နေ့စဉ်သတင်းစုစည်းမှု
25-May-2024
တိုက်ပွဲသတင်း
၁။ ကောလင်းတွင် စစ်ကောင်စီတပ်လှည့်ကင်းအား တိုက်ခိုက်မှု ၁ ဦးသေဆုံး
မေ ၂၅ ၊ Mizzima
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှ ကျေးရွာများဘက်သို့ ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ တဦး သေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရရှိထားကြောင်း ကောလင်းခရိုင်၊ တပ်ရင်း(၂)မှ မေလ ၂၄ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။ မေလ ၂၂ ရက်နေ့တွင် ကောလင်းမြို့အနောက်မြောက်ဘက် တမိုင်ခန့်အကွာရှိကြာအင်းရွာအနီးရှိ တောစပ် တနေရာသို့ ကင်းထိုးထွက်လာသော စစ်ကောင်စီတပ်သား ငါးဦးကို ကောလင်းခရိုင် တပ်ရင်း(၂) ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကင်းထိုးလာတာကို တိုက်လိုက်တာပါ။ လက်ရှိဘာမှ ဆက်မဖြစ်သေးဘူး။ ချောင်းနေတုန်း တက်လာရင် ဆော်မှာပဲ” ဟု ကောလင်းခရိုင် ၊ တပ်ရင်း(၂) တာဝန်ရှိသူတဦးမှ မဇ္စျိမအားပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် ကောလင်းခရိုင် ၊ တပ်ရင်း(၂)ဘက် အထိအခိုက်မရှိ ခုခံကာကွယ်နိုင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူမှ ဆက်လက်ပြောသည်။ မေလ ၂၃ ရက် နံနက် ၄ နာရီမှစ၍ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ် များမှ စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက် သုံးဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိထားကြောင်း မြေပြင်ရဲဘော်တဦးထံမှ သိရသည်။
ယမန်နေ့ မေလ ၂၄ ရက်နေ့တွင်လည်း ပင်လည်ဘူးမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များမှ ဂျက်ဖိုက်တာဖြင့် လေးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့( မေလ ၂၅ ရက်နေ့)အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်ထံမှ သိရသည်။
၂။ ကချင်မှာ တိုက်ပွဲ ဆက်ပြင်းထန်နေကြောင်း KIA ပြော
မေ ၂၅ ၊ RFA
ကချင်ပြည်နယ်က မြို့သုံးမြို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ (KIA) ဘက်က မေလ ၂၅ ရက်နေ့ ဒီနေ့မှာ RFA ကို ပြောပါတယ်။ မေလ ၂၁ ရက်နေ့က ဝိုင်းမော် မြို့ ရွှေညောင်ပင်ရွာမှာရှိတဲ့ ခြေမြန်တပ်ရင်း ခမရ (၃၂၁) ကို သိမ်းယူပြီးနောက် မိုးမောက်မြို့အခြေစိုက် မခရ (၄၃၇)၊ မံစီမြို့အခြေစိုက် ခမရ (၃၁၉) နဲ့ (၆၀၁) တပ်ရင်းတွေကို KIA နဲ့ ပူးပေါင်းအဖွဲ့က ဆက်ပြီးတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ နေရာတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တစ်ရက် အနည်းဆုံး သုံးကြိမ်နီးပါး လာပစ် နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကိုပြောပါတယ်။ “၃၂၁ သိမ်းပြီးနောက် တပ်စခန်းတွေ ထပ်သိမ်းရတာတော့ မရှိသေးပါဘူး။ လောလောဆယ် ဝိုင်းမော်၊ မိုးမောက်၊ မံစီမှာ တိုက်ပွဲပြင်းထန်နေဆဲလို့ ပြောလို့ရတယ်။ သူတို့ (စစ်ကောင်စီ) ကတော့ အတတ်နိုင်ဆုံးတော့ တစ်နေ့ကို သုံးလေးခေါက်လာတယ်။ တစ်ခါတလေ ငါးကြိမ်၊ ခြောက်ကြိမ်လည်း လာပစ်တယ်”
ဝိုင်းမော်မြို့အရှေ့ဘက် တစ်ကြောလုံးကို KIA နဲ့ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားလို့ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (မပခ) ကနေလည်း ဝိုင်မော်ဘက်ကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
၃။ မုံရွာသာစည်ထောင်နှင့် ရဲကင်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ၇ ဦးသေ
မေ ၂၅ ၊ DVB
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်အကျဉ်းထောင်နဲ့ ရဲကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မေ ၂၄ ရက်မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားနဲ့ ရဲ ၇ ယောက် သေဆုံးခဲ့တယ်လို့ Snipe Rangers Force(Local PDF) ဆီက သိရပါတယ်။မနက် ၈ နာရီကျော်အချိန်ကနေ ည ၉ နာရီလောက်အထိ ပစ်ခတ်သံတွေ ကြားရတယ်လို့ သာစည်ရွာ ဒေသခံတယောက်က ပြောပါတယ်။ “ကျနော်တို့ရွာအနီး လက်နက်ကြီးအသံ၊ ဗုံးကွဲအသံတွေကတော့ ဆူညံနေတာပဲ။ တခါတလေ ရက်ဆက်ကြားရတယ်။ တခါတလေ ၃ ရက်တခါခြား ကြားရတယ်။ စစ်ကောင်စီစခန်းနဲ့ စစ်ကောင်စီအကျဉ်းထောင်အသစ် ကို ပြည်သူကာကွယ်ရေးတပ်က လာပစ်ကြတာ။ ရွာသူရွာသားတွေကတော့ လက်နက်အသံကြားရတိုင်း လုံခြုံရာကို ပုန်းရ တာပေါ့။ ဒီခေတ်ဆိုးကြီး မြန်မြန်ပြီးစေချင်ပြီ” လို့ ပြောပါတယ်။သာစည်ကျေးရွာ ရဲကင်းစခန်းနဲ့ သာစည်ထောင် အပေါက် က အစောင့်စစ်သားတွေကို ၆၀ မမ၊ ၁၂၀ မမ စုစုပေါင်း အလုံးရေ ၃၀ နဲ့ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက် ငယ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ကြာမြင့်ခဲ့ပြီး စစ်သား ၅ ယောက်နဲ့ ရဲ ၂ ယောက် နေရာမှာ သေဆုံးခဲ့ပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Snipe Rangers Force(Local PDF) ဆီက သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ Snipe Rangers Force (Local - PDF) နဲ့ ဒေါင်းပြောက် ကျားတပ်တို့ ပူး ပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
၄။ မြင်းမူ စစ်ဘေးရှောင်များကို အစုလိုက်အပြုံလိုက် သတ်ခဲ့သည့် စစ်ကြောင်း PDF တိုက်ခိုက်ခြင်းခံရပြီး ၁၀ဦးခန့် သေဆုံးဟုဆို
မေ ၂၅ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ခဲ့သည့် စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ ၁၀ ဦးခန့်သေဆုံးကြောင်း သိရသည်။ မေလ ၂၃ ရက်၊နေ့ခင်း ၁၂ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အတွင်းရှိ ဗိုလ်စင်္ကြာ၏ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) စခန်းဟောင်းကို စစ်သား အင်အား ၉၀ ကျော်ပါ ယင်းစစ်ကြောင်းက ဝင်ရောက်စီးနင်းစဉ် ဒေသခံ PDF တို့က ကြိုတင်သတင်းရ၍ စောင့်ဆိုင်းပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃၀ ကျော်လည်း ဒဏ်ရာရခဲ့ကြောင်းCDSOM တာဝန်ခံ ကိုနွေဦးထံကသိရသည်။
“၁၀ ယောက်ကျော်သေမယ်ဗျ။ မျက်မြင်ကို ငါးယောက်လောက်တွေ့ရတယ်။ ကားနဲ့သယ်နေတာကို ပြည်သူတွေကနေတစ်ဆင့် ပြန်ပြောတာလည်း ပြန်သိရတယ်။ဒဏ်ရာရတွေကိုတော့ မနေ့က (မတ်လ ၂၄ ရက်) သုံးနေရာခွဲ ကုနေတယ်လို့ သိရတယ်။လေယာဥ်ပစ်ကူပေးနေချိန် ဒဏ်ရာရတွေကို ဆွဲထုတ်နေကြတာ မြင်နေရပါတယ်”ဟု၎င်းက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်သားများ အထိနာသဖြင့် လေယာဥ်ပစ်ကူပေးခဲ့ရပြီး သေဆုံးစစ်သား နှင့်ဒဏ်ရာရသူများကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဆေးခန်းသို့ ကားများဖြင့် သယ်ဆောင်သွားကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကို CDSOM၊ မြောင်(ပလဖ)ဗိုလ်ကျားသစ်အဖွဲ့နှင့် CDSOM ဗိုလ်စင်္ကြာအဖွဲ့တို့ ဦးဆောင်ကာ မဟာမိတ်တပ်ရင်း၊တပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီးCDSOM ရဲဘော်နှစ် ဦး၊PDF-Taloke ရဲဘော် တစ်ဦးနှင့် မြောင်ပလဖ ရဲဘော် တစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
၅။ သရက်ချောင်းတွင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရမှု ၇ ဦးသေဆုံး
မေ ၂၅ ၊ Mizzima
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက် သံတံတားထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ကို ယနေ့ (မေလ ၂၅ ရက်) နံနက် ၅ နာရီ ၅၅ မိနစ်တွင် တော်လှန်ရေး ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ခုနစ်ဦးသေဆုံးကာ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း ထံမှ သိရသည်။ အဆိုပါစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအပါဝင် အင်အား ၁၅ ဦးမှ ၂၀ ဦးနီးပါး အထိုင် ချပြီး ပြည်သူများကိုစစ်ဆေးကာ ငွေအတောင်းကြမ်းသည့်ဂိတ်ဖြစ်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းသတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။“တိုက်ပွဲဖြစ်တာ မိနစ် ၃၀ လောက်ကြာတယ်။ မျက်မြင်တွေ့ရတာကတော့ ပွဲဖြစ်တဲ့နေရာမှာ လေးယောက်သေတယ်၊ ကျန်တဲ့သုံးယောက်က သရက်ချောင်းဆေးရုံရောက်မှ သေတယ်”ဟု ဒေါင်းညီနောင် စစ်ကြောင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဗလာက ပြောသည်။ ဂိတ်ဖွင့်လှစ်ချိန်အတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့က အလစ်အငိုက်သွားရောက် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အနည်းငယ်သာပစ်ခတ်နိုင်ခဲ့ပြီး စစ်ကူရောက်ရှိလာ၍ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် ရဲဘော်များထံမှ သိရသည်။အဆိုပါ ပန်းတောသံတံတားဂိတ် အား တပ်မဟာ (၆) (တပ်ရင်း၂၇)၊ ကော်သူးလေအာမိ (KTLA) နှင့် ဒေါင်း ညီနောင် စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထားဝယ်ခရိုင်အတွင်း ပြီးခဲ့သည့် မေလ ၁၉ ရက်နှင့် ၂၂ ရက်နေ့တို့တွင် စစ်ကောင်စီဂိတ်စခန်းနှစ်ခု ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့သည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၆။ ဆီဆိုင်မြို့နယ်အတွင်းရှိ ပြည်သူတွေနဲ့ ရွာသူကြီးတွေကို PNOပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးပြန်ပေးဆွဲပြီး ငွေကြေးနဲ့ ပြန်ရွေး ခိုင်းနေ
မေ ၂၅ ၊ PVTV
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ပြည်သူတွေနဲ့ ရွာသူကြီးတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးပြန်ပေးဆွဲပြီး ငွေကြေးနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)မှ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ PNOပြည်သူ့စစ်အဖွဲ့ က မေလ ၂၂ ရက်မှာ ဆီဆိုင်မြို့နယ် နမ့်စေမဲးကျေးရွာမှ ဒေသခံပြည်သူခွန်ဝင်းနိုင်ကို ဝက်ခြံမှာ ဝက်စာကျွေးနေစဉ် ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့ပြီး ငွေ သိန်း ၁၀၀နဲ့ ကားတစ်စီး ပေးကာ ခွန်ဝင်းနိုင်ကို မိသားစုဝင်တွေက ပြန်လည်ရွေးခဲ့ရတယ် လို့ ဆိုပါတယ်။ ပြန်ပေးဆွဲ ဖမ်းဆီးခံရတဲ့ ခွန်ဝင်းနိုင်ကို သွားရောက်ရွေးယူချိန်မှာလည်း PNO ပြည်သူ့စစ်အဖွဲ့နဲ့ ညှိနှိုင်းမှု ပြုလုပ်ရာ PNO ပြည်သူ့စစ်မှ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ခွန်ဝင်းနိုင်ရဲ့ ဇနီးဖြစ်သူမှာ ပေါင်တွင် သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မေလ ၂၂ ရက်မှာပင် ဆီဆိုင်မြို့နယ်၊ နောင်သိမ်ကျေးရွာမှ ရပ်မိရပ်ဖ ရွာလူကြီး ဦးထက်နိုင်ကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်ဗိုလ်ကြီးလယ်အဖွဲ့က ပြန်ပေးဆွဲသွားခဲ့ သေးတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဦးထက်နိုင်မိသားစုပိုင်ဆိုင်တဲ့ ရွှေငွေတွေ၊ ဒင်္ဂါးပြားတွေ၊ ကား၊ ဆိုင်ကယ်တွေကိုလည်း အကုန်ယူဆောင်သွားပြီး ကျေးရွာရဲ့ သင်္ချိုင်းကုန်းထဲကို ဖမ်းဆီး ခေါ်ဆောင်သွားတာကြောင့် ရွာသူ ရွာသားတွေက လိုက်သွားချိန်မှာ PNO ပြည်သူ့စစ်အဖွဲ့က ရွာသူ / ရွာသားတွေကို သေနတ်နဲ့ ပစ်ခတ်တာကြောင့် သင်္ချိုင်းကုန်းထဲထိ မလိုက်သွားနိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားတဲ့ နောင်သိမ်ရွာလူကြီး ဦးထက်နိုင်မှာ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသလို မိသားစုတွေနဲ့လည်း အဆက်အသွယ် မရရှိသေးဘူးလို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
၇။ အကြမ်းဖက်စစ်ကောင်စီက ဗုဒ္ဓရုပ်ပွားတော်နဲ့အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ရွာကို အင်အားသုံးပြီးဘူဒိုဇာတွေနဲ့ဖျက်ဆီး
မေ ၂၅ ၊ PVTV
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်း၊ အပြင်ပဒံရပ်ကွက်၊ အနော်ရထာစက်မှုဇုန် အပိုင်း ၂ တွင် ပါဝင်တဲ့ ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာဘုရားကြီးနဲ့ ကျွန်းကြီးကျေးရွာက နေအိမ် ၃၀၀ ကျော်ကိုအကြမ်းဖက် တပ်နဲ့ရဲက ဘူဒိုဇာတွေနဲ့ အင်အားသုံးပြီး ဖယ်ရှားဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ကျွန်းကြီးကျေးရွာသားတွေ တည်ထား ပူဇော်နေတဲ့ ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာဘုရားကြီးကို ဘူဒိုဇာနဲ့ဖြိုချလိုက်ပြီး၊ ဘုရားကြီးကို မဖျက်ဆီးဖို့အရှင်ဘန္ဒန္တမေဓီယဝံသက တောင်းပန်သော်လည်း မရဘဲ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက မေလ ၂၄ ရက် မနေ့က ဘုရားကြီး ဦးခေါင်းတော်မှစလို့ ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါအပြင် လှိုင်သာယာမြို့နယ် အနောက်ပိုင်း၊ အပြင်ပဒံရပ်ကွက်၊ အနော်ရထာစက်မှုဇုန် အပိုင်း ၂ တွင် ပါဝင်တဲ့ ကျွန်းကြီး ကျေးရွာက နေအိမ် ၃၀၀ ကျော်ကို ဘူဒိုဇာတွေနဲ့ အကြမ်းဖက်တွေက အင်အားသုံး ဖယ်ရှားဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖျက်ဆီးမှုကြောင့် လှိုင်သာယာမြို့နယ်အနောက်ပိုင်း၊ အပြင်ပဒံရပ်ကွက်၊ ကျွန်းကြီးကျေးရွာကအိမ် ခြေ ၃၀၀ ပျက်စီးသွားပြီး လူဦးရေ ၁၅၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်သွားရတယ်လို့ ကူညီနေသူတွေ က ပြောပါတယ်။
၈။ စစ်ကိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၅ ဦး သေ
မေ ၂၅ ၊ DVB
စစ်ကိုင်းမြို့မှာ စစ်ကောင်စီရဲ့ လှည့်ကင်းနဲ့ လက်နက်ကိုင်အဖွဲ့တခုတို့ အပြန်အလှန် ပစ်ခတ်လို့ ၅ ယောက်သေဆုံးပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တော့ ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကြက်ခြံအလုပ်သမား တယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။စစ်ကိုင်းမြို့မှာ လဝကရုံးနဲ့ မြို့နယ်အခွန်ဦးစီးရုံးတို့ကို လာရောက်တိုက်ခိုက်တဲ့ PDF အဖွဲ့လို့စွပ်စွဲပြီး မေ ၂၁ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီ လှည့်ကင်းအဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြလို့ ၅ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ “ကြားတာ ကတော့ လှည့်ကင်းအဖွဲ့နဲ့ အပြန်အလှန် ပစ်ကြတယ်လို့ ကြားတယ်။ သေဆုံးသူတွေကတော့ PDF ဟုတ်လား မဟုတ်လား သေချာတော့ မသိပါဘူး။ လူငယ်တွေချည်းပဲ။ သေနတ်သံတိတ်သွားတော့မှ လူနာတင်ကားတွေရောက်ပြီး မြို့ပေါ်က ဆိုင်တွေလည်း အားလုံးပိတ်သိမ်းလိုက်ကြတယ်” လို့ ပြောပါတယ်။အဲဒီပစ်ခတ်မှုကြောင့် အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အဲဒီထဲမှာ ဝန်ထမ် ၂ ယောက်ပါတယ်လို့ သိရပေမဲ့ အသေးစိတ်ကိုတော့ မသိရ သေးပါဘူး။စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ကတော့ ပစ်ခတ်မှုဖြစ်ပြီးနောက် MA-13 (R-48567) သေနတ် ၁ လက်၊ MA-13 ကျည်အိမ် ၁ ခု၊ MA-13 ကျည် ၁၅ တောင့်၊ SIG SAUER P-320 ပစ္စတို (ရွှေဝါရောင်) သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၃ တောင့်၊ MDY-6D/5998 တပ်ဆင်ထားတဲ့ Honda Fit အဖြူရောင်မော်တော်ယာဉ်တစီးနဲ့ SGG-72W-86333 တပ်ဆင်ထားတဲ့ Honda Click 125-I အမျိုးအစား ဆိုင်ကယ်တစီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
၉။ ကျိုက်ထိုတွင် ကြက်ခြံလုပ်သား ၁ ဦးကို ဖမ်းဆီး
မေ ၂၅ ၊ DVB
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာမှာ ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး အသတ်ခံရပြီးနောက် မေ ၂၃ ရက်က ကြက်ခြံအလုပ်သမားတယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ကျိုက်ထိုမြို့နယ် တောင်ပိုင်းရပ်ကွက်မှာ မေ ၂၂ ရက်က ပစ်သတ်ခံရတဲ့ ရာအိမ်မှူးကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေက မုက္ခမူကျေးရွာမှာရှိတဲ့ လက်ရှိ PDF တာဝန် ထမ်းဆောင်နေသူ ၂ ယောက်ရဲ့ နေအိမ်တွေနဲ့ သူတို့ပိုင်တဲ့ ကြက်ခြံတွေကို မေ ၂၃ ရက် ညနေ ၄ နာရီက ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ နေအိမ်တွေနဲ့ ကြက်ခြံတွေမှာ PDF တွေကို မတွေ့တဲ့အပြင် မိသားစုဝင်တွေလည်း မတွေ့တာကြောင့် စစ်ကောင်စီတပ်သားတွေက ကြက်ခြံအလုပ်သမားတယောက် ကို ဖမ်းဆီးခဲ့ပါတယ်။ မုက္ခမူရွာခံတယောက်က “တောင်ပိုင်းမှာ ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး အသတ်ခံရတာနဲ့ မုက္ခမူမှာ ရှိတဲ့ PDF အိမ်တွေကို ဝင်စီးတာ။ သားတွေကို မတွေ့တော့ ဖအေတွေကို ဖမ်းဖို့လုပ်တာ။ တယောက်ကတော့ လေဖြတ်နေ တော့ မဖမ်းသွားဘူး။ ကျန်တဲ့ PDF အဖေတယောက်က အချိန်မီရှောင်တိမ်းလို့ လွတ်သွားပေမဲ့ ကြက်ခြံကိုရောက်တာ ၃ ရက်လောက်ပဲ ကြာသေးတဲ့ ဝန်ထမ်းကို ဖမ်းသွားတယ်” လို့ ပြောပါတယ်။ဖမ်းဆီးသွားတဲ့ ကြက်ခြံဝန်ထမ်း အလုပ်သမား ကို စစ်ကောင်စီတပ်သားတွေက ကျိုက်ထိုမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောပါ တယ်။
Comments