နေ့စဉ်သတင်းစုစည်းမှု
26-May-2024
တိုက်ပွဲသတင်း
၁။ ကော့ကရိတ် ဖိုးချီးမူးစခန်းသိမ်းတိုက်ပွဲ စစ်သား ၄၈ ဦး အရှင်ဖမ်းမိ
၂၆ ၊ The Irrawaddy
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဖိုးချီးမူးစစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၄၈ ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ် ဆင်ရေးတပ်ဖွဲ့ (SOF) က ယနေ့ သတင်းထုတ်ပြန်သည်။ထိုစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ SOF နှင့် ပူးပေါင်းတပ် များ မေ ၁၈ ရက်က စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး မေ ၁၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ- ထိုင်းနယ်စပ်တွင်ရှိသည့် ဖိုးချီးမူးစခန်းသည် အမှတ် ၁၃ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခြေလျင် တပ်ရင်း ၅၅၇၊ ခြေမြန် တပ်ရင်း ၅၆၁ နှင့် အမြောက်တပ် ၃၉၉ တို့မှ ထုတ်နုတ်အင်အားဖြင့် ပူးပေါင်းအထိုင်ချထားသည့် စခန်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်သား ၂၀ ဦး သေဆုံးကာ၂၆ ဦးမှာ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားကြောင်း SOF က ဆိုသည်။စခန်းမှ ထွက်ပြေးသည့် စစ်သားတချို့အနေဖြင့် ဆုတ်ခွာပြေးရာလမ်း၌ တွေ့ရှိသည့် ကိုယ်ဝန်ဆောင်တဦးနှင့် အမျိုးသားတဦးတို့အား ပစ်သတ်သွားခဲ့ကြောင်းလည်း ၎င်းတို့က ပြောထားသည်။ ထိုစခန်းသည် ကော့ကရိတ်မြို့နယ် အတွင်း ထိုင်း-မြန်မာ နယ်စပ်ဒေသတလျောက်တွင် နောက်ဆုံးကျန်ရှိသည့် စစ်တပ်စခန်းဖြစ်ပြီး KNLA၊ SOF နှင့် ပူးပေါင်း တပ်များသည် နယ်စပ်ဒေသအား အပြည့်အဝ နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းလည်း ၎င်းတို့က ပြောထား သည်။ဖိုးချီးမူးစခန်းကို ထိုးစစ်ဆင် မသိမ်းပိုက်မီကတည်းက နယ်စပ်ဒေသရှိ ရေသလျှောက်စခန်း၊ မဲသရောထစခန်းနှင့် ကွီလုံတိုင်စခန်းတို့အား KNLA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားပြီးဖြစ်သည်။
၂။ မြောင်၊ လက်ယက်မရွာတိုက်ပွဲအတွင်း စစ်သား ၁၅ ဦးသေဆုံးပြီးစစ်တပ်က ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်
မေ ၂၆ ၊ D Day News
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ လက်ယက်မရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးပြီး စစ်တပ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Myingyan 21 ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ မေလ ၂၃ ရက်နေ့က မြင်းမူမြို့နယ်၊ လက်ထုတ္တော ကျေးရွာဘက်မှတဆင့် မြောင်မြို့နယ်၊ လက်ယက်မကျေးရွာ အနောက်ဘက်ရှိ CDSOM ၏စခန်းတစ်ခုကို စီးနင်းရန် ချီတက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၅ ဦးသေဆုံးပြီး ၃၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာသို့ သယ်ဆောင်သွားပြီး ကျေးရွာအတွင်း၌ ပြည်သူများကို အကာအကွယ်ယူကာ ဆေးကုသနေ ကြောင်း သိရသည်။“ထိတွေ့တိုက်ပွဲဖြစ်တာကြာတယ်၊ နေ့ခင်းပိုင်းတစ်ပိုင်းလုံးနီးပါပဲ၊ ညနေ ၅ နာရီကျော် ၆ နာရီ လောက် မှ ပြီးသွားတာ။ စစ်တပ်ဘက်က အထိအခိုက်များပြီး ပိတ်မိနေတော့ Mi 35 နဲ့လာပစ် ပြီးတော့ ကယ်ထုတ်သွားတာ။ Mi35 နဲ့ပစ်တာ ၁ နာရီကျော်ကျော်လောက်ကြာတယ်။ မုံရွာ နမခ တက်လာပြီး ပစ်ပေးတာ။ အဲလိုလာပစ်တဲ့ချိန်မှာပဲ အောက်မှာ ရှိ စခတွေကလည်း ညာသံတွေ ဘာတွေပေးပြီးတော့ တက်လာတာ၊ အဲဒီအချိန်မှာ ကိုယ့်လူတွေကလည်း ဆုတ်ပေးလိုက် ရတာပေါ့။ အပေါ်ရော အောက်ရောဆိုတော့။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာလည်း PDF စခန်းကို မီးရှို့ပြီး သေဆုံးစစ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူများကို သယ်ဆောင်ကာ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေး ရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် ၂ ၊တပ်ခွဲ ၃ ၊တပ်စု ၂ -Myingyan 21 ၊ ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းစစ်သည် ပြောက်ကျားအဖွဲ့၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး တပ်ဖွဲ့ - CDSOM ၊ အညာမြေအဖွဲ့ ကျောက်ပန်းတောင်း၊ PDF တလုပ်၊ ပြောက်ကျား လက်ရုံးအဖွဲ့၊ CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့003 ၊ တိုက်နယ်တပ်ပေါင်းစုအဖွဲ့၊ Hero အဖွဲ့ ၊ မြို့နယ် ပကဖ အဖွဲ့နှင့် ဗိုလ်စားဖိုအဖွဲ့ တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၃။ ရွှေဘိုတွင် ကင်းပတ်ထွက်လာသည့် စစ်သားများ တိုက်ခိုက်ခံရပြီး လေးဦး သေဆုံးဟုဆို
မေ ၂၆ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ကင်းပတ်ထွက်လာသည့်စစ်သားများကို PDFတို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။မေလ ၂၅ ရက်၊ နံနက် ခုနှစ်နာရီခွဲခန့်တွင် ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာ စစ်တပ်အထိုင်စခန်းမှ မူးဘောင်လမ်းအတိုင်း ကင်းပတ်ထွက်လာသည့် စစ်သား ခြောက်ဦးကို PDFတို့ စောင့်ဆိုင်းကာ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ်တိုက်နယ်ငါး(ပကဖ)က သတင်း ထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှုဖြစ်ပွားနေစဥ်အတွင်း မင်းကုန်းစစ်တပ်အထိုင်စခန်းမှ စစ်သားများ သေနတ်ပစ်ဖောက်၍ စစ်ကူထွက်လာပြီးနောက် အလောင်းများကို သယ်ဆောင်သွားကြောင်းသိရသည်။“မနေ့က တိုက်ပွဲဖြစ်တာဟုတ်တယ်။ ကိုဂဠုန်ကြီးတို့အဖွဲ့လုပ်တာ။မင်းကုန်းခွေးစခန်း(စစ်တပ်စခန်း) ကခွေး(စစ်သား)တွေကို ပစ်တာလို့ ကျတော်တို့ ကြားတယ်။ ခွေး(စစ်သား) လေးကောင်သေတယ်လို့ ရွာခံတွေပြောကြတယ်။မင်းကုန်းက ရွှေဘိုနဲ့တဆက်တည်းပဲ”ဟု ဗိုလ်ကျားရိုင်း(LPDF)မှ ကိုကျော်ကြီး ကပြောသည်။ အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်တိုက်နယ်ငါး(ပကဖ) တာဝန်ခံနှင့် စစ်ရေးတာဝန်ခံတို့၏ ဦးစီးကွပ်ကဲမှုဖြင့် ဒေသခံကာကွယ်တပ်ဖွဲ့အချို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၄။ ကလေးမြို့တွင် PDF ထောက်ပို့ဟု စွပ်စွဲချက်ဖြင့် လူ ၃ ဦးအဖမ်းခံရ
မေ ၂၆ ၊ Mizzima
စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့အား ထောက်ပံ့ကူညီမှုဖြင့် စွပ်စွဲပြီး ဒေသခံသုံးဦးကို ဖမ်းဆီးထားကြောင်း ကလေးမြို့ခံတစ်ဦးက ပြောသည်။ ကလေးမြို့ ပင်လုံရပ်ကွက်ရှိ ယုန်စန္ဒာ ချစ်တီးထမင်းဆိုင်မှ သားအမိနှစ်ဦးအား မေလ ၂၃ ရက်တွင် စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီး မေလ ၂၄ ရက်နေ့တွင် ကလေးမြို့ လေဆိပ်၌ အလုပ်လုပ်ကိုင်နေသည့် အမျိုးသားတဦးကို ဆက်လက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ “နှစ်ရက် ဆက်ဖမ်းတာပေါ့ ၊ PDF တွေကို ထောက်ပို့လုပ်တယ်ဆိုတဲ့ စွပ်စွဲပြီး ဖမ်းတာလို့သိရတယ် ၊ အခုထိ မိသားစုဆွေမျိုးတွေနဲ့ တွေ့လို့မရသေးဘူး” ဟု ကလေး မြို့ဒေသခံက မဇ္စျိမကို ပြောသည်။ ယုန်စန္ဒာထမင်းဆိုင်သည် လူအဝင်အထွက်သိပ်မများသော်လည်း စစ်ကောင်စီတပ်က စောင့်ကြည့်ပြီး ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်းနှင့် ဆိုင်ကိုလည်း ချိတ်ပိတ်ထားသည်ဟုဆိုသည်။ ၎င်းတို့ဖမ်းဆီးခံရပြီးနောက် အောင်သစ္စာရပ်ကွက်နေ ကိုခင်မောင်ဆွေ (ကလေးလေဆိပ်တွင် အလုပ်လုပ်ကိုင်နေသူ)ကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့ သုံးဦးကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) တွင် ထိန်းသိမ်းထားပြီး မိသားစုဝင်များနှင့် တွေ့ခွင့်မရသေး ဟု ဒေသခံကဆက်ပြောသည်။ ကလေးမြို့၌ နိုင်ငံရေးဖြစ်ပတ်သက်သည့် ဖမ်းဆီးမှုများတွင် ဒစက၌ ဦးစွာစစ်ဆေးပြီး ၎င်းတို့စစ်ဆေးမှုပြီးဆုံးမှသာ ရဲစခန်းသို့လွှဲအပ်၍ မည့်သည့်ပုဒ်မဖြင့် တရားစွဲဆိုရန် ညွှန်ကြားလေ့ရှိကြောင်းသိရသည်။
ရဲစခန်းသို့ အဖမ်းဆီးခံများရောက်ရှိပြီးနောက် မိသားစုဝင်များက တွေ့ဆုံခွင့်ရရန်အတွက် ငွေများပေးရလေ့ရှိကြောင်းနှင့် ယင်းမှတဆင့် တရားရုံးထုတ်၍ တရားစွဲဆိုပြီး ထောင်သို့ပို့ကြောင်း ကလေးမြို့နိုင်ငံရေးအကျဥ်းသားများထံက သိရသည်။
၅။ မြင်းခြံမြို့နယ်တွင် စကစတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးသေဆုံး
မေ ၂၆ ၊ Mizzima
မန္တလေးတိုင်း၊ မြင်းခြံမြို့ မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ နဘူးအိုင်ကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး တဦးသေဆုံးကာ တဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။ ယနေ့( မေလ ၂၆ ရက် )နံနက် ၂ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး နဘူးအိုင်ကျေးရွာကွက်သစ် မြင်းခြံ - မြို့သာ လမ်းပိုင်း တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်လိုက်ခြင်းဖြစ်သည်။
“စစ်တပ်က လက်နက်ကြီး သုံးကြိမ် ပစ်ခတ်ခဲ့တာ။ ပထမအကြိမ် ပစ်လိုက်တဲ့ လက်နက်ကြီးက အိမ်ဝင်းထဲကျပြီး လက်နက်ကြီးအစက ဗိုက်ထိမှန်ပြီး သေဆုံးခဲ့တာပါ။ ကျန်တဲ့ လက်နက်ကြီးတွေကတော့ ရွာကျော်ပြီး ပေါက်ကွဲခဲ့တာ ဖြစ်တယ်” ဟု ဒေသခံက ဆိုသည်။ အဆိုပါ ဖြစ်စဉ်အတွင်း နဘူးအိုင်ကျေးရွာနေ ဒေါ်ခင်ညွန့် (အသက်- ၈၃ နှစ်) ဆိုသူ ဝမ်းဗိုက် လက်နက်ကြီးအစ ထိမှန်သေဆုံးခဲ့ပြီး ၊ သမီးဖြစ်သူ ခြေထောက် ထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“အသက်ကြီးရွယ်အိုတွေ အားကိုးစရာလည်းမရှိတော့ ဘေးကိုမရှောင်နိုင်ကြဘူး။ သားအမိ နှစ်ယောက်ထိတာ အမေဖြစ်သူ ကတော့ သေသွားတယ်။ ဒီကနေ့ နံနက်မှာပဲ သင်္ဂြိုဟ်တဲ့လုပ်ငန်း ပြီးစီးခဲ့တာ ဖြစ်တယ်” ဟု ဒေသခံက ဆိုသည်။
နဘူးအိုင်ကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲကာ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် မြင်းခြံမြို့နယ်အတွင်းက နဘူးအိုင် ၊ ရွှေပေါ်ကျွန်း ၊ ငွေပေါ်ကျွန်း ၊ မြင်သာ ၊ ဘုံရွာ ၊ ကန်ချော စတဲ့ကျေးရွာများမှ ဒေသခံ ၅,၀၀၀ နီးပါး စစ်ရှောင်နေရ ကြောင်း သိရသည်။
၆။ တီးတိန်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး သေ၊ တစ်ဦး ဒဏ်ရာရ
မေ ၂၆ ၊ RFA
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မွာလ်ဘင်းရွာကို မေလ ၂၆ ရက် မနက်အစောပိုင်း ၂ နာရီမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။Mi - 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၄၀ အရွယ် ဦးကျင့်ဇကမ်းနဲ့ အမည်မသိရသေးတဲ့ သားဖြစ်သူ တို့ နေရာမှာတင် သေဆုံးခဲ့ပြီး နောက်ထပ် ဒေသခံတစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ လေကြောင်း ကနေ မိနစ် နှစ်ဆယ်နီးပါးပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တီးတိန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကောင်စီက အပေါ်ကနေ မည်းမည်းမြင်သမျှကို ပစ်သွားတာပေါ့။ သားအဖနှစ်ဦးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်ပဲ ပြောရမယ်။ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာပါ။ ဘုရားကျောင်းနဲ့ နေအိမ် သုံးဆယ်ကျော်လည်း ပျက်စီး ပါတယ်။ ဖုန်းလိုင်းကလည်းပြတ်နေတော့ စုံစမ်းဖို့က အခက်အခဲတွေလည်း ရှိနေပါတယ်"ဒဏ်ရာရတဲ့ ဒေသခံအမျိုးသား ကို လိုအပ်တဲ့ ဆေးကုသမှုပေးနေပေမဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။
၇။ ဘီးလင်းတွင် လက်နက်ကြီးကျပြီး ဗုံးခိုကျင်းထဲဝင်သူ အပါအဝင် ၂ ဦးသေ
မေ ၂၆ ၊ DVB
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မေ ၂၄ ရက်နေ့က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရသလို နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘီးလင်းမြို့ ၈ ရပ်ကွက်မှာရှိတဲ့ ခြေလျင်တပ်ရင်း ခလရ ၈ အခြေစိုက်တဲ့ မျှင်သာတောင် လက်နက်ကြီးကုန်းကနေ မေ ၂၄ ရက် မနက် ၁၁ နာရီက လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့တာမှာ ဘုရားဆိပ်နယ်ကျေးရွာ၊ တောင်သူဌေးကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၃၀ နှစ်အရွယ် ကိုရဲလင်းဌေးနဲ့ အသက် ၃၅ နှစ်အရွယ်မမိုးမိုးအေးတို့ နေရာမှာပဲသေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် ၁၀ လုံးလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ပါတယ်။ တောင်ကလေးရွာသားတယောက်က “နေ့လယ်ဘက်ကြီး လက်နက်ကြီးပစ်လိုက်တာ၊ တောင်သူဌေးကုန်းရွာထဲ ၅ လုံး လုံးကျတာ။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးသေပြီး ၅ ဦး ဒဏ်ရာရတယ်။ ဗုံးခိုကျင်းထဲ ဝင်ပုန်းတဲ့သူပါ သေတာ။ လက်နက်ကြီးတွေက တောက်လျှောက် ပစ်နေ တာ။ အနီးနားမှာရှိတဲ့ ရွာသားတွေအကုန်လုံး လန့်နေရတယ်” လို့ ပြောပါတယ်။
၈။ ဂန့်ဂေါမြို့နယ်၊ အောင်မြင်(ရှောက်ပင်)ရွာထဲသို့ ခလရ ၅၀ တပ်ရင်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၈ လနှင့် ၄ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ
မေ ၂၆ ၊ D Day News
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အောင်မြင်(ရှောက်ပင်)ရွာထဲသို့ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၅၀ တပ်ရင်းမှ ဟောင်ဝှစ် ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၈ လနှင့် ၄ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။ ယနေ့မေလ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းမှ ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၂ လုံးပစ်ခတ်ခဲ့ရာ အောင်မြင်(ရှောက်ပင်)ကျေးရွာအတွင်းရှိ နေအိမ် ၂ လုံးပေါ်သို့ အသီးသီး ကျရောက်ပေါက်ကွဲပြီး အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၀ အရွယ်နှင့် အသက် ၂၃ နှစ် အရွယ် အမျိုးသမီး ၂ ဦးတို့သေဆုံးကာ အသက် ၆၀ အရွယ် အဖွားတစ်ဦး၊ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၈ လအရွယ် ယောက်ျားလေးတစ်ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှမရှိပဲနဲ့ လျှောက်ရမ်းပစ်နေတာ။ နေအိမ် ၂ လုံးကလည်း လုံးဝပျက်စီးသွားတယ်၊ အမျိုးသမီးတစ်ဦးဆိုရင် အလောင်းပါ ကောက်မရတဲ့အထိ အစအနပျောက်သွားတာ။ ပထမ တစ်ချက်ပစ်တော့ အမျိုးသးတစ်ဦးသေတယ်။ ဒုတိယ တစ်ချက်မှာ အမျိုးသမီး ၂ ဦးထက်ထိသေတာ၊ ဒဏ်ရာရတဲ့ ၄ နှစ်အရွယ်မိန်းကလေးဆိုရင် လက်ဖြတ်ရမယ်လို့ သိရတယ်။ သူတို့ကိုတော့ နီးစပ်ရာ ဆေးအဖွဲ့ တွေက ကူညီပေးထားတယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
၉။ တန့်ဆည်တွင် စစ်ကောင်က ပြည်သူတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်
မေ ၂၆ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လျက်ရှိပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်ကာ အလောင်းအား နေအိမ်ထဲထည့်၍ မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၅၂ ဗျူဟာစစ်ကြောင်းထံမှ သိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၂၅ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ကျွန်းလယ်ကျေးရွာမှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းသည် တုတ္တလုပ်( မြောက် )ရွာကို စစ်ကြောင်း နှစ်ကြောင်းခွဲကာ ဝင်ရောက်ခဲ့ကြောင်း၊ ရွှေဘိုခရိုင် အမှတ် ၅၂ ဗျူဟာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။"စစ်ကြောင်းက ပစ်ဝင်ဝင်လာတာ၊ ရှောင်လို့လွတ်တဲ့ သူတွေက လွတ်တယ်။ သတ်ခံရတဲ့ အမျိုးသမီးကတော့ ပစ်ဝင်ဝင်တဲ့အချိန်နဲ့ သူထွက်အပြေးမှာ ခေါင်းကို ကျည်မှန်ပြီး သေဆုံးသွားတာ" ဟု ရွှေဘိုခရိုင် အမှတ် ၅၂ ဗျူဟာစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးသည် တုတ္တလုပ် (မြောက်) ရွာမှ အသက် ၅၄ နှစ်အရွယ် ဒေါ်မြင့်မြင့်စန်း ဖြစ်သည်။"လောလောဆယ်တော့ စစ်ကြောင်းက ရွာသုံးရွာခွဲထိုင်ထားတယ်။ ရွာသစ်ရွာမှာတော့ စစ်ကောင်စီတပ်သား အင်အား ၄၀ လောက် ရှိတယ်လို့တော့ ကနဦးသိရတယ်။ လောလောဆယ်တော့ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွား တာမျိုး မရှိသေးဘူးဗျ" ဟု တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
Comentarios