နေ့စဉ်သတင်းစုစည်းမှု
19-May-2024
တိုက်ပွဲသတင်း
၁။ ချင်းပြည်နယ် ကျီခါးမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်
မေ ၁၉ ၊ The Irrawaddy
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမကိုပြောသည်။ ၎င်းက “ ဒီမနက်မှာ ကျီခါးစခန်းကို ကျနော် တို့ ဒရုန်းနဲ့ချပြီး ဝင်တိုက်တဲ့အခါ စကစတပ်သား တွေမရှိတော့ဘူး၊ မြို့ကိုသိမ်းလို့ရပြီလို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။
တွန်းဇံမြို့နှင့် ကျီခါးမြို့ကို မေလ ၁၅ ရက်နေ့ကတည်းက CNA နှင့် မဟာမိတ်တပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့( မေလ ၁၉ ရက် )မနက်တွင် မြို့ကို ဝင်နိုင်ခဲ့ခြင်းဖြစ်သည်။ကျီခါးမြို့မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ သည် တွန်းဇံမြို့သို့သွားရောက်ပူးပေါင်းနေသည်ဟု သိရကြောင်း ဆလိုင်းထက်နီကဆက်ပြောသည်။တဆက်တည်း တွန်းဇံမြို့ရှိ ရဲစခန်းနှင့် တပ်ကုန်းအပါအဝင် စစ်ကောင်စီအခြေစိုက်စခန်းများကို CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက် ထားပြီး မြို့တွင်းရှင်းလင်းရေးပြုလုပ်နေကာ တိုက်ပွဲငယ်လေးများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
တွန်းဇံမြို့အတွင်း စစ်ကောင်စီတပ်က ချုံခိုတိုက်ခိုက်မှုများနှင့် ယနေ့နံနက်အထိ လေကြောင်းမှလည်း တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ကင်းစင်ပြီဟု မပြောနိုင်သေးကြောင်း CNA ပြောခွင့်ရသူက ပြောဆိုသည်။ တွန်းဇံမြို့တိုက်ပွဲအတွင်း မေလ ၁၉ ရက် ယနေနံနက်တွင်မှ အသက် ၂၆ နှစ်အရွယ် ရဲဘော်တဦးကျဆုံးကြောင်း CDF – Hualngoram တာဝန်ရှိသူတဦး ထံက သိရသည်။
၂။ နွားထိုးကြီးတွင် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
မေ ၁၉ ၊ Mizzima
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အုန်းသျှစ်ကုန်းကျေးရွာတွင် တပ်စွဲနေသည့် အင်အား ၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း ကို ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။ မေလ ၁၈ ရက် နံနက် ၁၀ နာရီတွင် Fixed wings ဒရုန်း ၊ လေးလက် ဒရုန်း ၊ ခြောက်လက် ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သားတွေ တပ်စွဲရာနေရာတွေကို ကြဲချနိုင်ခဲ့တယ်။ သူတို့ကလည်း ၄၀ မမတွေနဲ့ ဒရုန်းလာရာလမ်းကြောင်းကို ပြန်ပစ်ခတ်တာ ရှိတယ်။ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုအခြေနေတော့ အတိအကျမသိရသေးဘူး” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဆက်သွယ်ရေးတာဝန်ခံက ဆိုသည်။ စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၂၀ ခန့်ရှိပြီး ကာကွယ်ရေး တပ်ဖွဲ့များ၏ ဒရုန်းဖြင့်တိုက်ခိုက်ကြောင့် ညပိုင်းအချိန်တွင်သာ လှုပ်ရှားမှုပြုလုပ်နိုင်ကြောင်း နွားထိုးကြီးမြို့နယ် ပ.က.ဖ ထံမှ သိရသည်။“စစ်ကြောင်းက နေ့ခင်းတွေမှာလှုပ်ရှားတာမတွေ့ရဘူး။ ညပိုင်းတွေပဲ အလှုပ်အရှားများတာပါ။ နေ့ခင်းဆို ရွာတွေထဲဝင် အိမ်ကြီးအိမ်ကောင်းတွေမှာ အကာအကွယ်တွေနဲ့ နေနေကြတာ” ဟု နွားထိုးကြီးမြို့နယ် ပ.က.ဖ အဖွဲ့ဝင် တဦးက ဆိုသည်။ ယခုတိုက်ခိုက်မှုကို နွားထိုးကြီးမြို့နယ် ပ.က.ဖ ၊ မလှိုင် ပ.က.ဖ ၊ နွားထိုးကြီး မြို့နယ် အမှတ်(၄)တပ်ရင်း၊ နွားထိုးကြီးမြို့နယ် အမှတ်(၈)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊ အမှတ်(၂)တပ်ရင်း၊ အမှတ်(၃) တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၃။ ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲဆက်ပြင်းထန်နေကြောင်း KIA ပြော
မေ ၁၉ ၊ RFA
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အကြီးဆုံးတပ်စခန်းတွေဖြစ်တဲ့ ခလရ (၃၂၁) နဲ့ ကဇူးယန်တပ်စခန်းအနီးမှာ မေလ ၁၉ ရက်ဒီနေ့အထိ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။ ဒါ့အပြင် မေလ ၁၈ ရက်နေ့ တစ်ရက်တည်း မှာ ဝိုင်းမော်-လိုင်ဇာ ကားလမ်းမပေါ် ရွှေညောင်ပင်ကျေးရွာက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ ပူပေါင်းအထိုင်ချထားတဲ့ တပ်စခန်း၊ အောင်မြေ (၁) နဲ့ အောင်မြေ (၂) ရွာက တပ်စခန်း၊ ခရှီနဲ့ အင်းလေးရွာက တပ်စခန်းအပြင် ဝထောင်ဘွမ်၊ ဘင့်ပူကောင့်၊ ဆမ်ပိုင်၊ လိုင်ဖောင်နဲ့ ဒိန်ဂါတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က တပ်စခန်းကြီးတွေ လက်မလွှတ်ရဖို့အတွက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခုခံနေတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ "ပြောရရင်တော့ မနေ့က သိမ်းဆည်းခံရတဲ့အထဲမှာ ဝထောင်ဘွမ်တစ်ခုပဲ အကြီးပါတာ။ သူကတောင်ပေါ်မှာ ကျွန်တော်တို့ရဲ့ တပ်ရင်း (၃) နဲ့ အနီးမှာရှိတာပေါ့။ ကျန်တာတွေကတော့ ကာကင်းစခန်းလို အသေး လေးတွေပါ၊ စစ်ကောင်စီဘက်ကလည်း အသည်းအသန် ခုခံနေပါတယ်"။ ဒါ့အပြင် မြစ်ကြီးနားမြို့မှာရှိတဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်ကလည်း တိုက်ပွဲရှိရာအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စခန်းတွေနဲ့အတူ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရထားပေမဲ့ အရေအတွက် အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
၄။ မြိုင်မြို့ပေါ် စစ်တပ်ဂိတ်ကို PDF ဝင်တိုက် ၊စစ်သား ၃ ဦးသေဆုံးဟုဆို
မေ ၁၉ ၊ Myanmar Pressphoto Agency
မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီဂိတ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးသေ ဆုံးကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်သည်။ မြိုင်မြို့၊အမှတ်သုံးရပ်ကွက်အတွင်းရှိ ဒေသအခေါ် အောင်ဇော်မိုးဂိတ်ကို မေလ ၁၇ရက်၊ ညနေ ငါးနာရီခန့်က လက်နက်ကြီး၊လက်နက်ငယ်နှင့်ဒရုန်းတို့ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဒီဂိတ်က အရင်ကိုးဆောင်ဂိတ်မှာ နေတဲ့သူတွေပါ။ ကျတော်တို့ ကိုးဆောင်ဂိတ်ကို တိုက်ခိုက်တော့ အခုနေရာမှာ ပြောင်းပြီး ဂိတ်ချထားတာ" ဟု မြိုင် ပကဖ၊ သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ရဲဘော်သုတက MPAသို့ ပြောသည်။
ယင်းဂိတ်တွင် စစ်သားအင်အား ၁၀ ဦးခန့်ရှိပြီး စစ်သား သုံးဦး သေဆုံးခြင်းကို မျက်မြင်တွေ့ရှိခဲ့ခြင်းဖြစ်ကာ သေဆုံးစစ်သား တို့၏ သေနတ်ကို ဝင်ကောက်သော PDF ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
"သုံးယောက် သေတယ်။ကျတော်တို့ ရဲဘော်တွေ သေနတ် ၀င်ကောက်ချိန်မှာ ရဲဘော်တစ်ယောက် ဒဏ်ရာရတော့ ပြန်ဆုတ်လာရတယ်။အသက်အန္တရာယ်တော့ မရှိပါဘူး" ဟု ၎င်းက ပြောသည်။ မြိုင် ပကဖ သည် ယခုတိုက်ခိုက်သော အောင်ဇော်မိုးဂိတ်အပြင် မြိုင်မြို့ပေါ် စစ်ရေးပစ်မှတ်များဖြစ်သည့် မန္တလေးဂိတ်၊ လ၀ကရုံးနှင့်ကိုးဆောင် ဂိတ်တို့ကို ၂၀၂၄ ခုနှစ်အတွင်း ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
၅။ မင်းတုန်းမြို့နယ်တွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပြီး စစ်သား ၃၇ ဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး
မေ ၁၉ ၊ D Day News
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း၌ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကာင်စီတပ်သား ၃၇ ဦး သေဆုံးကာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။ မေလ ၁၄ ရက်နေ့က မင်းတုန်းမြို့နယ်၊ ပြောင်း-သဖန်ရောင်-ဝက်ကော်ကျေးရွာများမှ တစ်ဆင့် ငကုန်းကျေးရွာသို့ အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်း ဖက် စစ်ကြောင်းသည် မေလ ၁၆ ရက်နေ့တွင် ငကုန်းကျေးရွာအနီးအရောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေကြောင်းပစ်ကူခေါ်ခဲ့ရာ မွန်းတည့် ၁၂ နာရီအချိန်၌ ငကုန်းကျေးရွာ ဘန်ုးကြီးကျောင်း စာသင်ကျောင်းနှင့် ရွာကုန်းထိပ်များပေါ် ဂျက်ဖိုက်တာဖြင့် ၆ ကြိမ်အထိ ပျံဝဲ ပစ်ခတ်ပြီး စစ်ကြောင်းမှာ ငကုန်းကျေးရွာအတွင်းသို့ ဝင်ရောက် တပ်စွဲခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ ၁၈ ရက်နေ့တွင် အဆိုပါ ငကုန်းကျေးရွာသို့ စစ်ကူအင်အားဖြည့်တင်းရန် မင်းတုန်း မြို့ပေါ်မှ ဖောကား ၂ စီးဖြင့် အင်အား ၆၀ ခန့်ထွက်လာရာ ကျွဲဘေကျေးရွာနှင့် ထိန်ကိုင်းကျေးရွာကြား အရောက်၊ နံနက် ၅ နာရီ မိနစ် ၃၀ အချိန်တွင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်-၁ စစ် ဒေသ၊ မကွေးတိုင်း သရက်ခရိုင်အမှတ် - ၄တပ်ရင်း(Eagle Force)၊ ကျောင်းသားလက်ရုံး တပ်တော် (SAF)၊ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ (WOLF)တို့ ပူးပေါင်းပြီး အသင့်စောင့်ကြို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁၂ ဦးခန့် သေဆုံးပြီး ၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။အလားတူ မေလ ၁၈ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါ အကြမ်းဖက် စစ်ကြောင်းမှ ခြေလျင် ထပ်ထွက်လာသည့် လက်ကျန်စစ်သား ၄၀ ခန့်အား ကျွဲဒွန်ကျေးရွာနှင့်သီးပင်ကုန်းကျေးရွာ လမ်းဆုံ အရောက် အသင့်စောင့်ဆိုင်းပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်-၁စစ်ဒေသ၊ မကွေးတိုင်း သရက် ခရိုင် အမှတ်-၄တပ်ရင်း (Eagle Force) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ လွတ်မြောက်ရေး အင်အားစု စစ်သည်များတပ်ဖွဲ့ (WOLF)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ကလည်း လက်ရှိစစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်နှင့် မင်းတုန်းမြို့နယ်၊ ရွာသစ် ကျေးရွာနှင့် ငှက်ပျင်းကျေးရွာကြား၌ (၁) ကြိမ်၊ မေလ ၁၁ ရက်နေ့တွင် ရွာသစ် ကျေးရွာနှင့် ကြိုဝကျေးရွာကြား၌ (၁) ကြိမ်၊ ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်း သရက်ခရိုင်အမှတ်-၄ တပ် ရင်း (Eagle Force) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ လွတ်မြောက်ရေးအင်အားစု စစ်သည် များတပ်ဖွဲ့ (WOLF)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်တစ်ဦး တိုင်းပြည်နှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် အသက် ပေးလှူခဲ့ရကြောင်း သိရသည်။
၆။ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာ မိန်းလမ်းမပေါ်တွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
မေ ၁၉ ၊ D Day News
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ၊ မိန်းလမ်းမပေါ်တွင်တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Generation Z Power ပြည်သူ့ကာကွယ်ရေး မြို့ပြပျောက်ကျား - GZP တပ်ဖွဲ့ထံမှ သိရသည်။ မေလ ၁၆ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်နှင့် ညနေ ၅ နာရီ ၁၅ မိနစ် တို့တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ၊ စစ်ကိုင်း-မုံရွာလမ်းမပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ဂိတ်စခန်း ကို Shar Htoo Waw နည်းပညာသုံး ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။“၂ ဦးသေပြီးတော့ ၅ ဦးဒဏ်ရာတယ်၊ သေတဲ့ ၂ ဦးကတော့ အဲဒီနေရာမှာပဲ အမိန့်စာပြန်တယ်လို့ သိရတယ်။ ကျနော်တို့ဘက်က ဒရုန်း ၂ စီးဆုံးရှုံးခဲ့တယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ ကျနော်တို့ ဗုံးချပြီးတဲ့အချိန် Jammer လွှတ်တဲ့သဘောပဲ၊ Jammer ကို မရုန်းနိုင်တဲ့အချိန်မှာ Error ဖြစ်ပြီး ကျသွားတာ။ ကျတာ ကတော့ မြင်ရတဲ့နေရာပဲ ဒါပေမယ့် ပြန်ကောက်လို့မရဘူး၊ အဲဒီတပ်ထဲက နယ်ခံတွေခေါ်လာပြီးတော့ အဲဒီဒရုန်း ၂ စီးကို လာကောက်သွားတာ။ စစ်ကိုင်း - အုန်းတော ကုန်းတက်နားမှာ တပ်စွဲထားတာ၊ သိပ်ကြားသေးဘူး။ တစ်လလောက်ပဲ ရှိသေးတယ်။ စစ်ကိုင်း - အုန်းတောမိန်းလမ်းပေါ်မှာပဲ။ ကင်းချတဲ့သဘောမျိုးတပ်စွဲထားတာ။” ဟု Generation Z Power ပြည် သူ့ကာကွယ်ရေး မြို့ပြပျောက်ကျား - GZP တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြ ပြောက်ကျားတပ်ခွဲနှင့် Taw Twin Tup Pee Local PDF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၇။ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ NUG နဲ့ ချင်းပြည်ကောင်စီတို့ သဘောတူညီချက်ရ
မေ ၁၉ ၊ BBC
တော်လှန်ရေးကာလမှာ စစ်ရေးနဲ့ နိုင်ငံရေး ပူပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)နဲ့ သဘောတူညီ ချက်ရခဲ့တယ်လို့ ချင်းပြည်ကောင်စီ(Chinland Council)က ဘီဘီစီကို ပြောပါတယ်။ “NUG နဲ့ ကျွန်တော်တို့ ချင်းပြည် (Chinland) အစိုးရပဲဖြစ်ဖြစ်၊ ကောင်စီပဲဖြစ်ဖြစ်၊ လွှတ်တော်ပဲဖြစ်ဖြစ်ပေါ့ စစ်ရေး၊ နိုင်ငံရေး၊ အခြားလူမှုဖွံ့ဖြိုးရေး ကိစ္စတွေ မှာ အပြန်အလှန် အသိအမှတ်ပြုပြီးတော့မှ လက်တွဲပူးပေါင်းဆောက်ရွက်ရေးကို ဆွေးနွေးခဲ့ကြတာဖြစ်တယ်” လို့ ချင်းပြည် ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ်က ဘီဘီစီကိုပြောပါတယ်။ NUG နဲ့ ချင်းပြည်ကောင်စီတို့ မေလ (၁၇) ရက် မနက်ပိုင်းက ပထမဆုံးအကြိမ် အွန်လိုင်း (Zoom) ကနေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲဒီဆွေးနွေးပွဲမှာ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထဲရေး၀န်ကြီး ဦးလွင်ကိုလတ် အပါအ၀င် NUG အစိုးရအဖွဲ့၀င်တွေတက်ရောက်ခဲ့သလို ချင်းပြည် ကောင်စီဘက်ကလည်း ချင်းပြည်ကောင်စီ ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ လွှတ်တော် ဥက္ကဋ္ဌ ပူးဟုန်းနိုင်း၊ ဝန်ကြီးချုပ် ပူးပါထန်းနဲ့ အဖွဲ့၀င်တွေ တက်ရောက်ခဲ့ကြပါတယ်။ ချင်းပြည်ကောင်စီဟာ စစ်ကောင်စီ အထိုင်ချနေတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ရေး လုပ်ဆောင်နေသလို ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ် ဘက်မှာ တိုက်ပွဲဖြစ်တာတွေရှိနေတယ် လို့လည်း ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါက ပြောပါတယ်။ ချင်းပြည်ကောင်စီကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့ ဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၄ ခုနဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၈။ ဖောင်းပြင်မြို့မှာ ကလေးတစ်ဦး အပါအဝင် ဒေသခံ ဆယ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရ
မေ ၁၉ ၊ RFA
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် အင်းဝိုင်းရွာကို မေလ ၁၇ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး ဒေသခံ ဆယ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ အသက် ၄၀ အရွယ်တွေဖြစ်တဲ့ ဦးသန်းလှ၊ ဦးသံလုံး၊ ဦးသိန်းထွန်း၊ ဒေါ်လှသိန်း၊ ဒေါ်ခင်စန်းအေး၊ ဒေါ်ဇာဇာမြင့်၊ ဒေါ်ချိုဇင်လင်း၊ ဒေါ်အဲစန်း၊ အသက် ၁၃ နှစ်အရွယ် မောင်စိုးထက်ဦးနဲ့ အမည်မသိရသေးသူတစ်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံထားရသူတွေဟာ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ ဖောင်းပြင်မြို့မှာ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။ "အလောင်းတိုင်းမှာ သွေးခြည်ဥနေတာပေါ့။ ပြောရရင် မသတ်ခံရခင်မှာ လူတွေကို အကြိုက်နှိပ်စက် သွားတာ။ ပြီးမှသတ်ပစ်ခဲ့တာ။ အလောင်းခြောက်လောင်းကိုတော့ တစ်နေရာတည်းတွေ့တာ။ ကျန်တဲ့ အလောင်းတွေ ကတော့ ညပိုင်းမှာရှာတွေ့တာ"သေဆုံးသူတွေကို မေလ ၁၇ ရက်နေ့ညပိုင်းမှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။
အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းဟာ ရွာကိုငါးနာရီကြာအောင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် မေလ ၁၇ ရက်နေ့ ညနေပိုင်း မှာ အင်းဝိုင်းရွာကနေ ပြန်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။အင်းဝိုင်းရွာမှာ တိုက်ပွဲဖြစ်နေတာမျိုး မရှိဘူး လို့လည်း ဒေသခံတွေက ဆိုပါတယ်။
၉။ ဟင်္သာတမြို့ ကျောင်းကွင်းနဲ့ ပိတောက်ကုန်းရွာက လူငယ်ငါးဦး ဖမ်းဆီးခံရ
မေ ၁၉ ၊ RFA
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်အတွင်းက စစ်မှုမထမ်းချင်တဲ့ ဒေသခံ လူငယ်ငါးဦးကို မေလ ၁၇ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဖမ်းဆီးခံရသူတွေဟာ ကျောင်းကွင်းရွာနဲ့ ပိတောက် ကုန်းရွာမှာ နေထိုင်ကြပြီး အသက်နှစ်ဆယ်ကျော်အရွယ်တွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။ "ကျောင်းကွင်းက နှစ်ဦး၊ ပိတောက်ကုန်းက သုံးဦးလို့ သိထားပါတယ်။ သူတို့ကို နေအိမ်ကို ဝင်ဖမ်းသွားတာ။ ပြောရရင်တော့ စစ်မှုမထမ်းချင်လို့ နေရာရွှေ့ဖို့ လုပ်နေရင်း ဒလန်ကသိပြီး စစ်တပ်ကိုသတင်းပေးတာလို့ သိထားပါတယ်"။ ဖမ်းဆီးခံထားရသူတွေဟာ စစ်မှုထမ်းဖို့ဆင့်ခေါ်ခံထားရသူတွေ မဟုတ်သလို နိုင်ငံရေးလုပ်နေသူတွေ လည်း မဟုတ်တာကြောင့် ပြန်လွှတ်စေချင်တယ်လို့ ဆိုပါတယ်။ အဲဒီလူငယ်ငါးဦးကို ဟင်္သာတမြို့ပေါ်က ခလရ (၁၈) တပ်ရင်းဆီ ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုတွေနဲ့လည်း ဆက်သွယ်ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဟင်္သာတမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဧပြီလကတည်းက စစ်မှုထမ်းအပတ်စဉ် (၂) အတွက် စစ်သားစုဆောင်းနေပြီး လူငယ်ရှစ်ဆယ် ထက်မနည်းလည်း ဖမ်းဆီးထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၀။ ရန်ကုန်မှာ လမ်းသွားလမ်းလာ လူငယ်ဆယ်ဦး ဖမ်းဆီးခံရကြောင်း မြို့ခံတွေပြော
မေ ၁၉ ၊ RFA
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်နဲ့ လှိုင်မြို့နယ်အတွင်းက လမ်းသွားလမ်းလာ လူငယ်ဆယ်ယောက်ကို မေလ ၁၆ ရက်နေ့ မှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ အသက် ၂၀ ကနေ ၃၀ အရွယ်အတွင်းရှိတဲ့ အမျိုးသားတွေဖြစ်ပြီး နာမည်နဲ့ အသေးစိတ် အချက် အလက်တွေကို မသိရသေးဘူးလို့ ဆိုပါတယ်။မေလ ၁၆ ရက်နေ့ ညနေပိုင်းမှာ လှိုင်မြို့နယ်အတွင်းက လမ်းသွားလမ်းလာ လူငယ်သုံးဦးနဲ့ ညရှစ်နာရီခန့်မှာ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ ကားမှတ်တိုင်က လူငယ်ခုနစ်ဦးကို ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ "သူတို့က ကင်းလှည့်နေတဲ့ကားတွေပေါ် ဆွဲတင်သွား တာပဲ။ ဘယ်ကိုဖမ်းသွားတာလဲဆိုတာတော့ မသိရပါဘူး။ စစ်ကောင်စီ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲပုံရပါတယ်၊ သမိုင်းလမ်းဆုံမှတ်တိုင်မှာဆို လူငယ် မိန်းကလေးတွေလည်းရှိပေမဲ့ ယောက်ကျာ်းလေးပဲ ဆွဲခေါ်သွားတယ်"
ရန်ကုန်တိုင်းမှာ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်ထံက ငွေကျပ်ဆယ်သိန်းကနေ သိန်းသုံးဆယ်အထိ ပေးပြီး ရွေးယူနေရတယ်လို့လည်း ဆိုပါတယ်။
၁၁။ သံတွဲမြို့နယ်၊ နတ်တောင်မော်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၉ ဦးသေဆုံး
မေ ၁၉ ၊ BBC
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ နတ်တောင်မော်ရွာကို မနေ့ မေလ ၁၈ ရက်နေ့တုန်းက စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ လေကြောင်းတိုက်ခံရပြီး ရွာထဲမှာ တင် ၆ ဦးသေဆုံးခဲ့ပြီး ၃ ဦးကတော့ သံတွဲဆေးရုံကို သွားရောက်ပို့ဆောင် ချိန် လမ်းမှာတင် သေဆုံးခဲ့ပါတယ်။
နတ်တောင်မော်ရွာဟာ သံတွဲ - တောင်ကုတ်သွားလမ်း၊ ရွှေလှေတိုက်နယ်အတွင်းက ရွာတစ်ရွာဖြစ်ပါတယ်။
အခုမေလဆန်းပိုင်းကစလို့ နတ်တောင်မောင်ရွာအနီးတဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းတော့ ပစ်ခတ်သံတွေငြိမ်သက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့တုန်းကလည်း စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် လင်းသီကျေးရွာသား ၁၀ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။
၁၂။ ရေစကြိုမြို့နယ် ရွာသုံးရွာက ဒေသခံ ၁၀၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား
မေ ၁၉ ၊ RFA
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရွာသုံးရွာက ဒေသခံ တစ်ရာဝန်းကျင်ကို မေလ ၁၇ ရက်နေ့မှာ စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးထားပြီး မေလ ၁၉ ရက်နေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါ တယ်။ ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံတပ်နဲ့ ပျူစောထီးအဖွဲ့ပူးပေါင်းထားတဲ့ စစ်ကြောင်းဟာ ဇီးတော၊ ကျောက်ထပ်၊ သဲတော စတဲ့ရွာတွေကို ဝင်ရောက်စီးနင်းပြီး ဒေသခံ တစ်ရာခန့်ကို ကျောက်ထပ်ရွာမှာ ဖမ်းဆီးထားတာလို့ ဆိုပါတယ်။ ကျောက်ထပ်ရွာကို စစ်ကြောင်းဝင်ရောက်စီးနင်းချိန် ထွက်ပြေးခဲ့တဲ့ ပရဟိတကျောင်းဆရာမ ဒေါ်ဝင်းမာက တော့ သေနတ်နဲ့ အပစ်ခံရတာကြောင့် ဦးခေါင်းမှာကျည်ဆန်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဖမ်းဆီးခံရသူတွေဟာ စစ်ကြောင်းဝင်လာချိန် လွတ်အောင်မပြေးနိုင်ဘဲ ကျန်နေတဲ့ အရပ်သားတွေဖြစ်တယ် လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ "ကျောင်းနေအရွယ် ကလေးရော၊ CDM ဆရာမတွေရော ဖမ်းထားတာ ကြားထားတယ်။ လွတ်လာတယ်ဆိုတာက လောလောဆယ်တော့ တချို့ သဲတောရွာနားမှာ ပြန်လွတ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ အခုထိ ပြန်မလွတ် သေးတာတွေလည်းရှိတယ်။ ကျွန်တော်တို့ ကျောက်ထပ်ကဆိုရင် ကလေးငယ်လေးတွေ၊ ကျောင်းသားလေးတွေကအစ အခုထိ အဆက်အသွယ်မရဘဲ ပျောက်နေတာရှိသေးတယ်။ သူတို့မိတယ်လို့လည်း မကြား ဘူး။ ကြားထဲမှာ မိသားစုတွေနဲ့ အဆက်အသွယ်မရဘဲ ပျောက်နေတဲ့သူတွေလည်းရှိတယ်ဗျ"
ဇီးတောရွာက နေအိမ်ငါးဆယ်လောက်ကိုလည်း အဲဒီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
တစ်ဆက်တည်းရှိနေတဲ့ အဲဒီရွာသုံးရွာမှာ အိမ်ခြေငါးရာခန့်ရှိပြီး စစ်ကြောင်းဝင်လာချိန် ထွက်ပြေးလွတ်မြောက်သူ တချို့ရှိ ပေမဲ့ သူတို့နဲ့လည်း အဆက်သွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၁၇ ရက်မနက်အစောပိုင်း ရေစကြိုနဲ့ ပခုက္ကူအကြားမှာရှိတဲ့ ကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းချိန် ကျောက်ထပ်ရွာနားမှာ ကြားဖြတ် တိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အဲဒီစစ်ကြောင်းဟာ ရွာတွေထဲ ကို ဝင်ရောက်စီးနင်းပြီး အရပ်သားတွေကို ဖမ်းဆီးခဲ့တာလို့ ရေစကြိုကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုဝေကြီးက RFA ကို ပြောပါတယ်။
၁၃။ စစ်တပ် လက်နက်ကြီးကြောင့် တင်သားရွာခံ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
မေ ၁၉ ၊ DVB
စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း တင်သားရွာမှာ ဒေသခံအမျိုးသား တယောက် သေဆုံးပြီး အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တင်သားရွာခံတွေက ပြောပါတယ်။မေ ၁၇ ရက်နေ့ ည ၉နာရီဝန်းကျင်က တင်သားရွာနဲ့ ၃ မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်စွဲရာ ကြံသာရွာကနေ တင်သားရွာဘက်ကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့တာမှာ အမှတ် ၁ ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် အသက် ၆၀ ဝန်းကျင်ရှိတဲ့ ဦးဝင်းမောင်ဟာ ကျော ထုတ်ချင်းပေါက်လို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး သေဆုံးသူရဲ့အိမ်တောင်ဘက်က အသက် ၄၀ ဝန်းကျင်အရွယ် မကြည်ဆန်းဟာလည်း လက်မောင်းမှာဒဏ်ရာရရှိသွားခဲ့ တယ်လို့ တင်သားရွာခံတယောက်က ပြောပါတယ်။
Comments