နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်
- Myo Yan Naung Thein
- May 20, 2024
- 4 min read
နေ့စဉ်သတင်းစုစည်းမှု
20-May-2024
တိုက်ပွဲသတင်း
၁။ တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ CNA နဲ့ CDFs ပူးပေါင်းတပ်က ရဲဘော် ၄ ဦး ကျဆုံး
မေ ၂၀ ၊ PVTV
တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ CNA နဲ့ CDFs ပူးပေါင်းတပ်က ရဲဘော် ၄ဦး ကျဆုံးသွားတယ်လို့ The Chin Journal က ဖော်ပြ လိုက်ပါတယ်။ ဒီနေ့မှာတော့ ကျဆုံးရဲဘော်တွေထဲက CDF-Hualngoram ရဲ့ ရဲဘော်တစ်ဦးဖြစ်တဲ့ Pu Hma Ngaih Zau ကို သင်္ဂြိုဟ်ခဲ့ကြတာပါ။ ချင်းပြည်နယ်၊ တွန်းဇံမြို့ နဲ့ ကျီးခါးမြို့ကို CNA နဲ့ CDFs ပူးပေါင်းတပ်က တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ပြီး CNA နဲ့ CDFs ရဲ့ ရဲဘော် ၄ ဦးကျဆုံးခဲ့တယ်လို့ CDF-Hualngoram တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာတော့ တွန်းဇံမြို့ နဲ့ ကျီးခါးမြို့ တွေက CNA နဲ့ CDFs ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ် ထားပါတယ်။
တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ ချင်းအမျိုးသားတပ်မတော်(CNA)ဦးဆောင်ပြီး CDF(Tonzang), CDF(Thantlang), PDA(Tedim), CDF (CDM-Siyin), CDF(Hualngoram), (CDF-Hakha), CDF(Zanniatram), (CDF-Matupi) နဲ့ အခြား တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။
၂။ ဒေါနတောင်ပေါ်တက်လာသည့် အောင်ဇေယျစစ်ကြောင်း အကျအဆုံးများနေ
မေ ၂၀ ၊ The Irrawaddy
မြဝတီမြို့ သင်္ကန်းညီနောင် ပြန်လည်ရရှိရေးချီတက်လာသော အောင်ဇေယျစစ်ကြောင်းသည် မေလ ၁၆ ရက်မှ ၁၈ ရက် အထိ လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ၃ ရက် ဆက်တိုက် ဒေါနတောင်တန်းကိုဖြတ်ကျော်ရန် ကြိုးစားသော် လည်း မကျော်နိုင်သေးဘဲ အထိအခိုက်အကျအဆုံး များနေကြောင်း သတင်းရရှိသည်။
မေလ ၁၆ ရက်ကစ၍ အောင်ဇေယျစစ်ဆင်ရေး မြဝတီ ကော့ကရိတ်လမ်းဟောင်းအတိုင်းတက်လာသော စစ်ကောင်စီစစ်ကြောင်းတကြောင်းမှာ အထိအခိုက်များသည့်အတွက် ရှေ့ဆက်မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်သွားခဲ့ပြီး တောလမ်းအတိုင်း ကွင်းကလေးကျေးရွာဘက်မှတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် နောက် ပြန်ဆုတ်သွား ရသည်ဟု ရှေ့တန်းရောက်တော်လှန်ရေးရဲဘော်တချို့က ပြောသည်။ ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တဦးက "အင်အားက အတော်နည်းသွားတာလား ခွဲပြီးတော့ တက်လာတာလား မသိဘူး။ အရင်က တက်လာရင် ၇၀၊ ၈၀ လောက် ရှိတယ်။ အခုရက်ပိုင်းတက်လာတဲ့ စစ်ကြောင်းတွေမှာတော့ ၃၀၊ ၄၀ လောက်ပဲ ရှိတော့တယ်" ဟု ဆိုသည်။
မြဝတီ သင်္ကန်းညီနောင် ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီသည် တပ်မ ၅၅၊ ၄၄ နှင့် အမှတ် (၁၂) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်စသည့် တပ်မ ၃ ခု ပေါင်း၍ သံချပ်ကာတပ်၊ ဒရုန်းတပ်နှင့် လေတပ်တို့ ဝန်းရံကာ ဧပြီ လ ၉ ရက်ကစ၍ မော်လမြိုင်မြို့မှ မြဝတီမြို့သို့ ချီတက်လာခဲ့သည်။
ထိုသို့တပ်မ ၃ ခုဖြင့် ချီတက်လာသော အောင်ဇေယျစစ်ကြောင်းကို KNLA/PDF တပ်ပေါင်းစုက ဒေါနတောင်ခြေမှ စတင် တိုက်ခိုက်နေသည့်အတွက် တလကျော်ကြာသည်အထိ ဒေါနတောင်အား မကျော်နိုင်ဖြစ်နေသည်။
တလကျော်ကြာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ကောင်စီဘက်မှ တပ် ၅၅ သည် ဖွဲ့စည်းပုံ ပျက်သည် အထိ ထိခိုက်အကျ အဆုံးများနေသည့်အတွက် တပ်မ ၇၇ အား ထပ်မံ အင်အားဖြည့်ထည့်ခဲ့ရကြောင်း သိရသည်။
၃။ တနင်္သာရီမြို့၊ ရမ်းဖိုရွာအနီးတိုက်ပွဲစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး
မေ ၂၀ ၊ Mizzima
တနင်္သာရီမြို့နယ်၊ ဘန်လမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုကျေးရွာတွင် ယမန်နေ့ မေ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ တပ်ဖွဲ့တွင် အင်အား ၂၅ ဦးထက်မနည်းပါရှိသော စစ်ကောင်စီစစ်ကြောင်းသည် ရမ်းဖိုကျေးရွာရှိ ရမ်းဖိုဘုန်းကြီးကျောင်းတွင်တပ်စွဲရန် ရောက်ရှိလာစဉ် တိုက်ခိုက်ခဲ့ခြင်းဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက " အပြန်အလှန် ၅ မိနစ်နီးပါးတိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးနဲ့ပစ်လို့ ပြန်ဆုတ်ခဲ့ရတယ်”ဟုဆိုသည်။ တိုက်ပွဲမဖြစ်မီ စစ်ကောင်စီစစ်ကြောင်းအား ကင်းထောက်နေသည့် ရဲဘော်တဦး ဖမ်းဆီးခံလိုက်ရသော်လည်း တိုက်ပွဲအတွင်း ပြန်လည်လွတ်မြောက်လာခဲ့သည်ဟုဆိုသည်။တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်းဗိုလ်ခရင်းတပ်ဖွဲ့က ပြောသော်လည်း မဇ္စျိမအနေဖြင့် အသေးစိတ် မသိရှိရ သေးပေ။တိုက်ပွဲဖြစ်စဉ်မှန်ကန်ပြီး အသေးစိတ်မသိရှိရသေးကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။ဗိုလ်ခရင်းတပ်ဖွဲ့သည် ဒေသကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည်။တနင်္သာရီတိုင်းအတွင်း၌ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ စစ်ရေးပိုမိုတင်းမာလာပြီး တနင်္သာရီမြို့နယ်၊ သိန္ဒောရွာရှိစစ်ကောင်စီတပ်စခန်း၊ သရက် ချောင်းမြို့နယ်ပဲဒက်ကျေးရွာ စစ်ကောင်စီတပ်စခန်းနှင့် ကျောက်ဆည်ကျေးရွာအတွင်းရှိ ပျူစောထီးစခန်းကိုကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မေလ ၈ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ပဲဒက်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ခဲ့သည်။
၄။ စာသင်ကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထွက်ပြေး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ
မေ ၂၀ ၊ Myanmar Pressphoto Agency
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီးနောက် ထွက်ပြေးသွားသဖြင့်လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၃၅၀၁ တပ်ရင်း ဘုရင့်နောင်စစ်ကြောင်း၏ တာဝန်ရှိသူများထံမှ သိရသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မေ ၁၉ ရက်၊ နံနက် ၃ နာရီက စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
"အင်အား ၃၀ လောက်ရှိမယ်၊ အပြန်အလှန်ပစ်ကြတာ၊ ကျတော်တို့ဘက်က ပစ်အားသာတော့ ထွက်ပြေးသွားကြတာ၊ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်၊ ကျတော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတဲ့သူမရှိပါဘူး” ဟု တောင်ငူခရိုင် အမှတ် ၃၅၀၁ တပ်ရင်း ဘုရင့်နောင်စစ်ကြောင်း၏ စစ်ကြောင်းတာဝန်ခံက MPA ကိုပြောသည်။
စစ်ကောင်စီတပ်သားများထွက်ပြေးတိမ်းရှောင်သွားပြီးနောက် စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်ရှာဖွေရာ ၆၀ မမဆယ်လုံးနှင့် အခြားစစ်ဘက်သုံးဆိုင်ရာပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
၅။ ရေမျက်နီတိုက်ပွဲအတွင်း YRA ရဲဘော်တစ်ဦးကျဆုံး
မေ ၂၀ ၊ Myanmar Pressphoto Agency
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာတိုက်ပွဲအတွင်း ဂန့်ဂေါခရိုင်တပ်ရင်း(၁၅)၊ ယောတော်လှန်ရေးတပ်မတော်(ထီးလင်း)၊ YRA-ထီးလင်း၏ ရဲဘော်တစ်ဦးကျဆုံးသွားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ရေမျက်နီရဲစခန်းကုန်းတွင် တပ်စွဲထားသောစစ်ကောင်စီတပ်သားများသည် မေ ၁၉ ရက်၊ ည ၈ နာရီခွဲအချိန်က ကျေးရွာ အတွင်းဝင်ရောက်လာစဥ် ကင်းပုန်းဝပ်နေသော ကာကွယ်ရေးရဲဘော်များနှင့် နှစ်နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ "ေ-ွး(စကစ)တွေ ဆင်းလာတဲ့အချိန်မှာ ကင်းပုန်းဝပ်နေတဲ့ ရဲဘော်တွေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာပါ။ နှစ်ဘက် နှစ်နာရီလောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ အဲ့ဒီအချိန်မှာ ရန်သူ့ဘက်က(၄၀)မမ ဗုံးသီး ပစ်တဲ့အချိန်မှာ ကျတော်တို့ဘက်က ရဲဘော်ဝယ်သာ ဦးခေါင်းထိမှန်ပြီး ကျဆုံးခဲ့ရတာပါ"ဟု YRA(ထီးလင်း)၏ ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက MPA ကိုပြောသည်။ ကျဆုံးသွားသောရဲဘော်မှာ အသက်(၂၄)နှစ် အရွယ်တပ်စိတ်မှူး သက်ခိုင်ကျော် (ခ) ရဲဘော်ဝယ်သာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည် နှစ်ဦးသေဆုံး၍ နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၆။ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ ကူမင်းဆွေးနွေးပွဲအတွင်း ရခိုင်အရေးဆွေးနွေးခဲ့
မေ ၂၀ ၊ Mizzima
တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖွဲ့နဲ့ အာရက္ခတပ်တော် AA, ကိုးကန့် MNDAA နဲ့ တအာင်း TNLA ညီနောင် ၃ ဖွဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေက တွေ့ဆုံခဲ့ကြသလို၊ ၁၆ ရက်နေ့ မနက်ပိုင်းမှာတော့ အာရက္ခတပ်တော် AA နဲ့ သီးသန့်ခဲ့တယ်လို့သိရပါတယ်။
ဆွေးနွေးမှုအတွင်း မေလ ၁၄ ရက်နဲ့၁၅ ရက်နေ့တွေမှာ သဘောတူညီချက် (၅) ချက်ဖြစ်တဲ့ ယခုရရှိထားတဲ့ ဟိုင်ဂင် သဘောတူညီချက်ကို အခုထက်ပိုမိုကောင်းမွန်စေရေး၊ နှစ်ဘက် ထိပ်တိုက်တွေ့မှုများကို နည်းသထက်နည်းအောင် လျော့ချနိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ပြန်ဖွင့်ရေး၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်အကျိုးစီးပွားများကို အကာအကွယ် ပေးရေး နဲ့ ကိုးကန့်(MNDAA) ကို ကိုးကန့်အထူးဒေသ (၁) ရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး တို့ကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ဆွေးနွေးပွဲကို စစ်ကောင်စီရဲ့ ငြိမ်းချမ်ရေးအဖွဲ့ NSPNC အဖွဲ့ဝင်သစ်ဖြစ်သူ စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် ဦးဆောင်တက်ရောက်ခဲ့ပြီး အာရက္ခတပ်တော်AA ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ နိုင်ငံခြားရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ရဲ့ ပြင်ပဆက်ဆံရေးနဲ့ နိုင်ငံခြားရေးဌာနမှူး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင်တို့က တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ AAနဲ့ စစ်ကောင်စီတို့ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲအတွင်း ရခိုင်မှာ အာရက္ခတပ်တော် AA) တပ်တစ်ခု တည်းရှိရမယ့် မူအပါအဝင် စစ်တပ်က အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုကိုရပ်တန့်ဖို့နဲ့ စစ်တပ်ကို ရခိုင်က ထွက်ခွာသွားရန် တောင်းဆိုရာမှ ဆွေးနွေးပွဲပျက်သွားခဲ့တယ်လို့လည်း နီးစပ်သူတွေရဲ့ပြောပြချက်အရ သိရပါ တယ်။ ဒီဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အပြင်ကို မပေါက်ကြားဖို့ တရုတ်ဘက်က ပိတ်ထားတဲ့အတွက် ဆွေးနွေးမှုတွေရဲ့ အသေးစိတ်ကို မသိရပေမဲ့၊ အပြန်အလှန် တောင်းဆိုချက်တွေ ညှိနှိုင်းလို့မရဘဲ ပြီးသွားတယ်လို့ သိရပါတယ်။
ညီနောင်အဖွဲ့ဝင် ၃ ဖွဲ့ထဲက တခုဖြစ်တဲ့ အာရက္ခတပ်တော်AA နဲ့စစ်ကောင်စီကြား ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်နေချိန် AA အဖွဲနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ သီးသန့် တွေ့ဆုံဆွေးနွေးကြတာဖြစ်ပါတယ်။
တရုတ် စေ့စပ်မှုနဲ့ ညီနောင် ၃ ဖွဲ့ အခုလို တွေ့ဆုံဆွေးနွေးတာဟာ ၅ ကြိမ်မြောက် ဖြစ်ပါတယ်။
အခုတကြိမ် ဆွေးနွေးပွဲ မအောင်မြင်သလို၊ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်လာနိုင်ချေ ရှိတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကူညီထောက်ပံ့ပေးမှု များ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက မေလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသတစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများဖြစ်လာစေရန် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ နေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သတ်ပြီးမေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာပြောခွင့်ရ ဝမ့်ဝမ်ဘင်းက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းမှ မြို့ပေါင်း ၁၆ မြို့ကို မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် တိုက်ပွဲတွေ ရပ်တန့်ခဲ့ပေမယ့်ရခိုင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
၇။ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီနဲ့ ရုရှား ဆွေးနွေး
မေ ၂၀ ၊ BBC
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos State Space Corporation က ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Savelyev Sergey Valentinovich တို့ဟာ မေလ ၁၉ ရက်နေ့က အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံပွဲကို ရန်ကုန်မြို့မှာလုပ်ခဲ့တာဖြစ်ပြီး အာကာသ နည်းပညာနဲ့ သက်ဆိုင်တဲ့ ပညာတော်သင်တွေ စေလွှတ်ဖို့နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရုရှားနဲ့ အရင်ထက်ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးရှိလာတဲ့ စစ်ကောင်စီဟာ အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ရုရှားနဲ့ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့ အစီအမံချခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့ ရုရှားခရီးစဉ်တွေအတွင်း Roscosmos State Space Corporation ရဲ့ အဆင့်မြင့်အရာရှိတွေကို တွေ့ဆုံခဲ့တာရှိသလို ရုရှားနိုင်ငံက အာကာသ ဒုံးပျံယာဉ်လွှတ်တင်ရေး စခန်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ ရုရှားအစိုးရပိုင် Roscosmos State Space Corporation ဟာ နိုင်ငံတကာအာကာသ ပူးပေါင်းဆောင်ရွက်ရေး၊ အာကာသယာဉ် ပျံသန်းမှု၊ စူးစမ်းလေ့လာရေးနဲ့ နည်းပညာဖွံ့ဖြိုးရေးကို လုပ်ဆောင်ပါတယ်။
ရုရှားကို စစ်ပညာတော်သင်တွေ စေလွှတ်တဲ့ မြန်မာနိုင်ငံမှာတော့ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်ကို မိတ္ထီလာ မှာ ၂ဝဝ၂ ခုနှစ်က စတင်ဖွင့်လှစ်ထားပါတယ်။စစ်ကောင်စီဟာ မြန်မာနိုင်ငံတွင်း နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံနဲ့ လိုအပ်တဲ့ အခြေခံ အဆောက်အဦတွေ တည်ဆောက်ဖို့အတွက်လည်း ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၈။ ဝိုင်းမော်မှာ လက်နက်ကြီးကြောင့် ခြောက်ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ
မေ ၂၀ ၊ RFA
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ခတ်ချိုရွာကို မေလ ၂၀ ရက် နေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတွေအပါအဝင် ဒေသခံခြောက်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေက ကလေးသုံးဦး၊ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ ခတ်ချိုရွာခံတစ်ဦးက RFA ကို ပြောပါတယ်။ "သေတာက ခြောက်ယောက်၊ ဒဏ်ရာရတာက ၁၁ ယောက် ဟုတ်တယ်။ သေတာနဲ့ ဒဏ်ရာရတာတွေက မိသားစုတွေ၊ ဆွေမျိုးတွေပေါ့။ လက်နက်ကြီးကျတာ နှစ်အိမ်မှာကျတာ။ ဒဏ်ရာရတဲ့သူတွေကလည်း ပြင်းထန်တယ်။ ဆေးရုံကို သွားလိုက်ကြပြီ"
မြစ်ကြီးနားမြို့ ကြက်ပေါက်ခြံရပ်ကွက်ထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာလို့လည်း သူက ဆိုပါတယ်။ လက်ရှိမှာ ဒဏ်ရာရသူတွေကို မြစ်ကြီးနားဆေးရုံနဲ့ ၀ိုင်းမော် ဆေးရုံတွေထံ ခေါ်ဆောင်သွားပြီး ၀ိုင်းမော်ဆေးရုံမှာတော့ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
၉။ ရွာငံမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံခြောက်ဦး ဖမ်းဆီးခံရ
မေ ၂၀ ၊ RFA
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် သိမ်ကုန်းရွာမှာ မေလ ၁၆ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံခြောက်ဦး ဖမ်းဆီးခံရပြီး မေလ ၂၀ ရက် ဒီနေ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်ဆီးခံရသူတွေဟာ သိမ်ကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွဋ်၊ အသက် ၄၀ အရွယ် ဒေါ်မိုးဝါနဲ့ နောက်ထပ်အမျိုးသား လေးဦးတို့ ဖြစ်ကြပါတယ်။ ဦးမောင်ထွဋ်ကို ရွာငံရဲစခန်းက ခေါ်ယူဖမ်းဆီးခဲ့တာ ဖြစ်ပြီး ကျန်တဲ့ဒေသခံငါးဦးကိုတော့ စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့တွေက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဦးမောင်ထွဋ်က ကျေးရွာဥက္ကဋ္ဌဆိုတော့ ရဲစခန်းက လှမ်းခေါ်ပြီး ဖမ်းဆီးလိုက်တာပါ။ ကျန်တဲ့သူတွေကိုတော့ နေအိမ်တွေမှာ လာဖမ်းသွားတာ”
သူတို့ကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ တိတိကျကျမသိရဘဲ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်သွယ်မှု ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။
၁၀။ စစ်တွေမှာ လူနှစ်ရာခန့် ဖမ်းဆီးခံရ
မေ ၂၀ ၊ RFA
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မေ ၁၄ ရက်နေ့ကနေ ၂၀ ရက်အထိ တစ်ပတ်အတွင်း ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခို နေတဲ့ စစ်တွေဒေသခံမဟုတ်တဲ့ အရပ်သားနှစ်ရာခန့်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။စစ်တွေမြို့ အောင်မင်္ဂလာ၊ ဗုဒ္ဓမော်၊ ရွှေစေတီစတဲ့ ဘုန်းတော်ကြီးကျောင်းတွေ အပါအဝင် မြို့ပေါ်မှာရှိနေတဲ့ တခြားဘုန်းတော်ကြီးကျောင်းတွေမှာပါ တည်းခိုနေသူတွေကို ဧည့်စာရင်းစစ်ပြီး လိုက်လံ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ တိုက်ပွဲတွေကြောင့် စစ်တွေမြို့မှာ ပိတ်မိနေသူတွေဖြစ်ပြီး တည်းခိုဖို့ ဒေသခံဆွေမျိုးတွေမရှိတာကြောင့် ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနေကြတာလို့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။“စစ်သားရော၊ ရဲရော ပါတယ်။ ဧည့်စာရင်း စစ်မယ်ဆိုပြီး ကျောင်းထဲ ဝင်လာတယ်။ မှတ်ပုံတင် ပြခိုင်းတယ်။ ပထမတစ်ခေါက် လာစစ်တုန်းကတော့ မဖမ်းသေးဘူး။ နောက်တစ်ရက် လာစစ်တဲ့အခါတော့ ဖမ်းသွားတယ်။ မိန်းကလေးတွေဆို မဖမ်းဘူး။ ယောက်ျားလေးတွေကိုပဲ ဖမ်းသွားတာ။ ကျွန်မတို့ထဲက ၁၁ ယောက် ပါသွားတယ်။ အကုန်လုံးက ရန်ကုန်ကနေ ရခိုင်ပြန်လာကြသူတဲ့သူတွေပါ။ စစ်တွေမြို့ကနေ ထွက်မရတော့ ပိတ်မိနေကြတာလေ။ ဆွေမျိုးတွေလည်းမရှိတော့ ဘုန်းကြီးကျောင်းတွေမှာပဲ နေကြတာ”
လက်ရှိမှာ ဖမ်ဆီးခံထားရသူတွေကို အမှတ် (၁) စစ်တွေမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သူကဆိုပါတယ်။
၁၁။ စစ်မှုမထမ်းလို၍ မြို့မှတိမ်းရှောင်ရန်ပြင်ဆင်နေသည့် လူငယ်ငါးဦး အဖမ်းဆီခံရ
မေ ၂၀ ၊ Myanmar Pressphoto Agency
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် စစ်မှုမထမ်းလို၍ မြို့မှတိမ်းရှောင်ရန်ပြင်ဆင်နေသည့် လူငယ်ငါးဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ လူငယ်ငါးဦးကို မေ ၁၇ ရက်၊ ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ခလရ ၁၈ တွင်ထားရှိကာ စစ်သင်တန်းတက်ရန်ပို့ထားသဖြင့် မိသားစုနှင့်လည်း အဆက်အသွယ်ဖြတ်ထားကြောင်း သိရသည်။
"စစ်သားတွေအများကြီးဘဲ အိမ်ထဲထိဝင်ဖမ်းတာ ၊ရိုက်နှပ်ပြီး ခေါ်သွားကြတာ ကောင်လေးငါးယောက်လုံးကို ခေါ်သွားတာ၊ မင်းတို့လား စစ်မှုမထမ်းချင်လို့ ပြေးဖို့လုပ်တာ ပြောဆိုပြီးခေါ်သွားတာ"ဟု ဟင်္သာတမြို့နယ်၊ ပိတောက်ကုန်းရွာနေ အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
အဖမ်းဆီးခံရသည့် လူငယ်ငါးဦးသည် စစ်မှုထမ်းရန် မဲပေါက်ထားသည့် လူငယ်များမဟုတ်သည့်အပြင်၊ ၎င်းတို့ငါးဦးအနက် တစ်ဦးသည် ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုခံရသော်လည်း ခံဝန်ဖြင့် လွတ်မြောက်လာသူတစ်ဦးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ "ကောင်လေးတွေက အသက်၂၃ နှစ်နဲ့ ၂၈ နှစ်ကြားဘဲရှိတာ၊ ဘယ်လိုတွေသတင်းရပြီး လာဖမ်း ခေါ်တာလဲမပြောတက်ဘူး။ မိဘတွေရှေ့မှာတင်ရိုက်နှပ်တာတွေ တွေ့ရတော့စိတ်မကောင်းတာအမှန်ပဲ"ဟု အဖမ်းခံရသူ နှင့် နီးစပ်သည့်အမျိုးသမီးက ဆိုသည်။

Comments