top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် မေလ ၆ ရက်

နေ့စဉ်သတင်းစုစည်းမှု

06-May-2024

တိုက်ပွဲသတင်း

 

၁။ တန့်ဆည်ရှိ ပျူစောထီးစခန်း တိုက်ခိုက် ဖျက်ဆီးခံရ

 

မေ ၆ ၊ The Irrawaddy

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ပိုင်း ကျွန်းလည်ရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များ ပူးပေါင်း အခြေချထားသည့်စခန်းအား ယနေ့မနက် ၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့ စီးနင်းတိုက်ခိုက်၍ ဖျက်ဆီးနိုင်ခဲ့ကြောင်း PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။ ကျွန်းလည်ရွာတွင် အခြေချနေသည့် စစ်ကောင်စီအဖွဲ့သည် အနီး ပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများအား အနိုင်ကျင့်၍ ပစ္စည်းများလုယူခြင်း၊ နေအိမ်များအား မီးရှို့ခြင်းတို့ကို အကြိမ် ကြိမ်ပြုလုပ်နေသည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးကာ၊ တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) မှ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သလို ရွှေဘိုခရိုင်တပ်ရင်း၂၅ အဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူစောထီးများထံမှ MA-1 သေနတ်တလက်၊ G3 တလက်၊ ကာဘိုင် ၃ လက်၊ ပြောင်းချော ၇ လက်၊ မိုင်းနှင့် ကျည်များလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

၂။ ဖားဆောင်းတွင် စစ်ရဟတ်ယာဉ်တစီး ပစ်ချခံရ

 

မေ ၆ ၊ Myanmar Now

 

ကရင်နီ (ကယား)ပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်း၌ ဖြစ်ပွားနေသောတိုက်ပွဲသို့ ကူရန်လာသည့် စစ်ရဟတ်ယာဉ်တစီးကို ယနေ့ နံနက်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က “သူတို့လာတာ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ၂ စီးလာတယ်။ ပထမ ဂျက်ဖိုက်တာ ဗုံးလာကြဲ ပြီးတော့မှ လူနာလာသယ်ဖို့ ထင်တယ်။ အဲဒီမှာ တပ်ဖွဲ့ဝင်တွေက ပစ်တော့ ၁ စီးထိသွားပြီး မီးခိုးအများကြီးနဲ့ ဘောလခဲ ပြန်သွားတယ်ပြောတယ်။ ကျရင် အဲဒီလမ်းမှာပဲ ကျမှာ။ ဘောလခဲမှာ သူတို့ ဗျူဟာကုန်းရှိတယ်။ အဲဒီကို အပြန်လမ်းမှာ ကျသွားတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ ရဟတ်ယာဉ်ပစ်ချခံရသည့် သတင်းနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို ဧရာဝတီက လတ်တလောတွင် စုံစမ်းနေဆဲ ဖြစ်သည်။

ဖားဆောင်းမြို့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) လက်အောက်ခံ ခလရ ၁၃၄၊ ခလရ ၁၃၅ တပ်ရင်းများရှိပြီး ယခုအခါ ခလရ ၁၃၅ တပ် ရင်းစခန်းကုန်းတခုသာ ကျန်ရှိတော့ကြောင်း၊ ယင်းစခန်းကုန်းတွင် ခလရ ၁၃၄၊ ခလရ ၁၃၅ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လွိုင်ကော် ဒကစနှင့် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် (တမခ ၆၆) လက်အောက်မှ လက် ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အထိုင်ချတပ်စွဲ၍ ခုခံလျက်ရှိကြောင်း သိရသည်။

 

၃။ ဒေါနတောင်ပေါ် တက်လာသည့် အောင်ဇေယျစစ်ကြောင်း တိုက်ခိုက်ခံရ

 

မေ ၆ ၊ Myanmar Pressphoto Agency

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ပေါ်တက်လာသည့် အောင်ဇေယျစစ်ကြောင်းကို ကရင်ပူးပေါင်းတပ် များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။ မေလ ၃ ရက်က ဒေါနတောင်သို့ ထိုးစစ်ဆင်လာသော အောင်ဇေယျစစ်ကြောင်းကို အမှတ် ၃၁ ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ကြီး တဦး အပါအဝင် စစ်သား ၁၂ ဦး သေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီဒုတိယပတ်မှစတင်၍ ကရင်နှင့် မွန်ပြည်နယ်ရှိ ဆုံးရှုံး ထားသောနေရာများကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်ရန်လုပ်ဆောင်နေသည့် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ စစ်ကြောင်းဖြစ်ပြီး အင်အားမှာ ၁၀၀၀ ကျော်အထိရှိကြောင်း ပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။

 

၄။ မြိတ်ခရိုင် တိုက်ပွဲတွင် တပ်စုမှူး အပါအဝင် PDF တပ်ဖွဲ့ဝင် ၅ ဦးကျ

 

မေ ၆ ၊ Mizzima

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ထဲက တနင်္သာရီနှင့် ပုလောမြို့နယ်တို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့ကြောင်း သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်သည်။

ပုလောမြို့နယ် ထမင်းမစားကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က မေ ၂ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် သွားရောက် တိုက်ခိုက်ခဲ့ရာ တနေကုန် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲကို စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူပေးခဲ့ရာ ထိုလက်နက်ကြီး ထိမှန်ပြီး နဂါးမဲမဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ တပ်စုမှူး တဦးနှင့် နောက်တဦး ကျဆုံးခဲ့သည်။

အလာတူ တနင်္သာရီမြို့နယ်အတွင်း မေ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က အင်အား အများပြားဖြင့် စစ်ကြောင်းထိုး ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့သည်။

“စစ်တပ်နဲ့ အနီးကပ် ပစ်ခတ်ခံရတဲ့ ရဲဘော် သုံးဦးကတော့ ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့အပြင် မီးပါ ရှို့ခံထားရတယ်” ဟု PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။ တနင်္သာရီတိုင်းအတွင်း ယခု မေလ ပထမ အပတ်ထဲတွင် ထားဝယ်ခရိုင် သရက် ချောင်းမြို့နယ်၊ မြိတ်ခရိုင်ထဲက ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်။အလားတူ ကော့သောင်းခရိုင် ဘုတ်ပြင်းနှင့် တနင်္သာရီ အစပ်ရှိ ၁၀၂၀ မိုင်တိုင်တို့တွင်လည်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ တိုက်ခိုက်မှုများလည်း ရှိကြောင်း ဒေသခံများ ထံမှ သိရသည်။

 

၅။ မြောင်မြို့နယ်၊ သာထွန်းရွာတိုက်ပွဲ စစ်သား ၁၅ ဦးထက်မနည်းဒဏ်ရာရ

 

မေ ၆ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊သာထွန်းရွာသို့ ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းဒဏ်ရာရသွားပြီး ဆုတ်ခွာထွက်‌ပြေးသွားကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မြင်းခြံမြို့နယ်၊ ဆီမီးခုံရွာမှ ရောက်ရှိလာသော အင်အား ၈၀ ခန့်ပါ စစ်ကောင်စီနှင့် ပျူစောထီးစစ်ကြောင်းကို မေလ ၄ ရက်နေ့ ညနေတွင် တိုက်ခိုက်ခဲ့ခြင်းဟု စစ်ကိုင်းခရိုင် တပ်ရင်း(၅)၊ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA)သတင်းပြန်ကြားရေးတာဝန်ခံကမဇ္ဈိမအား ပြောသည်။

"တိုက်ပွဲက ၁နာရီခန့်ကြာခဲ့တယ်။ စစ်တပ်က လေကြောင်းကနေ ပတ်ဝဲနေပြီး လက်နက်ကြီးနဲ့လည်းပစ်တယ်။ မြေပြင်မှာ က ပေ ၂၀၀ ခန့်အကွာကနေ ရင်ဆိုင်တိုက်ပွဲဖြစ်တာ။ အဲ့ညတိုက်ပွဲအပြီး နောက်နေ့မနက်အစောပိုင်းမှာ သူတို့ပြန်ဆုတ်ခွာ သွားပါတယ်" ဟု MRA သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။ တိုက်ပွဲသည် ညနေ ၆ နာရီ ၄၅ မိနစ်၌စတင်ခဲ့ပြီး ၇ နာရီ ၄၅ မိနစ်ခန့်၌ ပြီးဆုံးခဲ့ကြောင်း၊ စစ်ကောင်စီဘက်တွင် ၁၅ ဦးထက်မနည်းဒဏ်ရာရပြီး သုံးဦးဒဏ်ရာပြင်းထန်ကြောင်း MRA က ဆိုသည်။

 

၆။ ဖောင်းပြင်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး

 

မေ ၆ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ရောင်းဟီးကျေးရွာသို့ စစ်ကြောင်းထိုးလားသည့် ခမရ(၃၆၈)နှင့် ပျူစောထီး ပူးပေါင်းအင်အား ၈၀ ပါစစ်ကြောင်းနှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်ခုနစ်ဦးသေဆုံးသွားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသမှ မေလ ၅ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ မေလ ၅ ရက်နေ့ နံနက် ၅ နာရီခွဲတွင် ရောင်းဟီးကျေးရွာသို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မော်လိုက်ခရိုင် တပ်ရင်း(၁)နှင့် တပ်ရင်း(၂) ပူးပေါင်းတပ်ဖွဲ့က နံနက် ၁၁ နာရီခွဲ အချိန် တွင် အောင် မြင်စွာတိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အလောင်းခုနစ်လောင်းရရှိပြီး ၆၀ မမ ပြောင်းတိုတလက်၊ MA-1 လေး လက်၊ MA ကျည် ၁၅၁၂ တောင့်၊ ၄၀ မမ ဗုံးသီး ၁၉ လုံး၊ ၆၀ မမ ဗုံးသီးရှစ်လုံး၊ RPG-7 ဒုံးသီး ငါးလုံး၊ MA ကျည်အိမ် ၂၆ ခု၊ စကားပြောစက် တခု၊ ကျည်ကာဦးထုပ် တလုံး၊ ဖုန်းသုံးလုံး၊ ဆေးပစ္စည်းများနှင့် စကားပြောစက် ဓာတ်ခဲအပိုနှစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁)စစ်ဒေသတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ ပါဝင်သည်။

 

၇။ နွားထိုးကြီးနယ်ရှိ စစ်ကောင်စီတပ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ ၄ ဦး သေဆုံးဟုဆို

 

မေ ၆ ၊ Mizzima

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်းတပ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု မေလ ၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး နောက်ထပ်နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း နွားထိုးကြီး PDF မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက မဇ္ဈိမကို ပြောသည်။ အင်အား ၂၅ ဦးဖြင့် အထိုင်ချတပ်စွဲထားသည့် ထိုစစ်ကောင်စီတပ်စခန်း ဗုံးသီးလေးလုံးချ တိုက်ခိုက်ခံရ ပြီးနောက် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများကို ၁၃ မိုင်ခန့်ဝေးသော နွားထိုးကြီးမြို့ပေါ် ဆေးရုံသို့ ညတွင်းချင်း ခေါ်ဆောင်သွားကြောင်း နွားထိုးကြီး PDF က ပြောသည်။ "ဒရုန်းနဲ့ ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့တယ်။ ရည်မှန်းထားတဲ့ ပစ်မှတ်အပေါ် တိတိကျကျ တိုက်ခိုက်နိုင်ခဲ့တယ်"ဟု နွားထိုးကြီး PDF မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ပြောသည်။

ယနေ့ နံနက်ပိုင်းမှ စတင်ပြီး နွားထိုးကြီး ဆေးရုံကို စစ်ကောင်စီက လုံခြုံရေးတင်း ကြပ်ထားပြီး ဆေးရုံသို့ လာရောက်သူ များကိုလည်း စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

၈။ ဘူးသီးတောင် စကခ (၁၅) က ဒုတပ်မမှူးနဲ့ တပ်ဖွဲ့ဝင်တွေ AA ထံ လက်နက်ချ

 

မေ ၆ ၊ RFA

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချတယ်လို့ မေလ ၆ ရက် ဒီနေ့မှာ ဗီဒီယိုဖိုင်နဲ့တကွ ထုတ်ပြန်ပါတယ်။ AA က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေ၊ တပ်မိသားစုဝင်တွေ၊ ဒဏ်ရာရ သူတွေနဲ့ စစ်ကောင်စီတပ်က သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။ အရေအတွက်အတိအကျကိုတော့ AA က ထုတ်ပြောမထားပါဘူး။ စကခ (၁၅) ကို ၁၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မေလ ၂ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ခဲ့တာပါ။ အဲဒီတပ်မဌာနချုပ်ကို ကာလအတန်ကြာ ပိတ်ဆို့ဖြတ်တောက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့အချိန်မှာ လုံးဝမလွတ်မြောက်နိုင်တော့တဲ့အတွက် စစ်ကောင်စီတပ်သားတွေက လက်နက်ချခဲ့တာ လို AA က ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ စကခ (၁၅) လက်အောက်ခံ စစ်ကောင်စီတပ်ရင်း ၁၂ ခုရှိပါတယ်။ လက်ရှိမှာတော့ စကခ (၁၅) အပါအဝင် တပ်ရင်းငါးရင်းကို အပြီးသတ်သိမ်းပိုက်ထားပြီး ကျန်တဲ့ တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က မေလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က တကျော့ပြန်တိုက်ပွဲအတွင်း မြို့နယ်ကိုးမြို့နယ်ကို AA က သိမ်းပိုက်ထားပြီး အမ်း၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်ဖြူမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

 

၉။ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို KIA သိမ်းပိုက်

 

မေ ၆ ၊ Myanmar Pressphoto Agency

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို မေ ၃ ရက်၊ ညနေပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ၊ ယမန်နေ့ (မေ ၅ ရက်) တွင် ခမရ ၄၃၈ လက်အောက်ခံ ငါးဂျန့်ပင်မတပ်စခန်း၊ ဆမား၊ ဂဂမ်၊ ပုန်းလိန်၊ အူခိုင်ခက်၊ ရှန်ခေါင်တောင်နှင့် ကာကင်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

"ဂဂမ်၊ ဆမားနဲ့ ဂီဒွန်တပ်စခန်းတွေက ဆက်တိုက်ရှိနေတာ၊ တစ်ခုနဲ့ တစ်ခုက အရမ်းမဝေးဘူး။ ဆမားတပ်စခန်းကနေလည်း လက်နက်တွေ သိမ်းဆည်းရမိတာရှိတယ်၊ တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက လေယာဥ်တွေလည်း လာတယ်" ဟု စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။ ထို့ပြင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စစ်ကောင်စီတပ်က သိမ်းယူထားပြီး ၇ နှစ်ကျော်ကြာ ဆုံးရှုံးခဲ့ရသည့် ဂီဒွန်တပ်စခန်းကိုလည်း ယနေ့ (မေ ၆ ရက်)၊ နံနက်ပိုင်းတွင် ပြန်လည်သိမ်းပိုက် ရရှိခဲ့ ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲများအတွင်း တပ်စခန်းများ လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ ခုခံတိုက်ခိုက်မှုများကြောင့် ဝိုင်းမော်မြို့နယ်ရှိ ရွှေညောင်ပင်၊ အောင်မြေ ၁၊ အောင်မြေ ၂၊ စန်းကောင်းကျေးနှင့် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာရှိ ဒေသခံပြည်သူ ၅,၀၀၀ ခန့်မှာ စစ်ဘေးရှောင်နေကြရ ကြောင်း သိရသည်။

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၁၀။ စလင်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူး နှစ်ဆယ်ခန့် နုတ်ထွက်စာတင်

 

မေ ၆ ၊ RFA

 

စစ်မှုထမ်းဖို့ စုဆောင်ပေးတဲ့ အုပ်ချုပ်ရေးမှူးတချို့ သတ်ဖြတ်ခံရပြီးနောက် မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်မှာ တစ်လအတွင်း နုတ်ထွက်စာတင်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဆယ်ခန့်ရှိတယ်လို့ ဒေသခံတွေက မေလ ၆ ရက် နေ့မှာ ပြောပါတယ်။ ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ စစ်မှုထမ်းဖို့ လူစုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးစာတွေ ထုတ်ခဲ့သလို စလင်းတစ်မြို့နယ်တည်းကပဲ အုပ်ချုပ်ရေးမှူး ငါးဦးသတ်ဖြတ်ခံရပြီးခဲ့တဲ့နောက် အခုလို နုတ်ထွက်တာတွေ ဖြစ်လာတာလို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြား ရေး တာဝန်ခံ ကိုအညာသားက ပြောပါတယ်။ “စလင်းမြို့နယ်ကတော့ ထွက်စာတင်တာနဲ့ ဘာနဲ့ အခုဆိုရင် အယောက် နှစ်ဆယ်လောက် ရှိသွားပြီ။ ကျန်မြို့နယ်တွေကတော့ အဲဒီလောက်ထိ နုတ်ထွက်တာ မရှိဘူး။ မင်းဘူးခရိုင်ထဲမှာတော့ အဓိကတော့ စလင်းမြို့နယ်ပေါ့”။ နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေနေရာကို စစ်ကောင်စီက အစားထိုး ခန့်အပ်တာမျိုးတွေ မရှိသေးဘူးလို့ သူကဆိုပါတယ်။နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ စစ်ကောင်စီက တာဝန်ပေးထားတဲ့စစ်မှုထမ်းဖို့ လူစုဆောင်းပေးတာမျိုးတွေ မလုပ်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၁၁။ စစ်မှုထမ်းဥပဒေကြောင့် ရေဦးတွင် ဖမ်းဆီးခံရသူ ၈၀ ကျော်ရှိလာ

 

မေ ၆ ၊ The Irrawaddy

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း ယခုနှစ်မတ်လမှစ၍ ဒေသခံအမျိုးသား များကို နေ့စဉ်ဖမ်းဆီးမှုပြုလုပ်လျက်ရှိရာ အဖမ်းခံရသူ ၈၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ရေဦးဒေသခံ ကိုထူးခန့်ဇော်က “၃ လပိုင်းလောက်က စဆွဲတာပဲ။ အခုလ ၄ ရက်ကလည်း နေ့ခင်းဘက် တနေကုန် ဗိုလ်အောင်ဇေယျရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ဆန်းရပ်ကွက်နဲ့ ရေဦးကုန်းရွာတွေက ပြည်သူ ၂၇ ဦးထက် မနည်း ဖမ်းဆီးသွားတယ်။ အသက် ၄၀ ကျော်အရွယ်တွေကအစ အကုန်ဖမ်းနေတယ်။ ရွာတွေက ပြည်သူတွေလည်း မြို့ပေါ်စျေးဝယ်ဘာညာ မသွားရဲတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။ လက်ရှိတွင် ဖမ်းဆီးခံရသူများကို ရေဦးမြို့ အထက ၁ ကျောင်း၌ ထားရှိကြောင်း၊ ယင်းမှတဆင့် မုံရွာ နမခသင်တန်း ကျောင်းပို့မည်ဟု သိရကြောင်း ဒေသခံများက ဆိုသည်။

ယင်းအခြေအနေများကြောင့် ရေဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများမှလွဲ၍ အသွားအလာရှင်းနေပြီး လူငယ် လူရွယ် အမျိုးသားများမှာလည်း မိသားစုလိုက်အခြား မြို့ရွာများသို့ ပြောင်းရွှေ့တိမ်းရှောင်နေရကြောင်း ကိုထူးခန့်ဇော်က ပြောသည်။

 

၁၂။ ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

 

မေ ၆ ၊ RFA

 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အလယ်ကျွန်းရွာကို စစ်ကောင်စီတပ်က မေလ ၆ ရက် ဒီနေ့မနက်ပိုင်းမှာ ဂျက်တိုက် လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရဟန်းတစ်ပါးအပါအဝင် လေးဦးသေဆုံးပြီး နောက်ထပ် ခြောက်ဦး ဒဏ်ရာရထား တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးနှစ်လုံး ကြဲချတာမှာ ရွာထဲနဲ့ ဘုန်းတော်ကြီးကျောင်းဝင်းတွေထဲကို ကျရောက် ပေါက်ကွဲတာကြောင့် ရဟန်းတစ်ပါး၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးတို့ သေဆုံးခဲ့တာလို့အလယ်ကျွန်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။ “ရဟန်းတစ်ပါးနဲ့ ရွာသားသုံးယောက်က ပွဲချင်းပြီးသေသွားတယ်။ ဒဏ်ရာရတာက ခြောက်ယောက် ရှိတယ်။ တစ်ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ မနက်က ဂျက်လေယာဥ်နဲ့ နှစ်ခေါက်လာပြီး ဗုံးနှစ်လုံး ကြဲသွားတာ။ တစ်လုံးက ရွာထဲကို ကျတယ်။ နောက်တစ်လုံးက ဘုန်းကြီးကျောင်းကို ကျတယ်။ တိုက်ပွဲလည်း မရှိပါဘူး။ အကြောင်းမဲ့ ဗုံးလာကြဲသွားတာ”။ ဗုံးကြဲခံရမှုကြောင့် နေအိမ် လေးလုံး၊ ဘုန်းတော်ကြီးကျောင်းနဲ့ ဓမ္မာရုံအဆောက်အအုံ တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့ကလည်း အလယ်ကျွန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

၁၃။ ဘူးသီးတောင်မှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ လေးဦး သေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရ

 

မေ ၆ ၊ RFA

 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာတွေခိုလှုံနေတဲ့ စာသင်ကျောင်းကို မေလ ၄ ရက်နေ့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် လူလေးဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရထားတဲ့သူတွေကို ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ ဆေးရုံတစ်ခုမှာ ကုသနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အဲဒီလက်နက်ကြီးကျည်ကတော့ AA က ပစ်တာလား၊ စစ်ကောင်စီတပ်က ပစ်တာလား ဆိုတာကို အတိအကျ မသိရပါဘူး။ လေးယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတဲ့လူတွေကတော့ စစ်ကောင်စီ တပ် ဆေးရုံမှာပါ။ ဒဏ်ရာရတဲ့လူတွေရဲ့ အခြေအနေကိုတော့ ဘာမှမသိရသေးဘူး” စစ်ကောင်စီကတော့ အခု လက်နက်ကြီးပစ်ခတ်မှုကို ရက္ခိုင့်တပ်တော် (AA) ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

 




 

 

 

 

 

62 views1 comment

1 Comment


Guest
May 07

နေ့စဉ်သတင်း မှတ်တမ်းျပါင်းချုပ်

Like
bottom of page