နေ့စဉ်သတင်းစုစည်းမှု
27-May-2024
တိုက်ပွဲသတင်း
၁။ ပခုက္ကူမြို့နယ်၊ ဖလံအိုရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၆ ဦးသေဆုံး
မေ ၂၇ ၊ D Day News
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကျောင်းသားတော်လှန် ရေးတပ်ဖွဲ့ - SRF မှ ထုတ်ပြန်သည်။ ယမန်နေ့ မေလ ၂၆ ရက် နံနက် ၄ နာရီခန့်က အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့- S.R.F ၏ မဟာမိတ် တပ်ဖွဲ့များဖြစ်ကြသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊PRFနှင့် ABSDF တပ်ဖွဲ့တို့ ပါဝင်သည့် မဟာမိတ် စစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်စခန်းသိမ်းပိုက်နိုင်ရန် လက်တစ်ကမ်းအလိုအထိ ကပ်နိုင်ခဲ့ ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်မှုသည် ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ စစ်ကူ အင်အား အများအပြား ရရှိသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးကာ ဒဏ်ရာရသူများစာရင်း နောက်ဆက်တွဲအခြေအနေကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း မြင်းခြံနည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်၏ အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA အမှတ် ၈၁၅ တပ်ရင်းမှ နိုင်ငံရေးမှူး ရဲဘော် ထွန်းနိုင် (ခ) ကိုအောင်သူရသည် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဒီမိုကရေစီနစ်အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။
၂။ တီးတိန်မြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေ၊ ရဲ ၉ ဦး အရှင်ဖမ်းမိ
မေ ၂၇ ၊ Myanmar Now
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီ လက်နက်ကိုင်များကို ယနေ့ (မေ ၂၇) နံနက် အရုဏ်ချိန်မှစတင်၍ ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကာ တော်လှန်ရေးအင်အားစုက ရဲ ၉ ဦး ကို ဖမ်းဆီး ရမိထားသည်ဟု သိရသည်။ နံနက် ၄ နာရီဝန်းကျင်ခန့်မှ စတင်ပြီးတီးတိန်မြို့မြောက်ဘက်ရှိ စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို ထိုးစစ်ဆင်ခဲ့သည်၊ အခြေချစစ်တပ်စခန်းကုန်းဖြစ်သည့် မိုက်ခရိုတာဝါတိုင်ကုန်းဆိုသည့်နေရာကို သိမ်းပိုက် ထားပြီးဖြစ်သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်နေသည့် ချင်းညီနောင်အဖွဲ့တွင် ပါဝင်သော PDF Zoland မှ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။ “အရှင်ဖမ်းဆီးရမိတာ ၉ ယောက်ပါ။ သူတို့တပ်စွဲထားတဲ့ မိုက်ခရိုတာဝါတိုင်နားကို သိမ်းပိုက်ရတာ ပါ”ဟု အဆိုပါ ပြောခွင့်ရသူက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။ ရဲများကို မည်သို့မည်ပုံ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မသိရသေးပေ။ တိုက်ပွဲအတွင်း ချင်းတော်လှန်ရေးဘက်မှ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။ အခြေစိုက်စခန်းနေရာများ ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့များထံမှ သိရသည်။
၃။ စစ်ကိုင်းမြို့အနီး ငွေတောင်းရမ်းနေသော စစ်သားများ မိုင်းဆွဲ ဗုံးကြဲခံရ၊ ၁၀ ဦးထက်မနည်း ထိခိုက်ဟု ဆို
မေ ၂၇ ၊ Myanmar Pressphoto Agency
စစ်ကိုင်းမြို့အနီး ငွေတောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်း ထိခိုက်မှုရှိကြောင်း ရတနာပုံ တပ်ဦး (ပြင်ဦးလွင်ခရိုင် ဒရုန်းအဖွဲ့)က သတင်းထုတ်ပြန်သည်။ မေလ ၂၆ ရက်နေ့ ၊နံနက် ၁ဝ နာရီကျော်တွင် စစ်ကိုင်း မြို့နယ်၊ စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်း၊ စစ်ကိုင်း-မုံရွာ သံလမ်းဆုံ၌ လမ်းသွားလမ်းလာ ခရီးသွား ပြည်သူများကို ဖမ်းဆီးခြင်းနှင့် ငွေတောင်းရမ်းခြင်းတို့ ပြုလုပ်နေသော အင်အား ၃၀ ဝန်းကျင်ရှိ စစ်သားများကို မိုင်းဆွဲပြီးနောက် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ တိုက်ခိုက်ခံရပြီးနောက် ယင်းဂိတ်မှနေ၍ ၆၀(မမ) လက်နက်ကြီးဖြင့် တစ်ချက် ပစ်ခတ်မှုရှိသလို စစ်ကိုင်း မြို့တွင်းမှ စစ်ကားနှစ်စီး ထွက်လာကာ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“လမ်းဆုံဂိတ်ဗျ။ စစ်ကိုင်းမြို့အထွက် မြို့နဲ့နီးနီးလေး။ ထိခိုက်သေဆုံးက ၁၀ ဦးထက်မနည်းဒဏ်ရာရတယ်လို့ပြောလို့ရမယ်။ကင်းထောက်ဒရုန်း ဝဲဖို့ကလည်း မြို့နဲ့နီးတော့ ခက်တယ်။ကျနော်တို့ကလည်း မစ်ရှင်ပြီးတာနဲ့ တန်းပြန်ဆုတ်လာတာ”ဟု စစ်ကိုင်းမြို့နယ်ပကဖ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထိခိုက်သော စစ်သားများကို စစ်ကိုင်းမြို့တွင်းမှ လူမှုကူညီရေးအသင်းကားများဖြင့် လာရောက်သယ်ဆောင်သွားကြောင်းသိရသည်။အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ် ပကဖ၊စစ်ကိုင်းမြို့နယ် ဇုန်လေး ပကဖ နှင့် ပြင်ဦးလွင်ခရိုင် ရတနာပုံ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။
၄။ ကျွန်းစုမြို့နယ်၊ မြစ်ကြောင်းအတွင်း စစ်တပ် စက်လှေ၊ သင်္ဘောတို့ဖြင့် ၂ ရက် ဆက်တိုက်တိုက်ပွဲဖြစ်
မေ ၂၇ ၊ D Day News
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် မြစ်ကြောင်းအတွင်း အကြမ်းဖက်စစ်တပ် စက်လှေ၊ သင်္ဘောတို့ကို ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ထံမှ သိရသည်။ မေလ ၂၂ ရက် နံနက် ၁၀ နာရီခန့်က ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအုပ်စု မန်းကြီးမြစ်တွင် အကြမ်းဖက် စစ်ကောင်စီ ရေတပ်နှင့်ပျူပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးလာသည်ဟု သတင်းရသဖြင့် သွားရောက်စုံစမ်းရာ မန်းကြီးမြစ်ဂလစ်ဝ အနီး အသင့်စောင့်ဆိုင်းနေသော ပျူ ဖိနပ်လှေငယ် ၃ စီး ဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲမိနစ်အငယ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။ယင်းတိုက်ခိုက်မှုအတွင်း ပျူများထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။ အလားတူ မေလ ၂၃ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ရှော်တောမော်ကျေးရွာအနီးရှိ အကြမ်းဖက်စစ် ကောင်စီ၏ ရေတပ် စစ်သင်္ဘော 116 ကို လက်နက်ကြီးဖြင့် တစ်ချက်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက် ခဲ့ကာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုကို အတည်ပြုနေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများကို ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီကာကွယ်ရေး ပြောက်ကျား(တနင်္သာရီ-ပကဖ) ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၅။ ရခိုင်အရေး ပူးတွဲထုတ်ပြန်သော အဖွဲ့ထဲမှ GSC နုတ်ထွက်
မေ ၂၇ ၊ The Irrawaddy
ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေများနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၉၅ ဖွဲ့၏ ပူးတွဲ သဘောထား ထုတ်ပြန်ချက်မှ နုတ်ထွက်ကြောင်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ(GSC) အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။ ယင်းထုတ်ပြန်ချက်ထဲ၌ GSC အမည်ပါဝင်ခဲ့မှုသည် အဖွဲ့အစည်းအတွင်း ဆွေးနွေးညှိနှိုင်း သဘောထားရယူမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အားနည်းချက်များကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး အဖွဲ့တွင် ပါဝင်လျက်ရှိနေ သော အစုအဖွဲ့အားလုံး၏ သဘောထားနှင့် အမြင်အား ထင်ဟပ်ခြင်းမရှိဘဲ ပြည်သူလူထုအား အနူးအညွတ် တောင်းပန် ကြောင်း ဆိုထားသည်။ စတင်ဖွဲ့စည်းခဲ့ချိန်နှင့် ဖွဲ့စည်းချိန်မတိုင်မီကပင် GSC နှင့် အဖွဲ့ဝင် အဖွဲ့အစည်းများ၊ ရဲဘော်များ၏ အစဉ်အမြဲ ရပ်တည်ချက် ဖြစ်သော ရိုဟင်ဂျာအပါအဝင် အခြားသော အဖိနှိပ်ခံ လူနည်းစုများ၏ လူသားဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့အတွက် အကြွင်းမဲ့ ကာကွယ်ရန် ရပ်တည်ချက်အား မယိမ်းမယိုင် ဆက်လက်ခံယူထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဆင်နွှဲနေသော စစ်သုံးစစ် တိုက်ဖျက်ရေး တော်လှန်ရေးအရှိန်အဟုန်ကို ဆက်လက် ထောက်ခံ ရပ်တည်ကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်၏ အခြေအနေအပေါ် GSC တစုံလုံး၏ ရှင်းလင်းသော သဘောထား အမြင်တရပ် ကျေလည်စွာ ပေါ်ထွက်လာနိုင်ရန် ရိုဟင်ဂျာ၊ ရခိုင်အပါအဝင် အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး ပကတိ အခြေအနေများကို ဆက်လက် လေ့လာစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောသည်။ မေလ ၂၂ ရက်နေ့ ကြေညာချက်တွင် အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာလူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ် ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ဟု ကြေညာထားသော်လည်း မြေပြင်၌ AAစစ်သားတချို့ ကျူးလွန်သည်ဟု စွပ်စွဲမှုများ ရှိနေ၍ ယင်းအမှုများကို စုံစမ်းစစ်ဆေးပေးရန် တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့ ၁၉၅ ဖွဲ့မှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
၆။ ရခိုင်မြောက်ပိုင်းအရေး အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပူးတွဲထုတ်ပြန်ချက် မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတာကြောင့် AA ကန့်ကွက်
မေ ၂၇ ၊ Mizzima
ရခိုင်ပြည်နယ်(မြောက်ပိုင်း)က အခြေအနေတွေနဲ့ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေအပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၁၉၅ ဖွဲ့က ထုတ်ပြန်ထားတဲ့ အချက်အလက်တချို့က မှားယွင်းနေပြီး မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတာကြောင့် ကန့်ကွက်တယ်လို့ အာရက္ခတပ်တော် AA က မေ ၂၄ ရက်က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့ စုစုပေါင်း ၁၉၅ ခုက မေလ ၂၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်မှာ AA တပ်ဖွဲ့ဝင်တွေက မွတ်ဆလင်တွေကို ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲကာ စုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုထားတာဖြစ်ပါတယ်။ရခိုင်ဒေသနေ ရိုဟင်ဂျာတွေနဲ့ AA တို့အကြား စစ်ကောင်စီက လူမျိုးရေးသဘော ထားကွဲလွဲမှုကို ဖန်တီးလုပ်ဆောင်နေတဲ့အတွက် AA အနေဖြင့် မိမိတို့ဒေသနေ ရိုဟင်ဂျာများအပါအဝင် လူမျိုးစုများအပေါ် စစ်ပွဲပစ်မှတ်မထားရေးနဲ့ မီဒီယာများကို ဝင်ခွင့်ပြုရေးတို့ကိုလည်း အဆိုပါ အရပ်ဖက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအဖွဲ့အစည်းတွေထဲမှာ မိခင်အဖွဲ့အစည်းတွေရဲ့ သဘောထားကို မေးမြန်းခြင်း မရှိဘဲ ထည့်သွင်းခံထားရတဲ့ အဖွဲ့အစည်းတွေ ပါဝင်နေတယ်လို့ AAက ပြောပါတယ်။ ဒါ့အပြင် တရားဝင်ခွင့်ပြုချက် တောင်းခံတာမျိုးမရှိဘဲ ပူးတွဲထုတ်ပြန်ခံရတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်လို့ AAက ထောက်ပြထားပါတယ်။
ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အခြေအနေအကျိုးအကြောင်းရှင်းလင်းစွာမသိဘဲဖော်ပြခံရတဲ့ အဖွဲ့အစည်းတွေရှိရင် မည်သည့်အတွက်ကြောင့် ပါဝင်ခဲ့ရတယ်ဆိုတာ ရှင်းလင်းချက်ထုတ်ပြန်ပေးဖို့ အေအေ က တောင်းဆိုထားပါတယ်။
၁၉၅ ဖွဲ့မှာပါဝင်တဲ့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) ကတော့သဘောထား ထုတ်ပြန်ချက်မှာ သေချာစိစစ်ခြင်းမရှိခဲ့ဘဲ ပါဝင်ခဲ့တာကြောင့် AA နဲ့ ပြည်သူလူထုကို တောင်းပန်ကြောင်းနဲ့ ပူးတွဲကြေညာ ချက်မှ တရားဝင်နှုတ်ထွက်ကြောင်း မေလ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အခုလို တိကျခိုင်မာမှု အားနည်းတဲ့ အချက်အလက်များကို အခြေပြုပြီး ထုတ်ပြန်ခြင်းဟာ ဒေသတွင်းရှိ သက်ဆိုင်ရာအစုအဖွဲ့ အသီးသီးအကြား တင်းမာမှုများ ပိုမိုဖြစ်ပေါ်လာစေမှာကို အထူးစိုးရိမ်မိပြီး စနစ်မကျမှု၊ ပေါ့ဆမှုများကိုလည်း တာဝန်ယူတာဝန်ခံရန် လိုအပ်ကြောင်း တကသများ-ရန်ကုန်က ပြောကြားထားပါတယ်။ဘူးသီးတောင်မြို့က နေအိမ် မီးရှို့ဖျက်ဆီးမှုတွေနဲ့ လေကြောင်းတိုက်ခိုက် မှုတွေကို စစ်ကောင်စီတပ်နဲ့ သူတို့ စစ်သင်တန်းတွေပေးထားတဲ့ မွတ်ဆလင်တွေက ကျူးလွန်နေကြတာလို့လည်း AA က ထုတ်ပြန်ထားပါတယ်။AA အနေနဲ့ မိမိတို့ဒေသနေပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ စားဝတ်နေရေး ကူညီထောက်ပံ့ ပေးနေပေမယ့် လူအမျိုးမျိုးမှ မျက်ကွယ်ပြုကာ ၎င်းတို့အကျိုးစီးပွားအတွက် လိုရာပြောဆို ရေးသားမှုတွေကို တွေ့ရှိလာရ ကြောင်းလည်း AA က ထုတ်ပြန်ပြောကြားထားပါတယ်။ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ မီဒီယာများအနေဖြင့် သတင်းအမှား၊ အမှန်ကို သတိထားကာ အမှန်တကယ် မြေပြင်အခြေအနေကို သိရှိနားလည်ရန်နဲ့ NGO အဖွဲ့များ၊ စေတနာ ရှင်အဖွဲ့များကလည်း ရခိုင်ဒေသရှိ စစ်ဘေးရှောင်များအတွက် အခြေခံလိုအပ်ချက်ကို ထောက်ပံ့ကူညီပေးကြဖို့ AA က တောင်းဆိုထားပါတယ်။
၇။ အကြမ်းဖက်မှုတွေရပ်ဖို့ စစ်ကောင်စီသံအမတ်တက်တဲ့အာဆီယံဆွေးနွေးပွဲမှာ အမေရိကန်တိုက်တွန်း
မေ ၂၇ ၊ BBC
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ချက်ခြင်းအဆုံးသတ်ဖို့နဲ့ မတရားဖမ်းဆီးခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီသံအမတ် တက်ရောက်တဲ့ ၃၆ ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိများဆွေးနွေးပွဲမှာ အမေရိကန်က တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံဆိုင်ရာမြန်မာသံအမတ် ဦးသက်ဝင်း တက်ရောက်တဲ့ အဲဒီဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့မှာမေလ ၂၄ ရက်တုန်းက ကျင်းပခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒန်နီယယ်ဂျေ ခရစ်တန်ဘရစ် အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေး အပါအဝင် အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကိုလိုက်နာဖို့နဲ့ လိုအပ်တဲ့လူတွေဆီကို လူသားခြင်းဆိုင်ရာအကူအညီ တွေ အဟန့်အတားမရှိ ရောက်ရှိနိုင်ဖို့တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ပါတယ်။ မြန်မာသံအမတ်ဘက်ကတော့ အာဆီယံဘုံသဘောတူညီချက် (၅) ချက်အကောင်အထည်ဖော်တဲ့အပိုင်းမှာ လူသားချင်းစာနာမှုအကူအညီပေးရေးကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်နေတာတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီဆွေးနွေးပွဲကို အင်ဒိုနီးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံနိုင်ငံတွေက အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၈။ ဝိုင်းမော်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင် ၁၀ ဦး ပြင်းထန်ဒဏ်ရာရကာ မြစ်ကြီးနားဆေးရုံ ပို့ဆောင် ထား
မေ ၂၇ ၊ Mizzima
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ယမန်နေ့ (မေလ ၂၆ ရက်) ညသန်းခေါင်ယံအချိန်က စစ်ကောင်စီတပ်မှ လက်နက် ကြီးဖြင့် ပစ်ခတ်သောကြောင့် ရွှေညောင်ပင်ကျေးရွာဘက်မှ ဝိုင်းမော်ဘက်သို့ ပြောင်းရွှေ့လာသူ အလုပ်သမား ၁၀ ဦးခန့် ပြင်းထန် ထိခိုက်ဒဏ်ရာရရှိကာ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှုခံယူနေရကြောင်း ဝိုင်းမော်ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။အဆိုပါ လုပ်သားများသည် ရွှေညောင်ပင် ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားနေစဉ် က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ထိန်းသိမ်းထားခဲ့ပြီး တိုက်ပွဲပြီးဆုံးပြီးနောက် ဘေးကင်းသည့်အခြေအနေ သို့ ရောက်ပြီဖြစ်သောကြောင့် ယမန်နေ့က သွားလိုရာသွားနိုင်ကြောင်း လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ကူညီဆောင်ရွက် ပေးခဲ့သူတဦးက ပြောသည်။ ထို့နောက် ယမန်နေ့ညပိုင်းက ကား လေးစီး၊ သုံးဘီးယာဉ် တစီးဖြင့် ရွှေညောင်ပင်မှ လူ ၁၀၀ ခန့် ဝိုင်းမော်ဘက်သို့ ထွက်ခွာလာကြစဉ်တွင် ဝိုင်းမော်မြို့အဝင်၌ စစ်ကောင်စီတပ်သားများက ပြည်သူဟု ယူဆခြင်းမရှိဘဲ KIA တပ်သားများပါလာသည်ဟု ပြောဆိုကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခက်ခဲ့ခြင်းဖြစ်သည်ဟု ကူညီ ဆောင်ရွက်ပေးသူက ပြောသည်။ "ကျွန်တော်တို့ ဒီမနက် သွားတော့ သိရတာပေါ့နော်။ သူတို့က ရွှေညောင်ပင်ဘက်ကနေ ဝိုင်းမော်ဘက် ကားနဲ့ထွက်လာတာမှာ ဒီဘက်ရောက်တော့ စစ်တပ်ဘက်က KIA ပါလာတယ်ဆိုပြီး ပစ်တာပေါ့။ အမှန်တော့ KIA တော့ မပါပါဘူး၊ သူတို့ငှက်ပျောခြံ လုပ်သားတွေချည်းပဲ။ ပြည်သူတွေပါလို့ ပြောလို့လည်း မရတော့ဘူး ပေါ့နော်၊ သူတို့ ရောက်တဲ့အချိန်ကျ အပစ်ခံနေကြရပြီဆိုတော့လေ။ ပေါင်တို့ ခါးတို့ ထိသူတွေထိကြတယ်" ဟု ယနေ့ နံနက်ပိုင်း သွားရောက်ကယ်ဆယ်ရာတွင် ပါဝင်သူတဦးက မဇ္ဈိမကိုပြောသည်။
ယမန်နေ့ညပိုင်း ပစ်ခတ်ခံရစဉ်က ၎င်းတို့သည် အလုပ်သမားပြည်သူများသာဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း စစ်ကောင် စီတပ်မှ ဆက်လက်ပစ်ခတ်ခဲ့သောကြောင့် ပြင်းထန်ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူများ ကိုမူ လက်ရှိတွင် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
၉။ စစ်တွေတွင် စစ်ရှောင် ၄ ဦးကို စစ်တပ်က ဖမ်းဆီး
မေ ၂၇ ၊ DVB
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာလည်း မေ ၂၄ ရက်ညက စစ်ဘေးရှောင်ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်တွေမြို့နယ် ပါဒလိတ် ကျေးရွာနားမှာ မေ ၂၄ ရက်နေ့ ည ၁၁ နာရီ လောက်က တခြားကျေးရွာဘက်တွေကို စစ်ဘေးတိမ်းရှောင်လာတဲ့ ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်က လက်နက် ငယ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်ပြီး ဖမ်းဆီးသွားတယ်လို့ စစ်တွေမြို့ခံတယောက်က DVB ကို ပြောပါတယ်။ဖမ်းဆီးခံရတဲ့ သူတွေကတော့ စစ်တွေမြို့နယ် ကြွီတဲရွာက အသက် ၃၃ နှစ်အရွယ် ဦးမောင်သန်းလှ၊ အသက် ၃၆ နှစ်အရွယ် ဒေါ်စိုးစိုး၊ ပိုက်ဆိပ်ကျေးရွာက အသက် ၄၅ နှစ်အရွယ် ဦးမောင်မြဝင်း နဲ့ ကျောက်တန်းကြီးကျေးရွာက အသက် ၄၃ နှစ်အရွယ် ဒေါ်မမခင်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ စစ်တွေမြို့နယ်အတွင်းမှာ ပြည်သူ သိန်းနဲ့ချီ ပိတ်မိနေတာပါ။ စစ်ကောင်စီဘက် ကတော့ ပိတ်မိနေတဲ ပြည်သူတွေကို ဘယ်မှပေးမသွားဘဲ သွားဖို့ကြိုးစားတဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေ သလို နေ့စဥ် ဧည့်စာရင်းစစ်ဆေးပြီး အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။
၁၀။ လေကြောင်းတိုက်ခိုက်မှုကြောင့် တီးတိန်မြို့ခံ ငါးထောင်ခန့် ထွက်ပြေးနေရ
မေ ၂၇ ၊ RFA
ချင်းပြည်နယ်၊ တီးတိန်မြို့ကို မေလ ၂၇ ရက် ဒီနေ့မနက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ငါးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ အဲဒီထွက်ပြေးနေရသူတွေက ပြောပါတယ်။ တီးတိန်မြို့မှာ ဒေသကာကွယ်ရေး (PDF Zoland ) အပါအဝင် ချင်းညီနောင်ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ မေလ ၂၆ ရက်နေ့ ည ၁၀ နာရီကနေ ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အခုလို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါ တယ်။ တိုက်ပွဲမဖြစ်ခင် ကြိုပြေးတဲ့ဒေသခံတွေရှိသလို ကျန်နေတဲ့ဒေသခံတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ "တိုက်ပွဲမဖြစ်ခင် တစ်ပတ်ခန့်က တချို့က ပြေးကြပြီ။ အဓိကတော့ စကောလမ်ရပ်ကွက်ဘက်မှာ နေတဲ့သူတွေ ကြိုပြေးကြတယ်။ တချို့လည်း တီးတိန်မြို့မှာ ကျန်သေးတယ်။ တစ်ဝက် လောက်တော့ ထွက်ပြေးမှာ အခုလည်း ပြေးနေတုန်းပေါ့"။ဒေသခံတွေဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့အပြင် နီးစပ်ရာ ကျေးရွာတွေဆီ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။လေကြာင်းနဲ့ ဗုံးကြဲမှုကြောင့် ဒေသခံတွေ ထိခိုက်မှုနဲ့ နေအိမ်ပျက်စီးတာ ရှိနိုင်ပေမဲ့ အရေအတွက်အတိအကျတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
၁၁။ မြစ်ခြေမြို့နယ်မှာ PDF ငါးဦး သတ်ဖြတ်ခံရပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ
မေ ၂၇ ၊ RFA
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ် ချမ်းသာကြီးရွာကို မေလ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ အင်အား နှစ်ရာခန့်ပါ စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးထဲက ငါးဦးကို နောက်နေ့မှာ ပစ်သတ်ခဲ့သလို တစ်ဦးကို ဓားစာခံအဖြစ်ဖမ်းသွားတယ်လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။စစ်ကြောင်း ဝင်ရောက် လာတာကြောင့် ချမ်းသာကြီးရွာခံ တစ်ထောင်ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ အသက် ၁၆ နှစ်ကနေ ၁၈ နှစ်အရွယ်ရှိတဲ့ လူငယ်အမျိုးသားတွေဖြစ်ပြီး လုံခြုံရေး အခြေအနေ အရ နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ ဆိုပါတယ်။ ချမ်းသာကြီးရွာရဲ့ အနောက်ဘက်မှာပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ခဲ့တာလို့ မြစ်ခြေမြို့မှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုဓနက RFA ကို ပြောပါတယ်။ "၂၅ ရက် ညရှစ်နာရီမှာ အဖမ်းခံရတယ်။ အဖမ်းခံရပြီး ချမ်းသာကြီးရွာအလယ်က စာသင်ကျောင်းမှာ ဖမ်းထားတယ်။ ပြီးတော့ ၂၆ ရက်နေ့ကျ သူတို့ရွာက ပြန်အထွက်မှာ ငါးဦးကို သတ်ပစ်သွားတာ။ လက်ပြန်ကြိုးတုပ်ပြီး သေနတ်နဲ့ပစ်သတ်တာပါ။ တစ်ဦးကိုတော့ ဓားစာခံအဖြစ် ဖမ်းသွားပါတယ်"။ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူဟာ အသက် ၁၇ နှစ်အရွယ်ဖြစ်ပြီး နာမည်ကိုတော့ ထုတ်ဖော်မပြောပါဘူး။စစ်ကြောင်းဝင်လာချိန်မှာ ဒေသခံတွေ ဖမ်းဆီးခံရ တာမရှိပေမဲ့ နေအိမ်တွေထဲက ပစ္စည်းတချို့ကိုတော့ စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ လက်ရှိ ရွာကနေ စစ်ကြောင်းပြန်ထွက်သွားပေမဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရ သေးတာကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။
Comments