.
နေ့စဉ်သတင်းစုစည်းမှု
05-May-2024
တိုက်ပွဲသတင်း
၁။ ဖားဆောင်း ခလရ ၁၃၅ စခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ
မေ ၅ ၊ The Irrawaddy
ကရင်နီ (ကယား) ပြည်နယ်၊ ဖားဆောင်းမြို့အား ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိရာ မြို့သိမ်းနိုင်ရန် စခန်းတခုသာကျန်ရှိတော့ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ယမန်နေ့က ဖားဆောင်းမြို့တွင်းရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ ခလရ ၁၃၅ တပ်ရင်း စခန်းကုန်း အား သိမ်းပိုက်နိုင်ဆဲအချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြန်လည် ဆုတ်ခွာပေးခဲ့ ကြောင်း သိရသည်။ ကရင်နီ တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှုးကြီးဘုန်းနိုင်က "မနေ့က အဲဒီစခန်းကို တိုက်တာ၊ လေကြောင်းဗုံးကြဲတော့ သိမ်းဖို့က နည်းနည်းတော့ အခက်အခဲဖြစ်တာပေါ့။ ဗုံးလာကြဲတော့ ပြန်ပြီးတော့ ခွာပေးရတာ။ ဖားဆောင်းမြို့ အလယ်မှာ ၁၃၅ က ရှိတာလေ၊ အဲဒီစခန်းကတော့ နည်းနည်းတော့ ကျန်သေးတာပေါ့။ မသိမ်းနိုင်သေးဘူး လို့ ပြောလို့ရတယ်" ဟု ဧရာဝတီသို့ ပြောသည်။ ဖားဆောင်းမြို့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ ခလရ ၁၃၄၊ ခလရ ၁၃၅ တပ်ရင်းများရှိပြီး ယခုအခါ ခလရ ၁၃၅ တပ်ရင်းစခန်းကုန်းတခုသာ ကျန်ရှိတော့ကြောင်း၊ ယင်းစခန်းကုန်းတွင် ခလရ ၁၃၄၊ ခလရ ၁၃၅ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လွိုင်ကော် ဒကစနှင့် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် (တမခ ၆၆) လက်အောက်မှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အထိုင်ချတပ်စွဲ၍ ခုခံလျက်ရှိကြောင်း သိရသည် ။ဗိုလ်မှုးကြီး ဘုန်းနိုင်က "သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတာ ရှိပါတယ်၊ ဘယ်လောက်လဲ ဆိုတာတော့ ပြောလို့ မရသေးပါဘူး၊ စစ်ရေးအခြေအနေကတော့ ဆက်ပြီးတော့ သိမ်းဖို့ လျာထားချက်တွေ ရှိပါတယ်။ ဒီနေ့လည်း မြေပြင်တိုက်ပွဲများ ဆက်ရှိနေဆဲ ဖြစ်ပါတယ်" ဟု ဧရာဝတီသို့ ပြောသည်။
၂။ ဆွမ်ဘရာဘွမ်မြို့က အကြမ်းဖက် စစ်တပ်ရဲ့ ဗျူဟာစခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်
မေ ၅ ၊ PVTV
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ဘရာဘွမ်မြို့မှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ဗျူဟာစခန်းကြီးကို ဒီနေ့ မနက်အစော ပိုင်းမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။အကြမ်းဖက် စစ်ကောင်စီ အင်အား ၂၀၀ ကျော်ရှိတဲ့ အဆိုပါ ခလရ ၄၆ စစ်ဗျူဟာစခန်းကိုနှစ်လကြာ KIA က တိုက်ခိုက်ပြီးနောက် သိမ်းပိုက်လိုက်နိုင်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ကျန်ရှိနေတဲ့ စခန်းနှစ်ခုကိုလည်း KIAနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေကဆက်လက် တိုက်ခိုက်နေတယ်လို့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။
အဆိုပါ ဆွမ်ဘရာဘွမ် အကြမ်းဖက် စစ်ကောင်စီခန်းမှာ နေရာ ၃နေရာအထိုင်ချ တပ်စွဲထားတာဖြစ်ပြီး အဲဒီထဲက ဗျူဟာ စခန်းကြီးကို သိမ်းပိုက်လိုက်နိုင်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ် ၇ ရက်က စတင်ပြီး ကချင်ပြည်နယ်က အကြမ်းဖက် စစ်တပ်စခန်းတွေကို KIAနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ စတင်ထိုးစစ်တင် တိုက်ခိုက်နေတာဖြစ်ပြီး တော့ လက်ရှိအချိန်ထိ ကချင်ဒေသက စစ်စခန်း ၄၀ ကျော်ကို တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
၃။ ငါးဇွန်တွင် စစ်ကြောင်းနှင့် စစ်ကူကားကို PDF တိုက်ခိုက်၊ စစ်သား ၁၀ ဦးကျော် သေဆုံးဟုဆို
မေ ၅ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မြေတိုင်းကျေးရွာသို့ ရောက်လာသော စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကူလာသည် ကားကိုလည်း မိုင်းဆွဲခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးကြောင်း သိရသည်။
မေလ လေးရက်၊ နံနက် ရှစ်နာရီ ၄၅ မိနစ်ခန့်က မြေတိုင်းရွာသို့ ရောက်ရှိနေသော အင်အား ၃၀ ကျော်ရှိစစ်ကြောင်းနှင့် ဒေသခံ PDF တပ်ဖွဲ့တို့ ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ခုနှစ်ဦးသေဆုံးခဲ့ကြောင်း CDSOM ငါးဇွန်တပ်ခွဲ NRF အဖွဲ့ထံက သိရသည်။ "စစ်သား တစ်ဦးက ကျတော့်ကို မြင်သွားတာ။ ကျတော်က MA4 သေနတ်နဲ့ဆိုတော့ သူ့လူထင် သွားတာ။ ငါ့ကောင်လာ၊လာဆိုပြီး ခေါ်နေတာ။ ကျတော်ကလည်း လက်ဦးမှုရပြီး အဲ့တစ်ကောင်တော့ တန်းပစ်နိုင်ခဲ့တယ်။ ကျန်တဲ့သူတွေကတော့ နောက်ကနေ လက်နက်ကြီးနဲ့ဝိုင်းပစ်တာပေါ့။ မျက်မြင်ကတော့ လေးယောက်သေတယ်။ ပြည်သူ တွေ ပြောတာတော့ ခုနှစ်ယောက်တဲ့" ဟု CDSOM ငါးဇွန်တပ်ခွဲ NRF အဖွဲ့ တာဝန်ခံ ရဲဘော်အစိက MPAသို့ ပြောသည်။
ထို့နောက် ငါးဇွန်မြို့ပေါ်မှ စစ်ကူလာသည့် စစ်ကားနှစ်စီးကို ညောင်လေးပင်ရွာ ဆည်ဘောင်ပေါ်တွင် မိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦး ထပ်မံသေဆုံးခဲ့ကြောင်း ၎င်းကပြောသည်။ ယင်းတိုက်ခိုက်မှုကို CDSOM ငါးဇွန်တပ်ခွဲ NRF နှင့် ငါးဇွန်ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
၄။ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်သား ၃ ဦးသေဆုံး
မေလ ၅ ၊ D Day News
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF ထံမှ သိရသည်။ မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြည်သူလူထုအပေါ် ခြိမ်းခြောက်၊ ငွေညှစ်၊ ဖမ်းဆီးခြင်း လုပ်ဆောင်လျက်ရှိသည့် ကြို့ပင်ကောက်မြို့နယ်ရှိ အလယ်ကုန်းရဲစခန်းကို ၇၉ မမ ၊ ၄၀ မမ ဗုံးသီးများအပြင် လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ကြို့ပင်ကောက်မြို့နယ် တပ်ရင်းအမှတ် ၃၈ဝ၂ တပ်ခွဲ ၆ Black Dragon (GBK PDF) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၅။ ကလေးတိုက်ပွဲ ဒေသခံ ၁၀ ယောက်နဲ့ ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးသေ၊ ကိုးဦးဒဏ်ရာရ
မေလ ၅ ၊ D Day News
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ပြည်တော်သာရွာအနီးမှာဖြစ်နေတဲ့ တိုက်ပွဲအတွင်း မေလ ၄ ရက်နေ့ တစ်ရက် တည်းမှာတင် ဒေသခံဆယ်ယောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပြီး ဒေသခံ ကိုးဦးဒဏ်ရာရခဲ့တယ်လို့ ကူညီ ကယ်ဆယ်ရေး လုပ်ပေးနေသူတွေနဲ့ ထွက်ပြေးနေရသူတွေက ပြောပါတယ်။ မေလ ၄ ရက်နေ့ မနက်ပိုင်းကစပြီး အဲဒီရွာ နားမှာ စစ်ကောင်စီတပ်နဲ့ ကလေးပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဒရုန်းဗုံးနဲ့ လက်နက်ကြီး ရှစ်ဆယ်နီးပါးအသုံးပြု တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အမည် မဖော်လိုသူတစ်ဦးက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံ ဆယ်ယောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး နေရာမှာတင် သေဆုံးခဲ့တာလို့ RFA ကို ပြောပါတယ်။ လတ်တလော လုံခြုံရေးအခြေအနေကြောင့် သေဆုံးသွားသူတွေရဲ့ နာမည်နဲ့အသေးစိတ် အချက်အလက်တွေကို အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။ သုံးလနီးပါးဖြစ်နေတဲ့ ကလေး မြောက်ပိုင်းကတိုက်ပွဲဟာ ပိုပြင်းထန်လာနေသလို စစ်ကောင်စီတပ်ကလည်း စစ်ရေးပစ်မှတ်မဟုတ်တာတွေကိုပါ ဒရုန်း ဗုံးတွေသုံးပြီး တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိလည်း လက်ပံချောင်းရွာအနီးကို အင်အားနှစ်ရာ နီးပါးရှိတဲ့ စစ်ကြောင်းရောက်နေပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
၆။ ဝိုင်းမော် ငါးဂျန်စခန်းအပါအဝင် တပ်စခန်းများ KIA နှင့်ပူးပေါင်းအဖွဲ့ သိမ်းပိုက်
မေ ၅ ၊ The Irrawaddy
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၃ နယ်မြေရှိ ငါးဂျန် (Nga Gyang) ပင်မတပ်စခန်းနှင့် ကာကင်းစခန်း ၂ ခုကို KIA ပူးပေါင်းတပ်များက ယနေ့ မွန်လွဲ ၁၂ နာရီခွဲအချိန်ခန့်က တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။ ငါးဂျန် (Nga Gyang) တပ်စခန်းသည် မြစ်ကြီးနား- နန်ဆန်ယန်လမ်း ကြောင်းပေါ်ရှိ ကဇူးလမ်းခွဲ၊ တဘတ်ချောင်း မြောက်ဘက်ခြမ်းတွင်ရှိပြီး ယခင်က KIA တပ်ရင်း ၃ အခြေစိုက်တပ်စခန်းဖြစ်ကြောင်း၊ ထို့အတူ ကန်ဒေါင် ယန်နှင့် မလိယန်အရှေ့ဘက်တောင်ကြော ဂဂန်ဘွမ်ဒေသ (ဂီဒွန်တောင်ကုန်းရှိရာဒေသ) ဆမားကောင် (ပွိုင့်-၁၃၇၉) မ- ၃၁၉ နှင့် ပုန်းလိန်ဘွမ် (ပွိုင့်-၉၆၉) မ၃၁၉ ခြေကုပ်စခန်းကြီး၂ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ခြင်းဟု သိရသည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက "ကချင်လိုအခေါ်နဲ့တော့ ဂဂန်ဘွမ်လို့ ခေါ်တာပေါ့နော်၊ ဂဂန်ဘွမ်း ပြီးတော့ ဆမား၊ ပုန်းလိန်၊ ငါးဂျန့် အဲဒီတကြောလုံးက မြန်မာစစ်တပ်ရဲ့စခန်းတွေကို သိမ်းတာမှန်ပါတယ်ခင်ဗျ။ စခန်းသိမ်းတာတွေ နဲ့ ပတ်သက်ပြီး ထူးထူးထွေထွေတော့ မကြားရသေးပါဘူး။ တိုက်တာကတော့ မနေ့ကတည်းက တိုက်တာဖြစ်ပါတယ်။ ဒီမနက်ပိုင်းကစပြီးတော့ တပ်စခန်းတွေကို တခုပြီးတခု သိမ်းရတာဖြစ်ပါတယ်ဗျ။ အသေးစိတ် အခြေအနေကတော့ မသိရ သေးပါဘူး" ဟု ဧရာဝ တီသို့ ပြောသည်။ KIA နှင့် ကချင်ပြည်နယ်ပြည်သူ့ကွယ်ရေးတပ်(KPDF) ပူးပေါင်းအဖွဲ့များသည် ဝိုင်းမော်မြို့နယ်မှ ကဂမ်ဘွမ်ကျေးရွာရှိ စစ်ကောင်စီစခန်းများကို ယမန်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၁၆ ခုနှစ်ကတည်းက စစ်ကောင်စီသိမ်းယူထားပြီး ၈ နှစ်ကျော်ကြာ တပ်စွဲထားသည့် နာမည်ကြီး ဂီဒွန်တောင်ကုန်းကိုလည်း ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၇။ မြောင်မြို့နယ် မင်းတန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
မေ ၅ ၊ PVTV
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက PVTV ကို ပြောပါတယ်။ တံတားဦးကနေတက်လာတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ တိုက်လေယာဉ်နဲ့ မင်းတန်းရွာကို မေ ၄ ရက် ည ၁၂ နာရီမှာ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
" ည ၁၂ ချိန်ခန့်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းရွာကို တံတားဦးတက် တိုက် လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာပါ၊ မကြမ်းဖက် စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ် ၄ လုံးမီးလောင်၊ လေးလုံး ပျက်စီး၊ နွားအချို့ ထိခိုက်။ လူအသေအပျောက် မရှိ။ " လို့ ဒေသခံ တဦးက ပြောပါတယ်။ အဆိုပါ အကြမ်းဖက် စစ်တပ်ရဲ့ ဗုံးကြောင့် မင်းတန်းရွာက ပြည်သူ့နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး နွားအချို့ ထိခိုက်ခဲ့ပေမယ့် လူအသေအပျောက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။
၈။ ကလေးတောင်ပိုင်းတွင် စစ်ကောင်စီလက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရ
မေ ၅ ၊ Mizzima
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားကျေးရွာတွင် စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီးကျည် လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတဦးသေဆုံးကာ ကလေးငယ်တဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိသွား ကြောင်း သိရသည်။ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်အခြေစိုက်ထားသည့် ကြံသာပျူစောထီးရွာမှ လက်နက် ကြီးဖြင့် မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “အိမ်ပေါ်လက်နက်ကြီးကျည်ကျတာ အမျိုးသမီးက နောက်ကမှန်ပြီး ရှေ့ကပွင့်ထွက်သွားတယ်၊ သူ့ယောကျာ်းက ခါးမှန်သွားတာ ဆေးကုနေရတယ်၊ အသက် မသေရင်တောင်မှ သာမန်လူလို လုပ်ကိုင်စားလို့ မလွယ်တော့ဘူး” ဟု တင်သားရွာခံက မဇ္စျိမကိုပြောသည်။
လက်နက်ကြီးကျည်ထိမှန်၍ အသက် ၄၂ နှစ်အရွယ် ဒေါ်ယုယုအေးသေဆုံးခဲ့ပြီး ၎င်း၏ အမျိုးသားနှင့်အတူ အသက်ခုနစ်လ အရွယ်ကလေးနှင့် အသက် ၃၀ အရွယ် အမျိုးသမီးတဦးတို့ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တင်သား အမှတ်(၂)ရက်ကွက်တွင်နေထိုင်သည့် သေဆုံးသူအမျိုးသမီးတွင် သားတဦး၊ သမီးတဦး ကျန်ရစ်ခဲ့ပြီး ၎င်းတို့သည် အမှတ်(၃)ရပ်ကွက်သို့ တိမ်းရှောင်နေထိုင်စဥ် လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။
၉။ ပေါက်တောင်ပိုင်း ရွာနှစ်ရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်၊ စာသင်ကျောင်း ပျက်စီးဟုဆို
မေ ၅ ၊ Myanmar Pressphoto Agency
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ရွာနှစ်ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း ပျက်စီးသွားကြောင်း သိရသည်။
မေလ လေးရက်၊ ည ခုနှစ်နာရီ ၄၅ မိနစ်ခန့်၌ ပေါက်မြို့နယ် တောင်ပိုင်းရှိ သီးခြောက် (တောင်) ရွာ၊ ဇီးတော ကျေးရွာနှင့် ဇီးတောကျေးရွာ၏ တောင်ဘက်တို့ကို Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် ဂျက်ဖိုက်တာတို့ ဆက်တိုက်လာ၍ ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ PDF ရဲဘော်တို့ထံက သိရသည်။" ပထမ လေယာဉ်က ဇီးတောဘက်ကို ပစ်တာ။ ကျတော်တို့ သီးခြောက်ကို နောက်တစ်စီးက ပစ်တာ။ ဗုံးကြဲသွားတယ်။ စာသင်ကျောင်းထဲကျပြီး ကျောင်းဆောင် သုံးဆောင် ပျက်စီး သွားတယ်။ ရွာထဲရော တစ်လုံးကျပြီး ပြည်သူ တစ်ယောက် ထိသွားတယ်" ဟု ပေါက်တောင်ပိုင်း ပကဖ တာ၀န်ခံ ရဲဘော် ကျီးကန်းက MPA သို့ ပြောသည်။ဗုံးထိမှန်သောကျောင်းမှာ သီးခြောက်ရွာ အလယ်တန်းကျောင်းဖြစ်ပြီး ကျောင်းအဆောင် လေးဆောင်ရှိသည့်အနက် အဆောင်သုံးဆောင် ပျက်စီးသွားခြင်းဖြစ်သည်။
၁၀။ ညောင်တုန်းတွင် လူငယ် ၇ ဦး ဖမ်းခံရ
မေ ၅ ၊ DVB
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်တာနဲ့ ပတ်သက်တယ်လို့စွပ်စွဲပြီး ဒေသခံ ၇ ယောက်ကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်က ညောင်တုန်းမြို့၊ အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့ပြီး အဲဒါနဲ့ ပတ်သက်လို့ ရုံးနားမှာ နေထိုင်တဲ့ လူငယ် ၇ ယောက်ကို ဧပြီ ၃၀ ရက်နဲ့ မေ ၂ ရက်တို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ် လို့ဆိုပါတယ်။
ကိုယ်တွေ့ကြုံခဲ့ရသူတယောက်က “မီးလောင်မှုဖြစ်စဉ်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေ လာရောက်စစ်ဆေးတယ်။ အစစ်အဆေးခံရတဲ့သူ မနည်းဘူး။ ရပ်ကွက်ရုံးအနီး နေထိုင်တဲ့ လူငယ်တွေကို ခေါ်ယူမေးမြန်းတာတွေလုပ်တာ။ အဲဒီအထဲက လူငယ် ၇ ဦးကို ဖမ်းဆီခဲ့တာ” လို့ ပြောပါတယ်။ အဖမ်းခံရတဲ့ လူငယ် ၇ ယောက်ဟာ အမှတ် ၉ ရပ်ကွက်ထဲမှာ နေထိုင်တဲ့ အသက် ၁၇ နှစ်ကနေ ၂၅ နှစ် အရွယ်ရှိ ဒေသခံလူငယ်တွေဖြစ်ပြီး လက်ပြန်ကြိုးတွေ တုပ်ခေါ်သွားတာလို့ ဆိုပါတယ်။ လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ လူငယ် ၇ ယောက်ကို ညောင်တုန်း မြို့မရဲစခန်းမှာပဲ ထားရှိစစ်ဆေးနေတယ်လို့ သိရပြီး အမှုမဖွင့်သေးသလို မိသားစုနဲ့လည်း ဆက်သွယ်ခွင့် မပေးသေးဘူးလို့ ဆိုပါတယ်။
Comments