. နေ့စဉ်သတင်းစုစည်းမှု
04-May-2024
တိုက်ပွဲသတင်း
၁။ ကုလားဂုတ်ကျွန်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အရာခံဗိုလ် ၁ ဦးအပါအဝင် ၂ ဦးဖမ်းဆီးရမိ
မေ ၄ ၊ PVTV
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတိုက်ခိုက်ခံရပြီး နောက် အရာခံဗိုလ် ၁ ဦးအပါအဝင် ၂ ဦးကိုဖမ်းဆီးရမိသလို လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့ရာ အကြမ်းဖက်စစ်တပ် က သေဆုံးမှုတွေရှိတယ်လို့ မွန်ပြည်နယ် အခြေစိုက်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ကုလားဂုတ်ကျွန်းမှာ တပ်စွဲ ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရေတပ်စခန်းကို မေ ၃ ရက်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက် ခဲ့တာဖြစ်ပြီး မနက်မိုးလင်းတဲ့အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အကြမ်းဖက် စစ်တပ် ထံကနေ သေနတ် ၅ လက်၊ ကျည်ဘောက်အချို့နဲ့ကျည်ဆံတွေကိုပါ သိမ်းဆည်းရမိတယ်လို့ သိရှိရပါတယ်။
ကုလားဂုတ်ကျွန်းဟာ ရေးမြို့မြောက်ဖက်၊ လမိုင်းမြို့နယ်ခွဲရဲ့ တောင်ဘက် ပင်လယ်ထဲမှာ သီးခြား တည်ရှိတဲ့ ကျွန်းဖြစ်ပြီး အဲ့ဒီကျွန်းပေါ်က အောက်ဆိပ်ကျေးရွာမှာ အကြမ်းဖက် စစ်ကောင်စီက အင်အားနှစ်ဆယ်ဝန်းကျင်လောက်နဲ့ တပ်စွဲစခန်းချ ထားတာဖြစ်ပါတယ်။ ကျွန်းပေါ်မှာ တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက်စစ်တပ်ကရဲ့ စစ်ကူအဖြစ်နဲ့ စီးလာတဲ့ ကားတွေကို ကူးတို့ဆိပ်ကမ်းနားမှာ ရပ်နားထားစဉ် တော်လှန်ရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ၃ ကြိမ်ထက်မနည်း ဗုံးကြဲတာ စက်လက်နဲ့ ပစ်ခတ်တာတွေ ရှိခဲ့တာကြောင့် ကုလားဂုတ်ကျွန်း၊ ကတိုးဆိပ်၊ ကော့ဒွတ်အစရှိတဲ့ ကျေးရွာ တွေဘက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦတွေ မီးလောင်ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရှိရပါတယ်။
၂။ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) ဌာနချုပ်အပါအဝင် ခြေမြန်တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
မေ ၄ ၊ PVTV
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅) အပါအဝင် ခမရ(၅၅၁)နှင့် ခမရ (၅၆၅)တို့ကို အာရက္ခတပ်တော်(AA)မှသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေတပ်ပေါင်းစုံ ဖြင့် တန်ပြန်ခုခံနေသည့်ကြားမှ ယမန်နေ့(မေလ ၃ ရက်)နေ့က တပြိုင်တည်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တဦး က မဇ္စျိမကိုပြောသည်။ “မနေ့က တပြိုင်တည်းတိုက်ရင်းနဲ့သိမ်းတာ။ ရခိုင် ပြည်နယ်မှာ ဘူးသီးတောင်က စစ်ကောင်စီတပ်တွေ အများဆုံးပဲ” ဟု ၎င်းကပြောသည်။ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅)နှင့် စစ်တွေအခြေ စိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) လက်အောက်ခံ ခြေမြန်တပ်ရင်းနှင့် ခြေလျင်တပ်ရင်း ၁၁ ရင်း၊ အမြောက်တပ် (အမတ-၃၇၈)၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၃)၊ (နခခ-၈)တို့ အထိုင်ချထားသည်။ ယင်းတို့အနက် ပြီးခဲ့သည့် မတ်လ ၂၅ ရက်တွင် ခမရ(၅၅၂) နှင့် ဧပြီလ ၅ ရက် တွင် ခမရ(၅၆၄) တို့ကို AA က သိမ်းပိုက်နိုင်ခဲ့သည်။
၃။ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကို ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
မေလ ၄ ၊ D Day News
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ထံမှ သိရ သည်။
မေလ ၁ ရက် နံနက် ၇ နာရီ ၄၂ မိနစ်အချိန်က ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး အရာရှိ တစ်ဦးနှင့် အခြားအဆင့် ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နောက် ဆက်တွဲသတင်းအရ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲမေ တစ်ဦးလည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF)၊ KNU/KNLA ၊ Nighthawks နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၄။ အောင်မင်္ဂလာအဝေးပြေးဝန်းရှေ့ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုကို မိုင်းခွဲတိုက်ခိုက်မှု ကင်းကျနေသော စစ်သားများ ဒဏ်ရာရ
မေလ ၄ ၊ D Day News
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝန်းရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဂိတ်စခန်းတစ်ခုကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ကင်းကျနေသော အကြမ်းဖက်စစ်သားများ ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ မေလ ၃ ရက် ည ၇ နာရီ ၃၅ မိနစ်အချိန်ခန့်က အောင်မင်္ဂလာ အဝေးပြေး ဝန်းရှေ့ရှိ အကြမ်းဖက် စစ်တပ်ဂိတ်စခန်းတစ်ခုကို အားပြင်းသော မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကင်းကျနေသော အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ပြီး လမ်းပိတ်ဆို့ကာ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးအဖွဲ့ ၂ နှင့် Noka UG တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ခဲ့သည့် မြို့ပြပြောက်ကျားရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၅။ တီးတိန်မြို့နယ်ရှိ ZRA တပ်စခန်းကို CNA နှင့် CDF ပူးပေါင်းအဖွဲ့ တိုက်ခိုက် သိမ်းပိုက်
မေ ၄ ၊ Ayeyarwady Times
ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့နယ်ရှိ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) ၏ တပ်စခန်းတစ်ခုကို ချင်းအမျိုးသား တပ်မတော် (CNA) ဦးဆောင်သော ချင်းလဲန်း ကာကွယ်ရေးတပ် (CDF) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် ခဲ့ကြောင်း CNA နှင့် နီးစပ်သူများထံက သိရသည်။ တီးတိန်မြို့နယ်၊ မွာလ်လွန်ကျေးရွာ၊ Carmel တောင်ကုန်းပေါ်ရှိ ZRA တပ်စခန်းကို ယနေ့ ဧပြီလ ၄ ရက် နေ့လယ်ပိုင်းတွင် CNA ဦးဆောင်သော CDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးဆောင်ပစ္စည်းများကိုလည်း သိမ်းပိုက်ရရှိထားကြောင်း သိရသည်။
"Carmel တောင်က ZRA တပ်စခန်းကို ဒီနေ့ နေလယ်လောက်က သိမ်းပိုက် ရရှိထားပါတယ်။ လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်ရမိတယ်။ နှစ်ဖက် ရဲဘော် အကျဆုံးရှိတယ်" ဟု CNA နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စခန်းသိမ်း တိုက်ပွဲမှ လက်လုပ်သေနတ် လက်၊ မော်တာပစ် နှစ်လက်၊ နင်းမိုင်းအသေး နှစ်ခု၊ ကျည်အိမ်နှစ်ခု၊ ဆက်သွယ်ရေးစက်၊ ၅ ပွိုင့် ၅၆ ကျည်နှင့် အခြား ဆက်စပ်ပစ္စည်းများ၊ စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။ တီးတိန်မြို့နယ် မွာလ်လွန်ကျေးရွာနှင့် လိုင်သွီးကျေးရွာတို့တွင် ပြီးခဲ့သည့် မေလ ၁ ရက်နေ့ကစ၍ CNA ပူးပေါင်းအဖွဲ့နှင့် ZRA တို့ တိုက်ပွဲများ ဖြစ်ပွားပြီး နှစ်ဖက် တိုက်ပွဲတွင်း အကျဆုံးရှိကြောင်း ဒေသခံများထံက သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၆။ စစ်ခေါင်းဆောင်က ဗိုလ်မှူးကြီး ၁၉ ဦးကို နေရာပြောင်းရွှေ့
မေ ၄ ၊ DVB
အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းစစ်ဌာနချုပ်၊ ခြေမြန်တပ်မဌာနချုပ်နဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က ဗိုလ်မှူးကြီး ၁၉ ဦးကို မေ ၃ ရက်မှာ နေရာပြောင်းရွှေ့ခဲ့တယ်လို့ စစ်ရာထူးခန့်ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။စစ်ရေးအရနဲ့ တိုက်ပွဲ အနေအထားအရ တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ၇ ဦး၊ စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်မှ ဗိုလ်မှူးကြီး ၆ ဦး၊ ဒုဗိုလ်မှူးကြီး ၁ ဦးနဲ့ ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်မှူးကြီး ၅ ဦးတို့ကို နေရာပြောင်းရွှေ့ခဲ့တာလို့ စစ်ရာထူးခန့်ရုံးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။“အချို့က တပ်မချင်း ချိန်းတာရှိသလို စကခမှူးတွေကို တိုင်းစစ်ဌာနချုပ်မှာ တာဝန်ပေးတာလည်းရှိတယ်။ တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးတွေကို စကခမှူးနေရာတွေ ပို့တာလည်း ရှိတယ်၊ စစ်ရေးအရ လုပ်တောင်ရတာပါ။” ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ကျော်မင်းလတ်နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စိုးမင်းထွေးတို့ ၂ ဦးအား ထားဝယ်အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို ပြောင်းရွှေ့ခဲ့သလို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး အောင်မျိုးသက်အား အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေခဲ့ပါတယ်။ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးနေလင်းထွဋ်အား တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး အေးမင်းဇော်အား ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေခဲ့ ပါတယ်။ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးအောင်နိုင်သူအား ကလောအခြေစိုက် အမှတ် ၅၅ ခြေမြန်တပ်မ ဌာနချုပ်နဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇော်ထက်နိုင်အား ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်တွေဖြစ်တဲ့ ကျောက်မဲအခြေစိုက် အမှတ် ၁ စကခမှူး ဗိုလ်မှူးကြီး အောင်စည်သူအား မိုင်းဖြတ်အခြေစိုက် စကခ ၁၈နဲ့ စကခ ၁၈ မှ ဗိုလ်မှူးကြီး ဇော်ငြိမ်း ထိုက်အား စကခ ၁ ကို ပြောင်းရွှေ့ခဲ့ပါတယ်။စကခ ၈ မှ စကခမှူးဗိုလ်မှူးကြီး သန့်ဇင်ကျော်အား ရန်ကုန်တိုင်း စစ်ဌာနချုပ် နဲ့ ဒုစကခမှူး ဒုဗိုလ်မှူးကြီး နေဝင်းထွန်းအား အရှေမြောက်တိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ မော်လိုက်အခြေစိုက် စကခ ၁၀ မှ စကခမှူး ဗိုလ်မှူးကြီးအောင်ဇော်မြင့်အား မိုင်းပန်အခြေစိုက် စကခ ၁၇ နဲ့ စကခ ၁၇ မှ စကခမှူး ဗိုလ်မှူးကြီး စိုးသီဟကျော်အား စကခ ၁၀ ကို ပြောင်းရွေ့ခဲ့ပါတယ်။ ဒါ့အပြင် ဘူးသီးတောင်အခြေစိုက် စကခ ၁၅ မှ စခကမှူး ဗိုလ်မှူးကြီးအေးမောင်မောင်အား အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြောင်းရွှေ့တာဝန်ပေးခဲ့ပါတယ်။ခြေမြန်တပ်မ ဌာနချုပ်တွေဖြစ်တဲ့ တပ်မ ၃၃ က တပ်မမှူး ဗိုလ်မှူးကြီး တင့်နိုင်ဝင်းအား မုံရွာအခြေစိုက် အနောက်မြောက် တိုင်းစစ်ဌာန ချုပ်နဲ့ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးကြီးတင်နိုင်ဦးအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အလားတူပင် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးကြီးရဲခိုင်အား မိတ္တီလာအခြေစိုက် တပ်မ ၉၉ နဲ့ တပ်မ ၉၉ က တပ်မမှူး ဗိုလ်မှူးကြီးလှမျိုးအား ပဲခူးအခြေစိုက် တပ်မ ၇၇ ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
၇။ မြဝတီတဝိုက်က အွန်လိုင်းလုပ်နေတဲ့ နိုင်ငံခြားသားတွေထွက်ခွာဖို့ BGF ထုတ်ပြန်
မေ ၄ ၊ BBC
ကရင်ပြည်နယ်၊ မြဝတီမြို့အပါအဝင် အနီးတဝိုက်မှာ အွန်လိုင်းလုပ်ငန်းဆောင်ရွက်နေကြတဲ့ နိုင်ငံခြားသားတွေအားလုံး ၅ လ အတွင်း ထွက်ခွာရမယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) က သတိပေးစာ ထုတ်ပြန်ထားပါတယ်။အောက်တိုဘာလ ကုန်နောက်ဆုံးထား ထွက်ရမှာဖြစ်ပြီး မထွက်ရင် ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေအားလုံးကိုလည်း အဲဒီကာလအတွင်းမှာပဲ ထွက်ခွာသွားဖို့ BGF က သတိ ပေးပါတယ်။မြဝတီမြို့နယ်ထဲမှာ အွန်လိုင်းလုပ်ကိုင်နေသူတစ်ဦးကတော့ ‘’ထွက်သွားရတာမျိုး မရှိသေးဘူး။ အခုလုပ်မယ် ဆိုရင် လုပ်လို့ရနေသေးတယ်။ ၅ လကျန်နေသေးတာဆိုတော့ အဲဒီ ၅ လမှာ ပိုက်ဆံရှာလို့ရနေတာပဲ” လို့ ဘီဘီစီကို ပြောပါတယ်။အဲဒီသတိပေးထုတ်ပြန်ချက်ကို BGF ဘက်က မြန်မာဘာသာစကားအပြင် တရုတ်ဘာသာစကားနဲ့ရော အင်္ဂလိပ်ဘာသာစကားနဲ့ပါ ရေးသားထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၈။ သာယာဝတီထောင်တွင် LGBTQ နိုင်/ကျဥ်းတဦး အဓမ္မပြုကျင့်ခံရ
မေ ၄ ၊ The Irrawaddy
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTQ+) နိုင်ငံရေးအကျဉ်းသား မောင်ရဲရင့်ကို (ခ) ရဲရဲ အဓမ္မပြုကျင့်ခံရပြီး ကျန်းမာရေးထိခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်သည်။ အသက် ၂၄ နှစ်အရွယ် ကိုရဲရဲကို သာယာဝတီထောင်၏ (က) တိုက်တွင် ထားရှိစဉ် တတိုက် တည်းနေ သေဒဏ်ကျ အကျဉ်းသား ပြူးကြီးက အဓမ္မပြုကျင့်သောကြောင့် ငြင်းဆန်ရာ၌ ကျောက်ခဲဖြင့် ဦးခေါင်းကို ရိုက်နှက်ခံခဲ့ရပြီး ထောင်တွင်းဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။
PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက "အဲဒီဖြစ်စဉ်ဖြစ်ပြီးတဲ့ ဖေဖော်ဝါရီပထမအပတ်ကနေ မတ်လပထမ ပတ်ထိ ပတ်တီးစည်းထားရတုန်းပဲဖြစ်ပြီး ခေါင်းကိုက်တာမျိုးတွေ ရှိတယ်။ ခုလက်ရှိမှာတော့ နည်းနည်းသက်သာလာတဲ့ အခြေအနေပါ" ဟု ပြောသည်။ အဆိုပါ ကျူးလွန်ခဲ့သော သေဒဏ်ကျ အကျဉ်းသားပြူးကြီးအား အရေးယူမှု ပြုလုပ်ပေးခဲ့ သော်လည်း မျှတမှုမရှိကြောင်း ၎င်းက ဆိုသည်။ ၎င်းက "အရေးယူမှုက ဟန်ပြအရေးယူမှုလောက်ပဲ လုပ်လိုက်တယ်။ တိုက်လူကြီးကနေ စည်းကမ်းထိန်းကို လျှော့လိုက်တယ်လို့ ကျနော်တို့ သိရတယ်။ သူတို့ရဲ့ အရေးယူမှုက ထိရောက်တယ် လို့ ပြောလို့မရဘူး။ လူတယောက်ရဲ့ အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ခြိမ်းခြောက်ရိုက်နှက်ခဲ့တဲ့သူတယောက်ကို ထောင်တွင်းဥပဒေတွေ၊ တိုက်ပိတ်ပြစ်ဒဏ်တွေ ပေးသင့်ပါတယ်" ဟု ပြောသည်။ ကိုရဲရဲကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ စက်တင်ဘာတွင် ဖမ်းဆီးခဲ့ပြီးနောက် ၂၀၂၂ ၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ဈ)၊ ၅၁ (ဂ)၊ ပုဒ်မ ၅၄၊ ပုဒ်မ ၇၁ အပြင် တခြားသော လက်နက်ဥပဒေပုဒ်မများဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၉၆ နှစ် ချမှတ်ထားရာမှ ၂၀၂၃ နှစ်စ၌ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၉။ အမ်းမြို့နယ် မင်းတက်ရွာ ဗုံးကြဲခံရမှု ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ
မေ ၄ ၊ The Irrawaddy
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့အနီး မင်းတက်ကျေးရွာကို စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။ စစ်ကောင်စီက လေကြောင်းမှ ဗုံး ၄ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အသက် ၂၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသား ၃ ဦး ဒဏ်ရာရရှိပြီး အမျိုးသမီး ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဒေသခံတဦးက "ဓာတ်တော်ရွာကနေ မင်းတက်ကို ဈေးသွားရောင်းတဲ့ ကောင်မလေး ကျောကုန်းကွဲပြီး ဆေးရုံ ရောက်နေတယ်။ အသက်ရှင်ဖို့ ရာနှုန်းနည်းတယ်။ သေသွားတဲ့ ကောင်လေးကတော့ ငရုပ်တောင်ရွာကနေ မင်းတက်မှာ ဂိမ်းဆော့ဖို့ သူငယ်ချင်း ၄ ယောက် ဆိုင်ကယ်နဲ့ သွားတာ။ ဗုံးစထိပြီးတော့ တယောက်က သေသွားတယ်။ ၃ ယောက် ဒဏ်ရာရထားတယ်" ဟု ဆိုသည်။ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ ရှေ့ကာစခန်း တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက မတ်လနောက်ဆုံးပတ်မှစတင်ကာ အလုံးစုံသိမ်းပိုက်နိုင် ရန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်နေကြောင်း ဒေသခံများက ပြောသည်။
၁၀။ မတ္တရာအရှေ့ခြမ်းရှိ မူလတန်းကျောင်းနှင့် နေအိမ်အလုံး ၂၀ ကို စစ်တပ် မီးရှို့သွား
မေ ၄ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ချောင်းတော်ဝကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းနှင့် ပြည်သူနေအိမ်အလုံး ၂၀ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ မတ္တရာမြို့နယ်၊ငါးလုံးပြွန်ရွာအခြေစိုက် စစ်သား၁၀၀ခန့်၊တံငါရွာ အခြေစိုက် စစ်သား ၅၀ ခန့်နှင့် သဖန်းကိုင်းရွာအခြေစိုက် စစ်သား ၇၀ ခန့်တို့သည် ယနေ့(မေ ၄ ရက်)နံနက်ပိုင်းတွင် မတ္တရာ မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်းဖြစ်ပြီး ချောင်းတော်ဝရွာသို့ လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ဖောက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ်ပကဖ ထံက သိရသည်။
"ချောင်းတော်ဝနဲ့တံငါကျေးရွာက သုံးမိုင်ကွာဝေးပါတယ်။အင်အားကတော့ ၂၀၀ကျော်ပါ။ ကျတော် ပြောထားခဲ့သလို တည်နေရာတွေကနေ ဝင်ရောက်ခြင်းဖြစ်တယ်။ တပ်မရယ်လို့ အတိအကျမသိဘူး။ စကစနဲ့ပသစ(ပြည်သူ့စစ်)တွေပူးပေါင်းပြီး စစ်ကြောင်းထိုးတဲ့အနေအထားပါ" ဟု မတ္တရာမြို့နယ် ပကဖ၊ သတင်းတာဝန်ခံ ဘိုတောက်ကMPA သို့ ပြောသည်။ ချောင်းတော်ဝရွာ ယခုမီးရှို့ခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
Comentarios