နေ့စဉ်သတင်းစုစည်းမှု
15-May-2024
တိုက်ပွဲသတင်း
၁။ လောင်းလုံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနဲ့ တပ်စွဲထားတဲ့ လက်ခက်တောင် တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်၊ ရန်သူ ၁၇ ဦးသေဆုံး
မေ ၁၅ ၊ PVTV
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနဲ့ တပ်စွဲထားတဲ့ လက်ခက်တောင် တာဝါတိုင်စခန်းကုန်းတို့ကို မေ ၉ ရက်နေ့ မနက် ၆ နာရီက စတင်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက် တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်တပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (LLPDF)မှ ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ လက်ခက်တောင် တာဝါတိုင်စခန်းကုန်းကို မေလ ၉ ရက်နေ့ မနက် ၆ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ပြီး အကြမ်းဖက်တပ်သာ ၆ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ရေတပ်စစ်သဘော်နဲ့ အနောက်ပင်လယ်ပြင်မှ ဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာ ပစ်ကူပေးခဲ့တဲ့အပြင် ဂျက်ဖိုက်တာတစ်စီးနဲ့ ရဟက်ယာဥ် ၂ စီးတို့နဲ့ ထပ်မံလာရောက်ဗုံးကြဲ တိုက်ခိုက် ခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါတိုက်ပွဲကို လောင်းလုံ ပကဖ၊ ထားဝယ်ခရိုင် တပ်ရင်း၁ T1၊ Guerrilla Daweiနဲ့ ဖက်ဒရယ်ဓူဝံတပ်ဖွဲ့စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်စွဲထားတဲ့ ထွေအုပ်ရုံးနဲ့ လက်ပါးစေ မြို့မရဲစခန်းတို့ကို လက်နက်ကြီးတွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ချိန်မှာ မြို့မရဲစခန်း အတွင်းကို ၆၀မမ တစ်လုံးနဲ့ ၄၀မမဗုံးသီး ၅လုံးမှာ တည့်တည့် ထိမှန်ပြီး အကြမ်းဖက်ရဲ ၄ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံးအတွင်းကိုလည်း ၄၀မမ ဗုံးသီး ၃လုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက်တပ်သား ၃ဦး သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီ တပ်မှ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် နယ်ခံ လက်ပါးစေပျူစောထီးအဖွဲ့တွေရဲ့ သတင်းပေးမှုကြောင့် စစ်ကြောင်းထိုးဖောက်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့လည်း ထိတွေ့တိုက်ပွဲ အနီးကပ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ထိတွေ့တိုက်ပွဲမှာ ၆နာရီ ၃၀မိနစ်ခန့် ကြာခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၄ဦး သေဆုံးကာ ပြည်သူ့ ကာကွယ်ရေး ရဲဘော် ၂ ဦးမှာ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ မြို့တွင်းတိုက်ပွဲကို လောင်းလုံ(ပကဖ)တပ်စုပေါင်းစုံ၊ ဒေါင်းညီနောင်စစ်ကြောင်း၊ သရက်ချောင်း(ပကဖ) နဲ့ နွေဦး ပြောက်ကျားတပ်ဖွဲ့၊ Student Revolutionary Forceတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂။ ရွာငံတွင် စစ်မှုထမ်းရန်စုဆောင်းထားသူများကိုလာခေါ်သည့် ယာဥ်တန်းမိုင်းဆွဲခံရမှု ၄ ဦး သေဆုံး
မေ ၁၅ ၊ Mizzima
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာသို့ စစ်မှုထမ်းရန် စုဆောင်းထားသူများ အားလာရောက်ခေါ်ယူ သည့်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးသွားကြောင်း ရွာငံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YNPDF) မှ မေလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ယမန်နေ့ (မေလ ၁၄ ရက်) နံနက် ၉ နာရီခန့်တွင် နွားဘန်းကြီးကျေးရွာသို့ ထွက်ခွာ လာသော မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ မြို့မရဲစခန်းမှူး၊ စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ဟိုက်ဂျက်ကား လေးစီးကို နွားဘန်းကြီးကားလမ်း မုံလည်လမ်းခွဲကွေ့တွင် ပဒေသာမိုင်းသုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ရှေ့ဆုံးမှ စစ်ကောင်စီတပ်လုံခြုံရေးကားအား မိုင်းထိမှန်သွားခြင်းဖြစ်ကြောင်း YNPDF ထံမှ သိရသည်။
နွားဘန်းကြီးကျေးရွာတွင် စစ်မှုထမ်းရန်အတွက် စာရင်းသွင်းခံရသူများအား ကျေးရွာဘုန်းကြီးကျောင်း၌ ရပ်ကျေးအုပ်ချုပ် ရေးမှူးက အစည်းအဝေးခေါ်ယူပြီး ရွာငံမြို့မှ စစ်ကောင်စီတပ်များက ခေါ်ယူရန်လာနေစဉ် လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း YNPDF တာဝန်ရှိသူက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင် စီတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာနှင့် ခြေလျင် ၁၀ မိနစ်ခန့်သွားရသော ရွာငံမြို့နယ်၊ ပွေးနဖား ကျေးရွာတွင် အရေးပေါ် ဆေးကုသမှုများပြုလုပ်ခဲ့ကြောင်း YNPDF ထံမှ သိရသည်။
၃။ ဖာပွန်တွင် စစ်ကောင်စီတပ်နှင့် KNLA အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
မေ ၁၅ ၊ Mizzima
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တဝိုက်တွင် ကျန်ရှိနေဆဲ စစ်ကောင်စီတပ်ရင်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)အကြား ဆက်လက်၍ တိုက်ပွဲများဖြစ်ပွားနေကြောင်း KNU တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။ စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)လက်အောက်ခံ ခြေမြန် တပ်ရင်း ခမရ(၃၄၀)၊ (၃၄၁)နှင့် စစ်ဗျူဟာအခြေချ( စဗခ-၁)ဖာပွန်ဗျူဟာကုန်းတို့ကို KNLA ပူးပေါင်းတပ်က ဆက်လက်၍ တိုက်ခိုက်နေခြင်းပြီး စစ်ကောင်စီကလည်း လေကြောင်းကို အသုံးပြုကာ ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
" စစ်ကောင်စီတပ်ဖွဲ့တွေရှိတာကတော့ ဖာပွန်ရဲ့အောက်ဘက် သုံးမိုင်လောက်အကွာမှာ စဗခ (၁) ဗျူဟာကုန်း (ဖာပွန်ဗျူဟာ) ဆိုတာရှိတယ်။ နောက်ပြီးတော့ ဘေးတဖက်တချက်မှာ ခမရ (၃၄၀) ရယ်၊ (၃၄၁) ရယ် စခန်းသုံးခုလုံးက ဆက်နေ တယ်။ သုံးခုလုံးကတော့ (စစ်ကောင်စီတပ်သားတွေ) ရှိနေတုန်းပဲ။ ဒီလိုရှိနေတဲ့အပေါ်မှာ တိုက်ပွဲကတော့ ဆက်လက်ပြီး တော့ ဖြစ်နေတုန်းပဲ။ တရက်နှစ်ရက် တခါ ၊ အဲ့ဒီလို တိုက်ပွဲအမြဲတော့ ဖြစ်တယ်။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပစ်ကူ အနေနဲ့ နေ့တိုင်းလာပြီးပစ်တယ်" ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။
ဖာပွန်မြို့နယ်တဝိုက်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၁၉)၊ ခြေမြန်တပ်ရင်း ခမရ (၃၄၀)၊ ခမရ (၃၄၁)၊ ခမရ (၄၃၄) နှင့် စစ်ဗျူဟာအခြေချ (စဗခ) (၁) ဖာပွန်ဗျူဟာ၊ စစ်လက်နက်ပစ္စည်းတပ်( စစန -၆၄၂) စသည့် စစ်ကောင်စီ အထိုင်ချ တပ်ရင်းများရှိကြောင်း သိရသည်။ အဆိုပါ အထိုင်ချ တပ်ရင်းများကို ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့မှစ၍ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ခဲ့ပြီး တိုက်ပွဲကာလ တလကျော်အတွင်း စစ်ကောင်စီ၏ ခလရ (၁၉)၊ စစန (၆၄၂)နှင့် ခမရ (၄၃၄) တို့ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ထားသည်။
၄။ ကနက်သီရိရွာမှာ တိုက်ပွဲပြင်းထန်နေ
မေ ၁၅ ၊ Mizzima
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲမှာရှိတဲ့ ပဲဒက်စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေး (PDF) အဖွဲ့တို့ တိုက်ခိုက် သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက ကနက်သီရိရွာကို ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်နေပါတယ်။ မေလ ၈ ရက်နေ့တုန်းက ပဲဒက်စခန်းကို တော်လှန်ရေး အင်အားစုတွေသိမ်းပိုက်ပြီးနောက် စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်တာလို့ဆိုပြီး အနီးပတ်ဝန်းကျင်ကျေးရွာတွေ ကို ဆက်တိုက်စစ်ကြောင်းထိုးနေတာလို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။ကနက်သီရိရွာမှာ မနေ့ကရော ဒီကနေ့မှာပါ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သလို မြစ်ထဲရပ်နား ထားတဲ့ စစ်ကောင်စီရေယာဉ်ပေါ်ကလည်း လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ ထားဝယ်ခရိုင် PDF တပ်ရင်း ၂ ဒုတိယ စစ်ကြောင်းမှူး ကိုမင်းထက်က ပြောပါတယ်။“မေ ၉ ရက်နေ့ ပဲဒက်စခန်းအသိမ်းခံရပြီးတာနဲ့ ၁၁ ရက်နေ့မှာ ကနက်သီရိကို ရေကြောင်းနဲ့ ရောက်လာတယ်၊ တိုက်ပွဲဖြစ်ပြီး ရေကြောင်းနဲ့ ပြန်ထွက်သွားတယ်။ ၁၂ ရက်နေ့ နဲ့ ၁၃ ရက်နေ့မှာက အောက်သရက်ချောင်းရွာမှာ တိုက်ပွဲဖြစ်ခဲ့တယ်။ ၁၄ ၊ ၁၅ မှာ ကနက်သီရိမှာ ဆက်ပြီး တိုက်ပွဲဖြစ်နေပါတယ်” လို့ ကိုမင်းထက်က ဘီဘီစီကို ပြောပါတယ်။ ကနက်သီရိရွာမှာတိုက်ပွဲပြင်းထန်နေတဲ့ကာလအတွင်း ဒီကနေ့မေလ ၁၅ ရက်နေ့ အထိ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုတွေကြောင့် အရပ်သား အမျိုးသား (၆) ဦး သေဆုံးထားတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ အချက်အလက်အရ သိရပါတယ်။
၅။ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၆၀ ကျော်သေဆုံးပြီး ဖောကား ၂ စီးဖြင့် အလောင်းများ သယ်ယူ၊ စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရွာရှည်ရွာတစ်ရွာလုံးကို မီးရှို့ဖျက်ဆီး
မေ ၁၅ ၊ D Day News
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ရွာရှည်ရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၆၀ ကျော်သေဆုံးပြီး အလောင်းများကို ဖောကား ၂ စီးဖြင့် သယ်ယူသွားကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ ထံမှ သိရသည်။ မေလ ၁၃ ရက် နံနက် ၁၀ နာရီခန့်က မြင်းခြံမြို့နယ်၊ ရွာရှည်ဘက်သို့ အကြမ်းဖက်စစ်သား အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်း ဖက်စစ်သားများကို Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်များက ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား များ အထိအခိုက် အသေဆုံးများပြားပြီး ရှေ့သို့ဆက်တိုးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ ထို့နောက် မေလ ၁၄ ရက် နံနက် ၆ နာရီအချန်ခန့်တွင် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ်မှ လက်နက်ကြီး ပစ်ကူပေးခြင်း၊ ဝေဟင်မှ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း တို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပေးလိုက်ရ ကြောင်း သိရသည်။ ယင်း ၂ ရက်တာ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၆၀ ကျော် သေဆုံးပြီး ၈၀ ခန့် ဒဏ်ရာ ရရှိ ကာ MBTတပ်ဖွဲနှင့် ညီနောင်မဟာမိတ်များဘက်မှ ရဲဘော် ၁၅ ဦးခန့် (မစိုးရိမ်ရ) ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်သားများက ရွာရှည်ကျေးရွာအတွင်း ဝင်ရောက်ကာ ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ပြီး ရွာလုံးကျွတ်မီးရှို့သွားကြောင်း သိရသည်။အဆိုပါ ခုခံတိုက်ခိုက်မှုကို Myingyan Black Tiger - (MBT) - (မြင်းခြံခရိုင်တပ်ရင်း ၉)၊ မြင်းခြံ ခရိုင် တပ်ရင်း ၆၊ တပ်ခွဲ ၁ နောင်ရိုးပြောက်ကြားတပ်ဖွဲ့၊ Bright Star Group၊ ဗိုလ် ၆၀ တပ်ဖွဲ့၊ Popa Guerilla Force၊Royal Eagle People Defence ၊ Myingyan Danger Dynamit၊Drone Fighter Kani - D. F. K၊Anyar Federal Task Force၊27 Revolution Force၊ BGF နှင့် အခြားညီနောင်မဟာ မိတ်များ ပူးပေါင်းပါဝင်ကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၆။ သံတောင်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး၊ တိုက်ပွဲအတွင်း ထွက်ပြေးသည့် စစ်သား ၂ ဦးကို လက်နက် ခဲယမ်းများနှင့်အတူ ဖမ်းမိ
မေ ၁၅ ၊ D Day News
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ - သံတောင်လမ်းပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ တိုက်ပွဲ အတွင်းမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းမိခဲ့ကြောင်း Thawthikho ထံမှ သိရသည်။ မေလ ၁၁ ရက် နံနက် ၇ နာရီခွဲခန့်က သံတေင်မြို့နယ်၊ တောင်ငူ - သံတောင်လမ်းပေါ်ရှိ ၆ မိုင်တွင် အကြမ်း ဖက်စစ်ကောင်စီ၏ တိုက်ကင်းများနှင့် KNLA တပ်မဟာ ၂ တပ်ရင်း ၅ ရှေ့တန်းရဲတော်များကြား ထိတွေ့တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ထို့သို့ တိုက်ပွဲဖြစ်ပြီးနောက် ထွက်ပြေးသွားသော အကြမ်းဖက်စစ်သား ၂ ဦးကို မေလ ၁၃ ရက်နေ့ တွင် တောင်ငူ -သံတောင် လမ်းပေါ်ရှိ ၆ မိုင်တွင် MA 11 အမျိုးသား သေနတ် ၁ လက်၊ ကျည်အ တောင့် ၃၀၀ ၊ ကျည်ဘောက် ၂ ခုနှင့်အတူ KNLA တပ်မဟာ ၂ တပ်ရင်း ၅ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “စစ်ပွဲဖြစ်ပြီးတော့ ထွက်ပြေးသွားတာပေါ့။ နောက်ရက်မှာ ဖမ်းမိခဲ့တာပါ” ဟု KNLA စစ်ရေးသတင်း ရင်းမြစ်က ပြောကြားသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၇။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့
မေ ၁၅ ၊ The Irrawaddy
နေပြည်တော် အကျဉ်းထောင်၌ နှစ်ရှည် ထောင်ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦးသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။အဆိုပါ နေရာသည် စစ်တပ်အာဏာသိမ်းပြီးနောက် သမ္မတ ဦးဝင်းမြင့် တရားရင်ဆိုင်စဉ် ထိန်းသိန်းထားခဲ့သော နေရာ ဖြစ်ကြောင်း၊ စကခ ၆ ဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်အား အရာရှိ ၂ ယောက်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးဖြင့် လုံခြုံရေးချထားပြီး စစ်ဖက်ရေးရာလုံခြုရေး (စရဖ) အရာရှိတဦးက ကြီးကြပ်နေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သည် ပျဉ်းမနားမြို့နယ် သဲဖြူကျေးရွာ၌ တည်ရှိပြီး စကခ ၆ တပ်မမှူးမှာ ကာကွယ်ရေးဦးစီး ချုပ်ရုံး၊ စစ်ဆင်ရေးဌာနတွင် စစ်ဦးစီးဗိုလ်မှူးချုပ်တာဝန်ကိုပါ ပူးတွဲ တာဝန်ယူရသူဖြစ်သည်။
၈။ ဂျပန် နိုင်ငံခြားရေးကော်မတီ ဒုတိယအကြီးအကဲနှင့် တိုင်းရင်းသားခေါင်းဆောင်တချို့ တွေ့ဆုံ
မေ ၁၅ ၊ The Irrawaddy
ဂျပန်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဒုတိယအကြီးအကဲ မစ္စတာ ကိုမူရာ မာဆာဟီရိုနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ မှ ခေါင်းဆောင်တချို့ ယနေ့ နံနက်ပိုင်း၌ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန် သည်။ ထုတ်ပြန်ချက်အရ လက်ရှိ မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ရေး၊ ပဋိပက္ခတွင် ပါဝင်သူများနှင့် ဆက်ဆံဆွေးနွေး ရေး အပါအဝင် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂျပန်အစိုးရနှင့် ပြည်သူများ၏ မြန်မာနိုင်ငံအပေါ် ကူညီပံ့ပိုးမှုများအား ကျေးဇူးတင်ကြောင်း တိုင်းရင်းသားအဖွဲ့များက ပြောဆိုခဲ့သလို မြန်မာပြည် ငြိမ်းချမ်းရေးအတွက် နီးကပ်သည့်ဆက်ဆံရေး ထားရှိရန် အပြန်အလှန် အတည်ပြုပြောဆိုခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည့် ဓာတ်ပုံတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူးဦးရယ်တို့ကို သာ တွေ့ရသော်လည်း VOA သတင်း၌မူ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) မှ ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း ဆိုထားသည်။
၉။ အာဆီယံအထူးသံတမန် နေပြည်တော်ရောက်နေ
မေ ၁၅ ၊ BBC
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန် ဟာ ၃ ရက်ကြာ ခရီးစဥ် အနေနဲ့ နေပြည်တော်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ အထူးသံတမန် အာလွန်ကောင်း ကစ်တီကွန်းဟာ နေပြည်တော်မှာ မေလ ၁၅ ကနေ ၁၇ ရက်အထိရှိနေမယ်လို့ သိရပါတယ်။အာဆီယံအထူးသံ နေပြည်တော်ကို ရောက်နေတဲ့သတင်းကို စစ်ကောင်စီပြောခွင့်ရသူ ကလည်း အတည်ပြုပေးပါတယ်။ အထူးသံဟာ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတွေလည်းပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ အတူ ဇန်နဝါရီလ ၁၀ ရက်မှာ နေပြည်တော်ကို ပထမဆုံးအကြိမ်သွားခဲ့ပါတယ်။အခု ခရီးစဥ်ကတော့ ဒုတိယအကြိမ် ဖြစ်ပါတယ်။ သူဟာ မြန်မာစစ်ခေါင်းဆောင်နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ နားလည်ရပါတယ်။ နေပြည်တော်အကျဥ်းထောင် ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ နေပြည်တော်ထဲက လုံခြုံရေးတင်းကျပ်ထားတဲ့ စစ်ဘက်ဆိုင်ရာ နေရာတစ်ခုဆီကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းနေရာပြောင်းရွှေ့ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာ အာဆီယံအထူးသံရဲ့ ခရီးစဥ်ထွက်ပေါ်လာတာပါ။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၁၀။ သံတွဲတွင် စစ်တပ်မှလက်နက်ကြီး ပစ်ခတ်၍ အရပ်သား ၁၀ ဦး သေဆုံး
မေ ၁၅ ၊ The Irrawaddy
ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာ အမြောက် များဖြင့် ပစ်ခတ်မှုကြောင့် သံတွဲမြို့နှင့် မိုင် ၂၀ အကွာရှိ ရွှေလှေတိုက်နယ်၊ လင်းသီကျေးရွာသို့ ကျရောက်ခဲ့ပြီး လက်ရှိအချိန် အထိ အမျိုးသမီးများအပါအဝင် ကမန်တိုင်းရင်းသား ကျေးရွာသား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရွှေလှေကျေးရွာ ဒေသခံသတင်းရင်းမြစ်တဦးက “တိုက်ပွဲမရှိဘဲ ပစ်တာ၊ တနေကုန်မပစ်ဘဲ အေးနေပြီး၊ ညဘက်ပစ်တာ၊ ၇ယောက်က ပွဲချင်းပြီး သေသွားတယ်၊ အဘွားကြီးတယောက်လက်ပြတ်ပြီး၊ နောက်ဒဏ်ရာပြင်းထန်တဲ့ ၂ယောက်ကို ဆေးရုံပို့တာ ဆေးရုံရောက်မှ ၂ယောက် ထပ်သေသွားတယ်လို့ သိရတယ်”ဟု ပြောသည်။
သံတွဲမြို့မှ တောင်ကုတ်ဘက်သို့ ထွက်သည့် ဘားတောင်းတောင်၌ အထိုင်ချထားသော အမြောက်တပ်က တိုက်ပွဲ မရှိသော် လည်း နေ့စဉ်လိုလို ပစ်ခတ်နေပြီး ရွှေလှေတိုက်နယ်အတွင်းရှိ ကျေးရွာများသို့ အစအနများ ထိမှန်ကာ လူထိခိုက်ဒဏ်ရာ ရရှိခြင်း၊ အိမ်မွေးတိရစ္ဆာန်သေဆုံးခြင်းတို့ မကြာခဏဖြစ်ပွားနေသည်။ ရွှေလှေတိုက်နယ်၊ ကျေးရွာတခုမှ ဒေသခံတဦးက “လမ်းတွေပိတ်ထားတော့ ဘယ်မှလည်း ထွက်ပြေးလို့မရဘူး၊ ဒီရွာနားမှာ ကျတယ်ဆိုရင် ဟိုရွာဘက်ရှောင်၊ နည်းနည်းအေး သွားရင် ရွာကိုပြန်လာ၊ အဲဒီလိုဖြစ်နေကြတယ်၊ အခုလို အရပ်သားအများကြီး သေတာ ဒါပထမဆုံးပဲ”ဟု ပြောသည်။
၁၁။ ကျောက်တော်၊ဝဲကြီးထောင့်ဆေးရုံအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု သေဆုံးသူအချို့ရှိပြီး ၂၀ ဦး ထက် မနည်း ဒဏ်ရာရ
မေ ၁၅ ၊ Mizzima
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံအား စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း၌ လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံတခုလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့ရပြီး လူနာအချို့အပါအဝင် ၂၀ ဦး ထက်မနည်းထိခိုက်ဒဏ်ရာ ရကာ သေဆုံးသူအချို့ရှိခဲ့သည်ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့် ကျေးရွာရှိ ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီကယနေ့(မေလ ၁၅ ရက်) နံနက် ၀၀ နာရီ ၁၆ မိနစ်၌ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းဟု AA ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဆေးရုံတခုလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့ပြီး ဆေးဝန်ထမ်း၊ လူနာနှင့် လူနာစောင့်အရပ်သားပြည်သူ စုစုပေါင်း ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ သေဆုံးသူအချို့ရှိခဲ့သည်ဟု ဆိုသည်။ ငါးဦးသည် ဒဏ်ရာပြင်းထန်ပြီး မြင်းတကောင်လည်း သေဆုံးခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ AA က ထုတ်ပြန် ထားသည်။ ဓာတ်ပုံမှတ်တမ်းများအရ ဒဏ်ရာရသူများတွင် အမျိုးသမီးအများစုပါဝင်နေသည်ကို တွေ့ရသည်။
"တော်တော်ကိုအခြေအနေဆိုးဆိုးဖြစ်သွားတာပါ။ ဆေးရုံကို တည့်တည့် ဗုံးကြဲသွားတာပါ" ဟု ကျောက်တော်မြို့ခံတဦးက ပြောသည်။ ရခိုင်ပြည်နယ်တိုက်ပွဲများ၌ စစ်ရှုံးနေသည့်စစ်ကောင်စီသည် လူမျိုးရေးအမုန်းတရားများကို အခြေခံပြီး တိုက်ပွဲ နှင့်မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေသည်ဟု AA ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
၁၂။ ကန်ပက်လက်ဒေသခံ လေးဆယ်နီးပါး တောတောင်တွေထဲအထိ လိုက်လံဖမ်းဆီးခံရ
မေ ၁၅ ၊ RFA
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အုံရွာနဲ့အနီးတစ်ဝိုက် ကျေးရွာတွေက စစ်ဘေးဒုက္ခသည် လေးဆယ်နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မေလ ၁၄ ရက်နေ့က တောတောင်တွေထဲအထိ လိုက်လံဖမ်းဆီးသွားခဲ့တယ်လို့ ရွာခံတချို့က ပြောပါတယ်။ “အဖမ်းခံရတဲ့အထဲမှာ အမျိုးသမီး ၂၇ ဦး၊ အမျိုးသား ၁၁ ဦးပါသွားတယ်လို့ ကနဦးသိထားတယ်။ အုံရွာကနေ ခြေလျင် လေး-ငါးမိုင်ဝေးပြီး ကားလမ်းမပေါက်တဲ့ တောတောင်တွေထဲ လုံခြုံမယ်ထင်ပြီး သွားခိုလှုံနေတာကိုဖမ်းသွားတာ။ ဘာကြောင့်ဖမ်းတယ်ဆိုပြီး အကြောင်းပြချက်တော့ မရှိဘူး”လို့ ဒီအခြေအနေကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန်ပက်လက်မြို့ခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဧပြီလထဲမှာ ကန်ပက်လက်မြို့နယ်ထဲက အုံရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်နဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့ပါတယ်။ အုံရွာအပါအဝင် ချိုင်လောင်း၊ လွီးစုံ၊ သိုးချောင်းစတဲ့ ကျေးရွာတွေက နှစ်ရာဝန်းကျင်ရှိတဲ့ ဒေသခံတွေဟာ အဲဒီအချိန်ကတည်းက တောတောင်တွေထဲ သွားရောက်ခိုလှုံနေကြ တာလို့ ပြောပါတယ်။ ဒေသခံတွေ ခိုလှုံနေတဲ့ တောတောင်တွေထဲအထိ စစ်ကောင်စီတပ်က မေလ ၁၄ ရက်နေ့မှာ သွားရောက်ဖမ်းဆီးတာတွေရှိလို့ မတ်လ ၁၅ ရက် ဒီနေ့မှာတော့ ဒေသခံတွေဟာ တခြားရွာတွေဘက်ကို ထပ်မံ ထွက်ပြေး နေကြရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကုန်မှာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းညီနောင် တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီးနောက် အဲဒီမြို့က စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွေဘက်ကို ထွက်ပြေးကြရင်း အခုလိုဒေသခံတွေကို ဖမ်းဆီးတာတွေ နောက်ဆက်တွဲ ရှိလာတာလို့ ရွာခံတွေက ပြောပါတယ်။
၁၃။ စစ်ကောင်စီ စစ်ကြောင်း ရွာရှည်ရွာကို မီးရှို့ပြီးနောက် ပြည်သူ ငါးဦးအား သတ်ခဲ့
မေ ၁၅ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရွာကိုမီးရှို့ကာ ပြည်သူ ငါးဦးအား သတ်ခဲ့ကြောင်း မြင်းခြံလူထု လှုပ်ရှားမှုကော်မတီ သိရသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်က ဆီမီးခုံရွာမှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကတောရွာ၌ ညအိပ်ခဲ့ပြီး မေလ ၁၄ ရက်၊ နံနက် ၈ နာရီခန့်က ရွာရှည် ရွာကို ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။"မနက်အစောပိုင်း လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တာ၊ ရေကြောင်းကနေလည်း ပစ်တယ်။ မြေပြင်စစ်ကြောင်းကလည်း ပစ်တယ်။ တော်တော်ကြာကြာပစ်ပြီးမှ ရွာထဲဝင်တာ " ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြော သည်။ ယင်းစစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာရှည်ရွာသို့ ဝင်ရောက်ကာ ပြည်သူ ငါးဦး ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရွာကို မီးရှို့ခဲ့ကြောင်း ယင်းတာဝန်ရှိသူက ဆက်ရှင်းပြသည်။ "ပြည်သူ ငါးဦးမှာ လေးဦးက ရွာရှည်ရွာကပဲ၊ ကျန်တစ်ဦးက ဘယ်ရွာကလဲ တိတိကျကျမသိရဘူး။ သေဆုံးသူတွေကို ကျားမအတည်ပြုဖို့တောင် လက်ရှိ အခြေအနေက ခက်ခဲနေတယ်။ စစ်တပ်မီးရှို့ခဲ့တာ တစ်ရွာလုံးနီးပါး ကုန်ပြီဗျ၊ စစ်ကြောင်းရှိနေသေးတော့ ရှင်းလင်းရေး လုပ်ဖို့ ခက်ခဲနေပါတယ် " ဟု ၎င်းကပြောသည်။အဆိုပါ စစ်ကြောင်းကြောင့် ရွာရှည်ရွာအပါအဝင် ရွာ ငါးရွာမှ ပြည်သူများ စစ်ရှောင်နေရကြောင်း အမည်မဖော်လိုသည့် စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
၁၄။ ရေဖြူမြို့ ဇာဒီရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ ကလေးငယ် ၂ ဦး သေဆုံး
မေ ၁၅ ၊ Mizzima
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ဇာဒီရွာကို စစ်ကောင်စီ၏ မောရ၀တီရေတပ်စခန်းမှ ယနေ့ (မေ ၁၅ ရက်)မနက် ၁၁ နာရီခန့်အချိန်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ကံပေါက် ဒေသ ဇာဒီရွာ သစ်လှတောရပ်ကွက်ရှိ နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်အတွင်းရှိ အသက် ၁၆ နှစ် အရွယ် မောင်ဇော်မျိုးအောင်နှင့် အသက် ၁၁ နှစ်အရွယ် မပွင့်ပွင့် ဆိုသူ မောင်နှမ နှစ်ဦး ထိခိုက်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။“စစ်တပ်က လက်နက်ကြီးနဲ့ သုံးလုံးပစ်တာပါ၊ တလုံးက အိမ်ထဲကို တည့်တည့် ကျပြီး ပေါက်ကွဲလို့ အိမ်လည်း မီးလောင်သွားပြီး မောင်နှမ နှစ်ယောက်လုံး ပွဲချင်းပြီး သေဆုံးသွားတယ်”ဟု မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။ အဆိုပါ လက်နက်ကြီးကျပြီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေအိမ်သည် ရပ်ကွက် အတွင်း ကုန်စုံဆိုင်ဖွင့်လှစ်ထားသည့် နေအိမ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
Comments