top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်

Updated: May 21

နေ့စဉ်သတင်းစုစည်းမှု

21-May-2024

တိုက်ပွဲသတင်း

 

၁။ ကော့ကရိတ် ဖူ့ချိမူစစ်စခန်းမှ တပ်ဖွဲ့ဝင် ၄၁ ဦး KNLA ဖမ်းမိ

 

မေ ၂၁ ၊ The Irrawaddy

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဖူ့ချိမူစစ်ကောင်စီစခန်းသိမ်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၁ ဦးကို အရှင်ဖမ်းမိသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များထံက သိရ သည်။ အဆိုပါစခန်းကို KNLA နှင့် ပူးပေါင်းတပ်များက ယခုလ ၁၇ ရက်နှင့် ၁၈ ရက်တွင် ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်းရှိ အဆိုပါ စခန်းသည် စစ်ကောင်စီခြေမြန် တပ်ရင်း (ခမရ-၅၅၈)၊(ခမရ-၅၆၁)နှင့်ခြေလျင်တပ်ရင်း(ခလရ-၉၉၃)တို့ အခြေချတပ်စွဲ ထားသည့် စခန်းဖြစ်သည်။ ထိုစခန်းမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်းနယ်စပ်ဘက် ဦးတည် ထွက်ပြေးနေခြင်းဖြစ်ပြီး မေလ ၁၈ ရက်တွင် လမ်း၌တွေ့သည် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦးကို သတ်ဖြတ်သွားသည် ဟု ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများက ပြောသည်။ ဖူ့ချိမူစခန်းသည် ကျိုက်ဒုံဒေသ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိသည့် တခုတည်းသော နောက်ဆုံးစခန်းဖြစ်ရာ ထိုစခန်းကို သိမ်းပိုက်ခဲ့သောကြောင့် ကျိုက်ဒုံဒေသတွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် ကျိုက်ဒုံ ဗျူဟာကုန်းကို ပြီးခဲ့သော မတ်လ ၁၄ ရက်တွင် KNLA နှင့် ပူးပေါင်း တပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင်လည်း ဗျူဟာမှူး နှင့် အရာရှိကြီး ၁၂ ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၆ ဦး လက်နက်ချ အညံ့ခံခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

 

၂။ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ ရန်သူတပ်သား ၁ ဦးသေဆုံး

 

မေ ၂၁ ၊ PVTV

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ တပ်ဆွဲ ထားတဲ့ ဘုန်းကြီးကျောင်းစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တယ်လို့ Pakokku People Defense Force PPDFက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်လို့ ဆိုပါ တယ်။ အဆိုပါဖြစ်စဥ်မှာ အရှေ့ချောက်ကံကျေးရွာရှိ ပြည်သူတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ အကြောင်း ရင်းမရှိ စကားပြောဆိုနေကြတာကြောင့် တိုက်ခိုက်မှုမှာ များစွာအနှောက်အယှက် ဖြစ်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် နောက်နောင်ပြုလုပ်မယ့် တိုက်ခိုက်မှုဖြစ်စဥ်တွေမှာ အကြောင်းအရင်းမရှိအကြမ်းဖက်စစ်ကောင်စီ တပ်သား တွေနဲ့ ပတ်သတ်ဆက်နွယ်မှုရှိလာပါက တိုက်ခိုက်မှုလုပ်ငန်းစဥ်တွေကြောင့် ထိခိုက်မှုတွေ ရှိလာခဲ့ပါက တာဝန်ယူဖြေရှင်း ပေးမှာ မဟုတ်ဘူးလို့ သတိပေး ထုတ်ပြန်ထားပါတယ်။

 

၃။ ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်မှု ၁၀ ဦးသေဆုံး၊လက်နက် ၉ လက်ရဟု PDF ထုတ်ပြန်

 

မေ ၂၁ ၊ Mizzima

 

မကွေးတိုင်း၊ရေစကြိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးကာကွယ်ရေးစခန်းတခုကိုစီးနင်းတိုက်ခိုက်သည့် စစ်ကောင်စီတပ်

ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ ဦးသေဆုံးပြီး လက်နက် ကိုးလက်ရရှိခဲ့ကြောင်း Southern YSO အဖွဲ့ က ယနေ့ (မေလ ၂၁ ရက်)သတင်းထုတ်ပြန်သည်။ မေလ ၁၇ ရက်နေ့ မနက် ၅ နာရီအချိန်က ၎င်းတို့၏ စခန်းကို ဝင်ရောက်စီးနင်း ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ခြင်းဟု Southern YSO အဖွဲ့ ခေါင်းဆောင် ကိုအောင်မောင်းက ပြော သည်။၎င်းက“ စခန်းကို ဝင်စီးတဲ့ အချိန် မိုင်းဆွဲပြီး လက်နက်ကြီးနဲ့ ထုတာ။ နောက် ၂ နာရီ လောက်အကြာမှာ ရှေ့ပြေး ပုံစံမျိုးထွက်လာတဲ့ ၁၀ ယောက်ကို ၁၀ ယောက်စလုံး ကို အသေပစ်ခတ်ခဲ့ပြီး လက်နက်ကိုး လက် သိမ်းဆည်းနိုင်ခဲ့တာပါ “ ဟုပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၁၅ ရက်နံနက်မှ စတင်ကာ ရေစကြိုမြို့နယ် တောင်ခြမ်းရှိကျေးရွာများကို အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ စစ်ကောင်စီတပ်၏တိုက်ခိုက်မှုအတွင်း Southern YSO အဖွဲ့ ၏ စခန်းငယ်တခုနှင့်အတူ နောက်ထပ် ကာကွယ်ရေးအဖွဲ့တခု၏ စခန်းတခု စီးနင်းခံခဲ့ရကြောင်း ကိုအောင်မောင်းက ပြော သည်။

 

၄။ တနင်္သာရီတိုင်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့်ယာဉ်တန်း တိုက်ခိုက်ခံရ

 

မေ ၂၁ ၊ DVB

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တုံးဗျောကြီးစခန်းမှ လသာရွာဘက် ခြေလျင်တက်လာတဲ့ စစ်ကောင်စီလမ်း ကင်းအဖွဲ့ကို မေ ၂၀ ရက် မနက် ၆ နာရီခွဲလောက်က အင်းဝတံတားအနီးမှာ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပုလောပကဖအဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အဆိုပါနေ့ မနက် ၁၁ နာရီခွဲမှာလည်း မြိတ်ဘက်ကလာတဲ့ စစ်ကောင်စီ ကား ၁၁ စီးပါ ယာဉ်တန်းကို လသာရွာအနီးမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ ကား ၂ စီး ထိခိုက်ပျက်စီးခဲ့ပြီး ရှေ့ဆက်မသွားဘဲ တပ်ရင်းကို ပြန်ဆုတ်ခွာခဲ့ရတယ် လို့ ပြောပါတယ်။တဆက်တည်းမှာပဲ မွန်းတည့် ၁၁ နာရီ ၅၅ မိနစ်ခန့်မှာ အဆိုပါယာဉ်တန်းကို ကန်းတိုရွာအနီးမှာ တနင်္သာရီရိုးမအဖွဲ့က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၂ နာရီကျော်လောက်မှာလည်း ဘန်းလမွတ်ရွာအနီးမှာ တောပုန်း ကြီးအဖွဲ့က ဆက်လက် မိုင်းဆွဲတိုက်ခိုက်တယ်လို့ ပြောပါတယ်။

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၅။ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ စစ်​ကောင်စီ ဖွဲ့စည်း

 

မေ ၂၁ ၊ Mizzima

 

ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ပြန်တမ်း တွင်ပါရှိသည်။ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်နိုင်ရန် ဦးဆောင်အဖွဲ့ကို ဧပြီ ၂၄ ရက်နေ့ကတည်းကဖွဲ့စည်းကြောင်း မေလ ၁၇ ရက်နေ့ထုတ် ပြန်တမ်းတွင် ဖော်ပြထားသည်။ ဧရာဝတီမြစ်ဆုံ - မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့အနေဖြင့် တရုတ်အစိုးရပိုင် SPIC Yunnan International Power Investment Co., Ltd (SPICYN)၏ ဦးဆောင်အဖွဲ့နှင့်အတူ ပူးပေါင်း၍ လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ယခု ဦး​ဆောင်အဖွဲ့က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား စီမံကိန်းကိစ္စများ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက် အကူပြုနိုင်ရန်လည်း လုပ်ဆောင်သွားမည်ဖြစ်​ကြောင်း လုပ်ငန်းတာဝန်တွင် ​ဖော်ပြထားသည်။

ထို့ပြင် SPICYN ၏ ဦးဆောင်အဖွဲ့နှင့် ပူးပေါင်းပြီး ဧရာဝတီမြစ်ဆုံ - မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း၏ အဓိကကိစ္စ ရပ်များအပေါ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့အား လမ်းညွှန်မှုပေးခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းကိုလည်း ဆောင်ရွက်မည်ဖြစ်​ကြောင်း ပါရှိသည်။ဦး​​​ဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ တင်ပြရမည်ဖြစ်​ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းကို စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ မြစ်ဆုံစီမံကိန်း စာချုပ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် သဘောတူညီချက်မှာ အစိုးရအဆက်ဆက်က အထူးလျို့ဝှက်ချက်အဖြစ်ထားရှိသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ မေခနှင့် မလိခတို့ပေါင်းစုံရာ မြစ်ဆုံနေရာနှင့် မြစ်လက်တက်များပေါ်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်မည့် ရေကာတာ ခုနှစ်ခုကို တရုတ် နိုင်ငံက တည်ဆောက်အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်ကြောင်း ISP Myanmar ၏ ၂၀၂၀ ခုနှစ် အောက်တိုဘာလ အတွင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။စီမံကိန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော စစ်ကိုင်းငလျင်ပြတ်ရွေ့ ကြောနှင့် မိုင် ၆၀ ခန့်သာဝေးရာ ငလျင်လှုပ်ပါက ရေကာတာပြိုကျနိုင်သည့် အန္တရာယ်ရှိကြောင်း ပညာရှင်များက‌ သတိပေး ထားကြသည်လည်းရှိသည်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၆။ ကော့ကရိတ်မှာ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သားလေးဦး သတ်ဖြတ်ခံရ

 

မေ ၂၁ ၊ The Irrawaddy

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဖူ့ချိမူ စစ်ကောင်စီတပ်စခန်းကနေ စွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား 0တွေဟာ မေလ ၁၉ ရက်နေ့က ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် အရပ်သားလေးဦးကို ပစ်ခတ်သတ်ဖြတ်သွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဖူ့ချိမူတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်း တပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် မေလ ၁၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေက သူတို့သယ်ဆောင်နိုင်တဲ့ လက်နက်တွေကလွဲလို့ စခန်းမှာကျန်နေတဲ့ လက်နက်ခဲယမ်းအားလုံးကို ဖျက်ဆီးပြီး စခန်းကို စွန့်ခွာ ထွက်ပြေးသွားကြတာ လို့ ဆိုပါတယ်။ အဲဒီနောက် ထိုင်း-မြန်မာနယ်စပ်ဘက်ကို ထွက်ပြေးရာမှာ လမ်းမှာတွေ့တဲ့ အရပ်သားလေးဦးကို ပစ်ခတ် သတ်ဖြတ်သွားတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။“ဖူ့ချိမူ စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား တွေက ကိုယ်ဝန်ဆောင်မိခင်အပါအဝင် လေးဦးကို ပစ်သတ်သွားတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား သုံးဦးကို သတ်သွားပါတယ်”။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့် ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိ ပါဘူး။

 

၇။ မောင်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

 

မေ ၂၁ ၊ RFA

 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့အနီးက ရွှေဗဟိုနဲ့ ဗောဓိကုန်းကျေးရွာတွေကို စစ်ကောင်စီတပ်က မေလ ၂၁ ရက် ဒီနေ့မနက်ပိုင်းမှာ လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ မောင်တောမြို့အဝင်လမ်း လေးမိုင်ကျေးရွာ အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၂) နယ်ခြားစောင့်တပ်ကို ရက္ခိုင့်တပ်တော် (AA) က မေ ၂၀ ရက် မနေ့ကစလို့ ထိုးစစ် ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။ အဲဒီတိုက်ပွဲနဲ့ဆက်နွှယ်ပြီး စစ်ကောင်စီတပ်က ဒီနေ့မနက် လေးနာရီလောက်က ကျေးရွာနှစ်ရွာကို ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။ “ရွှေဗဟိုမှာ မိန်းကလေး တစ်ယောက်သေတယ်။ သူက အဲဒီရွာမှာ စစ်ဘေးရှောင်နေတာ၊ တက္ကသိုလ်ကျောင်းသူ။ ရှောင်နေကြတဲ့ မိသားစုတစ်စုလုံး ဒဏ်ရာရသွားတယ်။ အဲဒီဘက်မှာ တိုက်ပွဲက မရှိဘူး။ မရှိဘူး ဆိုပေမဲ့ လေးမိုင်ကိုတော့ အေအေက တိုက်နေတယ်။ အဲဒီနေရာနဲ့ ပတ်ဝန်းကျင်ရွာတွေကို ဗုံးကြဲတာ”

မနက် လေးနာရီ လူအိပ်နေချိန် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေ ပိုများခဲ့တာလို့လည်း သူက ပြောပါ တယ်။ သေဆုံးသွားသူကတော့ မောင်တောမြို့ ကရုဏာကွန်ရက် ပရဟိတအသင်းမှာ လုပ်ကိုင်နေတဲ့ အမှတ် (၃) ရပ်ကွက် ဝိမရကျေးရွာက အသက် ၂၂ နှစ်အရွယ် ပန်းအိဖြူဖြစ်ပါတယ်။ သူဟာ တိုက်ပွဲတွေကြောင့် သူတို့ကျေးရွာကနေ ရွှေဗဟို ကျေးရွာကို မိသားစုဝင်တွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရရှိသွားသူတွေကတော့ တိုက်ပွဲတွေကြောင့် ရွှေဗဟိုကျေးရွာက အသက် ၇၁ နှစ်အရွယ် ဦးကျော်ညွန့်ဖြူ၊ တိုက်ပွဲတွေကြောင့် မောင်တောမြို့ပေါ်ကနေ ရွှေဗဟိုကျေးရွာမှာ ထွက်ပြေးခိုလှုံနေတဲ့ အသက် ၂၉ နှစ်အရွယ် မမေသဇင်ထွန်းနဲ့ ကိုကျော်ကျော်နိုင်၊ အသက် ၆၂ နှစ်အရွယ် ဦးဖြူထွန်း၊ အသက် ၅ နှစ်အရွယ် မောင်နိုင်သုတဖြိုး၊ အသက် ၄၅ နှစ်အရွယ် ဦးကျော်သိန်းခိုင်နဲ့ ဗောဓိကုန်းကျေးရွာက အသက် ၄၄ နှစ်အရွယ် ဒေါ်လှစိန်ဦး၊ အသက် ၂၈ နှစ်အရွယ် ကိုစိန်သန်းမောင်၊ အသက် ၅၀ အရွယ် ဦးမောင်စိန်လှ၊ အသက် ၂၄ နှစ်အရွယ် ကိုထွန်းနိုင်စိုး၊ အသက် ၄၂ အရွယ် ဦးရွှေဖြူသန်းတို့ဖြစ်ပါတယ်။

 

၈။ မြစ်ကြီးနားမြို့ပေါ် ည၁၀နာရီကျော် အပြင်ထွက်သူများကို ပစ်ခတ်ရန် စစ်ကောင်စီ အမိန့်ပေးထား

 

မေ ၂၁ ၊ Myanmar Pressphoto Agency

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် ည၁၀နာရီနောက်ပိုင်း အပြင်ထွက်သူများကို စစ်ဆေးမေးမြန်းစရာမလိုဘဲ ပစ်ခတ် ရန် စစ်ကောင်စီက အမိန့်ပေးထားကြောင်း သိရသည်။ မေလ၂၀ ရက်မှစတင်ကာ ည၁၀နာရီနောက်ပိုင်း အပြင်ထွက်သူများ ကို ပစ်မိန့်ပေးထားသည်ဟု စစ်ကောင်စီက အုပ်ချုပ်ရေးမှူးများအား နှုတ်ဖြင့် ပြောကြားထားကြောင်း ဒေသခံအချို့ထံက သိရသည်။"စာထုတ်တာမျိုးမဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးတွေဆီကနေတစ်ဆင့် ခေါ်ပြောတာပေါ့။ အုပ်ချုပ်ရေးမှူးတွေ လည်း ည ၁၀ နာရီနောက်ပိုင်းအပြင်မထွက်နဲ့။ ထွက်လို့ တစ်စုံတစ်ရာဖြစ်ရင် တာဝန်မယူ ပေးဘူးဆိုပြီးပြောနေတာ" ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက MPAသို့ ပြောသည်။ မေလ ၁၇ ရက်ညမှစတင်ကာ ၂၀ရက် ညအထိ စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များကို ကျော်ကာ လက်နက်ကြီး ပစ်ခတ်မှုများရှိကြောင်း သိရသည်။

"ပစ်တာကတော့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ကနေပစ်တာ။ပစ်တော့ မြို့ပေါ်ရပ်ကွက် ရမ်ပူ၊အောင်နန်းရပ်ကွက်တွေကို ကျော်ပြီးတော့ ဝိုင်းမော်ဘက်ကိုသွားကျတာ" ဟု ရမ်ပူရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။

မြစ်ကြီးနားမြို့ပေါ်တွင် စစ်ကောင်စီတပ်က ကားနှင့်ဆိုင်ကယ်များကို ရှောင်တခင် စစ်ဆေးခြင်းများရှိနေပြီး ဖမ်းဆီးခံရသူ ရှိသည်ဟု မကြားမိသေးကြောင်း ၎င်းက ဆိုသည်။

 

၉။ သံတွဲမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

 

မေ ၂၁ ၊ RFA

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ခမောင်းတုန်းရွာမှာ မေလ ၂၀ ရက်နေ့က စစ်ကောင်စီရေတပ် စစ်ရေယာဉ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် အရပ်သား တစ်ဦးလည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ပြင်းထန်နေချိန် စစ်ရေယာဉ်ကနေ လက်နက်ကြီးပစ်ကူပေးရာမှာ ရပ်ရွာတွေထဲ ကျရောက်ပေါက်ကွဲလို့ အရပ်သားတွေ ထိခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က ရွှေလှေဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ စစ်တပ်က လည်း ရေတပ်ကရော၊ နေဗီ (စစ်ရေယာဉ်) ကရော လက်နက်ကြီးနဲ့ ပစ်ကူပေးတာပေါ့။ အဲဒီမှာ လက်နက်ကြီးတစ်လုံးက ခမောင်းတုန်းရွာထဲကိုကျတာ။ ကလေးတစ်ယောက် သေသွားတယ်။ လူကြီးတစ်ယောက်လည်း ဒဏ်ရာရသွားတယ်”

ဒီနေ့မှာလည်း လက်နက်ကြီးပစ်ခတ်သံတွေ အဆက်အပြတ်ကြားနေရတယ်လို့ သူကဆိုပါတယ်။

သံတွဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု တွေ အဆက်မပြတ်လုပ်လာတာပါ။ မေလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် သံတွဲ မြို့နယ် လင်းသီရွာက ရွာသားကိုးဦးနဲ့ ရွှေလှေရွာက ရွာသားတစ်ဦး သေဆုံးခဲ့သလို မေလ ၁၈ ရက်နေ့ လေကြောင်း တိုက်ခိုက်မှုမှာလည်း နတ်မော်တောင်ရွာက ရွာသားကိုးဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

 

၁၀။ ရွှေဘိုမြို့ မိချောင်းပင်ရွာထဲသို့ စစ်တပ်လက်နက်ကြီးဖြင့်ပစ်၊ အရပ်သားနှစ်ဦးသေဆုံး

 

မေ ၂၁ ၊ Myanmar Now

 

ရွှေဘိုမြို့နယ် အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်ကောင်စီတပ်သည် ၎င်းတို့အနီးအနားရှိ မိချောင်းပင်ရွာထဲသို့ ယနေ့ (မေ ၂၁) နေ့ခင်းက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားနှစ်ဦးပွဲချင်းပြီး သေဆုံးသွား ကြောင်းသိရသည်။ စစ်ကောင်စီတပ်သည် မိချောင်းပင်ရွာထဲသို့ အနည်းဆုံးလက်နက်ကြီးကျည် ခုနှစ်ခုထက်မနည်းပစ်ခဲ့ ခြင်းဖြစ်ပြီး ၎င်းတို့ထဲမှအချို့သည် လူနေအိမ်များထဲသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။

“၆လုံးက ရွာအပြင်ကိုကျတာ၊ တစ်လုံးက အိမ်ပေါ်ကျတော့ သုံးယောက်ထိသွားတာ၊ နှစ်ယောက်ကတော့ ပွဲချင်းပြီး သေသွားတာ” ဟု ရွှေဘိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။သေဆုံးသူများမှာ အသက် ၁၆ နှစ်အရွ​ယ်မနှင်းနှင်း နှင့် အသက် ၄၀ အရွယ်ကိုမော်လီဌေး တို့ဖြစ်ကြပြီး အခြားမိသားစုဝင်တစ်ဦးလည်း အပြင်းအထန် ဒဏ်ရာရ ရှိသွားကြောင်း သိရသည်။ မြေပြင်တွင် တိုက်ပွဲများမရှိသော်လည်း ကျေးရွာကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းသဖြင့် စစ်တပ်က လာရောက်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း မိချောင်းပင်ရွာမှာ ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

မြေပြင် စစ်ကြောင်းထိုးလာမည်ကို စိုးရိမ်သဖြင့် ဒေသခံများ ရွာလုံးကျွတ် ကြိုတင် တိမ်းရှောင်နေပြီးဖြစ်သည်ဟုဆိုသည်။


 

 

 

 

74 views0 comments

Comments


bottom of page