှိပ်စက် တာ။ ရွာက ပြည်သူတွေကတော့ ပြေးနိုင်လို့ လွတ်ကြတယ်။ ပြည်သူ အထိအခိုက် မရှိဘူးလို့ မြေပြင်သတင်းတွေအရတော့ သိထားရတယ်” လို့ ပြောပါတယ်။ ကိုင်းမကြီးကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၆ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၈၀ ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။



 

 

 

 

 

64 views0 comments

Comentarios


bottom of page