နေ့စဉ်သတင်းစုစည်းမှု
28-May-2024
တိုက်ပွဲသတင်း
၁။ ရေဦးမြို့အထွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ဂိတ်ဖွင့်တပ်စွဲထားတဲ့ ရွှေကျီးမင်းဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်
မေ ၂၈ ၊ PVTV
စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ရေဦးမြို့ အနောက်ဘက်အထွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ဂိတ်ဖွင့်တပ်စွဲထားတဲ့ ရွှေကျီးမင်းဂိတ်ကို မေ ၂၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်မှာ Fixed Wing ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ရေဦး (PDF)က ထုတ်ပြန်လိုက်ပါတယ်။အဆိုပါ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုကို စုံစမ်းမသိရှိရသေးဘူးလို့ ဆိုပါတယ်။ ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ဒရုန်းတပ်စုရဲ့ တော်လှန်ရေးမှာ မဆုတ်မရွံ့တဲ့ ခွန်အားနဲ့ ကြိုးစားလှုပ်ရှားမှုကို ပြည်သူတွေအတွက် အားတစ်ခုဖြစ်စေဖို့ ဖော်ပြပေးလိုက် ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂။ ရွာငံမြို့နယ်တွင် အကြမ်းဖက်စစ်ကား ၅ စီးကို မိုင်းဆွဲတိုက်ခိုက်၊ ကား ၂ စီးပျက်စီးပြီး စစ်သား ၂၀ ခန့်ထိခိုက်ဒဏ်ရာရ
မေ ၂၈ ၊ D Day News
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ရွာငံမြို့နယ်၊ တောင်ဦးရွာအနီးတွင် အကြမ်းဖက်စစ်တပ်ကား ၅ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီးပျက်စီးပြီး စစ်သား ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ် ရေးတပ်တော် ( DSNDA) ထံမှ သိရသည်။မေလ ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အကြမ်းဖက်စစ်သားများ စီးနင်း လိုက်ပါ သည့် ကား ၅ စီးကို ရွာငံမြို့နယ်၊ တောင်ဦးကျေးရွာအနီးအရောက် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်မှ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကား ၂ စီး ပျက်စီးခဲ့ပြီး စစ်သား ၂၀ ခန့် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးမှုစာရင်းအတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
၃။ ပူတာအိုမြို့နယ်တွင် တိုက်ပွဲအတွင်း ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်း အပါအဝင် စစ်ကြောင်းတစ်ခုလုံး နီးပါးသေဆုံး
မေ ၂၈ ၊ D Day News
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်တွင်တ တိုက်ပွဲဖြစ်ပြီး ခလရ ၁၃၇ တပ်ရင်းမှ ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်း အပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါးသေဆုံးသွားပြီး တပ်ပျက်သွားကြောင်း ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်ထံက သိရသည်။ မေလ ၁၈ ရက်နေ့က ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အခြေစိုက် ခလရ ၁၃၇ တပ်ရင်းမှ ပူတာအို မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပူတာအိုမြို့နယ် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ရာ ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းအပါအဝင် စစ်ကြောင်းတစ်ကြောင်းလုံးနီးပါး သေဆုံးသွားပြီး အနည်း ငယ်သာအရှင်ဖမ်းမိခဲ့ကြောင်း၊ အချို့စစ်သားများမှာ ပျောက်ဆုံးနေကြောင်း သိရသည်။ “ဘယ်လောက်သေတယ် ဆိုတာ တော့ အရေအတွက် အတိအကျမသိရဘူး၊ တစ်ယောက်ဖမ်းမိ၊ ၃ ယောက်မိ၊ တစ်ချို့ကမတွေ့တာရှိတယ်ဆိုတော့ ရှေ့တန်း ထွက်နေတဲ့တပ်ရင်းတစ်ခုလုံးလို့ ပြောလို့ ရတယ်။ ရှေ့တန်းထွက်တဲ့ ၁၃၇ တပ်ရင်းတစ်ခုလုံးနီးပါး ပြုတ်သွားတာပေါ့” ဟု ပူတာအိုမြို့နယ် တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်က ပြောကြားသည်။ ယင်းတိုက်ပွဲများအတွင်း ခလရ ၁၃၇ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးချမ်းဇေဟိန်းကို ပူတာအိုမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ - KPDF က ဒဏ်ရာများဖြင့် အရှင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုပေးနေစဉ် ဖမ်းမိပြီးနောက်တစ်နေ့၌ သေဆုံးသွားကြောင်း သိသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၄။ စစ်ကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီး ဦးအောင်နိုင်ဦးနှင့် စီမံဘဏ္ဍာ ဒုဝန်ကြီးကို တာဝန်မှ အနားပေး
မေ ၂၈ ၊ The Irrawaddy
စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ၃ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းအားလည်း တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသော မီဒီယာများ တွင် ယနေ့ည ထုတ်ပြန်သည်။ ၎င်းတို့အား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ တာဝန်မှ အနားယူခွင့်ပြုကြောင်း ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးအမိန့်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဖြစ်သူ စစ်တပ်အရာရှိ ဗိုလ်မှူး ဟောင်း အောင်နိုင်ဦးကို ပြည်ထောင်စုဝန်ကြီးအဖြစ် စစ်ကောင်စီက ပြောင်းလဲခန့်အပ်ခဲ့ပြီး တာဝန်မှအနားယူချိန်၌ စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ၃ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှာ ယခင် အရပ်သားအစိုးရ လက်ထက်ကတည်းက ယင်းရာထူးကို တာဝန်ယူခဲ့သူ ဖြစ်သည်။
၅။ နေပြည်တော်တိုင်းမှူးအပါအဝင် ဗိုလ်ချုပ် ၅ ဦး ဖယ်ရှားခံရ
မေ ၂၈ ၊ BBC
နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နဲ့ လက်ရုံးတပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်လေးဦး အရန်အင်အားကို ပို့ဆောင်ခံရတယ်လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဘီဘီစီကိုပြောပါတယ်။ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းက နေပြည်တော်တိုင်းမှူးအသစ်ဖြစ်လာပြီး လစ်လပ်သွားတဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာကိုတော့ စစ်ရုံးက ဗိုလ်မှူးချုပ်ပြည့်စုံလင်း ရောက်လာပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် နေပြည်တော်တိုင်းမှူး လေးကြိမ်အထိ အပြောင်းအလဲဖြစ်ခဲ့ပြီး ဗိုလ်ချုပ်ဇော်မျိုးတင်၊ ဗိုလ်ချုပ် ဇော်ဟိန်း၊ ဗိုလ်ချုပ်ဝေလင်း နဲ့ ဗိုလ်ချုပ်စောသန်းလှိုင်တို့ တာဝန်ယူခဲ့ကြတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဝေလင်းနဲ့ ဗိုလ်ချုပ် စောသန်းလှိုင် တို့ရဲ့ နေပြည်တော်တိုင်းမှူးသက်တမ်းက လပိုင်းသာ ကြာမြင့်ခဲ့ကြပါတယ်။
၆။ နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကို ကန့်ကွက်ကြောင်း ကြံ့ခိုင်ရေးပါတီအပါဝင် ပါတီ ၂၅ ခု ထုတ်ပြန်
မေ ၂၈ ၊ The Irrawaddy
ကမ္ဘာ့နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပြုလုပ်နေသည့် အရေးယူပိတ်ဆို့မှု (Sanctions) လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချ ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် နိုင်ငံရေးပါတီ ၂၅ ခုက ယနေ့ ကြေညာချက် ထုတ်ပြန်သည်။စစ်ကောင်စီသည် ပြည်တွင်းပဋိပက္ခများအား ပြည်တွင်းအင်အားဖြင့် အလေးထားဖြေရှင်းဆောင်ရွက် နေစဉ် အင်အားကြီးနိုင်ငံအချို့နှင့် ကမ္ဘာ့အဖွဲ့အစည်းတို့က စီးပွားရေးအရ အကျပ်အတည်းဖြစ်စေသော အရေးယူပိတ်ဆို့မှု များကို နည်းလမ်းတရပ်အဖြစ် အသုံးပြု၍ ဆောင်ရွက်လာကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ကမ္ဘာ့နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ၂၀၂၁ ဖေဖော်ဝါရီ ၁၁ ရက်မှ ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းအထိ ပုဂ္ဂလိက ပိုင်ဆိုင်မှု များကို ပိတ်ပင်ခြင်း၊ အစိုးရနှင့် ထောက်ပံ့ဆက်သွယ်မှုများကို ဖြတ်တောက်ခြင်း၊ လူမှုစီးပွားဘဝဆိုင်ရာ လုပ်ငန်းစဉ်များကို ပိတ်ဆို့ခြင်း၊ ငွေလွှဲပြောင်းမှုများအား တားမြစ်ပိတ်ပင်ခြင်း၊ ကုန်ပစ္စည်းတင်ပို့မှုများ ကန့်သတ်တားမြစ်ခြင်း၊ ခရီးသွား လာခွင့်ပိတ်ပင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရမည့်ကိစ္စများအား ဆိုင်းငံ့ထားခြင်း၊ အထီးကျန် ဖြစ်စေခြင်း၊ ကမ္ဘာ့အဖွဲ့အစည်းများတွင် မဲပေးခွင့် မရှိအောင် ပိတ်ပင်တားမြစ်ခြင်း၊ ကမ္ဘာ့မူပိုင်ခွင့်အစည်း အဝေးမှန်သမျှ တက်ရောက်ခွင့် ပိတ်ပင်ခြင်း စသည်တို့လည်း လုပ်ဆောင်ခဲ့ကြောင်းပါရှိသည်။ထိုသို့ပိတ်ဆို့မှုများသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း Article (7) ပါ "တန်းတူကာကွယ် စောင့်ရှောက်မှုအစား ခွဲခြားဆက်ဆံခြင်း၊ ထိုသို့ ခွဲခြားဆက်ဆံရန် လှုံ့ဆော်ခြင်းနှင့် တူညီသော ကာကွယ်စောင့်ရှောက်မှုကို ခံစားစေရမည်" စသည့် အချက်များအား အတိအလင်း ချိုးဖောက်နေကြောင်း၂၅ ပါတီက ဆို သည်။ ဥရောပသမဂ္ဂ (EU) ကလည်း မြန်မာစစ်ခေါင်းဆောင်များအပါအဝင် စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သော လူပုဂ္ဂိုလ် ၁၀၃ ဦး၊ အဖွဲ့အစည်း၂၁ ခုတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ငွေကြေး၊ စီးပွားရေးဆိုင်ရာ အရင်းအမြစ်များကို ငွေလွှဲပြောင်းခြင်းများနှင့် အကျိုးဖြစ်ထွန်းစေရန် ကူညီခြင်းများကို တားမြစ်ထားပြီး အဆိုပါစာရင်း၌ ပါဝင်နေသူများကို အီးယူသို့ခရီးသွားလာခွင့် ပိတ်ပင်ခဲ့သလို ထိုကဲ့သို့ အရေးယူမှုများကို ၂၀၂၅ ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးကြောင်း ယခုနှစ်ဧပြီတွင် ထုတ်ပြန်ထားသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၇။ တီးတိန်တွင် အိမ် ၃၀ ခန့် မီးရှို့ခံရ
မေ ၂၈ ၊ The Irrawaddy
ချင်းပြည်နယ်၊ တီးတိန်မြို့မရပ်ကွက်၌ မေ ၂၇ ရက်နေ့ နေလယ်ပိုင်းက စစ်ကောင်စီတပ် မီးရှို့မှုကြောင့် မြို့လယ်ခေါင် နာရီစင်အနီးနှင့် ထွေအုပ်ရုံးအနီးမှ အိမ်အလုံး ၃၀ ခန့် လောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက “မနေ့က တိုက်ပွဲမှာ သူတို့ (စစ်ကောင်စီတပ်) ဘက်က စခန်းတွေကျတယ်လေ။ ဒါကြောင့် ရှို့တာ၊ စုစုပေါင်း နေအိမ် ၃၀ က အနည်းဆုံးပဲ။ အိမ်တွေက ဆက်နေတာ၊ မိုးမရွာရင် ဒီထက်ပိုများနိုင်တယ်။ မိုးရွာလို့ သက်သာ သွားတာ”ဟု ပြောသည်။ တွန်းဇံမြို့ဘက်သို့ ထွက်သည့် တီးတိန်မြို့စွန့်တွင် ခြေလျင်တပ်ရင်း- ခလရ ၂၆၉ ရှိပြီး မေ ၂၇ ရက် နံနက်ပိုင်းက ချင်းညီနောင်တပ်များက လွယ်ဘွာလ်ရပ်ကွက်ရှိ EPC ရုံး၊ နတလ နှင့် မိုက်ခရိုဝေ့ စခန်းများအား သိမ်းယူ ကာ စစ်ကောင်စီတပ်သား ၉ ဦးကို ဖမ်းမိသည့်အပြင် လက်နက်များ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
လက်ရှိ စစ်ရေးတင်းမာနေပြီး နှစ်ဘက် ရင်ဆိုင်ထားကာ စစ်ကောင်စီတပ်ကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် စစ်ဘေးရှောင် ဆိုင်ကယ်တစီး ထိမှန်၍ အမျိုးသမီးတဦး သေဆုံး၍ အမျိုးသားတဦး ခြေထောက် ဒဏ်ရာရခဲ့သည်။
တီးတိန်မြို့လုံးကျွတ်နီးပါးအပါအဝင် အနီးရှိကျေးရွာများမှာ ကလေးမြို့နယ်နှင့် နယ်စပ် ရိဒ်ခေါဒါရ်မြို့သို့ တိမ်းရှောင်နေ ရပြီး စားသောက်နေထိုင်ရေး အရေးပေါ် အကူအညီလိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။
၈။ ပုလဲတွင် စစ်ကောင်စီ ပူးပေါင်းအဖွဲ့က ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီး၊ ၄ ဦးကို သတ်ဖြတ်ပြီး ကျန်သူများကိုပိုက်ဆံ၊ အရက်နှင့် ပြန်ရွေးခိုင်း
မေ ၂၈ ၊ Mizzima
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီပူးပေါင်းအဖွဲ့ သည် ဖမ်းဆီးထားသည့် တောင်ရွာသစ်ရွာ ဒေသခံ ၂၄ ဦး အနက် လေးဦးကို သတ်ဖြတ်ကာ ကျန်သူများကို ငွေကြေးဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသခံများထံက သိရသည်။အင်းမထီးရွာက ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် မတ်လ ၂၂ ရက် မနက်ပိုင်းက ယာခင်းတွင် နှမ်းစိုက်ပျိုး နေသည့် တောင်ရွာသစ်ကျေးရွာ ဒေသခံများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများကို ပိုက်ဆံ ၂၅ သိန်းကျပ်၊ အရက်သုံးဖာ၊ ဘီယာလေးဖာနှင့် ပြန်ရွေးခိုင်းခဲ့ကြောင်း တောင်ရွာသစ်ကျေးရွာပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ ) အဖွဲ့ဝင် ထံက သိရသည်။ “ ရိုက်တာက မသေရုံတမယ်ပဲ လက်ဝါးတွေ ဟိုဘက် ဒီဘက် ဖောက်ပစ်တာတွေ တံတောင် ဆစ် ကို ဓါးနဲ့ ထိုးဖြဲတာတွေ လုပ်ထားတာ ခေါင်းတွေဆိုလည်း ဖုပိန့်နေတာတွေ လှုပ်တောင် မလှုပ်နိုင်ကြပါဘူး။ စိုးရိမ်ရတာ သုံးယောက် လောက် ရှိတယ်” ဟု တောင်ရွာသစ်ကျေးရွာ ပအဖ အဖွဲ့ဝင်က ပြောသည်။သေဆုံးသွားသူများမှာ ကိုကျော်ခိုင်၊ ကိုတင့် ဇော်ဦး ၊ ကိုထွန်းနိင်လင်း နှင့် ကိုထွန်းလှိုင် တို့ဖြစ်ကြပြီးပြန်လည် လွတ်မြောက်လာသူများတွင် အမျိုးသမီး ရှစ်ဦးနှင့် အမျိုးသား ၁၂ ဦး ပါဝင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
၉။ ဝိုင်းမော်က ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေထဲက တစ်ဦး သေဆုံး
မေ ၂၈ ၊ Myanmar Now
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အဝင်မှာ အရပ်သားတွေလိုက်ပါလာတဲ့ ယာဉ်တန်းပစ်ခတ်ခံရမှုကြောင့် ၂၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အထဲက အမျိုးသားတစ်ဦး မေလ ၂၇ ရက်နေ့ ညနေပိုင်းမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေဟာ မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး အဲဒီထဲက အသက်၂၉ နှစ်အရွယ် ကိုချစ်ဦးမောင်ဆိုသူ သေဆုံးခဲ့သလို နောက်ထပ်အမျိုးသမီးတစ်ဦးလည်း အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ဝိုင်းမော်မြို့နယ် ဘီဘရာရွာက ငှက်ပျောခြံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အရပ်သားတွေဟာ မေလ ၂၆ ရက် နေ့ညပိုင်းမှာ ကား၊ သုံးဘီးဆိုင်ကယ်တို့နဲ့ မြို့ပေါ်ကိုတက်လာချိန် မြို့အဝင်က တိုက်ပွဲအတွင်း ကြားညပ်ပြီး ထိခိုက်၊ သေဆုံးမှုတွေ ရှိခဲ့တာပါ။ အခုလို တိုက်ပွဲအတွင်း ပြည်သူတွေကြားညပ်ပြီး ထိခိုက်နစ်နာတာမျိုးမဖြစ်ဖို့ လိုအပ်တယ်လို့ ဝါရှောင်ဆရာတော် ဦးဝိဇယက RFA ကို မိန့်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင် ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူတို့ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။
၁၀။ ပုသိမ်ကြီးမှာ သတ်ဖြတ်ခံထားရတဲ့ လူငယ်နှစ်ဦးအလောင်းတွေ့
မေ ၂၈ ၊ RFA
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ကွန်ပျူတာ တက္ကသိုလ်ရှေ့မှာ မေလ ၂၇ ရက်နေ့ မနက်က စစ်ကောင်စီတပ်က သတ်ဖြတ် စွန့်ပစ်သွားတဲ့ လူငယ်နှစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခြေလက်တွေ ကြိုးတုပ်ပြီး မျက်နှာအဝတ်စည်းထားတဲ့ အဲဒီအလောင်းနှစ်ခုဟာ မတ္တရာမြို့နယ်၊ ရုန်းပင်ရွာနဲ့ အုန်းလွတ်ရွာက အသက် နှစ်ဆယ် ဝန်းကျင် လူငယ်နှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလူငယ်တွေကို မတ္တရာမြို့နယ်အခြေစိုက် ဇာမဏီပြောက်ကျား တပ်ဖွဲ့ ဝင်တွေလို့စွပ်စွဲပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တာလို့ မတ္တရာမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။“မိတာက သုံးယောက်မိသွားတာ။ လာပြီးတော့ ရှင်းတဲ့အချိန်မှာ တစ်ယောက်ကတော့ ဇွတ်ထွက်ပြေးသွား တာပေါ့။ နှစ်ယောက်ကတော့ ကျသွားတယ်”။ အဲဒီလူငယ်သုံးဦးကို စစ်ကောင်စီတပ်က မတ္တရာမြို့နယ် ကျောက်တံတားရွာ လမ်းဆုံဂိတ်မှာ မေ ၃ ရက်နေ့ကဖမ်းမိခဲ့ပြီး မတ္တရာရဲစခန်းမှာ ချုပ်နှောင်ထားခဲ့တာပါ။ နောက်ပိုင်းမှာတော့ စစ်ကောင်စီ တပ်က ရဲစခန်းကနေ ခေါ်ထုတ်ပြီး သတ်ဖြတ်ခဲ့တာလို့ သူက ဆိုပါတယ်။
၁၁။ မြင်းခြံမြို့နယ်တွင် စစ်တပ်ဖမ်းဆီးထားသည့် နဘူးအိုင်ရွာ ဒေသခံ ၁၅ ဦးအနက် ရှစ်ဦးအား ပြန်လွှတ်ပေး
မေ ၂၈ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ရွာသို့ပြန်လည်ဝင်ရောက် လာသည့် ဒေသခံ ၁၅ ဦးကို ဖမ်းဆီးခဲ့ပြီး ရှစ်ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၂၆ ရက်တွင် နဘူးအိုင်ရွာသို့ ပစ္စည်းများယူရန်ပြန်လာသည့် ရွာသူ၊ ရွာသား ၁၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ "ရွာထဲပြန်ဝင်ရပြီဆိုလို့ လိုအပ်တဲ့ပစ္စည်းတွေလာယူရင်း သူတို့(စစ်ကောင်စီတပ်)နဲ့ တိုးပြီးအဖမ်းခံ ရတာ၊ အဖမ်းခံရတဲ့အထဲမှာ အမျိုးသမီးတွေလဲပါတယ်။ ကျားဘယ်လောက်၊ မဘယ်လောက်ဖမ်းခံရတယ်ဆိုတာကိုတော့ အတိအကျမသိရဘူး။ ရှစ်ဦးကိုတော့ ဖမ်းတဲ့နေ့မှာတင်ပြန်လွှတ်ပေးတယ်။ ကျန်တဲ့ ခုနှစ်ဦးကိုတော့ ဒီနေ့အထိဖမ်းထား တုန်းပဲ" ဟု နဘူးအိုင်ရွာ ဒေသခံတစ်ဦးကပြောသည်။ ၂၀၂၄ ခုနှစ်၊ မေ ၂၂ ရက်၊ နံနက် ၁၀ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကံချောကျေးရွာ၌ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အထိနာ ခဲ့သည့် စစ်ကောင်စီတပ်သည် နဘူးအိုင်ရွာသို့ ဝင်ရောက်ကာ ပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု နဂါးနီ ပြောက်ကျား-မြင်းခြံတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ "အဲ့ဒီနေ့(မေ ၂၂ ရက်)က ဒရုန်းနဲ့ ဗုံးသီး ၁၁ လုံးကြဲချ တိုက်ခိုက်ခဲ့တာ၊ စစ်တပ်ဘက်က ခြောက်ယောက်ထိပြီး နှစ်ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေကိုခေါ်ပြီးတော့ နဘူး အိုင်ရွာထဲ ဝင်သွားတာ" ဟု ၎င်းကပြောသည်။ လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံ ခုနှစ်ဦးကို ယနေ့(မေ ၂၈ ရက်) ထိဖမ်းဆီးထားသည့်အပြင် နဘူးအိုင်ရွာထဲ၌ တပ်စွဲထားသောကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင် နေရသည်။
၁၂။ ဆီဆိုင်မြို့နယ် နောင်ကျော်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီး
မေ ၂၈ ၊ D Day News
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော်ဘုန်းကြီးကျောင်းကို အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း PNLA သတင်း နှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ယမန်နေ့ မေလ ၂၇ ရက်နံနက်ပိုင်းက ဆီဆိုင်မြို့နယ်၊ နောင်ကျော်ကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ရာ သိမ်ကျောင်းဆောင် ထိမှန်ပျက်စီးခဲ့သည့်အပြင် လူနေအိမ်တစ်လုံးလည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။အကြမ်းဖက်စစ်ကောင်စီသည် ပအိုဝ်းဒေသရှိ ပြည်သူများ၏ အိုးအိမ်စည်းစိမ်ကိုဖျက်ဆီး နေသည့်အပြင် ပအိုဝ်းပြည်သူများအထွဋ်အမြတ်ထားရာ ဘုန်းတော်ကြီးကျောင်းများကိုလည်း ဆက်လက်ပစ်ခတ် ဖျက်ဆီး လျက်ရှိကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
၁၃။ မုံရွာတွင် ၁၄ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် လူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲ
မေ ၂၈ ၊ DVB
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် မြဝတီရပ်ကွက်ရှိ နေအိမ်တွေအတွင်းကို စစ်တပ်က မေ ၂၆ ရက် ည ၈ နာရီလောက် ဝင်ရောက် ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ လူငယ် ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ “ကန်ဦးဘုန်းကြီးကျောင်းနားက အိမ်တွေကိုဝင်တယ်။ အိမ်ထောင်စုဇယားတွေ တောင်းကြည့်ပြီး စာရင်းထဲမှာ မပါတဲ့သူတွေဆို အကုန်ပေါ်တာဆွဲသွားတာ။ အဲဒီနား အိမ်တွေက ကလေး ၃ ယောက် ပါသွားတယ်။ တယောက်က ၁၄ နှစ်ပဲရှိသေးတယ်” လို့ ရပ်ကွက်နေ ပြည်သူတဦးက DVB ကို ပြောပါတယ်။နေအိမ်တွေထဲကို ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီး ရာမှာ စစ်ကောင်စီတပ်သားတွေအပြင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရာအိမ်မှူးတွေနဲ့ ပျူစောထီးတွေ ပါဝင်ကြတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီကနေ သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ယောကျ်ားလေးလူငယ်တွေရှိတဲ့ နေအိမ်တွေကိုသာ ဝင်ရောက်ဖမ်းဆီး ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။
Comments