top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်

နေ့စဉ်သတင်းစုစည်းမှု

18-May-2024

တိုက်ပွဲသတင်း

 

၁။ ဘူးသီးတောင် ဗျူဟာဌာနချုပ်အပါ စစ်စခန်းအားလုံး AA သိမ်း

 

မေ ၁၈ ၊ PVTV

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် ဗျူဟာဌာနချုပ် အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက် တပ်၊ ထောက်ပို့တပ်ရင်းနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ (စစ်တွေ) လက်အောက်ခံ တပ်ရင်းအချို့ အပါအဝင် စစ်စခန်းအားလုံးကို မေ ၁၈ ရက်တွင် သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ ထုတ်ပြန်သည်။

ယနေ့ နောက်ဆုံးသိမ်းပိုက်ခဲ့သောစခန်းများမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ ၃၇၈၊ ခမရ ၂၃၄၊ ခမရ ၃၄၅၊ ခမရ ၃၅၂ တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနှင့် GE တပ်ရင်းတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မေ ၁၄ ရက်တွင် AA က စစ်ကောင်စီ၏ ခမရ ၃၅၃၊ ခမရ ၅၃၅၊ ခမရ ၂၆၃ နှင့် ခမရ ၂၃၃ စသည့် တပ်ရင်း ၄ ရင်း၊ မေ ၁၃ ရက်၌ နခခ ၃၊ မေ ၁၆ ရက်တွင် နခခ ၈ စခန်းတို့အား သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

သိမ်းပိုက်လိုက်သော ဗျူဟာဌာနချုပ်နှင့် တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီထံ သင်တန်းဆင်း၍ ပူးပေါင်းနေသော ရိုဟင်ဂျာတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ ဘူးသီး တောင်မြို့ ပတ်ဝန်းကျင်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း AA က ဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခြေဦးတည့်ရာဖြင့် လွတ်မြောက်မည်ထင်သောနေရာများနှင့် ကျေးရွာများ၊ ဘူးသီးတောင်မြို့အတွင်းသို့ ထွက်ပြေးနေသောကြောင့် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေး သတိဖြင့် နေထိုင်ကြရန်လည်း အသိပေးထားသည်။

မေ ၁၄ ရက်တွင် ဘူးသီးတောင်အခြေစိုက် ခမရ ၃၅၃ တပ်ရင်းအား AA မှ သိမ်းပိုက်ရှင်းလင်းစဉ် စစ်ကောင်စီက ၃ ရက်ကြာ အစာရေစာမကျွေးဘဲ ဖမ်းဆီးပိတ်လှောင်ထားသော ခရုချောင်းရိုဟင်ဂျာကျေးရွာမှ ကလေးငယ်များ အပါအဝင် အမျိုးသား၊ အမျိုးသမီး ၃၅ ဦးကိုလည်း AA က ကယ်ထုတ်ခဲ့ကြောင်း ရုပ်သံဖိုင်နှင့်တကွ ထုတ်ပြန်ထားသည်။

 

၂။ သံတွဲတိုက်ပွဲ ၃ ရက်ဆက် ပြင်းထန်နေ

 

မေ ၁၈ ၊ The Irrawaddy

 

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ ရွှေလှေတိုက်နယ်ရှိ ကျောင်းကုန်း၊ လင်းသီ၊ ရေအား ဆယ်မိုင်လမ်းစသည့် နေရာတဝိုက်တွင် အာရက္ခတပ်တော် (AA ) နှင့် စစ်တပ်တို့ကြား မေ ၁၅ ရက် နံနက်ပိုင်းမှစပြီး ယနေ့အထိ တိုက်ပွဲများ ပြင်းထန် နေကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းမှဗုံးကြဲသလို ရေတပ်နှင့် သံတွဲဝန်းကျင်ရှိ တပ်များက လည်း အမြောက်ဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။

ရွှေလှေတိုက်နယ် ဒေသခံတဦးက “မနေ့ ကဆို တညလုံးတချက်မှမနားဘဲ ပစ်ခတ်နေတာ။ ဒီနေ့မနက်အထိ ကြားနေရတုန်းပဲ။ တိုက်ပွဲဖြစ်နေတဲ့ နေရာတဝိုက်ကို လှမ်းခေါ်လို့မရဘူး။ အဲဒီဘက်ကလူတွေက လိုင်းမိတဲ့နေရာကိုသွားပြီး ဒီဘက် ကို လှမ်းခေါ်တဲ့အချိန်မှ အဆက်အသွယ်ရတယ်” ဟု မေ ၁၇ ရက်တွင် ပြောသည်။ ငပလီကမ်းခြေရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၅၅ နှင့် နီးစပ်သူတဦး၏ ပြောပြချက်အရ တိုက်ပွဲအတွင်း အရာရှိတဦး လက်နက်ကြီးအစထိမှန် ကာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားရာဝန်းကျင်ရှိ ကျေးရွာဒေသခံများနှင့် ဖုန်းအဆက်အသွယ် တခါတရံ ရသော်လည်း အများစုနှင့် အဆက်အသွယ် ပြတ်တောက်နေသည်မှာ ၃ ရက်ခန့် ရှိလာပြီဖြစ်ရာ တိုက်ပွဲဖြစ် သောဒေသအတွင်း ဖြစ်ပျက်နေသည့် အခြေအနေများကို အသေးစိတ်သိရှိနိုင်ရန် ခက်ခဲနေသည်။

မေ ၁၄ ရက်ညကမူ တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ရာ ရွှေလှေတိုက်နက်၊ လင်းသီရွာမှ ကမန်တိုင်းရင်းသား အရပ်သား ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

၃။ အောင်ဇေယျကုန်းအနီးမှာ အကြမ်းဖက် ရဲ တွေနဲ့ တိုက်နယ် ၁ ပကဖ တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ ပြီး အကြမ်းဖက် ရဲ ၆ ဦးသေ

 

မေ ၁၈ ၊ PVTV

 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ အောင်ဇေယျကုန်း (46Q GK 12175 54730 ) အနီးမှာ အကြမ်းဖက် ရဲတွေနဲ့ မြို့နယ် တိုက်နယ် ၁ ပကဖ တို့အကြား ပြောက်ကျားထိတွေ့တို့်ပွဲ ဖြစ်ပွားခဲ့ပြီး ကြမ်းဖက် ရဲ ၆ ဦးသေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရှိရပါတယ်။ တိုက်ပွဲက မနေ့က မနက် ၆ နာရီ ၁၅ မိနစ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အကြမ်းဖက် ရဲတွေကို တိုက်နယ် ၁ ပကဖ (နဂါးညီနောင် + ချိုမိုင်မိုင် မဟာမိတ်တပ်ပေါင်းစု) တို့က တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်(၁) ယောက်၊ ဒုတပ်ကြပ်(၂)ယောက်၊ ရဲတပ်သား(၃)ယောက်၊ စုစုပေါင်း (၆)ယောက် သေဆုံးခဲ့ပါတယ်။

ဒါအပြင် အကြမ်းဖက်ရဲတွေရဲ့ Probox တစ်စီး မီးလောင်ပျက်စီးခဲ့သလို G3 (၃)လက်၊ M16 (၁)လက် ၊ HK (၁)လက် ၊ Uzi (၁)လက် ၊ 5.56 ကျည် (၁၆၅)တောင့် သိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်း တိုက်နယ် ၁ ပကဖ အဖွဲ့က ရဲဘော် တစ်ဦး ဝမ်းဗိုက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

 

၄။ ရွှေဘိုမြို့ စစ်ကောင်စီ စခန်းကို တိုက်ခိုက် ၊ ၃ ဦး သေ

 

မေ ၁၈ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် (၅) ရပ်ကွက်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကြောင်း သိရသည်။ မေ ၁၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Buffalo Soldiers Freedom Force ခေါင်းဆောင် ကိုကျွဲကြီးက မဇ္ဈိမကိုပြောသည်။ ရွှေဘိုမြို့ အမှတ်( ၈) လေ့ကျင့်ရေးတပ်မှအင်အား ၃၀ခန့်ဖြင့် အထိုင်ချတပ်စွဲထားပြီး ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော တပ်ဖွဲ့ဖြစ်သည်ဟု ၎င်းကဆိုသည်။ " ထိတွေ့မှုက ၁၅ မိနစ်လောက် ရှိတယ်။ သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှု‌တွေရှိပေမယ့် ကျွန်တော်တို့ ရဲဘော်‌တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ တယ်။" ဟု ကိုကျွဲကြီးက ပြောသည်။ထိုတိုက်ခိုက်မှုကို BUFFAIO SOID Jers-Local PDFနှင့်တောကျီးကန်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၅။ ဝိုင်းမော်မြို့နယ်ထဲမှာ ကျန်ရှိနေသေးတဲ့ အကြမ်းဖက်စစ်တပ်စခန်း ၁၀ ခုကို KIA တစ်ပြိုင်နက်တိုက်ခိုက်နေ

 

မေ ၁၈ ၊ PVTV

 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ကျန်ရှိနေသေးတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၁၀ခုကို KIA နဲ့ KPDFပူးပေါင်း တပ်တွေက မေ ၁၈ ရက် ဒီကနေ့ မနက် ၄ နာရီလောက်ကနေ စတင်ပြီး တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတယ်လို့ Kachin News Group က ဖော်ပြထားပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတွေ ဒီကနေ့ မနက်ပိုင်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ၁၀ခုကတော့ ကဇူးတပ်စခန်း၊ ဒဘတ်တပ်စခန်း၊ ဆမ်ပိုင် တပ်စခန်း၊ ဂါးရာယန်တပ်စခန်း၊ရွှေညောင်ပင် ခလရ (၃၂၁)တပ်စခန်း၊ ခရှီ ပြည်သူ့စစ် တပ်စခန်း၊ အင်းလေးတပ်စခန်း၊ လိုင်ဖောင်တပ်စခန်း၊အောင်မြေ (၁)၊အောင်မြေ (၂) တို့ဖြစ်တယ်လို့ သိရပါတယ်။ ရွှေညောင်ပင်ရှိ ခလရ (၃၂၁) တပ်စခန်း ကို KIAနဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်တာ အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်ကျရှုံးမှုတွေဖြစ်ပေါ် နေတယ်လို့ ဆိုပါတယ်။ KIA နဲ့ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်း ၁၀ ခုထဲက ဘင့်ပူကောင့် (Bin Pu kawng) နဲ့ ဝထောင်ဘွမ့်အပါ ကဇူးတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီး ဒီကနေ့ ၁၁ နာရီအထိ သိမ်းပိုက်ထားပြီဖြစ်တဲ့ တပ်စခန်းနေရာတွေမှာ ရှင်းလင်းရေး ဆောင်ရွက်နေပြီလို့ သိရပါတယ်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၆။ မြစ်ကြီးနား ပမ္မတီးရပ်ကွက်ထဲ လက်နက်ကြီးကျ၊ သေဆုံးထိခိုက်မှုများရှိ

 

မေ ၁၈ ၊ The Irrawaddy

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်အတွင်းသို့ ယနေ့ နံနက်ပိုင်းတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသော ကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိ သူများကို မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး လက်နက်ကြီးကျရာ အနီးတဝိုက်ရှိ ဒေသခံပြည်သူများအား အခြား နေရာသို့ ပြောင်းရွှေ့ရန် လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားသည်။ မြစ်ကြီးနားဒေသခံ တဦးက “လူနှစ်ယောက် သေတယ်။ ဒီမနက် လက်နက်ကြီးကျတာ။ အိမ်တောင်တုန်တယ်” ဟု ရုပ်သံဖိုင်နှင့်တကွ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည်။ ယနေ့ နံနက် ၈ နာရီခန့်တွင် မြစ်ကြီးနားမြို့ရှိ စစ်တပ်၏ နမ့်ပေါင်လေတပ် စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ယင်းလက်နက်ကြီးကျည်များ ပမ္မတီးရပ်ကွက်ထဲသို့ ၄ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။ ထို့ပြင် ဝိုင်းမော်မြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း ၁၀ ခုကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းမှစတင်ပြီး ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်နေကာ စခန်းတချို့ကို သိမ်းပိုက်ထားနိုင်ကြောင်း ဧရာဝတီ၏ စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တပ်ဖွဲ့ဝင်တဦးက “ဆင်ဘိုဘက်ကနေမှ စခန်း သုံးစခန်း၊ လေးစခန်းလောက် သိမ်းနိုင်ပြီလို့ သိရတယ်ဗျ” ဟု ဧရာဝတီကို ပြောသည်။

 

၇။ ဘူးသီးတောင်မြို့မှာ နှစ်ဖက်တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာသုံးဆယ်ခန့် သေဆုံး

 

မေ ၁၈ ၊ RFA

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ မေလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ခိုက်မှုတွေ အတွင်း ရိုဟင်ဂျာ သုံးဆယ်ခန့် သေဆုံးပြီး လူနှစ်ရာခန့် ထိခိုက်ဒဏ်ရာရာခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံ ရိုဟင်ဂျာ အချို့က RFA ကို ဒီနေ့မနက်က ပြောပါတယ်။ မေလ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီခန့်က စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင် တွေရှိနိုင်မဲ့ မြို့ပေါ်က နေရာအချို့ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ရိုဟင်ဂျာ ၁၂ ဦး သေဆုံးခဲ့သလို ညနေ ၄ နာရီခန့်မှာ ကျေးရွာအချို့က ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံနေတဲ့ ဘူးသီးတောင်မြို့က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA) က ဒရုန်းဗုံးတွေနဲ့ ကြဲချခဲ့ရာမှာ ရိုဟင်ဂျာ ၁၈ ဦး ထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုဖြစ်စဉ်နှစ်ခုအတွင်း နောက်ထပ် ရိုဟင်ဂျာ နှစ်ရာခန့်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးကြောင့် ခင်ဇော်မိုးလို့ အမည်လွှဲထားတဲ့ ဘူးသီးတောင်မြို့ခံ ရိုဟင်ဂျာတစ်ဦးက RFA ကို မေလ ၁၈ ရက်နေ့ မနက် က ပြောပါတယ်။"ဒေသခံတွေက တော်တော်လေးကို ကြောက်နေကြရတယ်။ ထိခိုက်သေဆုံးတာတွေက မြေပြင်မှာ ဒီထက်ပိုများနိုင်ပါတယ်။ အနည်းဆုံး နှစ်ရာနီးပါး ထိခိုက်ဒဏ်ရာရထားပါတယ်။ အဲဒီအထဲက ဒဏ်ရာပြင်းထန်ပြီး သေဆုံး တာတွေလည်း ရှိပေမဲ့ ဆက်သွယ်ရေး ခက်ခဲနေလို့ အတိအကျ မသိရသေးပါဘူး"

ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံရတဲ့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှာ ကံပြင်၊ ဇော်ဘော်၊ ကကျက်ဘက်၊ မြောင်းနား၊ ဘကုံးနား၊ ဘကုံးနားတောင်ရွာ၊ အလယ်ချောင်း၊ လက်ဝဲဒက်၊ ရွက်ညိုတောင်နဲ့ ကွန်တိုင် စတဲ့ ရွာပေါင်း နှစ်ဆယ်နီးပါးက ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံနေကြတာလို့ ဆိုပါတယ်။

 

၈။ မိုးမောက်မြို့တိုက်ပွဲအတွင်း နေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့

 

မေ ၁၈ ၊ RFA

 

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ မေလ ၇ ရက်နေ့ကစပြီး မေလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ် ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ မီးရှို့မှုတွေကြောင့် ပျက်စီးခဲ့ရတဲ့ နေအိမ်စုစုပေါင်း တစ်ရာကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၇ ရက်နေ့ကစပြီး မြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က တိုက်ခိုက်ခဲ့ပြီး မေလ ၁၈ ရက်နေ့အထိလည်း ခမရ (၄၃၇) တပ်ကို တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။“မိုးမောက်မှာ နေအိမ်တစ်ရာကျော်လောက်ရှိပြီ ပျက်စီးတာ။ တချို့က မီးလောင်လို့ ပျက်စီးတာ၊ တချို့က လက်နက်ကြီးထိပြီး ပျက်စီးသွားတာလည်းရှိတယ်။ အများပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးတွေ ကြောင့် မီးလောင်တယ်။ စစ်ကောင်စီတပ်က မီးရှို့တာလည်း ပါတယ်။ မနေ့လည်း မိုးမောက်စျေး အနီးတစ်ဝိုက်က အိမ်တွေ အများပိုင်း လောင်သွားတယ်။ ဟိုနေ့ကတော့ ၄၇၃ ရှေ့က မံပုံရှမ်းရွာလည်း လောင်တာများတယ်။ တချို့နေရာ မှာက တစ်အိမ်စ နှစ်အိမ်စ လောင်တယ်။ ပြီးတော့ မိုးမောက်ကနေ လွယ်ဂျယ်သွားတဲ့လမ်းဘက် စျေးအောက် အဲဒီနား တစ်ဝိုက်က နေအိမ်တွေလည်း လောင်တယ်”။ ဧပြီလ ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ မိုးမောက်မြို့ပေါ်မှာ တပ်စွဲ နေထိုင်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေဖြစ်လာတာကြောင့် ဒေသခံတစ်သောင်းဝန်းကျင်လည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မိုးမောက်မြို့နဲ့ မံစီမြို့ တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး နေအိမ်တွေ မီးလောင်ပျက်စီးတာရှိပေမဲ့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါ တယ်။

 

၉။ နောင်ချိုမြို့နယ်၌ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ကလေးငယ်အပါအဝင် ၄ ဦး သေဆုံး

 

မေ ၁၈ ၊ DVB

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ် ၁  ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့‌ ဒေသခံထံက သိရပါတယ်။ စစ်ကောင်စီတပ်စခန်းတွေကနေ မေ ၁၆ ရက် ညက ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ နောင်ချို မြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ငါးပင်ရွာက နေအိမ်တလုံးပေါ်ကို ကျရောက်ပြီး အိပ်နေတဲ့ မြေးအဖွား ၃ ဦးထိမှန်ကာ အဲ့ဒီထဲက ၇ နှစ်အရွယ်ကလေးငယ် ၁  ဦးသေဆုံးခဲ့ပါတယ်။ တညတည်းမှာပဲ ပန်ဟတ်ရွာက နေအိမ်တလုံးကိုလည်း နောက်ထပ်ထိမှန်ကာ အရပ်သား ပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒေသခံရွာသားတဦးက “ညောင်ကုန်းရွာဘက်က ပစ်တယ်ပြောတာပဲ၊ ပြင်ဦးလွင်က ညောင်ကုန်းပေါ့။ ညကပစ်တဲ့ လက်နက်ကြီးက နေအိမ်ပေါ် ကျတယ်။ မြေးအဘွားသုံးယောက် ထိတယ်။ ကလေးလေးတော့ သေသွားတယ်။ ကလေးနာမည်က အိုက်ရီတဲ့  ၇ နှစ် ၈ နှစ် ကလေးလေးပေါ့။ ပန်ဟတ်ရွာလည်း ညောင်ကုန်းဘက်က ပစ်တယ်ပြောတာပဲ။ တအိမ်တည်း အတူတူအိမ်နေကြတာ ၃ ယောက်လုံးသေသွားတယ်”လို့ပြောပါတယ်။ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်စပ်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာမှာ အထိုင်ချနေတဲ့စစ်ကောင်စီတပ်ကို ဧပြီ ၁၅ ရက်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

 

၁၀။ စဉ့်ကူးမှာ နေအိမ် ငါးဆယ်ခန့်ကို ပျူစောထီးအဖွဲ့တွေ မီးရှို့ခဲ့ကြောင်း ဒေသခံတွေပြော

 

မေ ၁၈ ၊ RFA

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာအုပ်စု၊ စဉ့်အိုးကျွန်းရွာကို မေလ ၁၇ ရက်နေ့ညပိုင်းမှာ ပျူစောထီးအဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်ငါးဆယ်ခန့်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသာယာရွာမှာ အခြေစိုက်ထားတဲ့ ပျူစောထီးတပ်စခန်းက အင်အားငါးဆယ်ဝန်းကျင်ဟာ စဉ့်အိုးကျွန်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ "ညဘက်ကြီးကို သေနတ်တွေဖောက်ပြီး ဝင်ချ လာတာပေါ့။ အရပ်သားတွေလည်းက ကြောက်ကြောက်နဲ့ ပြေးတဲ့သူက ပြေးပေါ့။ တချို့ သက်ကြီးရွယ်အိုလောက်ပဲ ကျန်မယ် ရွာထဲမှာက။ တစ်ညလုံးပဲ မနက်လင်းခါနီးအထိ မီးကလောင်နေတာ။ လူထိခိုက်တာမျိုးတော့ လောလောဆယ် မကြားရသေးဘူး”။ ပျူစောထီးအဖွဲ့တွေ ဝင်ရောက်လာချိန် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ရွာထဲမှာ သက်ကြီးပိုင်းအချို့သာ ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းတွေကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်တာ ခပ်စိပ်စိပ်ဖြစ်လာသလို စစ်ကောင်စီဘက်ကလည်း ရွာတွေ ဘက်ကို လက်နက်ကြီးနဲ့ပစ်တာ၊ စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ မကြာခဏလုပ်လာ တယ်လို့ ဒေသခံတွေက ပြောပါတယ်။




 

 

 

 

 

101 views0 comments

Comments


bottom of page