နေ့စဉ်သတင်းစုစည်းမှု
29-May-2024
တိုက်ပွဲသတင်း
၁။ မြိုင်မြို့နယ် ပျူစောထီးရွာက ထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကို ပခုက္ကူ PDF က ချုံခိုတိုက်ခိုက်မှု ရန်သူ ၂ ဦးသေ
မေ ၂၉ ၊ PVTV
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို ပခုက္ကူခရိုင် အမှတ် (၁၇) တပ်ရင်းက မနေ့က တိုက်ခိုက်မှုအတွင်း ရန်သူ နှစ်ဦး သေဆုံးကာ၊ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရ ပါတယ်။ ရန်သူ အင်အား ၆၀ ခန့်ပါတဲ့ အကြမ်းဖက်ပူးပေါင်းစစ်ကြောင်းကို ဘုန်းကြီးကန်တောတိုက် အနီးမှာ မေ ၂၈ ရက် ည ၇ နာရီ အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့ ၄၀ မမဗုံးသီးတွေနဲ့ ချုံခို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက ဒီနေ့မှာ အသိပေးပါတယ်။ ထိတွေ့ ပစ်ခတ်မှု မိနစ် ၂၀ ခန့်ကြာရှိခဲ့ပြီး၊ ပခုက္ကူခရိုင် တပ်ရင်း ၁၇ က ရဲဘော် တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပခုက္ကူခရိုင် တပ်ရင်း (၁၇)မှာ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှု အောက်က တပ်ရင်းဖြစ်ပြီး ပြီးခဲ့တဲ့ ကာလအတွင်း ရဲဘော် များ အသက်ကယ် ကျည်ကာ တပ်ဆင်နိုင်ဖို့ နံ့သာမြိုင် ကမ်ပိန်းကို ပြုလုပ်ခဲ့တဲ့ တပ်ရင်းဖြစ်တယ်လို့ အသိပေး ဖော်ပြထား ပါတယ်။
၂။ မရမ်းကုန်းမြို့နယ်က အကြမ်းဖက်ရဲစခန်းကို ရန်ကုန် UGတွေက မြိုပြ စစ်ဆင်ရေးအဖြစ် ဖျက်အားပြင်းဗုံးနဲ့ တိုက်ခိုက်
မေ ၂၉ ၊ PVTV
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးရပ်ကွက်၊ စွယ်တော် အိမ်ယာဝန်းထဲမှာရှိတဲ့ အကြမ်းဖက်ရဲစခန်းကို Rangoon UG Column စစ်ကြောင်းက မြို့ပြစစ်ဆင်ရေးအဖြစ် မနေ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်တပ်စွဲနေတဲ့ ရန်သူ ရဲစခန်းကို မေ ၂၈ ရက်၊ မနက် ၅ နာရီ၊ ၄၅ မိနစ်မှာ ဖျက်အားပြင်း ဗုံးများနဲ့ ထိရောက်စွာ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ ရန်သူတပ်သာတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် လို့ မြေပြင်သတင်းများအရ အတည်ပြုနိုင်ခဲ့ပြီး၊ Rangoon UG Column အနေနဲ့လည်း ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်သို့ချီ RUC စစ်ကြောင်းရဲ့ မြို့ပြ စစ်ဆင်ရေးအဖြစ် Yangon Federal Army (YAF) နဲ့ GOD Army တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ မြို့ပြ UG ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထား ပါတယ်။
၃။ ယင်းမာပင်မြို့တောင်ဘက်ရှိ ကင်းပုန်းစစ်သားများနှင့် မြို့အဝင်ဆိုင်ဘုတ်အနီးရှိ စစ်သာများကို တိုက်ခိုက်မှု ၆ ဦး သေဆုံး
မေ ၂၉ ၊ D Day News
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့တောင်ဘက်ရှိ ကင်းပုန်းစစ်သားများနှင့် မြို့အဝင်ဆိုင်းဘုတ်အနီး၌ စစ်သားများကို ၂ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Chindwin Toe Na Yar PDF ထံမှ သိရသည်။
မေလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃ဝ မိနစ် မှ ၁၂ နာရီထိ ယင်းမာပင်မြို့ တောင်ဘက်၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တစ်ဖက်ပွင့် မိုင်းများ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးကြောင်း သိရသည်။ အလားတူ မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃ဝ မိနစ် ခန့်တွင် ယင်းမာပင်မြို့အဝင် ဆိုင်းဘုတ်အနီးရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းကို တစ်ဖက်ပွင့်မိုင်းများဖြင့် ထပ်မံ တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သားများထွက်လာသဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား ထိခိုက် သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDFနှင့် ဒေါင်းမင်းတပ်ရင်းခွဲ ၂ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၄။ အုတ်တွင်းမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်းဟောင်းပေါ်တွင် ကင်းလှည့်နေသော ရဲကားကို တိုက်ခိုက်မှု ရဲ ၃ ဦး သေဆုံး၊ ရဲကား မီးလောင်ပျက်စီး
မေ ၂၉ ၊ D Day News
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန် -မန္တလေး အမြန်လမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၄ အနီးတွင် ကင်းလှည့်နေသော ရဲကားကို တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ ထံမှ သိရသည်။ မေလ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က အုတ်တွင်းမြို့နယ်၊ ပိတောက်ခင်ကျေးရွာနှင့် ကြက်တက်ညောင် ပင်ကျေးရွာကြား ရန်ကုန် -မန္တလေး လမ်းဟောင်းပေါ်တွင် ကင်းလှည့်လာသော ရဲကားတစ်စီးကို ကင်းပုန်းဝပ်နေသော တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ ရဲ ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ ကင်းလှည့်ရဲကားပါ မီးလောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁ ရဲဘော်များက တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီးတိုက်ခိုက်ခံရသည့် နေရာသို့ ဇီးပင်သာရဲကင်းစခန်းနှင့် ဗောဓိကုန်း ရဲကင်းစခန်းမှ စစ်ကူရဲကားများ ရောက်ရှိ လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၅။ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအသစ် စစ်ကောင်စီ ခန့်အပ်
မေ ၂၉ ၊ Mizzima
စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအသစ်အဖြစ် ဗိုလ်ချုပ်ကိုလေးကို ခန့်အပ်တာဝန် ပေးကြောင်း စစ်ကောင်စီက မေလ ၂၈ ရက်နေ့ ညပိုင်းတွင် ကြေညာသည်။ဖမ်းဆီးခံရပြီး ယခုမေလအတွင်း ထောင်ဒဏ် ချမှတ်ခံလိုက်ရကြောင်း သတင်းထွက်ပေါ်နေသည့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း နှင့် ပတ်သက်၍မူ စစ်ကောင်စီက သီးသန့်ထုတ်ပြန်ခြင်း မရှိပေ။ဗိုလ်ချုပ်အောင်လင်းထွန်းသည် စစ်တပ်အာဏာသိမ်းပြီး နောက် ၂၀၂၁ ခုနှစ် မေလထဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်လာခြင်းဖြစ်သည်။ ၎င်းကို အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြခဲ့ကြသည်။လက်ရှိ ဗိုလ်ချုပ်အောင်လင်းထွန်းနေရာတွင် အသစ်ခန့်အပ် လိုက်သည့် ဗိုလ်ချုပ် ကိုလေးသည် ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဗိုလ်ချုပ် ကိုလေးသည် NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ ရရှိခဲ့ဖူးသည်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက အပြောင်းအလဲအချို့ ပြုလုပ်နေပြီး ယမန်နေ့ မေလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏ ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကို ရာထူးက ထုတ်ပယ်ခဲ့သည်။
၆။ တူညီသော အခွန်ကောက်ခံနိုင်ရေး ချင်းပြည်လွှတ်တော် မူကြမ်းရေးဆွဲ
မေ ၂၉ ၊ Mizzima
ချင်းပြည်နယ်အတွင်း တူညီသောအခွန်ကောက်များဖြစ်စေနိုင်ရေးအတွက် ချင်းပြည်လွှတ်တော် ဥပဒေကြမ်းကော်မတီက အခွန်ကောက်ဥပဒေကြမ်းကိုရေးဆွဲခဲ့ကြောင်း ချင်းပြည်လွှတ်တော်တာဝန်ရှိသူထံက သိရသည်။ ချင်းပြည်လွှတ်တော်၊ ဥပဒေကြမ်းကော်မတီက မေလ ၁၃ ရက်မှ ၁၇ ရက်နေ့ထိ ကျင်းပခဲ့သော ကော်မတီဝင် ၁၈ ဦးတက်ရောက်ခဲ့သည့် ပထမ အကြိမ်အစည်းအဝေးမှ ဥပဒေကြမ်းကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ “သက်ဆိုင်ရာမြို့နယ်နဲ့ဒေသက သူတို့ပြဋ္ဌာန်းချက် စည်းမျဥ်းအတိုင်းပဲ ကောက်ခဲ့ကြတယ်။ ဒါကြောင့် ဒေသတခုနဲ့တခု တူညီတဲ့ အခွန်အကောက်တွေဖြစ်စေချင်တာရယ်၊ တချို့ဒေသကတော့ အခွန်ရတာ နည်းမယ်၊ တချို့ကများမယ်၊ ဥပဒေဖြစ်လာရင် ချင်းပြည်အစိုးရက အကောင်းဆုံး ညီမျှအောင်လုပ်ပေးလိမ့်မယ်” ဟု ချင်းပြည်လွှတ်တော်ဥက္ကဋ္ဌ ဦးဟုန်နိုင်းက မဇ္စျိမကို ပြောသည်။ အခွန်အကောက် ဥပဒေ မရှိသောကြောင့် အစိုးရအနေဖြင့် အခွန်အခများမရရှိဘဲ ဥပဒေအတည်ဖြစ်ခဲ့ပါက သက်ဆိုင်သော ဒေသ၊ မြို့နယ်နှင့် ချင်းပြည်အစိုးရ စုပေါင်းချိတ်ဆက်လုပ်နိုင်မည်ဟု ဆိုသည်။သို့သော် ချင်းပြည်အစိုးရနှင့် ပူးပေါင်းနိုင်ခြင်းမရှိသေးသော ဒေသများတွင် ချိတ်ဆက်ကောက်ခံရန် အဆင်မပြေနိုင်သေးဘဲ ညီရင်းအကိုများဖြစ်သောကြောင့် ချင်းပြည်ကောင်စီမှ မူဘောင်များချမှပြီး လက်ကမ်း ကြိုဆိုလျက်ရှိနေကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဆက်ပြောသည်။ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ သော ဥပဒေမူကြမ်းကော်မတီအစည်းအဝေးတွင် အခွန်အကောက်ဥပဒေကြမ်းအပြင် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေကြမ်း၊ တရားစီရင်ရေးဥပဒေကြမ်းများကို ရေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေကြမ်းရေးဆွဲရခြင်းမှာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ NGO နှင့် နိုင်ငံတကာ INGO များအနေဖြင့် ချင်းပြည်သူများကို ကူညီပေးရေးတွင် အထောက်ကူပြုနိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ အလားတူ တရားစီရင်ရေးတွင် လည်း ဥပဒေပြဋ္ဌာန်းနိုင်မှ တရားစီရင်ရေးလုပ်ငန်းများ အဆင်ပြေချောမွှေ့ မည်ဖြစ်ကြောင်း ဦးဟုန်နိုင်းကပြောသည်။ ဥပဒေမူကြမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းနိုင်ပြီး ယခုရေးဆွဲခဲ့သည့် မူကြမ်းသုံးခုကို ချင်းပြည်လွှတ်တော်သို့ပေးပို့ခဲ့ကာ လွှတ်တော်မှ အတည်ပြုပြီးလျှင် မကြာမီ ဥပဒေအဖြစ် ထွက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။ ချင်းပြည်လွှတ်တော်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ချင်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ချင်းပြည်ကောင်စီက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
၇။ ဒုတိယဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာ KIA စစ်ဦးစီးချုပ်ဖြစ်လာ
မေ ၂၉ ၊ RFA
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ လစ်လပ်နေတဲ့ စစ်ဦးစီးချုပ်နေရာကို ဒုစစ်ဦးစီးချုပ် တာဝန်ယူခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာကို ခန့်အပ်ထားပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မေလ ၂၉ ရက်နေ့မှာ RFA ကို အတည်ပြုပြောပါတယ်။ KIA ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရုတ်ချောင်ခေါင်လွမ်း မေလ ၁၃ ရက်နေ့က အသည်းရောဂါနဲ့ ကွယ်လွန်သွားပြီးတဲ့နောက် မေလ ၁၈ ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်ကြီး ဝမ်းခန့် အောင်ဆိုင်းလာကို စစ်ဦးစီးချုပ်ရာထူး တိုးမြှင့်ခန့်အပ်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “မေ ၁၈ ရက်နေ့ကနေ စစ်ဦးစီးချုပ်ရာထူးခန့်လိုက်ပြီ။ သူကလည်း KIA စစ်တပ်မှာပဲ အဓိက နေခဲ့တာပေါ့။ တပ်ရင်းမှူးလည်းလုပ်ခဲ့ပြီ၊ တပ်မဟာ မှူးလည်း လုပ်ခဲ့ပြီ။ ထောက်လှမ်းရေးနဲ့ဆိုင်တာတွေလည်း လုပ်ခဲ့ပြီ။ အခု စစ်ဦးစီးချုပ်မလုပ်ခင်မှာလည်း ဒုတိယစစ်ဦးစီး ချုပ်တာဝန်ကို တာဝန်ယူနေတာပေါ့။ ပြောရမယ်ဆိုရင် သူလည်း စစ်တပ်ဘက်မှာ အားစိုက်ပြီးလုပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပေါ့”။ ဒုတိယစစ်ဦးစီးချုပ်နေရာကိုတော့ ဗိုလ်ချုပ်မရန်ဇော်တောင်ကို ခန့်အပ်လိုက်ထားပြီလို့လည်း သူက ဆိုပါတယ်။ အသက် (၆၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာဟာ မန္တလေးတက္ကသိုလ်က ဘွဲ့ရတစ်ဦးဖြစ်ပြီး ကျောင်းဆရာ၊ စာရေးဆရာအဖြစ် ကျင်လည်ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်ဝန်းကျင်မှာ KIA ကို ဝင်ရောက်ခဲ့ တာလို့ သူနဲ့ရင်းနှီးသူတွေက ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ တစ်ဖက်ကမ်း ရွှေလီမြစ်တစ်ကြောမှာရှိတဲ့ မံစီမြို့နယ် မံဝိန်းကြီးရွာဘက်က KIA ရဲ့ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) နဲ့ တပ်ရင်း (၂၇) နယ်မြေဘက်မှာ လည်း အခုရက်ပိုင်း တပ်မဟာ(၁၁) အဖြစ် တပ်မဟာအသစ် ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါ တယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၈။ ဥသျှစ်ပင်မှာ စစ်မှုထမ်းသင်တန်းအတွက် လူငယ်သုံးဆယ်ခန့် ဖမ်းဆီးစုဆောင်းခံရ
မေ ၂၉ ၊ RFA
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နဲ့ အနီးတစ်ဝိုက်ရွာတွေက လူငယ် သုံးဆယ်ခန့်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ ဝင်တွေက အပတ်စဥ် (၃) စစ်မှုထမ်းသင်တန်းအတွက် မေ ၂၈ ရက်နေ့မှာ လိုက်လံဖမ်းဆီးစုဆောင်းခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ဥသျှစ်ပင်မြို့အထွက် ပုသိမ်-မုံရွာ ကားလမ်းမပေါ်က ဘူးဘက်ရွာတံတား စစ်ဆေးရေးဂိတ်နဲ့ သူရဲတန်း တံတား စစ်ဆေးရေးဂိတ်နေရာတွေမှာ လမ်းသွားလမ်းလာလူငယ်တွေကို အဓိကထား ဖမ်းဆီးစုဆောင်းခဲ့တာလို့ ဆိုပါ တယ်။ “အများစုက လမ်းသွားလမ်းလာလူငယ်တွေ အများစုဖမ်းခံရတာပေါ့။ မနေ့ကမှစတာ ဒီနေ့လည်း စစ်မှုထမ်း သင်တန်းအတွက် လူငယ်တွေ လိုက်ခေါ်မယ်လည်းကြားတယ်။ မြို့ထဲမှာတော့ ဒီနေ့ လူနည်းနည်းကျဲသွားတယ်။ လူငယ် တွေ သိပ်မထွက်ကြတော့ဘူး”။ ဒီနေ့မှာလည်း ထပ်မံဖမ်းဆီးမှုတွေ လုပ်လိမ့်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဥသျှစ်ပင်မြို့ ပေါ်က အခြေခံပညာ အထက်တန်းအတွက် ဖွင့်ထားတဲ့ ကျူရှင်ဝိုင်းတွေနဲ့ ပြင်ပဘော်ဒါဆောင်တွေလည်း ပိတ်ထားတယ် လို့ သူက ဆိုပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဘက်ကတော့ အပတ်စဥ် (၃) စစ်မှုထမ်းသင်တန်းအတွက် လျာထားချက်ပြည့်မီအောင် လုပ်ဆောင်မယ်လို့ မေ ၂၀ ရက် နေပြည်တော်မှာပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုထားပါ တယ်။အဲဒီလိုပြောဆိုပြီးနောက်မှာတော့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စစ်မှုထမ်းရေးကိစ္စတွေကို မြို့နယ်နဲ့ ရပ်/ကျေး အဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အရင်ထက် ဖိဖိစီးစီးလုပ်လာတယ်လို့ ဖိအားပေးခံရသူ မိသားစုဝင်တွေက ပြောကြပါ တယ်။
၉။ အောင်သုခရွာကို စစ်တပ်ကမီးရှို့သဖြင့် အနီးအနား ရွာ ၁၅ ရွာမှ ပြည်သူ နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရ
မေ ၂၉ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အောင်သုခရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ရွာ ၁၅ ရွာမှ ပြည်သူ နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများနှင့် PDF များထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ ခုနှစ်၊ မေ ၂၇ ရက်၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က တန့်ဆည်မြို့နယ်၊ နားဋောင်းကျရွာမှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် အောင်သုခရွာကိုဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ရွှေဘိုခရိုင် အမှတ် ၅၂ ဗျူဟာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ "အောင်သုခရွာထဲက ပြည်သူတစ်ဦး နေအိမ်ကိုပဲ ရွေးရှို့သွားတာ၊ ဒီစစ်ကြောင်းက ၂၂ ရက်နေ့ထဲက တန့်ဆည်မြို့နယ်ထဲမှာ ပတ်ထိုးနေတာ။" ဟု ရွှေဘိုခရိုင်အမှတ် ၅၂ ဗျူဟာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ယင်းစစ်ကောင်စီစစ်ကြောင်းကြောင့် ဗျက်ကြီး ၊ သာကေတ၊ အိုးသယ်ကုန်း၊ ညောင်လေးပင်၊ သာယာကုန်း ၊ အင်းဘတ်၊ တုတ္တလုပ်မြောက်ရွာ၊ တုတ္တလုပ်တောင်ရွာ၊ အောင်သုခ၊ ရွာသစ်၊ ညံသာ၊ ရွှေလှန်၊ ငတန်း၊ သဲကုန်း၊ တောင်တောရွာတို့မှ ပြည်သူ နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းကပြောသည်။ အဆိုပါစစ်ကြောင်း သည် တန့်ဆည် - ကာဘိုးလမ်းပိုင်းအား စစ်ကောင်စီတပ်အထိုင်ချနိုင်ရန် ရည်ရွယ်၍ ထိုးလာသောစစ်ကြောင်းဖြစ်ကြောင်း ၊ ယင်းလမ်းအား အထိုင်ချနိုင်ပါက ကန့်ဘလူမြို့နယ်ဘက်မှ စစ်အင်အားပို့ဆောင်ရန် လွယ်ကူသွားနိုင်မည်ဖြစ်ကြောင်း ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
၁၀။ ဖြူးမြို့နယ်တွင် လက်နက်ကြီးထိမှန်၍ အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦး သေဆုံး
မေ ၂၉ ၊ Mizzima
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဥသျှစ်ခင်အနောက်ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရ သည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၅ နာရီဝန်းကျင်က ဥသျှစ်ခင်အနောက်ရွာ၊ ရွာလယ်လမ်းမပေါ်သို့ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲရာမှ အရပ်သားများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။ “ဘယ်လိုဖြစ်တာလဲဆိုတော့ လက်နက်ကြီးကျပြီးတော့ အနားက အိမ်တွေ၊ လူတွေ ထိတယ်ပေါ့။ အိမ်တွေ ပျက်စီးတာလည်းရှိတယ်” ဟု သတင်းရင်းမြစ်တဦးကပြောသည်။လက်နက်ကြီးထိမှန်မှု ကြောင့် ဥသျှစ်ခင်အနောက်ရွာမှ မအိအိစိုး(၁၈ နှစ်)၊ ဒေါ်နွဲ့( ၆၀ နှစ်)နှင့် အသက် တနှစ်ကျော်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပြီး အသက်လေးနှစ်အရွယ် မောင်ကောင်းပြည့်လျှံ၊ အသက် ၂၅ နှစ်အရွယ် မအိထက်စန္ဒီကျော်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်သန္တာ၊ အသက် ၃၉ အရွယ် ဦးဇော် မင်းနှင့် အသက် ၃၀ အရွယ် ဒေါ်မာမာလွင်တို့ဒဏ်ရာများရခဲ့ကာ ဖြူးမြို့နယ် ဆေးရုံတွင် ဆေးကုသမှုခံယူ နေကြောင်း သိရသည်။“အိမ်ထဲမှာ ဦးစောလှ၊ဒေါ်နွဲ့တို့ မိသားစုတွေဝိုင်းဖွဲ့ စကား ပြောနေတုန်း အိမ်ခေါင်မိုးပေါ် တည့်တည့်ကျပြီး ပေါက်ကွဲတာ။ ဒေါ်နွဲ့က ဗိုက်ပွင့်ထွက် ခြေထောက်ပြတ်ပြီး သေသွား တယ်။ တနှစ်သားအရွယ်ကလေးနဲ့ မအိအိဆိုတဲ့ကောင်မလေးလည်း သေတယ်။ ငါးယောက်က ဆေးရုံတင်ထားရတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးက ပြောသည်။
၁၁။ မင်းတပ်တွင် စစ်ကောင်စီတပ်က အရပ်သားများအား ဆက်တိုက်ဖမ်းဆီး
မေ ၂၉ ၊ Mizzima
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ဆက်တိုက်ဖမ်းဆီးလာကြောင်း ဒေသခံများနှင့် ချင်းကာကွယ်ရေးတပ်(မင်းတပ်)တာဝန်ရှိသူများထံမှ သိရသည်။ မေလအတွင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က အမျိုးသားတဦးကိုပစ်သတ်ကာ အသက် ၇၀ ကျော်အရွယ်အပါအဝင် အမျိုးသမီးလေးဦးဖမ်းဆီးထား ပြီး ကျောက်ထုအမြောက်တပ်တွင်လည်း မင်းတပ် ဒေသခံနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားသောကြောင့် ဖမ်းဆီးခံရသူ ခြောက်ဦးအထိ ရှိလာပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်(မင်းတပ်)တာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။
“ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ဆက်နွှယ်တယ်ဆိုပြီး ဖမ်းဆီးတာလို့ ထင်ရတယ်။ တကယ်တော့ မဟုတ်ပါဘူး၊ အဘွားအရွယ်တွေလေ။ အခုထိ မလွတ်သေးဘူးဗျ သူတို့(စကစ)က ဖမ်းပြီးစစ်ရင် လိုချင်တဲ့ဖြေထွက်အောင် ဇွတ်လုပ်မှာ ပဲ။ နှိပ်စက်မယ်၊ အခန့်မသင့်ရင်သေသွားနိုင်တယ်၊ ဒါက သူတို့ ပုံမှန်လုပ်နေကြပဲလေ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။ မေလ ၂၇ ရက်၊ ညနေ ၄ နာရီခန့်တွင် မင်းတပ်မြို့၊ အရှေ့ပြင်မီးသတ်ကုန်း အနီးတွင်နေထိုင်သော အသက် ၇၀ ကျော်အရွယ် ကျောင်းဆရာမ(ငြိမ်း) ဒေါ်မဟာအွမ်နှင့် အသက် ၆၀ ခန့်ရှိ ဒေါ်အွမ်ရောင် တို့ကို စစ်ကောင်စီတပ်များမှ လက်နောက်ပြန်ကြိုးတုတ်ကာ ခလရ (၂၇၄)တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မင်းတပ်ဒေသခံတဦးကပြောသည်။
အဆိုပါအမျိုးသမီးကြီးနှစ်ဦးကို မည်သည့်အတွက်ဖမ်းဆီးထားကြောင်း အတိအကျမသိရသေးသလို လက်ရှိအချိန်ထိ ခလရ (၂၇၄) စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်ဟု ဒေသခံ က ဆိုသည်။
ထို့ပြင် မေလ ၁၃ ရက်နေ့က စစ်ဘေးရှောင်ရာမှ ပြန်လာသော မင်းတပ်မြို့နေ အသက် ၂၆ နှစ် အရွယ် အမျိုးသမီးတဦးကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ခလရ(၂၇၄)တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြပြီး ယနေ့ (မေလ ၂၉ ရက်)အထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ၎င်း ဒေသခံက ဆက်ပြောသည်။
အလားတူ မေလ ၂၂ ရက်နေ့ကလည်း ကျောက်ထုမြို့နယ်၊ မင်းကြည့်ရွာအနီးတွင် ဆိုင်ကယ်ဖြင့်အဖမ်းခံရသော မင်းတပ် မြို့နယ်၊ ခင်ဖောင်ကျေးရွာမှ ရွာသားနှစ်ဦးကို ယနေ့အထိ ပြန်မလွှတ်သေးဘဲ ဖမ်းဆီးထားကြောင်း ဒေသခံကဆိုသည်။
အသက်၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦးကို ကျောက်ထုအမြောက်တပ် အချုပ်ထဲတွင် ဖမ်းချုပ်ထားခြင်း ဖြစ်ကြောင်း သိရ သည်။မေလ ၈ ရက် နံနက်ပိုင်းက မင်းတပ်မြို့နယ်၊ စွန်တောင်ရွာနှင့် လှေ့ချမ်းရွာတို့၌ စစ်ဘေးရှောင်အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး မေလ ၉ ရက်နေ့တွင် တဦးပြန်လွှတ်ပေးခဲ့ကာ ကျန်တဦးကို အကြမ်းဖက်နှင့်ပတ်သက်သည်ဟုဆိုကာ ယနေ့အထိဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။
၁၂။ စစ်တွေတွင် စစ်တပ်မီးရှို့သဖြင့် အိမ်ခြေ ၃၀ ကျော် ဆုံးရှုံး
မေ ၂၉ ၊ DVB
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာကို မေ ၂၈ ရက် ညနေမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၃၀ ကျော် ဆုံးရှုံခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာကို မေ ၂၈ ရက် ညနေ ၄ နာရီလောက်မှာ ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စာသင် ကျောင်းအနီးနဲ့ ကုန်းတန်းပိုင်းက အိမ်ခြေ ၃၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ချီလည်ဖင်းကျေးရွာ ရပ်မိရပ်ဖတယောက်က DVB ကို ပြောပါတယ်။ ဒါ့အပြင် နေအိမ်တွေမှာ ကျန်ခဲ့တဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း စိတ်ကြိုက် ခိုးယူသွား ကြတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ရွာမှာ စစ်ကောင်စီဘက်က တပ်စွဲထားတာ ၅ လဝန်းကျင်လောက် ရှိပြီဗျ။ အင်အား ကတော့ ၁၅၀ လောက်ရှိပြီး ပါဒလိတ်အခြေစိုက် တပ်ရင်းတွေကနေ လာရောက် တပ်စွဲထားကြတာ။” ရွာမှာရှိတဲ့သူတွေ ကတော့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။
၁၃။ ငပုတောဒေသခံ ၅ ဦး ဖမ်းဆီးခံရ
မေ ၂၉ ၊ DVB
စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဒေသခံ အရပ်သား အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ အဆက်အသွယ် ရှိနေတယ်စွပ်စွဲပြီး မေ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ စစ်တပ်က ဖမ်းဆီး သွားတယ်လို့ သိရပါတယ်။စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဥပဒေနဲ့အညီ စစ်ဆေးဖို့ရှိလို့ ဖမ်းတာလို့ ပြောတာပဲ။ အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်နေတယ်လို့ သတင်းရလို့ ဖမ်းတာတဲ့။ စစ်ကောင်စီတပ်က ဖမ်းတာပါ။ အဖမ်းခံရသူတွေ အများစုက မင်းထက် ဆိုတဲ့ ကောင်လေး အပါအဝင် လူငယ်အမျိုးသားတွေ များတယ်” လို့ ပြောပါတယ်။ စစ်ကောင်စီ တပ်က နေအိမ်တွေကနေ ဖမ်းဆီးခဲ့တဲ့ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ဟာ လယ်ယာလုပ်ငန်း၊ ဆိုင်ကယ် ကယ်ရီဆွဲတဲ့လုပ်ငန်း၊ ဈေးရောင်းတဲ့လုပ်ငန်း၊ အွန်လိုင်းရှော့ပင်ရောင်းတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။ အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ အမျိုးသမီးတယောက်က “အခုအဖမ်းခံရတဲ့အထဲမှာ ပါတဲ့သူတွေ အားလုံးက မိသားစုနဲ့ အေးအေးဆေးဆေး နေတတ်သူတွေပါ။ အဲဒါကို PDF တွေနဲ့ ပတ်သက်နေတာလို့ ဖမ်းသွားတာ။ အခု မိသားစု တွေက ဘယ်လိုလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ စွပ်စွဲခံရတာပါ။ အနုကြမ်းစီးတဲ့ အတိုင်းပဲ ဖမ်းသွားတာ” လို့ ပြောပါတယ်။
အဖမ်းခံရသူ ဒေသခံ အရပ်သား ၅ ယောက်မှာ အသက် ၁၉ ကျော် လူငယ် ၂ ယောက်၊ အသက် ၂၀ ကျော်အရွယ် လူငယ် ၂ ယောက်၊ အသက် ၂၈ ဝန်းကျင် ၁ ယောက်ဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်က စစ်ကြောရေးနဲ့ ရဲစခန်းတွေမှာ ထိန်းသိမ်း ထားတယ်လို့ သိရပါတယ်။
Comments