နေ့စဉ်သတင်းစုစည်းမှု
23-May-2024
တိုက်ပွဲသတင်း
၁။ မောင်တောမြို့အနီး ၄ မိုင် နယ်ခြားစောင့်တပ်ကို AA သိမ်းပိုက်
မေ ၂၃ ၊ The Irrawaddy
ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးရှိ ၄ မိုင် အမှတ် ၂ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲ (နခခ ၂) ကို အာရက္ခတပ်တော် (AA) က မေလ ၂၂ ရက် ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် နခခ- ၅ ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သတင်း ရရှိသည်။ နခခ ၅ တပ်စခန်းသည် မောင်တောမြို့အဝင် မြို့သူကြီးရပ်ကွက်၌တည်ရှိကာ ယင်းတပ်စခန်းတွင် လက်ကျန် စစ်ကောင်စီတပ်သားများစုဖွဲ့၍ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၁၅) တပ်မမှူး ရုံးထိုင်ပြီး ဦးစီးကွပ်ကဲ နေကြောင်း AA နှင့် နီးစပ်သည့် ဒေသခံတဦးက ပြောသည်။ ၎င်းက "နခခ ၂ တပ်စခန်းကို မနေ့က ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီ။ နခခ ၂ နဲ့ တပ်မမှူးထိုင်နေတဲ့ နခခ ၅ နဲ့ ၆ ဖာလုံလောက်ပဲကွာ ဝေးတော့ စစ်ကောင်စီဘက်က အဲဒီဘက်ကိုလည်း ပြေးသွားတာရှိတယ်။ အခု နခခ ၅ ကိုလည်း AA က ထိုးစစ်ဆင်ပြီးတော့ ဆက်တိုက်နေတယ်" ဟု ဧရာဝတီသို့ ပြောသည်။ AA သည် ဘူးသီးတောင်မြို့တခုလုံးကိုလည်း အပြီးသတ် သိမ်းပိုက်ရရှိထားကာ လက်ရှိအချိန်တွင် မောင်တောမြို့နယ်အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ မောရဝတီဗျူဟာကုန်း၊ မြင်းလွတ်နယ်ခြားစောင့်စခန်း၊ မြို့သူကြီး နခခ ၅ တပ်စခန်းတို့ကို စစ်ရှိန်မြှင့်၍ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
၂။ မြင်းမူမြို့နယ်၌ ကြေးနီတင်ကား မိုင်းဆွဲခံရ
မေ ၂၃ ၊ Mizzima
စစ်ကိုင်းတိုင်း၊ မြင်းမူမြိုနယ်အတွင်း ကြေးနီများတင်ဆောင်လာသည့် ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်း People Defence Force – South Monywa က ယမန်နေ့(မေလ ၂၂ ရက်)တွင် ထုတ်ပြန်သည်။ ဆားလင်းကြီးမြို့နယ် ၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ကြေးနီတင်တွဲကား ၁၅ စီးအနက် ၁၁ စီးမြောက်ကို မြင်းမူမြို့နယ် ဂွေးပင် တောနှင့် ဘိုးမင်းကြီးကင်းအကြားတွင် မေလ ၂၁ ရက် ညနေ ၄ နာရီ ၄၁ မိနစ် အချိန်တွင် ကာကွယ်ရေးအဖွဲ့များစုပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါယာဥ်တန်းကို ထန်းလုံးမိုင်း အကြီးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ကားကိုထိမှန်ပြီး ခေါင်းခန်းတွင် မီးခိုးများအူ၍ ထိုးရပ်သွားခဲ့သည်ဟု ဆိုသည်။ “မိုင်းထိပြီး ရှေ့နားရောက်တော့ ကားခေါင်းခန်းထဲကနေ မီးခိုးတွေအူပြီးထွက်လာတာ ၊ ကားမောင်းတဲ့ကောင်ထိသွားပုံရတယ် ၊ ကားကိုမထိန်းနိုင်တော့ဘဲ လည်ထွက်လာပြီး ရပ်သွားတာ” ဟု PDF – South Monywa တာဝန်ခံ ဒေါင်းကာရံ က မဇ္စျိမ ကိုပြောသည်။
မိုင်းဆွဲပြီးနောက် ပျက်စီးသွားသည့် ကားအနီးသို့ မြောင်လမ်းခွဲတွင်စခန်းချထားသည့် စစ်ကောင်စီတပ်သားများရောက်ရှိ လာပြီး ဆဲဆိုကြိမ်းမောင်းကာ အနီးဝန်းကျင်အား လက်နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဟု ဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို PDF – South Monywa တပ်ခွဲ(၁) နှင့် နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Myinmu Local Defence Force ၊ Pentagram နှင့် မြန်မာအစ္စလာမ် အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၃။ မုံရွာ၊ ကျီးဗဒုံရွာ၌ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် ရွာအတွင်းအင်အားတိုးတပ်စွဲ
မေ ၂၃ ၊ Mizzima
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျီးဗဒုံရွာကို မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်သည် ကာကွယ်ရေးပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုခံရပြီးနောက် အင်အားတိုးချကာရွာ၌ တပ်စွဲထားကြောင်း ကာကွယ်ရေးရဲဘော်များက ပြောသည်။
မေလ၂၁ ရက် မွန်းလွဲပိုင်းက ကျီးဗဒုံရွာတွင် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းကို ကျီးဗဒုံရပ်ကျေးပကဖနှင့်ဘုတလင်မြို့နယ်ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။သုံး နာရီကျော်ခန့်အထိ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက ပြော သည်။ မြေပြင်တွင်တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီစစ်ကြောင်းအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ လက်နက် ကြီးများပစ်ကူပေးခဲ့သလို အင်အားလည်းတိုးချခဲ့ကြောင်းသိရသည်။မြေပြင်မှ စစ်ကောင်စီစစ်ကြောင်းသည် ထပ်မံရောက်ရှိ လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကျီးဗဒုံရွာတွင် ယနေ့(မေလ ၂၃ ရက်)အထိ တပ်စွဲထားကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ ဒေသခံများသည် ရွာအတွင်းပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေး၍ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမသိရှိရသေးပေ။ တိုက်ပွဲအတွင်း လက်နက်ကြီးအစမှန်သဖြင့်ကာကွယ်ရေး ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၄။ ဖောင်းပြင်နယ်၊ အင်းဝိုင်းကျေးရွာက ပြည်သူ ၉ ဦးကို နေအိမ်နဲ့ ဘုန်းကြီးကျောင်းထဲထည့်ကာ အကြမ်းဖက် စစ်တပ်က ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်
မေ ၂၃ ၊ PVTV
စစ်ကိုင်းတိုင်းအထက်ပိုင်း ဖောင်းပြင်မြို့နယ်၊ အင်ဝိုင်းကျေးရွာက ပြည်သူ ၉ ဦးကို နေအိမ်နဲ့ ဘုန်းကြီးကျောင်းထဲထည့်ကာ အကြမ်းဖက် စစ်တပ်က ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက PVTV ကို ပြောပါတယ်။
အကြမ်းဖက် စစ်သားနဲ့ ပျူတွေဟာ မေ ၁၇ ရက် မနက် ၅ နာရီက အင်ဝိုင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကာ ရွာတွင်းရှိ ပြည်သူများကို ဖမ်းဆီးပြီးတော့ အတင်းအဓမ္မနှိပ် စက်ပြီးဘန်ကာ၊ ကတုတ်ကျင်းများ တူးခိုင်းခဲ့တာ၊ နေပူလှန်းကာရိုက်နှက်စစ်မေးတာ၊ နှိပ်စက်သတ်ဖြတ်တာတွေကို ရက်ရက်စက်စက်ကျူးလွန်ခဲ့ကြတယ်လို့ သိရပါတယ်။
"မနက်စောစော (၅) နာရီလောက်ကို ရွာထဲဝင်လာပြီး ရွာထဲမှာ ကျန်နေတဲ့သူတွေကိုဖမ်းတယ်ဗျ။ အဖမ်းခံရတာက ခန့်မှန်း (၁၀) ဦး လောက်ရှိမယ်။ အဲ့ထဲက အမျိုးသားတွေကိုဘန်ကာတွေ ၊ ကတုတ်ကျင်းတွေ လုပ်ခိုင်းတယ်။ မလုပ်နိုင်တဲ့ သူတွေ ကို နေပူထဲမှာကြိုးတုပ်ထားပြီး ရိုက်နှက်တာစစ်မေးတာတွေလုပ်တယ်" လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။
အဆိုပါ အကြမ်းဖက် စစ်တပ်နဲ့ ပျူတွေကို မနက် ၅ နာရီခွဲမှာ တော်လှန်ရေးအင်အားစုတွေက တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် ည ၇ ခန့်မှာ အင်ဝိုင်းကျေးရွာအတွင်းကနေ အထိနာကာဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။ ဆုတ်ခွါစဉ်တွင်လည်းရွာတွင်းနေအိမ်နှင့်ဘုန်းတော်ကြီးကျောင်းကိုအလောင်းများတင်ကာမီးရှို့ထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်ကလည်း အထိအခိုက်အကျဆုံးများခဲ့တာကြောင့် ည ၉ နာရီမှာ တစ်ကြိမ် ည ၉ နာရီ ၁၅မိနစ်မှာ တစ်ကြိမ် တံတားဦးတက် ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းပစ်ကူပေးခဲ့ကျတယ်လို့ သိရပါတယ်။
" ကိုယ့်ဖက်က လူတွေနဲ့ တိုက်ပွဲဖြစ်တယ်။ စကစဖက်က အကျအဆုံးများမယ်ဗျ။ ကိုယ့်ဖက်က ရဲဘော်တစ်ယောက်ကျတယ်။ တံတားဦးက ဂျက်ဖိုက်တာနှစ်စီးနဲ့ လာပစ်တာပြည်သူနှစ်ဆယ်လောက်ဒဏ်ရာရပြီး အိမ်တွေ မီးလောင်တာရှိတယ်။ ကိုယ့်ဖက်က ရဲဘော်တွေရွာကို ရှင်းလင်းရေးဝင်တော့ နှိပ်စက်ပြီးသတ်ထားခဲ့တဲ့ ပြည်သူအလောင်း (၆)လောင်း ရတယ်။ အမျိုးသား(၃)လောင်း၊ အမျိုးသမီး(၃)လောင်းပေါ့။ (၁၃)နှစ်ကောင်လေး အလောင်း တစ်လောင်းပါတယ်။ အလောင်းမတွေ့သေးတဲ့ဟာက သုံးယောက်ရှိတယ်လို့ စာရင်းအရခန့်မှန်းရတယ်။ အိမ်တွေ ဘုန်းကြီးကျောင်းတွေပေါ် တင်ရှို့ပြီး အလောင်းဖျောက်တာလည်းဖြစ်နိုင်တယ်" လို့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။
၅။ အင်းစိန်မြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို စည်းရုံးခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်နေ
မေ ၂၃ ၊ Myanmar Pressphoto Agency
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ လူငယ်များ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက စည်းရုံးခြင်းများပြုလုပ်နေသည့်အပြင် ဖမ်းဆီးမှုများလည်းပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။၂၀၂၄ ခုနှစ်၊ မေ ၂၂ ရက်က အင်းစိန်မြို့နယ်၊ ၁၄ ရပ်ကွက်တွင် စစ်ကောင်စီက စစ်မှုထမ်းခြင်းကိစ္စနှင့် ပတ်သက်ပြီး အစည်းဝေးပြုလုပ်ခဲ့ကာ တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းရန်အတွက် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း အမျိုးသားတစ်ဦးက ပြောသည်။"မနေ့က(မေ ၂၂ ရက်)မှာ အစည်းအဝေးလုပ်တယ်။ တစ်အိမ်တစ်ယောက် စစ်မှုထမ်းဖို့ လက်မှတ်အတင်းထိုးခိုင်းတယ်။ မလာတဲ့သူတွေကို မှတ်ထား တယ်လို့ပါပြောတာ၊ အဲ့ဒါ သူတိုကိုပုန်ကန်တာ ဥပဒေအရ အရေးယူမှာလို့လဲပြောတယ်။ အခုလက်မှတ်ထိုးထားတဲ့သူတွေ က အပတ်စဉ်အလိုက် တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ပြောသွားသေးတယ်" ဟု အစည်းဝေးတက်ရောက်ခဲ့သည့် ၁၄ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ လက်မှတ်ထိုးခဲ့ရသူများသည် စစ်မှုထမ်းရန်ခေါ်ဆောင်ခြင်းခံရပါက မဖြစ် မနေ လာရောက်ရမည်ဖြစ်ပြီး မဲနှိုက်ခြင်း သို့မဟုတ် အမည်ဖြင့် တိုက်ရိုက်ခေါ်ဆောင်ခြင်း စသည့် အကြောင်းခြင်းရာ များနှင့် ပတ်သက်၍ အသေးစိတ်ပြောကြား ခဲ့ခြင်းမရှိကြောင်း ၎င်းက ရှင်းပြသည်။"ရပ်ကွက်ထဲမှာ အလုပ်မရှိတဲ့သူတွေ၊ လျှောက်သွားနေတဲ့ လူငယ်အတော်များများကို စစ်သားတွေက ကင်းလှည့်ချိန်နဲ့ တိုးရင် ဖမ်းခေါ်သွားတယ်။ ပြီးရင် စစ်မှု ထမ်းဖို့ လက်ခံကြောင်း လက်မှတ်တွေ အတင်း ထိုးခိုင်းတာ၊ အခုလထဲမှာ အတော်များများတွေ့ရတယ်" ဟု အင်းစိန်မြို့၊ တညင်းကုန်းစျေးအနီးနေထိုင်သည့် မျက်မြင်ကြုံတွေ့ခဲ့ရသူ အမျိုးသား တစ်ဦးက MPA သို့ပြောသည်။ လက်ရှိတွင် စစ်မှု ထမ်းရန်အတွက် မဲပေါက်ထားသူများ၊ လက်မှတ် ထိုးထားရသူများအနေဖြင့် ထွက်ပြေးတိမ်းရှောင်ခြင်းရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်သောကြောင့် မိသားစုဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသင့်ကြောင်း အင်းစိန်မြို့နယ် ထွေအုပ် ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၆။ တိုက်ပွဲပြင်းထန်နေသည့် တွန်းဇံမြို့ကို စစ်တပ်အင်အားထပ်ဖြည့်ပြီး မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေ
မေ ၂၃ ၊ Myanmar Pressphoto Agency
တိုက်ပွဲပြင်းထန်နေသည့် ချင်းပြည်နယ်၊ တွန်းဇံမြို့ကို စစ်ကောင်စီက မေ ၂၂ ရက်၊ နေ့လယ်တစ်နာရီအချိန်ခန့်တွင် ရဟတ်ယာဥ်ဖြင့်သုံးကြိမ်၊ စစ်ကူအင်အား(၁၀၀)ကျော်ဖြည့်တင်းခဲ့ပြီး မြို့ပေါ်နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ တွန်းဇံမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချစခန်းများကို ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းကာကွယ်ရေးတပ် (CDF) မဟာမိတ်ပူးပေါင်းတပ်များက မေ ၁၆ ရက်တွင် စတင်တိုက်ခိုက်၍ စခန်းအများ အပြားသိမ်းဆည်းရမိချိန်တွင် စစ်ရှုံးနေသောစစ်ကောင်စီတပ်က လေကြောင်းပစ်ကူအများအပြား အသုံးပြုသည့်အပြင် စစ်ကူအင်အားများပါ ထပ်မံဖြည့်တင်းခဲ့ခြင်းဖြစ်ကြောင်း တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးတာဝန် ရှိသူက ဆိုသည်။"သူတို့(စကစ)လာချတဲ့လူတွေက စစ်ပြန်လမ်းမှာချထားတယ်။ အဲ့ဒီလူတွေက စစ်ကြောင်းသဘောနဲ့ ထိုးပြီးမှ ဒီမနက်မှာမြို့ပေါ်ကနေအိမ်နှစ်လုံးကို မီးရှို့တယ်။ စပြီးတော့ မီးရှို့တာပေါ့"ဟု ၎င်းက MPA ကို ပြောသည်။
စစ်ကောင်စီက စစ်ကူအင်အားလာရောက်ဖြည့်တင်းသည့်အချိန်တွင်လည်း တွန်းဇံမြို့ပေါ်သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မြို့အနီးစစ်ရှောင်နေသော ပြည်သူအချို့ကိုလည်း လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့နံနက်ပိုင်း တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
၇။ ပဲခူးတိုင်း အတွင်းရှိ တက္ကသိုလ်ကျောင်းသားအချို့ကို စစ်တပ် ဖမ်းဆီးပြီး စစ်သင်တန်းပို့
မေ ၂၃ ၊ Myanmar Pressphoto Agency
ပဲခူးတိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းသားအချို့ကို စစ်မှုထမ်းရန် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် မေလအတွင်းက စစ်မှုထမ်းအပတ်စဉ်နှစ်အတွက် တိုင်းနှင့်ပြည်နယ်အများစု၌ လူငယ် များကို ဖမ်းဆီးကာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ကြောင်း ယင်းအထဲတွင် ပဲခူးတိုင်းအတွင်းရှိ ပြည်တက္ကသိုလ်၌ ပညာသင်ကြားနေဆဲ ကျောင်းသား ဆယ်ဂဏန်းနှင့် ပေါင်းတည်၊ သဲကုန်း၊ နတ်တလင်း၊ ဇီးကုန်းမြို့နယ်တို့က တက္ကသိုလ် ကျောင်းသား ဆယ်ဂဏန်းဝန်းကျင်လည်း ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းနှင့်သုတေသနဌာနထံက သိရသည်။
“တက္ကသိုလ်အနေနဲ့က ပြည်တက္ကသိုလ်ကပါပြီး တက္ကသိုလ်ကျောင်းသား ဆယ်ဂဏန်းဝန်းကျင်ပါ တယ်လို့ သိထားပါတယ်။ ယောကျာ်းလေးတွေချည်းပါပဲ” ဟု AAPPမှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။ပေါင်းတည်၊ သဲကုန်း၊ နတ်တလင်းနှင့် ဇီးကုန်းမြို့နယ်အတွင်း စစ်မှုထမ်းရန် ဖမ်းဆီးခံရသည့် တက္ကသိုလ်ကျောင်းသားတို့ တက်ရောက်နေသော တက္ကသိုလ် အမည်ကိုမူ မသိရသေးကြောင်း AAPP က ဆိုသည်။"အမည်၊ အသက်နဲ့ တက္ကသိုလ်တွေ အသေးစိတ်သိရတာတော့ မရှိ ပါဘူး။ မီဒီယာမော်နီတာရင်း လုပ်ပြီး စောင့်ကြည့်ထားတဲ့အချက်အလက်တွေအပေါ် အခြေခံထားတာမို့ပါ" ဟု ၎င်းက ဆက်လက်ပြောသည်။ ကျောင်းတက်လျှင် မိမိ၏ ကိုယ်ရေးအချက်အလက်များကို ပေးရသည့်အတွက် စစ်ကောင်စီတပ်က အချိန်မရွေး စစ်မှုထမ်းရန် ခေါ်ယူနိုင်ကြောင်း ပြည်တက္ကသိုလ်မှ CDM ကျောင်းသူတစ်ဦးက ပြောသည်။
၈။ ကျောင်းဆရာမအပါအဝင် ဒေသခံ ၇ ဦးကို စစ်ကောင်စီမီးရှို့သတ်ဖြတ်ဟုဆို
မေ ၂၃ ၊ Mizzima
မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက်လုပ်ရှားနေသော Yesagyo Revolution Group (YRG) စခန်းကို လမ်းပြရန်ခေါ်လာသော ကျောင်းဆရာမအပါအဝင် ဒေသခံ ခုနစ်ဦးကို စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်သွားကြောင်း YRGတပ်ဖွဲ့ ထံမှ သိရသည်။ မေလ ၁၇ ရက် နံနက် ၅ နာရီအချိန်တွင် အင်အား ၃၀၀ ခန့်ပါသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေစကြိုမြို့နယ်၊ ကျောက်ထပ်ရွာသို့ဝင်ရောက်စီးနင်းစဥ် ကျောင်းဆရာမ တဦးပစ်သတ်ခံရပြီး အမျိုးသားခြောက်ဦးကို YRG စခန်းသို့ လမ်းပြရန်ခေါ်လာ၍ စခန်းတွင်မီးရှို့သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု Yesagyo Revolution Group (YRG) တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။ “စကစဘက်က အင်အား ၃၀၀လောက်နဲ့ ကျောက်ထပ်နဲ့ ဇီးတောကိုဝိုင်းထားတာဗျ။ ရွာနှစ်ရွာလုံးကို ဝိုင်းထားကြတာ၊ ပြေးပေါက် တခုပဲ အကုန်ပြေးကြရတယ်။ ပြေးရင်းလွှားရင်းနဲ့ ဆရာမတယောက်တော့ ခေါင်းထိတယ်၊ ကျန်တဲ့ ခြောက်ဦးကတော့ လက်ပြန်ကြိုးတုတ်ပြီး စခန်းလိုက်ပြခိုင်းတယ်ဗျ။ ပြီးတော့ သေနတ် ပစ်သတ် ပြီးမီးရှို့သွားတာပါ။” ဟု YRGအဖွဲ့တာဝန်ခံက မဇ္စျိမအားပြောသည်။ စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူများတွင် ကျောက်ထပ်ရွာသားများဖြစ်သော ကျောင်းဆရာမ ဒေါ်အေးအေးမာ(အသက်၂၀ နှစ်)၊ ကိုအောင်မျိုးဦး (အသက် ၁၆ နှစ်)၊ ကိုမင်းနိုင်ဌေး (အသက် ၃၀ နှစ်)၊ ဦးမောင်ဦး (အသက် ၅၀ ဝန်းကျင်)၊ ဦးဖိုလုံး( အသက် ၅၅ နှစ် )၊ ကိုအောင်သူ ( အသက် ၃၀ နှစ်)နှင့် ဇီးတောရွာမှ ညလာအိပ်သည့် ဧည်သည်တဦးတို့ဖြစ်ကြောင်း ၎င်းတာဝန်ခံမှ ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်များသည် ကျောက်ထပ်ရွာတွင် အချိန်မီမပြေးနိုင်ဘဲ နေအိမ်များတွင်ကျန်ရှိနေသော သက်ကြီး ရွယ်အိုများ ၅၀ ခန့်ကိုလည်း ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီး ၎င်းတို့စစ်ကြောင်းပြန်ထွက်ချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။
Comentarios