နေ့စဉ်သတင်းစုစည်းမှု
01-May-2024
တိုက်ပွဲသတင်း
၁။ ရန်ကုန်-မော်လမြိုင်လမ်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်အနီး တိုက်ပွဲဖြစ်ပွား
မေ ၁ ၊ Mizzima
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်- မော်လမြိုင်လမ်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ် အနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံ နှင့် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ယနေ့(မေလ ၁ ရက်) နံနက် ၇ နာရီ ၄၅ မိနစ်မှစ၍တနာရီနီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်- မော်လမြိုင်လမ်း တနာရီကျော် ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်ဟု ကျိုက်ထိုမြို့ခံများကပြောသည်။
“မုပ္ပလင်လမ်းဆုံနားမှာဖြစ်တာပါ၊ အကြာကြီးပဲဗျ တနာရီလောက် ကြာမယ်ထင်တယ်။ ကျွန်တော်တို့နဲ့ အရမ်းတော့ မဝေး ဘူး။ ပစ်ခတ်သံကတော့ အစုံပဲကြားရတယ်ဗျ သေနတ်သံရော အလုံးကြီးသံတွေရော။ (ကားတွေက) မနက် ၉ နာရီလောက် ကျ အကုန်ပြန်သွားလို့ရနေပြီ” ဟု မုပ္ပလင်ရွာခံတဦးက မဇ္ဈိမကို ပြောသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိသည်ဟု ကနဦးသတင်းရထားကြောင်း သထုံ ခရိုင် PDF တာဝန်ခံက ပြောသည်။ “မုပ္ပလင်မှာ (စစ်ကောင်စီ တပ်က)ထိခိုက်မှုများတယ်လို့တော့သိရတယ်။ကားနှစ်စီးနဲ့ ညောင်ခါးရှည်ဘက် လူနာတွေသယ်သွားတယ်လို့ အကြမ်းဖျင်း သိရသေးတယ်”ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း ကမဇ္ဈိမကို ပြောသည်။
၂။ ရေဦးမြို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက်
မေ ၁ ၊ Mizzima
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ရွှေဘိုခရိုင်တပ်ရင်းအမှတ်(၁၄)၊ YEU PDFက ယနေ့( မေလ ၁ ရက်) တွင် သတင်း ထုတ်ပြန်သည်။ ရေဦးမြို့မှ ဒီပဲယင်းမြို့ဘက်သို့ အထွက်လမ်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့နံနက် ၇နာရီခန့်တွင် YEU PDF က တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။ ထိုဂိတ်၌ စစ်ကောင်စီတပ်ကြပ်စိုးမိုးအောင်နှင့် တပ်သား ၁၅ ဦး ရှိနေသည်ဟု YEU PDF တပ်မှူး သစ်ပင်က မဇ္စျိမကိုပြောသည်။ ၎င်းက “၄၀မမ သုံးလုံးပစ်ခဲ့ပါတယ်။ကျနော်တို့တပ်တွေ အထိအခိုက် Risk အနည်းဆုံးနဲ့ ရန်သူ့တပ်ထိခိုက်မှုများများရရှိအောင် နည်းနည်းနဲ့ကျဲကျဲဆောင်ရွက်တာဖြစ်တယ်” ဟု ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားလေးဦး ဒဏ်ရာရပြီး သုံးဦးဒဏ်ရာပြင်းထန်ကာ သေဆုံးနိုင်ခြေရှိကြောင်း မျက်မြင်သက်သေနှင့် တပ်တွင်း သတင်းများအရသိရသည်ဟု တပ်မှူးသစ်ပင်က ဆိုသည်။
၃။ စစ်ကောင်စီဝန်ကြီး ကော့ကရိတ်မှအပြန် တိုက်ခိုက်ခံရ
မေ ၁ ၊ The Irrawaddy
ကရင်ပြည်နယ် ကော့ကရိတ်မြို့သို့လာရောက်သည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးနှင့်အဖွဲ့ ယာဥ်တန်းသည် ကော့ကရိတ်မှအပြန် လမ်းတွင် တိုက်ခိုက်ခံရသည်ဟု ဒေသခံများထံက သိရသည်။ ဝန်ကြီးချုပ်ယာဥ်တန်းကို ယမန်နေ့ နေ့လယ် ၂ နာရီကျော်တွင် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသားတဦးက ပြောသည်။
၎င်းက " ဧပြီ ၃၀ရက်မနက်က ကော့ကရိတ်ကို ကရင်ပြည်နယ်ဝန်ကြီး ရောက်လာတယ်၊ အပြန် နေ့လယ် ၂ နာရီ ကျော် လောက်မှာ ဝန်ကြီးယာဥ်တန်း မြပတိုင်နဲ့နောင်ထပ္ပံကြား မိုင်းဆွဲခံထိတယ် "ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ တော်လှန်ရေးပူးပေါင်းတပ်များဘက်ကလည်း ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦး နှင့်အဖွဲ့ ယဉ်တန်းအား မြပတိုင်နှင့် နောင်ထပ္ပံအနီး နေ့လယ် ၃ နာရီ အချိန်၌ မိုင်း ၂ လုံးဖောက်ခွဲနိုင်ခဲ့ပြီး RPG ၊ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ထိခိုက်မှုအခြေအနေကို မသိရှိရသေးဘဲ ဧရာဝတီအနေဖြင့် ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
၄။ မြိတ်၊ တုံးပျောကြီးဂိတ်ကို PDF အနီးကပ် ဝင်တိုက်၊စစ်သား နှစ်ဦး သေဆုံးဟုဆို
မေ ၁ ၊ Myanmar Presspghoto Agency
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးပျောကြီးကျေးရွာ စစ်ဆေးရေးဂိတ်ကို PDF တို့က အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ဧပြီ ၃၀ ရက်၊ နံနက် ငါးနာရီခွဲကျော်တွင် တုံးပျောကြီးကျေးရွာ အထိုင်ချ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်စခန်းကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်းနှစ်က အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း နှစ်ထံက သိရသည်။"ထိတွေ့မှုက မိနစ်၂၀လောက်ပြင်းထန်ခဲ့တယ်ပေါ့။ ပြီးတော့ စစ်ကောင်စီဘက်က တုံးပျောကြီး စာသင်ကျောင်းအတွင်းကနေ လက်နက်ကြီးရော၊လက်နက်ငယ်နဲ့ရော ပစ်လို့ ကျွန်တော်တို့ ကာပစ်ပစ်ပြီး မနက် ခြောက်နာရီမှာ ပြန်ဆုတ်ခဲ့တာပါ" ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းနှစ် ၏ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက MPA သို့ ပြောသည်။ယင်းတိုက်ခိုက်မှုတွင် PDFရဲဘော် တစ်ဦး လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
၅။ ပေါက်၊ တပ်ကုန်းပျူရွာကို ဝင်စီးစဉ် PDF ရဲဘော် လေးဦး ဒဏ်ရာရ
မေ ၁ ၊ Myanmar Presspghoto Agency
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းပျူစောထီးရွာကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းစဉ် PDF ရဲဘော်လေးဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၂၉ ရက်၊ နံနက် နှစ်နာရီခန့်မှ ခြောက်နာရီခန့်အထိ တပ်ကုန်းပျူစောထီးရွာကို ဒေသခံ PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဘန်ကာ လေးခုအနက် သုံးခုအား သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီးခေါင်းဆောင်တစ်ဦး ဝမ်းဗိုက်ကျည်ထိမှန် ကာ အများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်သည်။
"အနားဝန်းကျင်မှာ ရဲစခန်းရောရှိတော့ အင်အားက တော်တော်များတယ်ဗျ။ ပတ်ပတ်လည် လုပ်ထားတဲ့ ဘန်ကာရော ရဲတွေ အထိုင်ချထားတဲ့နေရာရော တစ်ပြိုင်နက် တိုက်တာပေါ့” ဟု မြိုင်ပကဖမှ ရဲဘော်ခရောစ့်က MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် အကြီးဆုံးဘန်ကာတစ်ခုကိုသာ သိမ်းပိုက်ရန် ကျန်တော့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်၏ ကပစ ၂၄ မှ လက်နက်ကြီး ပစ်ကူခဲ့ရာ PDF ရဲဘော် လေးဦး လက်နက် ကြီးစထိမှန်ခဲ့သော်လည်း မစိုးရိမ်ရကြောင်း ၎င်းကပြောသည်။
၆။ မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး
မေ ၁ ၊ D Day News
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း အမှတ် ၁ (27 Revolution Forces Drone) အဖွဲ့ထံမှ သိရသည်။ ဧပြီလ ၂၈ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်း ဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးကာ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် ၁ (27 Revolution Forces Drone) အဖွဲ့ နှင့်အတူ မြင်းခြံခရိုင် Drone တပ်ဖွဲ့ MDDS ၊ ရွှေခြံပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းမင်းတမန် ပြောက် ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၇။ ထိုင်းလေတပ်နှင့်ဆွေးနွေးရန် စစ်ကောင်စီလေတပ်ခေါင်းဆောင် ထိုင်းသို့ သွားရောက် / လေတပ်နှစ်ခုအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် ဆွေးနွေးမည်ဟုလည်း ကြေညာ
မေ ၁ ၊ Myanmar Now
စစ်ကောင်စီလေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့် တွေ့ဆုံရန်အတွက် ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်ဟု စစ်ကောင်စီထိန်းချုပ်သတင်းဌာနများက ကြေညာခဲ့သည်။
အဆိုပါ ခရီးစဉ်တွင် ထိုင်းနှင့်စစ်ကောင်စီ လေတပ်နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆွေးနွေးမည်ဟုလည်း စစ်ကောင်စီ၏သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။စစ်ကောင်စီသည် မြန်မာ-ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ် မြဝတီမြို့ အနီးမှ တော်လှန်ရေးတပ်များကို လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ စစ်ကောင်စီလေယာဉ်များ နယ်ကျော်လာပါ က ၅ မိနစ်အတွင်း ပစ်ချရန် ထိုင်းကာကွယ်ရေးဝန်ကြီးက အမိန့်ပေးထားသည်ဟု ထိုင်းသတင်းဌာန Khaosod English က ဧပြီ ၁၂ ရက်နေ့က ရေးသားခဲ့သည်။၂၀၂၂ ဇွန်လအတွင်းက မြန်မာ-ထိုင်းနယ်စပ်ရှိ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီလေယာဉ်တစ်စင်းက ထိုင်းပိုက်နက်ကို အသုံးပြုတိုက်ခိုက်ခဲ့သည်။ ထိုဖြစ်ရပ်အတွက် စစ်ကောင်စီက တောင်းပန်ခဲ့ကြောင်း ထိုင်းလေတပ်ကို ကိုးကားပြီး Bangkok Post သတင်းဌာနက ရေးသားခဲ့သည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၈။ ဆီဆိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူတွေကို လူသား ဒိုင်းကာအဖြစ် အသုံးပြုနေ
မေ ၁ ၊ PVTV
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထမ်းယံ ၊ ပန်းအွန်းကျေးရွာက ပြည်သူတွေကို အပြင်ထွက်ခွင့်မပေးပဲ အကြမ်းဖက် စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တွေက လူသားဒိုင်းကာအဖြစ် ဓားစာခံ ပြုလုပ်နေတယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ထမ်းယံကျေးရွာနဲ့ ပန်အွန်းကျေးရွာက ပြည်သူတွေကို တောင်ယာလုပ်ငန်းခွင်တွေကိုလည်း ပေးမသွားတဲ့အပြင် ရွာပြင် ကိုလည်း ထွက်ခွင့်မပေးဘဲ ပိတ်ပင်တားဆီးထားနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ အပေါင်းအပါတွေက ဒေသခံပြည်သူတွေကို နေ့စဥ် ထမင်းဟင်းချက်ခိုင်းတာ၊ နေအိမ် တွေပေါ် တက်အိပ်တာ၊ စစ်ဆေးရေးဂိတ်မှာ ရိုင်းပြစွာ ပြုမူဆက်ဆံနေတဲ့အပြင် ဖုန်းတွေသိမ်း ပိုက်ဆံတောင်းတာတွေပါ ပြုလုပ်နေတယ်လို့ ပြည်သူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ဒေသခံပြည်သူတွေကို တောင်ယာအတွင်းမှာဖြစ်ဖြစ်၊ ကျေးရွာအပြင်ဘက် တောတောင်အတွင်းမှာဖြစ်ဖြစ် တွေ့ရှိပါက တော်လှန်ရေးသမားအဖြစ် သတ်မှတ်ပြီး ပစ်ခတ်မယ်လို့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNOပြည်သူ့စစ်အဖွဲ့ က ဒေသခံပြည်သူတွေကို ခြိမ်းခြောက်တားမြစ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၉။ ရေစကြိုမြို့စုပေါင်းရုံး၌တပ်စွဲထားသော စစ်သားများ ဆိုက်တွဲမောင်းသူကို ဖမ်းဆီးသတ်ဖြတ်ပြီးအလောင်းကို ချက်ချင်း သင်္ဂြိုလ် / အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာမ တစ်ဦး အပါအဝင် ၃ ဦး သေဆုံး
မေ ၁ ၊ D Day News
ရေစကြိုမြို့ပေါ်တွင် အကြမ်းဖက်စစ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ရေစကြို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ ဧပြီလ ၁၉ ရက် နေ့က ရေစကြိုမြို့နယ်၊ ပေါက်တောကြီးရွာမှ ဆိုက်တွဲ မောင်းသူ အသက် ၂၈ နှစ်အရွယ် ကိုဖြိုးလျှံဦးသည် ခရီးသွားပြည်သူ ၂ ဦးကို ရေစကြိုမြို့ပေါ်ရှိ ကားဂိတ်သို့ ပို့ဆောင်ပြီး ပြန်လာစဉ် အကြမ်းဖက်စစ်သားများက ရေစကြိုမြို့စုပေါင်းရုံးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အမှတ် ၂၊ စိတ္တသုခရပ်၊ သမဆီစက်ဝိုင်းအတွင်း၌ ပစ်ခတ်သတ်ဖြတ်ကာ ရုပ်အလောင်းကို လူမှုကူညီရေး အသင်းကားဖြင့် သယ်ဆောင်ပြီး ချက်ချင်းသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၈၊ ရက်မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်တွင် ရေစကြိုမြို့ပေါ် စုပေါင်းရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ က ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံးသည် ပေါက်တောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၅၄ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ခင်စိုးမာ၏ နောက်ကျောကို ထိမှန် ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ဧပြီလ ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်၌ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့ စုပေါင်းရုံး၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ကျောမကြားရွာရှိ နေအိမ်တစ်လုံးရှေ့ကျရောက် ပေါက်ကွဲ ပြီး အသက် ၆၄ နှစ်အရွယ် ဒေါ်ခင်ဝင်းမြင့်ကို ထိမှန်ကာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ရေစကြိုမြို့ပေါ် စုပေါင်းရုံးအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွှေချောင်းကျေးရွာ အတွင်း ကျ ရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၁ နှစ်အရွယ် ဦးသန်းဇော်လင်း အပြင်းအထန်ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း၊ အခြားပြည်သူအချို့ လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
留言