နေ့စဉ်သတင်းစုစည်းမှု
22-May-2024
တိုက်ပွဲသတင်း
၁။ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တွဲကားယာဥ်တန်းနဲ့ Jammerကားတစ်စီးကို နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်၊ ရန်သူ ၃ ဦး သေဆုံး
မေ ၂၂ ၊ PVTV
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တွဲကားယာဥ်တန်းနဲ့ Jammer ကား တစ်စီးကို မေ ၂၁ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်တပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ People's Defence Force - South Monywa-V4မှ ထုတ်ပြန်လိုက်ပါတယ်။ ချောင်းဦးမြို့နယ်၊ နတ်ရေကန်အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်က ချောင်းဦးဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ Jammerကား တစ်စီးကို မေ ၂၁ ရက် မနက် ၈ နာရီ ၃၀ မိနစ်မှာ ချောင်းဦးနဲ့ ငါးယှဥ်ကြားမှာ ပဒေသာမိုင်း ၃ လုံးနဲ့ ဦးစွာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကိုင်းမှထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တွဲကား ၁၇ စီးအနက် အကြမ်းဖက်တပ်သားတွေ လိုက်ပါလာတဲ့ ၅ စီးမြောက် တွဲကားကိုလည်း မနက် ၉ နာရီ ၅၀ မိနစ်မှာ ဒုတိယအကြိမ်အဖြစ် ချောင်းဦးနဲ့ ငါးယှဥ်ကြားမှာ ပဒေသာမိုင်း ၅ လုံးနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ချိန်မှာ မိုင်းပွိုင့်အနီး ကင်းပတ်နေတဲ့ အကြမ်း ဖက်တပ်သားတွေပါထိပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ တိကျခိုင်မာတဲ့ မြေပြင်သတင်းရင်းမြစ်တွေမှတဆင့် သိရတယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင်အမှတ်(၁၁) တပ်ရင်းဖြစ်တဲ့
People's Defence Force - South Monywa တပ်ခွဲ (၁) နဲ့အတူ နွေဦးလူငယ်People's Defence Force၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram၊ မြန်မာအစ္စလာမ် အထူးကွန်မန်ဒိုတပ်ဖွဲ့စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
၂။ ချောင်ဦးတွင် စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ
မေ ၂၂ ၊ Mizzima
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ မီးသတ်ရုံးမှ စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရခဲ့ကြောင်း Brave Heart Army(BHA) က ယနေ့ (မေလ ၂၂ ရက်) ထုတ်ပြန်သည်။
ချောင်းဦးမီးသတ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်အနက် သုံးဦးသည် မုံရွာဘက်မှထွက်ခွာလာသည့် ကြေးနီသယ်ကားများလုံခြုံရေးပေးရန်နှင့် မိုင်းရှင်းရန်ထွက်လာစဥ် မေလ ၂၁ ရက် နေ့က တိုက်ခိုက်ခံရခြင်းဖြစ် သည်။“ကျနော်တို့ သူတို့ထွက်လာတာသိလို့ ချုံခိုတိုက်ခဲ့တာပါ။ နှစ်ယောက်သေပြီး သူတို့ရဲ့သေနတ်တွေကိုယူပြီး ဆုတ်ခဲ့ ကြတာပါ” ဟု BHA တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။
ပစ်ခတ်တိုက်ခိုက်မှု ၁၀ မိနစ်အတွင်း စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး ၎င်းတို့ကိုင်ဆောင်သော MA 11 သေနတ်နှစ်လက်၊ ကျည်ဘောက်သုံးခု၊ လက်ပစ်ဗုံးတလုံး၊ ကျည်ဆန် ၄၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသန်း ပစ်ခတ်ခဲ့ပြီး အနီးနားရှိ လက်ဖက်ရည်ဆိုင်ကို မီးရှို့ခဲ့ကြောင်း BHA တာဝန်ရှိသူက ဆက်ပြောသည်။ ယခုစစ်ဆင်ရေးဖော်ဆောင်နိုင်ရေး အတွက် သေနတ်ငှားပေးသည့် Monywa Special ဒိတ်ဒိတ်ကြဲနှင့် Youth Revolution Attack Force တို့အား ကျေးဇူး တင်ကြောင်း BHA က ထုတ်ပြန်အသိပေးထားသည်။
၃။ မြိတ်တွင် စစ်ကောင်စီတပ် ယာဉ်တန်းမိုင်းဆွဲခံရ၊ အမျိုးသမီးအပါအဝင် ၆ ဦးကိုဖမ်းဆီး
မေ ၂၂ ၊ Mizzima
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ မြိတ်နှင့် တနင်္သာရီမြို့နယ်တို့ရှိ ကျေးရွာနှစ်ရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းက လုံခြုံရေးအပြည့်ဖြင့် စစ်ကောင်စီတပ် ရိက္ခာယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး တဦးအပါအဝင် ဒေသခံခြောက်ဦး ရိုက်နှက် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ မေ ၂၀ ရက်နေ့ မနက်ပိုင်းက မြိတ်မှ တနင်္သာရီဖက်သို့ တက်လာသည့် စစ်ကောင်စီတပ် ရိက္ခာယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့စည်းတခုက လသာရွာအနီး မိုင်းဆွဲတိုက်ခိုက်ရာ မြိတ်မြို့ရှိ လသာရွာနှင့် တနင်္သာရီမြို့နယ် ရမ်းဖိုရွာကျေးရွာတို့က အမျိုးသမီး တဦးအပါဝင် ဒေသခံ ခြောက်ဦးကို စစ်ကောင်စီတပ်က လမ်းပေါ်တွင် ရိုက်နှက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရ သည်။ “အရပ်သားတွေ ဖမ်းဆီးခံရတာက စစ်ကား ယာဉ်တန်း မိုင်းဆွဲခံရတဲ့အနီးမှာ ရှိနေချိန် မသင်္ကာမှုနဲ့ ရိုက်နှက် ဖမ်းဆီး သွားတာဖြစ်တယ်”ဟု ဒေသခံ အမျိုးသား တဦးက ပြောသည်။ အဆိုပါ ဖမ်းဆီးခံ ဒေသခံ ခြောက်ဦးသည် မြို့ပေါ်သို့ စျေးဝယ်ရန် ထွက်လာသူများ၊ ရာဘာခြံအလုပ်သမားများနှင့် ကျေးရွာနေ ဒေသခံပြည်သူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဒေသခံများ၏ ပြောကြားချက်များအရ ရိက္ခာသယ်ဆောင်လာသည့် ယာဉ်တန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ နီးပါး ပါရှိပြီး မြိတ်မြို့မှ အရှေ့မော်တုန်းရွာ အခြေစိုက် အမြောက်တပ်ရင်း အမတ (၃၀၆) ကို ရိက္ခာများ သွားရောက်ပို့ဆောင်သည့်ယာဉ်တန်း ဖြစ်ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ ဘန်လမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုကျေးရွာတွင် ပြီးခဲ့သည့် မေ ၁၉ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
၄။ စစ်တပ်က လိုင်ဇာကို လေယာဉ်ဖြင့် ဗုံးကြဲ၊ တရုတ်ဘက်သို့ နယ်နမိတ်ကျော်သွားသည့် ဂျက်ဖိုက်တာများ ပစ်ခတ်ခံရ
မေ ၂၂ ၊ Myanmar Pressphoto Agency
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ ရွှေညောင်ပင်အခြေစိုက် ခမရ - ၃၂၁ တပ်စခန်းကို ၂၀၂၄ခုနှစ်၊ မေလ ၂၁ ရက်၊ ည ၈နာရီ ကျော်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နောက် စစ်ကောင်စီက လိုင်ဇာမြို့ကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ခုနှစ်၊ မေလ ၂၁ရက်၊ ည ၁၁ နာရီ ဝန်းကျင်တွင် KIA/KIO ဌာနချုပ်၊ လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာဖြင့် သုံးကြိမ်တိတိ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။"ဂျက်ဖိုက်တာနဲ့လာကြဲတာ၊ လိုင်ဇာအနီးတစ်ဝိုက်ကိုကြဲတာ"ဟု လိုင်ဇာဒေသခံတစ်ဦးက ဆို သည်။ ထိုကဲ့သို့ လိုင်ဇာမြို့သို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲရာတွင် ဂျက်ဖိုက်တာတစ်စင်းသည် တရုတ်နိုင်ငံ နယ်နမိတ်အတွင်းသို့ ရောက်ရှိခဲ့သဖြင့် တရုတ်နိုင်ငံ ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
"အရင်က လိုင်ဇာကို လာကြဲရင် တရုတ်ဘက်ကိုလေယာဥ်ကျော်ပြီးမှ ကြဲတာ၊ အခု တရုတ်က သူတို့ဘက်ကို နယ်မြေအကျော်မခံတော့ဘူး။ နောက်တစ်ခါ နယ်မြေကျော်ရင် ပစ်ချမယ့်အနေအထားရှိတယ်။ မနေ့ကတော့ ခြောက်လှန့်ပစ်တဲ့ အနေအထားလောက်ပဲရှိတယ်" ဟု KIAနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ရွှေညောင်ပင်အခြေစိုက် ခမရ -၃၂၁ တပ်စခန်းကို KIA၊ AAနှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ခုနှစ်၊ မေ ၁၈ ရက်နေ့ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မေလ ၂၁ ရက်တွင် အပြီးသတ်သိမ်းပိုက်လိုက်နိုင်ခြင်း ဖြစ်သည်။
၅။ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် စစ်ကူလာသည့် စစ်ကြောင်း နှစ်ရက်ဆက်တိုက်ခိုက်ခံရပြီး စစ်သား လေးဦးသေဆုံး
မေ ၂၂ ၊ Myanmar Pressphoto Agency
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် အဆိုပါ စစ်ဆေးရေးဂိတ်သို့ စစ်ကူလာသည့် စစ်ကြောင်း ကို နှစ်ရက်ဆက်တိုက်ခိုက်ရာ စစ်သားလေးဦး သေဆုံးခဲ့ကြောင်း ဗထူးတပ်မတော်ထံမှ သိရသည်။၂၀၂၄ ခုနှစ်၊ မေ ၁၉ ရက်၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ကားဖြင့် အနီးကပ်ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဗထူးတပ်မတော်က မေ ၂၀ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
ထို့နောက် မေ ၂၀ ရက်၊ ည ၁၂ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ ဇဟာအမြှောက်တပ်မှ ဘုရားမဲစစ်ဆေးရေး ဂိတ်သို့ စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဗထူးတပ်မတော်မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ထက်မြက်ကပြောသည်။ "စစ်ဆေးရေးဂိတ်မှာက အင်အား ၃၀ လောက်ရှိတယ်။ အနီးကပ်ပစ်တာဆိုတော့ နှစ်ယောက် ပွဲချင်းပြီးပဲ၊ သေဆုံးသွားတဲ့ အလောင်းတွေကို လာသယ်တဲ့ စစ်ကြောင်းနဲ့ နောက်တစ်နေ့မှာ ထိတွေ့မှုထပ်ဖြစ်တယ်။ နှစ်ယောက်ထက် မနည်းသေတယ်" ဟု ရဲဘော် ထက်မြက်က ပြောသည်။ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် သေဆုံးသွား သည့် စစ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူများကို ဇယာကျေးရွာရှိ အမြှောက်တပ်သို့ ခေါ်ဆောင်ကာ စစ်ကြောင်းလည်း ဆုတ်ခွာသွားကြောင်း ထားဝယ်မြို့ ဒေသခံတစ်ဦးထံမှ သိရသည်။
၆။ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းနှင့်စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၁ ဦးသေဆုံး
မေလ ၂၂ ၊ D Day News
မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ရဲ ၂၁ ဦးခန့် သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ မေလ ၁၈ ရက် နံနက် ၅ နာရီဝန်းကျင်မှစ၍ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းအား တော်လှန်ရေး တပ်ဖွဲ့များမှ RPG ၊ လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ၂ နာရီ ကြာတိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ် ဘန်ကာ ၃ ခုကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ၁၁ ဦးသေဆုံးခဲ့ကြောင်း Midland Dolphins Column-MLDC - မြေလတ် လင်းပိုင် စစ်ကြောင်းက ထုတ်ပြန်ထားသည်။ ယင်းတိုက်ခိုက်မှုအတွင်း သေနတ် အဆင်မပြေမှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကျည်အင်အား မလုံလောက်မှုနှင့် စစ်ကူအင်အား အလွန်များပြားစွာရောက်ရှိလာမှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။ ထို့အပြင် ယင်းရဲစခန်းကို စစ်ကူပေး တက်တူတမံလမ်းဘက်မှ တက်လာသည့် ယာဉ်တန်း ကို ဖြတ်တောက်တိုက်ခိုကရေးတပ်ဖွဲ့မှ ယာဉ်တန်း၏ ရှေ့ဆုံးကားကို မိုင်းဆွဲပြီး ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်း က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုများကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ၊အမှတ် ၁ တပ်ရင်း ၊ အမှတ် ၄ တပ်ရင်း ၊ စလင်းမြို့နယ် ပကဖ ၊ GZ ARMY ၊ MLDCမြေလတ်လင်းပိုင်စစ်ကြောင်း ၊ SLN (PDF) ၊ ဒေါင်းစစ်အောင် Local (PDF) နှင့် မိုးကြိုး ပြောက်ကျား စသော မဟာမိတ်တပ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၇။ ပအိုဝ်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတယ်လို့ PNLAထုတ်ပြန်
မေ ၂၂ ၊ PVTV
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက ပအိုဝ်းဒေသဖြစ်တဲ့ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် အပါအဝင် ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးပြီး ပြည်သူ့နေအိမ်တွေကို ဖျက်ဆီးနေတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)မှ ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ် အဖွဲ့တွေက မေ ၁၅ ရက်၊ ၁၆ ရက်နဲ့ ၁၇ ရက် စုစုပေါင်း သုံးရက်တိုင်တိုင် ဆီဆိုင်မြို့နယ်၊ ထီဗွာ(ရေဖြူ)ကျေးရွာရှိ ဒေသခံ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၄ လုံး ထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါ တယ်။ လက်ရှိအချိန်ထိလည်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက ထီဗွာကျေးရွာ အတွင်း တပ်စွဲနေထိုင်ပြီး ဒေသခံပြည်သူတွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ခိုးယူသတ်ဖြတ် စားသောက်နေကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာနဲ့ ကောင်ဝိန်းကြီးကျေးရွာထဲကို မေ ၁၆ ရက်နဲ့ ၁၇ ရက် မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နောင်ကျောကျေးရွာရှိ နေအိမ် ၁၀ အိမ် ထက်မနည်းနဲ့ ကောင်ဝိန်းကြီးကျေးရွာရှိ နေအိမ် ၈ အိမ် ထက်မနည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက ရောက်လေရာ ကျေးရွာတွေမှာ ဒေသခံ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူသယ်ဆောင်နေလျက်ရှိပြီး ကားတွေ၊ ဆိုင်ကယ်တွေ အပြင် ကုန်စုံဆိုင် အတွင်းရှိ ပစ္စည်းတွေကိုလည်း သိမ်းယူနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၈။ မင်းတပ်တွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်
မေ ၂၂ ၊ Mizzima
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ်(၂) အထက်ပိုင်းက ကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး ရော့ကက်များနှင့် စက်သေနတ်များဖြင့် သုံးကြိမ်တိတိလာရောက်ပစ်ခတ်သွားကြောင်း မင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများထံမှသိရသည်။ယနေ့( မေလ ၂၂ ရက် )မွန်းတည့် ၁၂ နာရီတိတိတွင် မင်းတပ်မြို့အနီး တနေရာ(တိုက်နယ်အမှတ်-၂ တောထဲ)ကို တံတားဦးမှတက်လာသည့် ဂျက်ဖိုက်တာဖြင့်ပေါင် ၅၀၀ ဗုံး ကြဲပြီး ရော့ကက်၊ စက်သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံထံမှသိရသည်။ “သုံးကြိမ်တိတိ ဗုံးကြဲ၊ ရော့ကက်တွေပစ်၊ စက်သေနတ်နဲ့ ပစ်ပါတယ်။ ပြည်သူထိခိုက်တာ၊ နေအိမ်ထိခိုက်ပျက်စီးတာ မရှိပါဘူး။ တိုက်နယ် အမှတ် (၂)အထက်ပိုင်းကို တိုက်ခိုက်တာပါ။” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူမှ မဇ္စျိမကို ပြော သည်။ ထို့အပြင် ယနေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် နောက်ထပ် ဂျက်ဖိုက်တာတစီးမှ ပေါင် ၅၀၀ ဗုံးနှင့် ရော့ကက် ပွိုင့်ဖိုက်များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။ ယနေ့ တနေ့ထဲတွင်ပင် မင်းတပ် မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ( ၂၇၄) တပ်ရင်းမှလည်း အဆိုပါနေရာ ဝန်းကျင်ကို မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်နှင့် ၁နာရီအချိန်ခန့်တွင် ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၉။ ပလက်ဝတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံး
မေ ၂၂ ၊ DVB
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တရွန်အိုင်ကျေးရွာကို စစ်ကောင်စီက မေ ၂၁ ရက် ညနေပိုင်းမှာ ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးတွေ အပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရွန်အိုင်ကျေးရွာကို မနေ့ညနေ ၄ နာခွဲမှာတကြိမ်၊ ၄ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ တကြိမ်နဲ့ ၅ နာရီကျော်မှာတကြိမ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသားတွေ နဲ့ ဈေးဝယ်၊ ဈေးရောင်း လုပ်နေသူ ၅ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၀ ဦးအထိ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပလက်ဝဒေသခံ တဦးက ပြောပါတယ်။“မနေ့က ညနေ ဈေးကျနေတဲ့အချိန်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လာပြီးတော့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်။ တကြိမ်နဲ့တကြိမ်က ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲ ကွာတာ။ သေဆုံးသွားတာကတော့ ၅ ဦးရှိတယ်။ ထိခိုက်ဒဏ်ရာရရှိသွားတာက ၁၀ ဦးရှိတယ်။ အသက်မပြည့်သေးတဲ့ ကလေးက ၄ ဦးအထိ ပါတယ်။ တဦးက သေသွားတယ်။ နောက် ၃ ဦးက ဒဏ်ရာရသွားတာ။ ဈေးကျနေချိန်မှာ ဈေးကို တမင်ရည်ရွယ်ပြီး လာပစ်သွားတာ။”
လက်ရှိမှာ ဒဏ်ရာရရှိသွားသူတွေ ဆေးကုသမှုခံယူနေကြပြီး ဒဏ်ရာပြင်းထန်သူတချို့ ပါတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွား သူတွေမှာ ဦးမောင်သိန်းနိုင် (၃၁ နှစ်)၊ ဦးအောင်ထွန်း (၆၇ နှစ်)၊ မစန္ဒာ (၁၇ နှစ်)၊ ဒေါ်လှခိုင်ဦး (၄၇ နှစ်)၊ ဦးအောင် ကျော်ညွှန့် (၃၃ နှစ်) တို့ ဖြစ်ကြပါတယ်။
၁၀။ တနင်္သာရီက မြို့နယ်သုံးခုမှာ တစ်ပတ်အတွင်း ဒေသခံ ၁၇ ဦး ဖမ်းဆီးခံရ
မေ ၂၂ ၊ RFA
တနင်္သာရီတိုင်း၊ ထားဝယ်၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ တစ်ပတ်အတွင်း အရပ်သား ၁၇ ဦးအထိ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက မေလ ၂၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။ မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာရှိတဲ့ လသာရွာနဲ့ ရမ်းဖိုရွာတွေက ဒေသခံခြောက်ဦးကို မေလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ထားဝယ်မြို့ပေါ်မှာတော့ အရပ်သား ၁၁ ဦးကို အခုတစ်ပတ်တွင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က မသင်္ကာတဲ့လူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကိုထောက်ပံ့တယ်လို့ ယူဆရတဲ့သူတွေကို လိုက်လံဖမ်းဆီးခဲ့တာလို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီရဲ့ ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက RFA ကိုပြောပါတယ်။ “တိုက်ပွဲက ခပ်စိပ်စိပ်ဖြစ်လာတဲ့အခါ သူတို့ မသင်္ကာတဲ့သူတွေကို ထောက်ပို့လုပ်နေတယ်၊ PDF တွေ ကို ကူညီနေတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းတယ်။ သူတို့ဖမ်းပြီးတာနဲ့ ဖုန်းတွေစစ်တယ်။ စစ်တဲ့အခါ မသင်္ကာ စရာတွေတွေ့ရင် ပြန်မလွှတ်ဘဲနဲ့ သက်ဆိုင်ရာနေရာကိုပို့ပြီး ဖမ်းလိုက်တယ်။ တချို့တွေဆိုရင်လည်း ပိုက်ဆံနဲ့ ပြန်ထုတ် ခိုင်းတာရှိတယ်။ တချို့နေရာတွေမှာဆိုရင် ပေါ်တာဆွဲသလို သူတို့လက်နက်ခဲယမ်းတွေ ထမ်းခိုင်းတယ်”
ထားဝယ်မြို့မှာတော့ အိမ်ရှေ့ပြင်ရပ်ကွက်က အမျိုးသားသုံးဦး၊ ဗျောတော၀ရပ်ကွက်က လူငယ်ခြောက်ဦးနဲ့ ထားဝယ်မြို့ ပေါ်က ဇနီးမောင်နှံနှစ်ဦးတို့ အခုရက်ပိုင်းတွေအတွင်း ဖမ်းဆီးခံရတာလို့ သူကဆိုပါတယ်။
၁၁။ မင်းပြားမှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆယ်ဦးဒဏ်ရာရ
မေ ၂၂ ၊ RFA
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် နရမ်းကားဂိတ်နဲ့ ခေါင်းတုတ်ရွာဟောင်းကို မေ ၂၂ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးကြဲခဲ့လို့ ကိုရင်တစ်ပါးအပါအဝင် ဒေသခံ ဆယ်ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီတိုက်ခိုက်မှုကြောင့် ခေါင်းတုတ်ရွာဟောင်းက ဘုန်းကြီးကျောင်းပျက်စီးသွားပြီး ဒဏ်ရာရသူတွေရဲ့ အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဗုံးနှစ်လုံးလာကြဲတာ။ တစ်လုံးက နရမ်းကားဂိတ်ကို ကြဲတယ်။ နောက်တစ်လုံးက ခေါင်းတုတ်ရွာဟောင်း ဘုန်းကြီးကျောင်းကို ကြဲတယ်။ ကျောင်းက လုံးဝပျက်စီးသွားတယ်။ ကိုရင်တစ်ပါးလည်း ဒဏ်ရာရတယ်။ နရမ်းကားဂိတ်မှာတော့ လူတစ်ဆယ်လောက် ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေက စိုးရိမ်ရတဲ့အခြေအနေတွေ ရှိတယ်”
မေ ၁၅ ရက်နေ့ကလည်း မင်းပြားမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ဥက္ကာပျံရပ်ကွက်က ဘုန်းကြီးကျောင်းပျက်စီးသွားခဲ့သလို ကျောင်းသားတစ်ဦး သေဆုံးပြီး ရဟန်းတစ်ပါးလည်း ဒဏ်ရာရသွားတယ်လို့ သူက ဆိုပါတယ်။
သံတွဲမြို့နယ်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အခုမေလအတွင်း အရပ်သား ၂၃ ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၂။ ရေစကြိုမှာ စစ်ကြောင်းကဖမ်းဆီးထားတဲ့ ဒေသခံခြောက်ဦး သတ်ဖြတ်ခံရ
မေ ၂၂ ၊ RFA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်ထပ်ရွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးထားတဲ့ လူတစ်ရာခန့်ထဲက အမျိုးသားခြောက်ဦးကို သတ်ဖြတ်ခဲ့ပြီး ကျန်တဲ့လူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက မေလ ၂၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။ မေလ ၁၇ ရက်နေ့မှာ ကျောက်ထပ်၊ ဇီးတောနဲ့ သဲတောရွာတွေကို စစ်ကောင်စီ တပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သားတစ်ရာခန့်ကို လေးရက်ကြာ ဖမ်းဆီးထားခဲ့တာ ပါ။ မေလ ၂၀ ရက်နေ့ စစ်ကြောင်းပြန်ထွက်စဉ်မှာတော့ ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသားခြောက်ဦးကို သတ်ဖြတ် သွားတာလို့ ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုဝေကြီးက RFA ကို ပြောပါတယ်။ “စစ်ကြောင်း ၂၀ ရက် နေ့က ပြန်ထွက်သွားတယ်။ ဖမ်းဆီးခံရတဲ့ဒေသခံတွေကိုတော့ ပြန်လွှတ်လိုက်တယ်။ ဖမ်းခံရတဲ့အထဲမှာ ကျောက်ထပ် ရွာက အမျိုးသားခြောက်ဦးကိုသတ်ပြီး ရွာမှာပဲ မီးရှို့ပြီးထားခဲ့တယ်”။ သတ်ဖြတ်ခံလိုက်ရတဲ့ အမျိုးသားခြောက်ဦးရဲ့ ကိုယ်ရေးအချက်အလက်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီတပ်က စတင်ဝင်ရောက်ခဲ့တဲ့ မေလ ၁၇ ရက် နေ့ကလည်း ကျောက်ထပ်ရွာက စေတနာ့ဝန်းထမ်း ကျောင်းဆရာမ ဒေါ်ဝင်းမာကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအပြင် စစ်ကြောင်းဝင်ရောက်စီးနင်းခဲ့တဲ့ ဇီးတောရွာက နေအိမ်ငါးဆယ်ခန့်ကိုလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
Comments