top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် မေလ ၁၆ ရက်

နေ့စဉ်သတင်းစုစည်းမှု

16-May-2024

တိုက်ပွဲသတင်း

 

၁။ မုံရွာခရိုင် PDF တပ်ရင်းမှ ဒုတပ်စိတ်မှူး တိုက်ပွဲတွင် ကျဆုံး

 

မေ ၁၆ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေပြု လှုပ်ရှားနေသည့် မုံရွာခရိုင်တပ်ရင်း အမှတ်(၂၇) Black Dragon Force တပ်ရင်းမှ ဒုတပ်စိတ်မှူး ရဲဘော်တိုးကြီး (ခ) သန်းတိုးအောင်သည် မေလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် မုံရွာမြို့နယ်က တိုက်ပွဲတခု တွင် ကျဆုံးသွားကြောင်း တပ်ဖွဲ့တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။ မုံရွာမြို့နယ် ၊ ဆည်ကြီးတောကျေးရွာတွင် ညအိပ်ပြီးထွက်ခွာလာသည့် အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် အမှတ် (၂၇) တပ်ရင်းတို့ ဆည်ကြီးတော ကျေးရွာအနီးတွင် မေလ ၁၅ ရက် ယမန်နေ့ နံနက် ၅ နာရီအချိန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ထိုတိုက်ပွဲတွင် ဒုတပ်စိတ်မှူး ရဲဘော်တိုးကြီး (ခ) သန်းတိုးအောင် ကျဆုံးသွားခြင်းဖြစ်ပြီး လက်နက်ငယ်နှစ်လက်နှင့် ကားတစီးဆုံးရှုံးခဲ့ ကြောင်း ဆိုသည်။“ကျနော်တို့ ရှေ့ထွက်ကင်းနဲ့ ပစ်ခတ်မှုဖြစ်ပြီး အင်အားမမျှလို့ ပြန်အဆုတ်မှာ ရဲဘော် ကျပြီး လက်နက်ပါ သွားပါတယ်” ဟု Black Dragon Force တပ်ရင်းရုံး တာဝန်ခံက မဇ္စျိမကို ပြောသည်။

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးတွင် အသက်ပေးလှူခဲ့မှုကို ဂုဏ်ပြု ဦးညွှတ်ပြီး မပြီးပြတ်သေးသော တော်လှန်ရေး တာဝန်များကို ယခုထက် အားစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Black Dragon Force က ထုတ်ပြန်ထားသည်။

 

၂။ တနိုင်းမှ စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်

 

မေ ၁၆ ၊ Mizzima

 

ကချင်ပြည်နယ်၊တနိုင်းမြို့နယ်တွင် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂၉၇) နှင့်ခလရ (၂၆၀)တို့ ပူးပေါင်းတပ်စွဲထားသည့် ရှေ့တန်းစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်ပိုင်း၌ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကချင်စစ်ရေးသတင်းမြစ်များထံမှသိရသည်။ တနိုင်းမြို့နှင့် မိုင်၂၀ ခန့်အကွာ ဒေသအခေါ် နမ်ဗျူနမ်ခမ်ကျေးရွာရှိ အဆိုပါစခန်းကို KIA ပူးပေါင်းတပ်က မေလ ၁၁ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့(မေလ ၁၆ရက်)နံနက် ၇ နာရီခွဲခန့် တွင် သိမ်းပိုက်လိုက်ခြင်းဟု သိရသည်။ “အခုက တပ်ဝင်းထဲမှာ ဟုတ်တယ်။ သိမ်းထားပြီ။ ဒီမနက်မှာ မြေပြင်( မြေပြင် စစ်‌ကြောင်း)နဲ့ဝင်ရောက်တိုက်ခိုက်သိမ်းနိုင်ခဲ့တာဟုတ်တယ်” ဟု KIA တပ်မဟာ(၂)မှ အရာရှိတဦးက ပြောသည်။ စခန်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးခန့်ရှိကြောင်းသိရပြီး တိုက်ပွဲအတွင်းထိခိုက်မှုအခြေအနေများကို လတ်တလော၌မသိရှိရသေး ပေ။ စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက နံနက် ၈ နာရီခန့်မှစတင်၍ လေကြောင်းမှတိုက်ခိုက်နေသည်ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ သိမ်းယူပြီးနောက် စခန်းကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်းလည်း KIA အရာရှိက ဆိုသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို အသိပေးပြောကြားခြင်းမရှိသေးပေ။

ယနေ့နံနက်သိမ်းပိုက်လိုက်သောစခန်းသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က တိုက်ပွဲများတွင် KIA က လက်လွတ်ခဲ့ရပြီး စစ်တပ် က တပ်စွဲခဲ့သည့်စခန်းဖြစ်သည်။ထိုအချိန်ကဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံများက စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ရွှေတူးဖော်သူများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ ရှိနေခြင်းဖြစ်သည်။ ယခုရက်ပိုင်းတိုက်ပွဲများကြောင့် ရွှေတူးဖော်သူ အများစုလည်း စစ်ဘေး‌တိမ်းရှောင်‌နေကြရကြောင်းသတင်းရရှိသည်။ စစ်ကောင်စီနှင့် KIA ဦးဆောင်သည့် ပူးပေါင်းတပ် များသည် လတ်တလောတွင် ကချင်ပြည်နယ်၊ မိုးမောက်၊ မံစီမြို့နယ်တို့၌လည်းတိုက်ပွဲများ ဖြစ်နေသည်။

 

၃။ ကျောက်ဆည်မြို့နယ်၊ ခဲယမ်းမီးကျောက်တပ်မှ ထွက်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ်တစ်ဦး သေဆုံး ၇ ဦးအပြင်းအထန်ဒဏ်ရာရ

 

မေ ၁၆ ၊ D Day News

 

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ခဲယမ်းမီးကျောက်တပ်မှ ထွက်လာသည့် အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၇ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။မေလ ၁၃ ရက် ည‌နေ ၅ နာရီခန့်တွင် ကျောက်ဆည်မြို့နယ်၊ ခဲယမ်းမီးကျောက်တပ်မှ ဆင်းခေါင်း တောင်ဘက်သို့ ထွက်လာသွားသည့် စစ်ကား ၃ စီးကို ရဲကြီးရွာနှင့် ဈေးရွာ အကြားအရောက် ပဒေသာ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကာ ယင်းဒဏ်ရာရရှိသူများ အနက် ၇ ဦးအပြင်းအထန်(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။အဆိုပါ တိုက်ခိုက်မှုကို Tigher Brother PDF၊ ဗိုလ်စားပြောက်ကျား၊ မြင်းခြံမြို့နယ် ပကဖ၊ မြစ်သား ပကဖနှင့် မြင်းခြံတပ်ရင်း ၁ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၆ ရက်နေ့က ကျောက်ဆည်မြို့ အထက ၁ ကျောင်းတွင် အစည်းအဝေး ပြုလုပ်ရန် လာသည့် ထွက်လာ သည့် စစ်ကား ၁ စီးကို Tiger Brother PDF နှင့် မြင်းခြံ ၂၇ မြစ်သား ပကဖ အဖွဲ့ တို့ပူးပေါင်းပြီး အထက အမှတ် ၁ ကျောင်းပန်းခြံလမ်း အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၄။ ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့ စစ်ကောင်စီတို့ ကူမင်းမှာ ၅ ကြိမ်မြောက် တွေ့ဆုံဆွေးနွေး

 

မေ ၁၆ ၊ Mizzima

 

တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုအရ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ ကူမင်းမြို့မှာစတင် ဆွေးနွေးနေပြီလို့ သိရပါတယ်။

ဆွေးနွေးပွဲအတွင်း စစ်ရေးပဋိပက္ခတွေ ကြီးထွားနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေကို အာရက္ခတပ်တော် (AA)နဲ့ စစ်ကောင်စီတို့ သီးသန့် တစ်ရက်ဆွေးနွေးဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။ပြီးခဲ့တဲ့ လေးကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်(TNLA-AA-MNDAA)တို့အကြား အပစ် အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပါတယ်။

အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ ရခိုင်ပြည်နယ် မပါကြောင်း မတ်လ ၄ ရက်နေ့မှာ AA က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပြီး AA ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားခဲ့ပါတယ်။ယခု ဆွေးနွေးမှုအတွင်း ၄ ကြိမ်မြောက် ဆွေးနွေးပွဲမှာတုန်းက နယ်စပ်ကုန်သွယ်ရေးအပါအဝင် သဘောတူမှုမရခဲ့တာတွေကို ထပ်ဆွေးနွေးမှာဖြစ်သလို၊ ရခိုင်က စစ်ပွဲတွေဆက်ဖြစ်နေတာအတွက်လည်း သီးသန့် တစ်ရက်ဆွေးနွေးဖို့ရှိတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

AA ဟာ ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ တောင်ပြိုလက်ဝဲ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ အပါအဝင် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝ၊ ဆမီးတို့ကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ စစ်တွေ၊ အမ်း၊ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက် ၅ ကြိမ်မြောက် ကူမင်းမြို့ ဟိုင်ဂင်ဟော်တယ်မှာလုပ်တဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီဖက်က အရင်တောက်လျှောက်ဦးဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် မပါဝင်ဘဲ စစ်ကောင်စီရဲ့ ငြိမ်းချမ်ရေးအဖွဲ့ NSPNC အဖွဲ့ဝင်သစ်ဖြစ်သူ စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် ဦးဆောင်တက်ရောက်နေတယ်လို့ သိရပါတယ်။ AA ဘက်ကတော့ အရင်အတိုင်း ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ပြီး၊ ကိုးကန့်ဘက်က လည်း ပြင်ပဆက်ဆံရေးဌာနမှုး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင် ဦးဆောင်ကာ၊ တအန်းဘက်ကတော့ ပုံမှန်တက်နေကျ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်အစား၊ မဟာမိတ်ဆက်ဆံရေးဌာနမှုး ဒုဗိုလ်မှူးကြီး တာမိုးဟိန်း ဦးဆောင်တက်ရောက်တယ်လို့ သိရပါတယ်။ မေလ ၁၆ ရက်နေ့ထိ ပြုလုပ်ဖို့စီစဉ်ထားတဲ့ယခုတစ်ခေါက် ဆွေးနွေးပွဲမှာ တရုတ်ဘက်အနေနဲ့ AA နဲ့ သီးသန့်ဆွေးနွေးပွဲကိုပါ အလေးထားလုပ်လာနိုင်ပုံ ရှိတယ်လို့လည်း နိုင်ငံရေး စစ်ရေး အကဲခတ်တွေကဆိုကြပါတယ်။

 

၅။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ စစ်ခေါင်းဆောင်ကို လာရောက် တွေ့ဆုံ

 

မေ ၁၆ ၊ Mizzima

 

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITTIK HOUN နဲ့ အာဆီယံ အတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ မေလ (၁၅) ရက် နံနက်ပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန်ဟာ မေလ ၁၅ ကနေ ၁၇ ရက်အထိ ၃ ရက်ကြာ ခရီးစဉ် အနေနဲ့ နေပြည်တော်ကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခုခရီးစဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး အထူးသံဟာ လာအိုနိုင်ငံခြားရေး ဝန်ကြီးဌာနအရာရှိတွေလည်းပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ဇန်နဝါရီလ ၁၀ ရက်မှာ နေပြည်တော်ကို ပထမဆုံး အကြိမ် သွားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံအစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှ ပါဝင်နိုင်မှု အခြေအနေများ၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်လျက် ရှိမှုနဲ့အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေဆီ လက်ဝယ်ရောက်ရှိရေး အကောင်းဆုံးပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်း နေတယ်လို့လည်း စစ်ခေါင်းဆောင်ကဆိုပါတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အခြေအနေမှန်တွေကို သိရှိအောင်ဆောင်ရွက်ရန်လိုအပ်တဲ့ အခြေအနေတွေ ကို ဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်။ မြန်မာစစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းဖို့ ပြန်လည်ငြိမ်းချမ်းဖို့၊ ထရွိုင်ကာလို့ခေါ်တဲ့ သုံးဦးညွန့်ပေါင်းအဖွဲ့နဲ့ ဆောင်ရွက်ဖို့ ထိုင်းအစိုးရက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုကနေတစ်ဆင့် ပြီးခဲ့တဲ့ ဧပြီလက ကမ်းလှမ်းခဲ့ပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိပြဿနာဟာ ထိုင်းတစ်နိုင်ငံတည်းကိုမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံအားလုံးကို ရိုက်ခတ်နေတာလို့လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ နီကွန်ဒက် ဘာလန်ကူရာက ပြောပါတယ်။

ဒီနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံဟာ စစ်ကောင်စီကိုယ်စားလှယ်ကို အာဆီယံစားပွဲ ဝိုင်းမှာ နေရာပေးလာနေပြီး၊ ဒါဟာ စစ်ကောင်စီကို တရားဝင်မှုပေးရာရောက်နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြောဆိုထားပါတယ်။

အာဆီယံဟာ အာဏာသိမ်းစစ်တပ်ကို အရေးယူတဲ့အနေနဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းအရာရှိတွေ မတက်ရောက်ဖို့ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလကတည်းက ပိတ်ပင် ထားတာပါ။

ဒါပေမဲ့ လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာချိန်မှာတော့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ရော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုပါ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တချို့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

 

၆။ အိန္ဒိယ- မြန်မာ လွတ်လပ်စွာဖြတ်သန်းခွင့်ကို ဖျက်သိမ်းမည့်အပေါ် ဆန္ဒပြ

 

မေ ၁၆ ၊ The Irrawaddy

 

အိန္ဒိယဗဟိုအစိုးရသည် မြန်မာနှင့် နှစ်နိုင်ငံကြား လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် (Free Movement Regime – FMR) ကို ဖျက်သိမ်းရေးနှင့် နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်နေမှုအပေါ် ဆန့်ကျင်ကြောင်း မီဇိုရမ်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများက ယနေ့ ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲကို မီဇိုရမ်အခြေစိုက် ကူကီး- ချင်း- မီဇိုလူမျိုးစုများ ပြန်လည်ပေါင်းစည်းရေးအတွက် လှုပ်ရှားနေသော Zo Reunification Organization- ZORO) အဖွဲ့မှ ဦးဆောင်ပြီး အရပ်ဘက်အဖွဲ့များအပြင် မြန်မာစစ်ရှောင်များနှင့် ရိဒ်ခေါဒါရ်ဒေသခံ‌များပူးပေါင်း၍ အိန္ဒိယ- မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးတံတားအနီး၌ ပြုလုပ်ခဲ့သည်။ ဆန္ဒထုတ်ဖော်ရာတွင် FMR ဖျက်သိမ်းရန် အလိုမရှိကြောင်း၊ ချင်းလူမျိုး ညီအစ်ကိုများကို ပိုင်းခြား၍ မရကြောင်း စသည့် စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့သည်။ နယ်စပ်တွင် နေထိုင်သည့်ဒေသခံတဦးက "ဒီအစီအစဉ်ကို လက်မခံနိုင်ပါဘူး။ မီဇိုရမ်ပြည်နယ်က မီဇိုမျိုးနွယ်တွေနဲ့ ကျနော်တို့ ချင်းပြည်က ချင်းတွေက မျိုးနွယ်တူ တွေလည်း ဖြစ်တယ်။ သူတို့ FMR ဖျက်သိမ်းတာ၊ ခြံစည်းရိုးခတ်တာတွေ လုပ်မယ်ဆိုရင် တိုက်ပွဲဖြစ်တဲ့အခါ မီဇိုရမ်ဘက်ကို ထွက်ပြေးဖို့ မလွယ်တော့ဘူး" ဟု ပြောသည်။ FMR သည် အိန္ဒိယ-မြန်မာနယ်စပ် ၁၀ မိုင်အတွင်း နေထိုင်သူများ ဗီဇာမလိုဘဲ နှစ်နိုင်ငံ လွတ်လပ်စွာ ဝင်ထွက်ခွင့် ဖြစ်သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံသည် ကီလိုမီတာ ၁၆၄၀ ကျော် ညီမျှသည့် မိုင် ၁၀၂၀ နီးပါးထိစပ်နေပြီး မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်း (Nagaland)၊ အရုနာချာ ပရာ့ဒေ့ရှ် (Arunachal Pradesh) ပြည်နယ်တို့၌ လွတ်လပ်စွာ နယ်စပ် ဖြတ်သန်းခွင့် ရရှိထားသည်။နယ်စပ်တလျှောက် ခြံစည်းရိုးကာမည့် အစီအစဉ်နှင့် FMR ကို မကြာမီ ပိတ်ပင်ရန် စီစဉ်နေကြောင်း၂၀၂၄ ဖေဖော်ဝါရီ ၆ ရက်၌ အိန္ဒိယပြည် ထဲရေးဝန်ကြီးက ပြောကြားထားသည်။

၂၀၂၄ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ထိုကိစ္စများကို ကန့်ကွက်ကြောင်း မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့၌ ဒေသခံများ ဆန္ဒပြခဲ့ကြသေးသည်။

 

၇။ ရုရှားနှင့် စစ်ကောင်စီ ထားဝယ်ရေနက်ဆိပ်ကမ်းပူးပေါင်းအကောင်ထည်ဖော်ရန် ဆွေးနွေးနေ

 

မေ ၁၆ ၊ Myanmar Now

 

မြန်မာနိုင်ငံတောင်ဘက်ပိုင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်ကို ပူးတွဲအကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားတို့အကြား ကနဦးအဆင့်ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက Myanmar Now ကို ပြောသည်။ နိုင်ငံတောင်ပိုင်းတွင် တန်ချိန် နှစ်သိန်းနှင့်အထက် သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် ရုရှားနှင့် ဆွေးနွေးနေကြောင်း စစ်ခေါင်းဆောင်ကလည်း ပြီးခဲ့သည့် မတ်လအတွင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

၁၉၅ စတုရန်းကီလိုမီတာနီးပါး ကျယ်ဝန်းသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့၏ မြောက်ဘက် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့အနီး မဟာဗျူဟာကျသည့်နေရာ တွင် အကောင်အထည်ဖော်မည့် စီမံကိန်းကြီးဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စွမ်းအင်နှင့် အခြားစီမံကိန်းများ ပါဝင်သည်။ ထိုစီမံကိန်းသည် စီးပွားရေးထက် စစ်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်းလည်း စီမံကိန်းနှင့် ပတ်သက်ခဲ့ ဖူးသည့် အစိုးရအရာရှိဟောင်းတချို့က သုံးသပ်ကြသည်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၈။ နောင်ဗိုကန်တော်လေး ရွာသူကြီးဖမ်းဆီးခံရပြီး ၁၀ ရက်ကျော်ကြာ ပြန်မလွတ်သေး

 

မေ ၁၆ ၊ The Irrawaddy

 

ဆီဆိုင်မြို့နယ်၊ နောင်ဗိုကန်တော်လေးရွာသူကြီးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့ စစ်အဖွဲ့ ဖမ်းဆီးသွားပြီးနောက် ၁၀ရက်ကျော် ကြာသည်အထိ ပြန်မလွှတ်ပေးသေးကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (PNLA)က ယနေ့ ထုတ်ပြန်သည်။ရွာသူကြီး ဖြားခွန်လျောကို PNOလက်အောက်ခံ ဗိုလ်ကြီးလယ်ဦးဆောင် သောအဖွဲ့က ပြီးခဲ့သည့် မေလ ၂ ရက်တွင် ဆီဆိုင်မြို့၊ ပုံလောင်ကျေးရွာအနီး ဖမ်းဆီးသွားခဲ့ပြီး ၎င်း၏ ကားကိုပါ သိမ်းဆည်းထားကြောင်း သိရသည်။ PNLA ပြောခွင့်ရ ခွန်ရိမ်းယံက"ခုချိန်ထိ သေလား ရှင်လား မသိဘူး ရွာကိုလည်း ပြန်မပို့ဘူး။ ရွာသူကြီးကားကိုတော့ ပြည်သူ့စစ်တွေ သုံးနေတာကို တွေ့ရပါတယ်။ ရွာသားတွေက သူတို့ရွာသူကြီးကို ပြန်လွှတ်ပေးဖို့ သွားမေးတော့ ခြိမ်းခြောက်ခံရတာတွေ ကြုံခဲ့တော့ ထပ်ပြီးတော့ သွားမမေးရဲကြတော့ဘူး။ ခုထိလည်း ပြန်မလွတ်လာသေးပါဘူး"ဟု ပြောသည်။ ယခုမေလ ၉ ရက်တွင် နောင်ရင်းကျေးရွာသူကြီး ခွန်ဇာခွန်နှင့် ခွန်ပလွန်းတို့ကို PNO ဘက်မှ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကြောင့် ဖြားခွန်လျော၏ မိသားစုဝင်များကလည်း စိုးရိမ်နေကြောင်း သိရ သည်။

 

၉။ သရုပ်ဆောင် ဗညားဘုန်းပြည့် အပါအဝင် ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

 

မေ ၁၆ ၊ Mizzima

 

လိင်အသားပေး ရိုက်ကူးထားခြင်းကြောင့်ဟုဆိုကာ “အချစ်ခံကြည့်” သီချင်းဗီဒီယိုတွင် ပါဝင်သရုပ်ဆောင်ထားသူ ဗညား ဘုန်းပြည့်နှင့် အခြားနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) ဖြင့် အမှုဖွင့်လိုက်သည်။ သရုပ်ဆောင် ဗညားဘုန်းပြည့်ကို မေလ ၇ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သည့် “တခုတ်တရ” ဇာတ်ကား အထူးပြပွဲညတွင် စစ်ကောင်စီလက်အောက်ခံ ရဲများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိထားသူ တဦး က မဇ္ဈိမကို ပြောသည်။ ယင်းနောက် “အချစ်ခံကြည့်” သီချင်းဗီဒီယိုအတွက် ဇာတ်ညွှန်းရေးသားသူ ရွှေစုနှင့် ရိုက်ကူးသူ ဒါရိုက်တာ Kina တို့ကိုလည်း အဆိုပါသီချင်းဗီဒီယို ရိုက်ကူးမှုနှင့် ဆက်စပ်ပြီး စစ်ကောင်စီက ထပ်မံဖမ်းဆီးကာ အမှုဖွင့် လိုက်ကြောင်း ဆိုသည်။ “အဲ့ဒီ့သီချင်းနဲ့ ပတ်သက်ပြီး ဗညားဘုန်းပြည့်ကို မေလ ၇ ရက်နေ့က လုပ်တဲ့ “တခုတ်တရ” ဇာတ်ကား အထူးပွဲပြတဲ့ ညမှာပဲ ရဲတွေဖမ်းသွားတာ။ အဲ့ဒီနောက် စစ်ဆေးနေတဲ့ အချိန်မှာပဲ တကယ် ထုတ်လုပ်တဲ့သူ ဖူးပွင့်သခင်က တိမ်းရှောင်နေလို့ ဇာတ်ညွှန်းရေးတဲ့ ရွှေစုနဲ့ ဒါရိုက်တာ Kina ကို ထပ်ဖမ်းသွားတာ” ဟု ၎င်းတို့နှင့် နီးစပ်ပြီး ဖြစ်စဉ်သိရှိထားသူ တဦးက မဇ္ဈိမကို ပြောသည်။ အဆိုတော် မင်းစည်သူရေးသားထားသော “အချစ်ခံကြည့်” သီချင်းကို ဖူးပွင့်သခင်က သီဆိုထားခြင်းဖြစ်ပြီး သရုပ်ဆောင်အဖြစ် သီချင်းသီဆိုထားသူ ဖူးပွင့်သခင်နှင့် ဗညားဘုန်းပြည့်တို့ ပါဝင် သရုပ်ဆောင်ထားသည်။လက်ရှိမှာ သီချင်းသီဆို၊ ထုတ်လုပ်သူ ဖူးပွင့်သခင်နှင့် တေးရေးမင်းစည်သူတို့မှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်း သိရသည်။ တေးရေးဖြစ်သူ မင်းစည်သူက “အချစ်ခံကြည့်သီချင်း” ကို ထုတ်လုပ်သူမှာ ဖူးပွင့် သခင် ဖြစ်သည့်အတွက် လက်ရှိဖြစ်နေသည့် ကိစ္စများအပေါ် တာဝန်ယူပေးရန် ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် မေလ ၁၃ ရက်နေ့က ရေးသားခဲ့သည်။

 

၁၀။ ကြံခင်းမြို့နယ်က လူငယ်တစ်ဦး စစ်ကြောရေးမှာ သေဆုံး

 

မေ ၁၆ ၊ RFA

 

ဧရာ၀တီတိုင်း ကြံခင်းမြို့နယ် သောကြာဒူးရွာက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ သုံးရက် အတွင်း သေဆုံးခဲ့ပြီး မိသားစုကိုလည်း ရုပ်အလောင်းပြန်မပေးခဲ့ဘူးလို့ ဒေသခံတွေက မေလ ၁၆ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။ သောကြာဒူးရွာက အသက် ၂၆ နှစ်အရွယ် ကိုပိုင်မင်းသူကို စစ်ကောင်စီတပ်က မေလ ၁၁ ရက်နေ့မှာ ဖမ်းဆီး ခဲ့ပြီး မြန်အောင်မြို့ အခြေစိုက် ခလရ-၅၁ တပ်ရင်းထဲမှာ စစ်ကြောရေးလုပ်ခဲ့တာလို့ ဆိုပါတယ်။ မေလ ၁၃ ရက်နေ့မှာတော့ ကိုပိုင်မင်းသူ သေဆုံးသွားကြောင်း မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပြီး ရုပ်အလောင်းကိုတော့ ပြန်မပေးခဲ့ဘူးလို့ ဒီဖြစ်ရပ်ကို သိရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။“၁၃ ရက်နေ့ နေ့လယ်မှာ မြန်အောင် ရဲစခန်းက သူ့ရဲ့မိသားစု တွေကို လှမ်းခေါ်တယ်ပေါ့နော်။ ပိုင်မင်းသူကို PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး သံသယနဲ့ စစ်ဆေးတဲ့အခါမှာ ရောဂါနဲ့ သေဆုံးသွားတယ်ဆိုပြီး ဓာတ်ပုံပဲပြတယ်။ သူတို့ဟာနဲ့သူတို့ သင်္ဂြိုဟ်လိုက်ပြီပေါ့နော်။ ဓာတ်ပုံပဲပြပြီး ခေါ်အသိပေးတယ်"

ရဲစခန်းက ရောဂါနဲ့သေဆုံးတယ်လို့ အကြောင်းပြပေမဲ့ ကိုပိုင်မင်းသူဟာ ရိုက်နှက်စစ်ဆေးခံရလို့ သေဆုံးခဲ့တာကြောင့် ရုပ်အလောင်းကို ပြန်မပေးခဲ့တာလို့ သူက ဆိုပါတယ်။ သေဆုံးသွားတဲ့ ကိုပိုင်မင်းသူမှာ မိခင်နဲ့ ဇနီးတို့ ကျန်ရစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

၁၁။ ခင်ဦးမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ ငါးဦးဒဏ်ရာရ

 

မေ ၁၆ ၊ RFA

 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ပင်စုရွာကို မေလ ၁၆ ရက်နေ့ ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လက်နက် ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် လူငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ နေအိမ်အနီးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၄၆ နှစ်အရွယ် ဒေါ်စပ်မ နေရာမှာတင် သေဆုံးခဲ့ပြီး ဒဏ်ရာရထားတဲ့ ငါးဦးထဲမှာတော့ သုံးဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

သက်ရက်ပင်စုရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့ ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ တိုက်ပွဲ ဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“သူတို့က စစ်ကြောင်းမထိုးနိုင်တဲ့ အခါ ကျတော့ အားအားရှိ လက်နက်ကြီးနဲ့ပဲ ထိုင်ထုတာကိုးဗျ။ ရေဦးတိုင်းရင်းဆေးရုံကနေ လက်နက်ကြီးနဲ့ လှမ်းထုတာ။ နှစ်လုံး ကျတယ် သရက်ပင်စုရွာထဲကို။ ရွာထဲက အိမ်တွေနားကျတော့ အိမ်ထဲ အိပ်နေတဲ့သူထိတယ်။ တစ်ဦးသေတယ်၊ ငါးဦး ဒဏ်ရာရတယ်”။ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေး ဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မေလ ၁၁ ရက်နေ့ကတော့ ခင်ဦးမြို့နယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ ဒီပဲယင်းမြို့နယ်ထဲက မကြီးအုပ်ရွာမှာ စစ်ကောင်စီတပ် က လေကြောင်းကနေ ဗုံးကြဲလို့ သေဆုံးသူ ရှစ်ဦးအထိရှိနေပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

 

၁၂။ ဂန့်ဂေါမြောက်ပိုင်း၊ ပျူရွာမှထွက်လာသည့်စစ်ကြောင်းက ကျေးရွာသုံးရွာကို မီးရှို့ဖျက်ဆီးနေ

 

မေ ၁၆ ၊ Myanmar Pressphoto Agency

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းပျူစောထီးရွာမှ ထွက်လာသော စစ်ကောင်စီနှင့်ပျူစောထီးစစ်ကြောင်းသည် မေ ၁၆ ရက်၊ နံနက် ၁၀ နာရီအချိန်မှစ၍ သင်တော၊ ရွှေဘိုနှင့် ကံတိုးကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှသိရသည်။အင်အား (၂၀၀)ခန့်ပါသည် အဆိုပါစစ်ကြောင်းသည် မြောက်ခင် ရန်းပျူစောထီးရွာမှ နံနက် ၆ နာရီအချိန်တွင် ထွက်ခွာလာပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် နှစ်နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာများအတွင်းသိုဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ကံတိုးရွာခံအမျိုးသားတစ်ဦးက ဆိုသည်။"သူတို့(စကစနှင့်ပျူများ)စထွက်ထွက်ချင်းမှာ ဒီဘက်ကနေ မိုင်းဆွဲတာအတော်မိတယ်လို့ပြောတယ်။ အဲ့ဒါ နှစ်နာရီလောက် အပြန်အလှန်ပစ်ပြီး သူတို့ဘက်ကနေ အထိနာလို့ရွာထဲဝင်ပြီး မီးရှို့နေတာလို့သိရတယ်ဗျ။ အခုထိရှို့နေ တုန်းပဲ။ ဘယ်နှစ်အိမ်လောင်ပြီလဲတော့ မသိရသေးဘူး"ဟု ၎င်းက MPA ကိုပြောသည်။စစ်ကြောင်းသည် ကျေးရွာများ အတွင်းမှာပင်ရှိနေဆဲဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရသည့်အပြင် စစ်ရေးမှာ လည်း တင်းမာသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။ "သင်တောကတော့ တစ်ရွာလုံးပြာကျပြီပြောတယ်။ အရင် တစ်ခေါက်ကတည်းက မီးရှို့ခံထားရတာ အိမ်ကသိပ်မကျန်ဘူး။ ဘုန်းကြီးကျောင်းနဲ့ ရွာထဲလေး၊ ငါး၊ ဆယ်အိမ်လောက် ကျန်တာ။ အခုအကုန်ပြာကျပြီပြောတယ်။ ရွှေဘိုကတော့ ဘယ်နှစ်အိမ်လောင်ပြီလဲမသိရသေးဘူး။ ကံတိုးကတော့ နေ့လယ်လောက်ကနှစ်အိမ်ရှို့တယ်ကြားတယ်"ဟု ရွှေဘိုရွာဒေသခံအမျိုးသမီးတစ်ဦးက ရှင်းပြသည်။

 



 

 

 

 

 


26 views0 comments

Comments


bottom of page