top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု ၂၀၂၄ ခုနှစ် မေလ ၁၇ ရက်

နေ့စဉ်သတင်းစုစည်းမှု

17-May-2024

တိုက်ပွဲသတင်း

 

၁။ ဒေါနတောင်တွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ကူဖြင့် စစ်ကြောင်းထိုးနေ

 

မေ ၁၇ ၊ Mizzima

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ဒေါနတောင်ခြေကနေ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးအပြင် လေကြောင်း ပစ်ကူရယူပြီး အင်အားအလုံးအရင်းနဲ့ သင်္ကန်းညီနောင်ဘက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။ မေ ၁၆ ရက် မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီစစ်ကြောင်းတွေဟာ ဒေါနတောင်ခြေ ကနေ သင်္ကန်းညီနောင် နို့ဖိုးကျေးရွာဘက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နဂါးဖြူတပ်ရင်းက ရဲဘော်တယောက် ကျဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

၂။ ပခုက္ကူ၊ ရေစကြိုအစပ်သို့ ဝင်လာသော စစ်ကြောင်းသုံးကြောင်းကို PDF တိုက်ခိုက်

 

မေ ၁၇ ၊ The Irrawaddy

 

မကွေးတိုင်း ပခုက္ကူနှင့် ရေစကြိုမြို့နယ်အစပ်သို့ စစ်ကြောင်းသုံးကြောင်းဖြန့်ခွဲပြီး ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ရုပ်အလောင်း ၉ လောင်းနှင့် သေနတ် ၉ လက် ရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တမခ-၁၀၁) လက်အောက်ခံ ရေစကြိုအခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၂၅၇ နှင့် ပခုက္ကူအခြေစိုက် ခလရ-၂၅၉ တပ်ရင်း၊ ပျူစောထီး ပူးပေါင်းအင်အား ၃၀၀ ခန့်ဖြင့် ယနေ့ နံနက် ၇ နာရီ ကျော်တွင် ပခုက္ကူနှင့် ရေစကြိုမြို့နယ်အစပ်သို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဒီနေ့မနက်ပိုင်း စစ်ကောင်စီဘက်က ထွက်လာတဲ့ ရှေ့ကင်းနဲ့ ဒီဘက်ကအဖွဲ့တွေနဲ့ ဖြစ်ကြတာမှာ ၉ လောင်း၊ ၉ လက် ရခဲ့တာ။ တိုက်ပွဲ ဖော်ဆောင်ခဲ့တာက Southern YSO အဖွဲ့ကပါ။ စစ်ကြောင်းက ပခုက္ကူပတ်ချာလည်ကို နယ်မြေရှင်းလင်းတဲ့သဘောပဲ။ တလတခါ၊ နှစ်လတခါလောက် ပတ်ပြီးတော့ စစ်ကြောင်းထိုးတာမျိုးပေါ့။ စစ်ကြောင်းတွေက လောလောဆယ် သဲတော၊ ကျောက်ထပ်၊ ဇီးတောရွာတွေကို ဝင်နေတယ်။ လောလောဆယ် ဇီးတောရွာကို မီးရှို့နေတယ်လို့ သိရတယ်” ဟု ပြောသည်။

ပခုက္ကူနှင့် ရေစကြိုမြို့နယ်အစပ်ရှိ ကျောက်ထပ်၊ ဇီးတော၊ သဲတောကျေးရွာများဘက်သို့ ဝင်ရောက်လာသော စစ်ကြောင်း များ မိုင်းကွင်းသို့ဖြတ်စဉ် မိုင်းဆွဲ၍ မရခဲ့သော်လည်း စစ်ကြောင်းမှ ရှေ့ပြေးတပ်စုကို Southern YSO အဖွဲ့က တိုက်ခိုက် နိုင်ခဲ့ရာ စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးပြီး သေနတ် ၉ လက် ရရှိခဲ့ကြောင်း၊ စစ်ကြောင်းများ နောက်ပြန်ဆုတ်သွား သော်လည်း ကျေးရွာများအား ဝင်ရောက်စီးနင်းခဲ့ခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။

 

၃။ မံစီ၊ မိုးမောက်၌ တိုက်ပွဲပြင်းထန်၊ လေကြောင်းကပါ တိုက်ခိုက်

 

မေ ၁၇ ၊ The Irrawaddy

 

ကချင်ပြည်နယ် မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်များတွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေပြီး လေကြောင်းပစ်ကူများဖြင့်ပါ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ မံစီမြို့တွင် အခြေစိုက်ထားသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက် ခံ ခြေမြန်တပ်ရင်း ခမရ-၃၁၉၊ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) လက်အောက်ခံ ခမရ ၆၀၁ နှင့် မိုးမောက်မြို့ရှိ မပခ လက်အောက်ခံ မံစီမြို့အခြေစိုက် ခမရ-၄၃၇ တပ်ရင်းများကို KIA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များ က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “မံစီ၊ မိုးမောက် ဘက်မှာ ဒီမနက် ၆/၇ နာရီအချိန်ကစပြီး တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်။ မံစီမှာကတော့ ခမရ-၃၁၉ ရယ်၊ ၆၀၁ ရယ်၊ မိုးမောက်ဘက်မှာတော့ ၄၃၇ စခန်းတွေမှာ တိုက်ပွဲဖြစ်တာ ရှိပါတယ်။ မြေပြင်အခြေအနေကတော့ အခုအချိန်ထိ ဘာမှ အသိပေးအကြောင်းကြားလာတာမျိုး မရှိသေးဘူး။ တိုက်ပွဲက တော်တော် ပြင်းပြင်းထန်ထန်ဖြစ်တဲ့ အခြေအနေမျိုး ဖြစ်ပါ တယ်။ လေကြောင်းကနေပါ ပစ်နေတာ။ အဲဒါကြောင့်မို့ မိုးမောက်ဘက်မှာလည်း ပြည်သူလူထုရဲ့ အိမ်တွေတောင်မှ မီးလောင်တာတွေလည်း ရှိနေပါတယ်”ဟု ဧရာဝတီကို ပြောသည်။စစ်ကောင်စီ၏ ခမရ-၃၁၉၊ ခမရ-၆၀၁ တပ်ရင်းများသည် မံစီမြို့အဝင်တွင် တည်ရှိပြီး အခိုင်အမာ ခံစစ်ပြင်ဆင်ကာ ခုခံနေကြောင်း၊ အဆိုပါတပ်ရင်းများသည် ဗျူဟာမြောက် စခန်း များ ဖြစ်သောကြောင့် ကျဆုံးမှုမရှိစေရေးအတွက် လေကြောင်းပစ်ကူများဖြင့်ပါ ခုခံနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လေကြောင်းပစ်ခတ်မှုများကြောင့် မိုးမောက်မြို့ပေါ်ရပ်ကွက်မှ နေအိမ်အချို့ မီးလောင်ပျက်စီးမှုရှိသလို မံစီ၊ မိုးမောက်ဒေသခံများ ဘေးလွတ်ရာကျေးရွာများနှင့် ဗန်းမော်၊ ရွှေကူမြို့များဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

၄။ ရွှေဘို မြို့မရဲစခန်းကို ဗုံးကြဲတိုက်ခိုက်ရာ အကြမ်းဖက် ဗိုလ်တစ်ဦးအပါအဝင် ရှစ်ဦးသေဆုံး

 

မေ ၁၇ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ရွှေဘိုမြို့မရဲစခန်းနဲ့ မြို့နယ်တရားရုံးတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ဗိုလ်တစ်ဦးအပါအဝင် ရှစ်ဦး သေဆုံးတယ်လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကို မေ ၁၆ရက်၊ ညနေ ၃နာရီခွဲဝန်းကျင်က ပြုလုပ်ခဲ့တာဖြစ်ပြီး ရွှေဘိုမြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးနဲ့မြို့နယ်တရားရုံးကို ဗုံးသီး သုံးလုံး ကြဲချခဲ့ရာ ပစ်မှတ်များဆီသို့ တိကျစွာ ကျရောက်ခဲ့လို့ ရှစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုပြီးနောက် လူနာတင်ယာဉ် ၉စီးရောက်ရှိလာကာ သေဆုံးနဲ့ ဒဏ်ရာရသူများကို ရွှေဘိုမြို့နယ်ဆေးရုံသို့ ခေါ်ဆောင်သွားပြီး မြို့ပေါ်ယူဂျီရဲဘော်တွေရဲ့ သတင်းပေးချက်အရ ထိခိုက်သေဆုံးစာရင်းကို အတည်ပြုနိုင်ခြင်းဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ "ရွှေဘိုဆေးရုံကြီးထဲသို့ လူနာတင်ကား (၉)စီးနဲ့ဝင်သွားပြီးဗိုလ် (၁)ကောင် ၊ ဒုရဲအုပ် တင်ထွန်းလင်းအောင်၊ နောက်လိုက် ရဲချမ်းဝင်း၊ ဇော်ထိုက် (ခ)ဂျက်ကော့အပါဝင် (၇)ကောင် စုစုပေါင်း (၈)ကောင်​​ပြီး ဒဏ်ရာရသူတွေလည်းရှိတယ်"လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ Fixed Wings ဒရုန်းတစ်စင်း ဆုံးရှုံးခဲ့သော်လည်း PDF ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Project Flight (Fight for Democracy )ဒရုန်းတပ်ဖွဲ့ ၊‌ Drop For Justice - DFJ ၊BGS & Rocket Ayadaw Drone Force၊Flying Dragon Force ၊တာနောယက္ခ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ FFF.NK Drone ၊ ရွှေဘိုအားမာန် မြို့ပြပြောက်ကျားနဲ့သိင်္ခအားမာန်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

၅။ လက်ပံတောင်းက ကြေးနီသယ်ယာဉ်တန်း ထပ်မံတိုက်ခိုက်ခံရ

 

မေ ၁၇ ၊ RFA

 

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ကြေးနီတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းကို မေလ ၁၆ ရက်နေ့က မုံရွာ-မန္တလေး ကားလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကြေးနီသယ်ယာဉ်ငါးစီးနဲ့ လုံခြုံရေး ယူပေးတဲ့ ကားနှစ်စီးပါ ယာဉ်တန်းကို မုံရွာ-ချောင်းဦး ကားလမ်းတစ်နေရာမှာ မိုင်းဆွဲတာအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုရဲ့ တာဝန်ရှိသူ ကိုဝေလင်းက RFA ကို ပြောပါတယ်။ "ကျွန်တော်တို့ ပစ်ခတ်တိုက်တိုက်ခဲ့တဲ့ ယာဥ်တန်းက ချောင်းဦးမြို့မှာ နားသွားတာ ဖြစ်တဲ့အတွက် ချောင်းဦးမြို့မှာရှိတဲ့ စစ်ရေးသတင်းရင်းအမြစ် ကနေတစ်ဆင့် ၁၂ ယောက်သေပြီး ၁၀ ယောက် ဒဏ်ရာရ တယ်လို့ သိရတယ်။ ဒဏ်ရာတဲ့ ၁၀ယောက်ကိုလည်း ချောင်းဦးမြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သတင်းအတိ အကျ ရထားတာပေါ့”။ မနေ့က ကြေးနီသယ်လာတဲ့ အဲဒီယာဉ်တန်းကို မုံရွာ-မန္တလေး ကားလမ်းပိုင်းက နေရာသုံးခုထက် မနည်းမှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းကို ဖြတ်တောက်လိုတာ ကြောင့် တိုက်ခိုက်ရတာလို့ သူက ဆိုပါတယ်။

 

၆။ ရေစကြိုမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို ဝင်ရောက်စီးနင်းသည့် အကြမ်းဖက်စစ်သားများ တန်ပြန် တိုက်ခိုက်ခံရပြီး စစ်သား ၃၀ ခန့်သေဆုံး၊ သေနတ် ၉ လက်သိမ်းဆည်းရရှိ

 

မေ ၁၇ ၊ D Day News

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ‌ တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို ဝင်ရောက်စီးနင်းသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တန်ပြန်ခုခံစစ်ဆင်နွှဲခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ခန့်သေဆုံးပြီး သေနတ် ၉ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်ထံက သိရသည်။ယနေ့မေလ ၁၇ ရက် နံနက် ပခုက္ကူမြို့၊ တပ်မ ၁၀၁ လက်အောက် ခံ တပ်ရင်း ၂၃၅ ၊ ၂၅၇ ၂၅၈ တို့မှ အကြမ်းဖက်စစ်သား အင်အား ၃၀၀ ကျော်ဖြင့် ရေစကြိုမြို့နယ်၊ ကျောက်ထပ်ရွာ၊ သဲတောရွာ၊ ဇီးတောရွာတို့ကို ဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို တပြိုင်ရောက်စီးနင်းရာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၏ တန်ပြန်ခုခံတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂၀ ကျော် သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “ဒီနေ့မနက် ၅ နာရီ ၁၅ မိနစ်ကနေ စပြီးတော့ PDF ကိုစခန်းကို အဓိကဝင်စီးတာ။ ဝင်လာ တဲ့အချိန်မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်မှုဖြစ်သေးတယ်။ PDF တွေက နောက်ဆုတ်ပြီး လက်နက်ကြီးနဲ့ ပြန်ပစ် တဲ့အချိန်မှာ စခတွေထိတာ။ PDF တွေက ဆုတ်သွားပြီးတော့စခတွေဝင်စီးနေတဲ့ အချိန် PDF တွေက ကိုယ့်စခန်းထဲကို လက်နက်ကြီးနဲ့ ပြန်တာမှာ စခတွေထိတာ။ စခန်းထဲဝင်လာတဲ့ စခ မှန်သမျှ သေတဲ့သူသေ။ ဒဏ်ရာရတဲ့သူမှန်သမျှ ဒဏ်ရာရ၊ ခြေပြတ်၊လက်ပြတ်တွေဖြစ်ကုန်တာ၊” ဟု တော် လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထိုသို့ စခန်းသိမ်းသိမ်းပိုက်ခံပြီး လက်နက်ကြီးဖြင့် တန်ပြန်ပစ်ခတ်တိုက်ခိုက်ပြီးနောက် ယင်းအကြမ်း ဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်နိုင်ရန် PDF တပ်ဖွဲ့မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် တိုက်စစ်ဖွင့်ခဲ့ရာ နံနက် ၇ နာ ရီ ၁၅ မိနစ်အချိန်တွင် PDF စခန်းအတွင်း၌ လက်နက်ကြီးထိမှန်ကာ လက်ကောက်ဝတ်မှ ပြတ်ထွက်ဒဏ်ရာ အကြမ်းဖက်စစ်သား ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးသည် ဆိုင်ကယ် ၅ စီးဖြင့် ရှေ့ပြေးထွက်လာစဉ် ပစ်ခတ်ရှင်းလင်းခဲ့ရာ ၁၀ ဦးစလုံး သေဆုံးသွားပြီး သေနတ် ၉ လက်သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက်စစ်သားများသည် ကျောက်ထပ်ကျေးရွာမှ ပြည်သူ အမျိုသမီးတစ်ဦးကို ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ပြည်သူအများအပြားကိုလည်း ဓားစာခံ ဖမ်းဆီးသွားကြောင်း၊ ထို့အပြင် သဲတောကျေးရွာမှ အပြည်သူများကိုလည်း ဓားစာခံဖမ်းဆီးသွားပြီး ဇီးတောကျေးရွာကို လည်း မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၇။ လေကြောင်း အကြမ်းဖက်မှုများရှိနေစဉ် စစ်ကောင်စီနှင့် အိန္ဒိယလေတပ်အရာရှိ တွေ့ဆုံ

 

မေ ၁၇ ၊ The Irrawaddy

 

မြန်မာတွင် အရပ်သားများကို လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားလာစဉ်အတွင်း စစ်ကောင်စီလေတပ် ခေါင်းဆောင် ထွန်းအောင်နှင့် အိန္ဒိယလေတပ် လေကြောင်းစစ်ဦးစီး (ထောက်လှမ်းရေး) ဒုတိယအကြီးအကဲ လေတပ်ဒုဗိုလ်ချုပ်ကြီး အီချက်တီယာ အီယက်ပါ ကတ်တက်ပါတို့ နေပြည်တော်တွင် မေလ ၁၅ ရက်နေ့က တွေ့ဆုံခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် စစ်တပ် နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး၊ စစ်ကောင်စီ သင်တန်းသားများကို အိန္ဒိယသို့ စေလွှတ်ရေး၊ လေတပ် နှစ်ခုအကြား ဆက်ဆံရေး ခိုင်မာစေရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြသည်ဟု စစ်ကောင်စီ မီဒီယာက ဖော်ပြသည်။အိန္ဒိယလေတပ် ဒုဗိုလ်ချုပ်ကြီးသည် ၆ ကြိမ်မြောက် မြန်မာ-အိန္ဒိယ လေတပ်ဆွေးနွေးပွဲကို နေပြည်တော်တွင် အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ တက်ရောက်သည်။ အင်္ဂါနေ့ ဆွေးနွေးပွဲ စတင်နေချိန်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ခုခံတော်လှန်ရေး အမာခံဒေသ မကွေးတိုင်း၊ ဆောမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးသည်။ ထိုလေကြောင်းတိုက်ခိုက်မှုသည် မေလ ၉ ရက်နေ့က ဗုံးကြဲ တိုက်ခိုက်မှုအတွင်း လူအနည်းဆုံး ၁၅ ဦး သေဆုံးပြီးနောက် တပတ်မပြည့်မီ ဆောမြို့နယ်တွင် ဒုတိယအကြိမ် တိုက်ခိုက်မှု ဖြစ်သည်။ အိန္ဒိယလေတပ် ဒုဗိုလ်ချုပ်ကြီး အထက်ပါ အစည်းအဝေးတက်နေစဉ် စစ်ကောင်စီ လေတပ်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် မောင်တောမြို့များမှ ကျောင်းများနှင့် ကျန်းမာရေး အဆောက်အအုံများကို အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်ပြီး အရပ်သားထိခိုက်သေဆုံးမှုများ ဖြစ်စေသည်။ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့သည် ရခိုင် ပြည်နယ်တွင် နိုဝင်ဘာလမှစတင်ပြီး အပြင်းအထန် တိုက်ပွဲဖြစ်နေသည်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၈။ ဂန့်ဂေါတွင် စစ်ကောင်စီတပ် ကလေးငယ်အပါ ဒေသခံ ၂ ဦးကို သတ်ဖြတ်၊ အိမ် ၃၀၀ ကျော် မီးရှို့ဖျက်ဆီး

 

မေ ၁၇ ၊ Mizzima

 

မကွေးတိုင်း၊ ဂန့်ဂေါ်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံနှစ်ဦးကို သတ်ဖြတ်ပြီး လူနေအိမ်ခြေ ၃၀၀ကျော် ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများနှင့် YDF တပ်ဖွဲ့ထံက သိရသည်။ ရွှေဘိုရွာတွင် စစ်ကောင်စီက အမြင်အာရုံ မကောင်း၍ အိမ်တွင်ကျန်ရှိနေသည့် ရ ဦးသာနွယ်(အသက် ၈၀ နှစ်)၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားပြီး မီးလောင် သေဆုံးနေသည့် အသက် ကိုးနှစ်အရွယ် ကလေးငယ်၏ ရုပ်အလောင်းကိုလည်း မြင်တွေ့ရကြောင်း ဒေသခံက ဆိုသည်။

ယမန်နေ့ (မေလ ၁၆ ရက်) နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် အင်အား ၂၅၀ ပါ စစ်ကောင်စီတပ်နှင့် မြောက်ခင်ရန်း ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ရေသာရွာနှင့် ရွှေဘိုရွာသို့ ဝင်ရောက်ပြီး မီးရှို့သွားခြင်းဖြစ်သည်ဟု ယောကာကွယ် ရေးတပ်(YDF) တာဝန်ရှိသူက ပြောသည်။ “ ၁၆ ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းသုံးကြောင်းနဲ့ ရွာထဲကိုဝင်လာတာ စစ်ကောင်စီတပ်နဲ့ မြောက်ခင်ရန်းပျူတွေပါတယ်လို့သိရတယ်။ အရင်ဆုံးရေသာရွာကိုရှို့တယ်။ ရေသာမှာတော့ အိမ်ခြေ နည်းတယ်ပြီးတော့ ရွှေဘိုရွာကို မနေ့က တနေ့ကုန်မီးရှို့သွားတာပါ။” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

ရေသာရွာတွင် လူနေအိမ် ၁၄ လုံးမီးလောင်ပျက်စီးခဲ့ပြီး ရွှေဘိုရွာတွင် အိမ်ခြေ ၃၀၀ ကျော် မီးလောင်သွားကြောင်း ယောဒေသခံ ကိုဘကောင်းက ပြောသည်။ အဆိုပါစစ်ကြောင်းသည် ရွှေဘိုရွာဘုန်းကြီးကျောင်းဝင်းထဲရှိ ကျောင်းဆောင် တဆောင်ကိုပါ မီးရှို့ခဲ့ပြီး ရဟန်းသံဃာခုနစ်ပါးကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ယနေ့ (မေလ ၁၇ ရက်) နံနက်ပိုင်းတွင် ထိုရဟန်းသံဃာခုနစ်ပါးကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကိုဘကောင်းထံက သိရသည်။

လက်ရှိတွင် အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် မြောက်ခင်ရန်းပျူရွာသို့ ပြန်နေပြီဖြစ်ကြောင်း YDF တပ်ဖွဲ့ထံက သိရသည်။

 

၉။ အမာမြို့မှာ စစ်မှုထမ်းဖို့ လူငယ် လေးဆယ်ထက်မနည်း ခေါ်ယူခံရ

 

မေ ၁၇ ၊ RFA

 

ဧရာ၀တီတိုင်း ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲကနေ စစ်မှုထမ်းအပတ်စဉ် (၂) အတွက် လူငယ် လေးဆယ်ထက် မနည်း အခု မေလအတွင်းမှာ စုဆောင်းခံရတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။ အမာမြို့ပေါ် ရပ်ကွက်လေးခုနဲ့ ဂေါ်ဒူ၊ ထောင်ကြီးတန်း၊ သမိန်ပုလဲ၊ အရှေ့ဖျား၊ ဦးပေ၊ စစ်ကုန်း အစရှိတဲ့ ရွာပေါင်း သုံးဆယ်ကျော်ကနေ ခေါ်ယူခဲ့တာလို့ ဆိုပါတယ်။ စစ်မှုထမ်း အပတ်စဉ် (၁) မှာ ခေါ်ယူသလိုမျိုး မဲနှိုက်ရွေးချယ်တာမဟုတ်ဘဲ နာမည်စာရင်းနဲ့ တကွ နေအိမ်တွေထိ လိုက်လံခေါ်ဆောင်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ "ဒုတိယအသုတ်မှာ အယောက် လေးဆယ်ခေါ်တာ။ အဲဒီအယောက် လေးဆယ်ကို မဲစနစ်နဲ့ ရွေးချယ်ခြင်းမရှိဘူး ။ အထက်က လာတယ်ဆိုပြီးတော့ နာမည် နဲ့ အိမ်တွေကို ဝင်ခေါ်သွားတာ။ အထက်က ညွှန်ကြားတယ်။ ဒီလူ၊ ဒီလူ လိုက်ရမယ်ဆိုပြီး ခေါ်တယ်။ မဲစနစ် မရှိတော့ဘူး”

စစ်မှုထမ်းဖို့ခေါ်ဆောင်သွားခံရတဲ့ အရှေ့ဖျားရွာက လူငယ်တစ်ဦးကတော့ ကျန်းမာရေးမကောင်းတာကြောင့် အမာမြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သူက ဆိုပါတယ်။ ခေါ်ဆောင်ခံရသူတွေကို ဖျာပုံမြို့ အမှတ် ၉၈ ခြေလျင်တပ်ရင်း (ခလရ ၉၈) မှာ စုဆောင်းထားပြီး သက်ဆိုင်ရာ စစ်သင်တန်းကျောင်းရှိရာနေရာတွေကို ဒီရက်ပိုင်းမှာ စေလွှတ်လိုက်ပြီလို့ လည်း မိသားစုဝင်တချို့က ပြောပါတယ်။ခေါ်ဆောင်ခံရသူအများစုဟာ အခြေခံလူတန်းစားတွေဖြစ်ပြီး စစ်သားစုဆောင်းခံ ရမှုကြောင့် ကျန်ခဲ့တဲ့ မိသားစုတွေမှာ ဝင်ငွေရှာနိုင်တဲ့လူငယ်တွေ လျော့နည်းသွားပြီး အကျပ်အတည်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

 

၁၀။ ဝက်လက်တွင် မာရှယ်လောအချိန်အတွင်း အပြင်ထွက်သူများကို စစ်တပ်ကပစ်ခတ်သတ်ဖြတ်နေ

 

မေ ၁၇ ၊ Myanmar Pressphoto Agency

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင် စစ်ကောင်စီတပ်က ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ထိုအချိန်အတွင်း အပြင်ထွက်သူများကို လိုက်လံပစ်ခတ်သတ်ဖြတ်နေကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဝက်လက်မြို့နေပြည်သူများအား ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ လူငါးဦးထက်ပို၍ စုဝေးခွင့်မပြုခြင်းကို မေ ၉ ရက်ကအမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့၏ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူအချို့လဲ ရှိနေကြောင်း ဝက်လက်မြို့နေပြည်သူများက ဆိုသည်။ “ဥပဒေထုတ်ပြီးတဲ့အချိန်ကစပြီး မြို့နေပြည်သူတွေက ကြောက်လန့်နေကြရတာ၊ ညနေ ၆ နာရီကျော်တာနဲ့ ကင်းပတ်ပြီး ထွက်တဲ့သူတွေကို ပစ်သတ်တော့ ဘယ်သူမှမထွက်ရဲ ကြတော့ဘူး" ဟု ဝက်လက်မြို့နယ်၊ ထောက်ပို့အဖွဲ့မှ ကိုဖေဖော်ဝါရီဝမ်းက MPA ကိုပြောသည်။

ပြီးခဲ့သည့် မေ ၁၀ ရက်ကလည်း ညနေ ၆ နာရီကျော်မှ လမ်းပေါ်ထွက်လာသည့် စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၀ အရွယ် ကိုငြိမ်းချမ်းဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ကာ အလောင်းအား မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း မြို့ခံများ၏ စိုးရိမ်ထိတ်လန့်မှုက ပိုမိုမြင့်တက်လာခဲ့သည်။ “အခုလည်း ရွာကလူတွေ မြို့လာပြီး ဈေးမဝယ်တာအကောင်းဆုံးပါ၊ မြို့ပေါ်မှာက စစ်မှုထမ်းဥပဒေဝါဒဖြန့်စာရွက်တွေလိုက်ဝေနေတာ၊ လူငယ်တွေနဲ့ရွာသူ၊ ရွာသားတွေဈေးလာဝယ်ရင်း စစ်မှုထမ်းပါသွားမှာစိုးရတယ်" ဟု ဝက်လက်မြို့တွင်နေထိုင်သည့် မြို့ခံတစ်ဦးက သတိပေး သည်။ဝက်လက်မြို့ပေါ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဥပဒေဝါဒဖြန့် စာရွက်များကို လိုက်လံဖြန့်ဝေခြင်း၊ လမ်းမီးတိုင်များတွင် လိုက်ကပ်ထားခြင်းများလည်း ပြုလုပ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။ လက်ရှိအချိန်ထိ ဝက်လက်မြို့ပေါ် ရပ်ကွက်သုံးခုရှိ လူငယ် ၁၈ ဦးမှာ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံထားရပြီး လက်ရှိအချိန်ထိ မိသားစုနှင့် ဆက်သွယ်ခွင့်ရှိကြောင်း သိရသည်။

 

၁၁။ မင်းပြားမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်သဖြင့် ၁၂ တန်းကျောင်းသားတစ်ဦးသေဆုံး

 

မေ ၁၇ ၊ Myanmar Pressphoto Agency

 

ရက္ခိုင့်တပ်တော် ထိန်းချုပ်ထားသော မင်းပြားမြို့ကို စစ်ကောင်စီက မေ ၁၆ ရက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သဖြင့် ၁၂ တန်းတက်နေသော ကျောင်းသားတစ်ဦး သေဆုံးပြီး ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။ “မနက် ၉ နာရီကျော်လောက်မှာ ဗုံးလာကြဲတာ။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ကြဲသွားတာ။ ဥက္ကာပျံရပ်ကွက်ထဲက ဓမ္မဓိပတိဘုန်းကြီးကျောင်းမှာကျပြီး ပေါက်တာ။ ဓမ္မဓိပတိဘုန်းကြီးကျောင်းက ဆရာတော်တစ်ပါး ထိခိုက်သွားတယ်။ Grade-12 တက်နေတဲ့ ကလေးတစ်ယောက် သေသွားတယ်” ဟု မင်းပြားမြို့နယ် ဥက္ကာပျံရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက MPA ကိုပြောသည်။ ဓမ္မဓိပတိဘုန်းတော်ကြီးသည် မင်းပြားမြို့ပေါ်တွင် တည်ရှိပြီး ယင်းဘုန်းကြီးကျောင်း ကိုသာ တမင်လာရောက်ကြဲချသွားခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

“မင်းပြားမှာက ဘုန်းကြီးကျောင်းတွေ အများကြီးရှိတယ်။ ကင်းတောင် ခြေရင်းမှာလည်း အများကြီးရှိတယ်။ တချို့တွေက ကိုယ့်ကျောင်းကိုယ် ပြန်မကြွသေးဘူး။ တချို့တွေကလည်း ပြန်ကြွပြီး သီတင်းသုံးနေကြတာပေါ့။ စစ်ကောင်စီရဲ့ လေကြောင်းလာပြီဆိုရင် ULA/AA က အချက်ပေးတယ်။ အဲ့ဒီအခါကျရင်တော့ ဗုံးခိုကျင်းထဲကို ရောက်အောင် သွားကြ၊ ရှောင်ကြတာပေါ့။ အခု ထိခိုက်ဒဏ်ရာရပြီး သေဆုံးတာတွေကတော့ ရှောင်ဖို့အတွက် အချိန်မမီလိုက်တာလို့ပဲ ထင်ပါ တယ်။ ဒါကြောင့်လည်း ထိခိုက်သွားကြတာပေါ့” ဟု မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦးက ရှင်းပြသည်။

သေဆုံးသွားသော ကျောင်းသားမှာ ဓမ္မဓိပတိဘုန်းတော်ကြီးကျောင်းတွင် စာသင်နေသည့်ကျောင်းသားဖြစ်ပြီး အသက် (၂၀)အရွယ်ရှိပြီဖြစ်ကာ ထိခိုက်ဒဏ်ရာရသွားသော သက်တော် (၄၂)နှစ်အရွယ် ဘုန်းကြီးကိုလည်း ဆေးရုံတွင် ဆေးကုသ ပေးလျက်ရှိကြောင်း သိရသည်။



 

 

 


55 views0 comments

Comments


bottom of page