top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် မေလ ၇ ရက်


နေ့စဉ်သတင်းစုစည်းမှု

07-May-2024


တိုက်ပွဲသတင်း

 

၁။ မံစီ၊ မိုးမောက်နှင့် ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ခုနှစ်ခုကို KIA သိမ်းပိုက်

 

မေ ၇ ၊ Myanmar Pressphoto Agency

 

ကချင်ပြည်နယ်အတွင်းရှိ မံစီ၊ မိုးမောက်နှင့် ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ခုနှစ်ခုကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းမြစ်ထံမှ သိရသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီ ၇ ရက်၊ နံနက် ၅ နာရီခန့်မှစတင်ကာ မံစီ၊ မိုးမောက်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA က တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့နယ်၊ ဗန်းမော်-ရွှေကူကားလမ်းမ၊ စင်းခန်းကျေးရွာရှိ စင်းခန်းဧရာဝတီမြစ်ကူး တံတားစောင့် စခန်း၊ စင်းခန်းကျေးရွာရဲစခန်းနှင့် တာဝါတိုင်စခန်းတို့ကို မနက် ၇ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

"စင်းခန်းရွာတစ်ခုလုံးကို သိမ်းထားနိုင်ပြီ၊ ကျန်တဲ့စခန်းတွေကို ဆက်ပြီး တိုက်နေတယ်။ ဗန်းမော်ပဲ ကျန်တော့တယ်။ ဗန်းမော်မြို့အစွန်က အောင်ပြည်သာရွာထဲမှာလည်း လက်နက်ကြီးကျလို့ ထိခိုက်သူရှိပေမဲ့ အသေးစိတ်မသိရသေးဘူး" ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။ အလားတူ ဧပြီ ၇ ရက်၊ မနက် ၁၁ နာရီခန့်တွင်လည်း မံစီမြို့နယ်ရှိ မံစီ မြို့မရဲစခန်းကို KIA က သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် မိုးမောက်မြို့နယ်၌ ကျန်ရှိနေသေးသည့် ခမရ ၄၃၇ တပ်ကို သိမ်းပိုက်နိုင်ရန်အတွက် ဧပြီ ၇ ရက်၊ မနက် ၆ နာရီမှစ၍ KIA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး၊ မြို့တွင်း၌ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

 

၂။ ကန့်ဘလူ မလည်တိုက်နယ်ကို KIA နှင့် PDF စီးနင်းတိုက်ခိုက်

 

မေ ၇ ၊ The Irrawaddy

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မလည်တိုက်နယ်ရှိ စစ်ကောင်စီနှင့် ပျူစောထီးအထိုင်စခန်းများကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) များ စီးနင်းတိုက်ခိုက်နေကြောင်း ဒေသခံများထံံက သိရ သည်။ ဒေသခံတဦးက "ညက ၁၂ နာရီလောက် ဝင်စီးတာ။ မလည်က ဟိုတခါ လေကြောင်းတိုက်ခိုက်တဲ့ ပဇီကြီးရဲ့ အရှေ့တောင်ဘက်နားလေး ကျတာပေါ့။ အခုမနက်ပိုင်းလေးတင်ကို လေယာဥ်ဝဲပြီး ပစ်ကူပေးနေတာ ၃ ခါ ရှိသွားပြီ" ဟု ပြောသည်။ အဆိုပါ မလည်တိုက်နယ်တွင် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်မှတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ပူးပေါင်း ထိုင်သည့် စခန်းရှိနေပြီး ထိုစခန်းအား ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။ ၎င်းက "မလည်မှာက ပျူစခန်းရှိတယ်။ အင်အားက ၁၅၀ လောက်ရှိတယ်။ မလည်ကနေ ဗျူဟာလမ်းကို တက်တဲ့ဘက်မှာလည်း ပျူစခန်းတွေရှိတယ်၊ အဲဒါတွေကို ဝင်တိုက်တာ" ဟု ဆိုသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် မလည်တိုက်နယ်အား မြေပြင်စစ်ကူ မပေးနိုင်ရန် လမ်းကြောင်းအားလုံးကို တော်လှန်ရေး ပူးပေါင်းတပ်များ ကြိုတင်ဖြတ်တောက်ထားသောကြောင့် စစ်ကောင်စီဘက်မှလေကြောင်းဖြင့်သာ ပစ်ကူစစ်ကူများ အဓိကပေးနိုင်မည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

 

၃။ ဝက်လက်မီးသတ်ရုံးနှင့်တာဝါတိုင်စခန်းကို PDF တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး

 

မေ ၇ ၊ The Irrawaddy

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မီးသတ်ရုံးနှင့် ဆက်သွယ်ရေးတာဝါတိုင်စခန်းစောင့်လုံခြုံရေးတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကြောင်း ရတနာပုံတပ်ဦး(မန္တလေးခရိုင်ပကဖ)က ယနေ့(မေလ၇ရက်)တွင် သတင်း ထုတ်ပြန်သည်။ ယမန်နေ့(မေလ ၆ ရက်)နံနက် ၁၁ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့သည်ဟု ရတနာပုံတပ်ဦးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများပြားကြောင်း အတွင်းသတင်းများအရ သိရသည်ဟု ရတနာပုံတပ်ဦး၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက် မှ Fixed Wings Drone တစီးပျက်ကျသွားခဲ့ပြီး စစ်ကောင်တပ်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ရတနာပုံတပ်ဦး၊ ရွှေဘိုခရိုင်တပ်ရင်း(၁၅) - ကြောင်လက်သည်းတပ်ဖွဲ့၊ ပြည်သူ့ဘက်တော်သားပြောက်ကျားတပ်ဖွဲ့၊ 7 PDF၊ ဗိုလ်လှိုင်ဘွားပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ရေကြက်နှင့် ဗိုလ်ရဲရင့်အောင်တပ်ဖွဲ့၊ ဗိုလ်စိုးကြီးတပ်ဖွဲ့၊ တောင်သူ လယ်သမားတပ်ပေါင်းစုနှင့် မဟာမိတ်ညီနောင်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၄။ ဖားဆောင်းရဟတ်ယာဉ်ပျက်ကျမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

 

မေ ၇ ၊ BBC

 

ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ၁၃၄၊ ၁၃၅ စစ်တပ်စခန်းကို လူနာသယ်ဖို့ လာတဲ့ စစ်ရဟတ်ယာဉ် ၂ စီး ထဲက ၁ စီးကို ကရင်နီတပ်မတော်(KA) က ပစ်ချခဲ့တာကြောင့် ရဟတ်ယာဉ်ထဲပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးသွားတယ်လို့ ကရင်နီတပ်မတော်(KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဘီဘီစီကို အတည်ပြုပြောဆိုပါ တယ်။မနေ့ မေ လ ၆ ရက်နေ့ နေ့လယ် ၁၁ နာရီ‌ဝန်းကျင်မှာ KA က စစ်တပ်ရဟတ်ယာဉ် ၁ စီးကို ပစ်ချခဲ့တာဖြစ်ပါတယ်။

“ရဟတ်ယာဉ်ထဲမှာပါလာတဲ့အင်အားက ၁၁ ယောက်ရှိတယ်။ လေယာဉ်မှူး ၂ ယောက်အပါအဝင် ၈ ယောက်က ပျက်ကျ တဲ့နေရာမှာပဲ သေသွားတယ်” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။ရဟတ်ယာဉ်ထဲ ပါလာတဲ့ ၁၁ ဦးအနက် အသက်ရှင် ကျန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကိုတော့ စစ်ကောင်စီရဲ့ အတူပျံသန်းလာတဲ့ နောက်ရဟတ်ယာဉ် ၁ စီးက ပြန်ခေါ် ဆောင်သွားတယ်လို့ သိရပါတယ်။ အဲဒီ ၃ ဦးကိုလည်း KA တပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ လိုက်လံပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာနဲ့ အတူ စစ်ရဟတ်ယာဉ်နဲ့အတူပြန်ပါသွားတယ်လို့ သူကဆိုပါတယ်။ လက်ရှိမှာတော့ ဖားဆောင်းမြို့မှာ တိုက်ပွဲဖြစ်ပွား နေတာ မရှိဘူးလို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

 

၅။ မုံရွာတွင် ကင်းစောင်ရန်လာသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

 

မေ ၇ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နန္ဒဝင်ရပ်ကွက်၊ ဗိုလ်တေဇလမ်းတွင် ကင်းစောင့်ရန်လာသည့်ကားတစီး တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားငါးဦးသေဆုံးခဲ့ကြောင်း မဟူရာတပ်ဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၅ ရက် ည ၈ နာရီကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာနှစ်ခုကြားတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မဟူရာ တပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။ “တိုက်ခိုက်မှုလုပ်ဖို့ တပတ်လောက် အချိန်ယူပြင်ဆင်ခဲ့ရတယ်။ မြို့ထဲမှာဖြစ်ပြီး ရန်သူ တပ်စွဲရာ နေရာနှစ်ခုကြားဆိုတော့ ဝင်လမ်းဆုတ်လမ်းကအစ သေချာထောက်လှမ်းပြီးမှ လုပ်ဆောင်ခဲ့ရတာ” ဟု မဟူရာ တပ်ဖွဲ့မှ ကိုမော်စီက ဆိုသည်။ စစ်ကောင်စီတပ်သားများစီနင်းလာသည့် အိမ်စီးကားဖြစ်ပြီး ၁၀ ဦးခန့်ပါရှိကာ ဗိုလ်မှူး အဆင့်ရှိသူ၏ နေအိမ်သို့ ကင်းစောင့်ရန်ထွက်ခွာလာသည့်ကားဖြစ်ကြောင်း မဟူရာတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

“အရှိန်နဲ့ မောင်းလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြာချိန်က တမိနစ်လောက်သာ ရှိပါတယ်။ ကားက နေရာတင်ချက်ခြင်းရပ်မသွားဘူး၊ မီတာ ၂၀၀ လောက်အကွာမှာ ရပ်သွားတယ်။ ရန်သူ တပ်စွဲရာနေရာတွေအနီးမှာ မို့ ပြန်ဆုတ်ခွာခဲ့တယ်” ဟု တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် မဟူရာတပ်ဖွဲ့ဝင် တဦးက ဆိုသည်။

ယခုတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၂၅)တပ်ရင်း (မဟူရာတပ်ခွဲ)၊ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အား စု၊ CSRAF နှင့် Monywa Fire Group တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၆။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံရှိ KIA KAHA အဖွဲ့အစည်းနဲ့ တွေဆုံ

 

မေ ၇ ၊ PVTV

 

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ မေလ ၇ ရက် က နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Rt.Hon.Helen Clark ဦးဆောင်တဲ့ KIA KAHA အဖွဲ့အစည်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံ ဆွေးနွေးပွဲမှာ နယူးဇီလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှု အကူညီတွေအပါအဝင် လက်တွေ့ကျတဲ့ ကူညီမှုတွေပေးအပ်နိုင်ရေး အတွက် နယူးဇီလန် အစိုးရကို တိုက်တွန်းပြောဆို မှုတွေ ပြုပေးဖို့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်ရှိဆောက်ရွက်နေတာ တွေနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ဆွေးနွေးတာ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေနဲ့ လူသားချင်း ကူညီရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် ထားရှိတဲ့ သဘောထားတွေနိုင်ငံတကာနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ဆောင်မှုတွေအပေါ် ထားရှိတဲ့ ရပ်တည်ချက်တွေကိုလည်း ပွင့်လင်းမြင်သာစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

 

၇။ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်နှင့် မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တွေ့ဆုံ

 

မေ ၇ ၊ DVB

 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မေ ၆ ရက်ထုတ် The Reporters ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခနဲ့ နိုင်ငံရေးအကျပ်အတည်း ထွက်ပေါက်ရှာဖွေနိုင်ဖို့ ထိုင်းနိုင်ငံရေးမှာ အရေးပါခဲ့တဲ့ ဝန်ကြီး ချုပ်ဟောင်း သက်ဆင်အနေနဲ့  ကြားကနေ ဝင်ရောက် ညှိနှိုင်းပေးချင်တာကြောင့် သူ့ရဲ့ကိုယ်စားလှယ်တွေကနေတဆင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တယ်လို့ ထိုင်းလုံခြုံရေးကောင်စီ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။အဲဒီနောက် ဝန်ကြီးချုပ်ဟောင်းနဲ့ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၂ ကြိမ် တွေ့ဆုံခဲ့ကြောင်း၊ ဧပြီ ၁၃ ရက်က ထိုင်းမြောက်ပိုင်း ချင်းမိုင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်အမျိုးသားအစည်းအရုံး (KNO)၊ စတဲ့ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကြီး ရွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတွေ့ဆုံမှုတွေမှာ မြန်မာနိုင်ငံရဲ့ လတ်တလော ပဋိပက္ခအခြေအနေ၊ အထူးသဖြင့် မဲဆောက်တဖက်ကမ်း မြဝတီ ဘက်က တိုက်ပွဲအခြေအနေကို ဦးတည်ဆွေးနွေးတယ်၊ မြန်မာ့အရေး ပြေလည်စေဖို့ ဝန်ကြီးချုပ်ဟောင်းအနေနဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းပေးလိုတဲ့ ဆန္ဒရှိတယ်၊ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေချည်းနဲ့ပဲ ဆွေးနွေးလို့ ပြီးမြောက်မှာ မဟုတ်ဘူး၊ SAC စစ်ကောင်စီဘက်ကပါ ပါဝင်ဖို့လိုတယ်၊ သူ့အနေနဲ့ SAC ကိုပါ ဆက်သွယ်ထားပေမဲ့ SAC ဘက်က တစုံတရာ အကြောင်းပြန်လာတာ မရှိသေးကြောင်း ဝန်ကြီးချုပ်ဟောင်းက ပြောတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြဝတီ-မဲဆောက်ကြား သောင်ရင်းမြစ်ကမ်းဘေးမှာ တိုက်ပွဲတွေဖြစ်တာကို ဝန်ကြီးချုပ်ဟောင်းအနေနဲ့ လုံးဝလက်မခံနိုင်ဘူးလို့လည်း ဆိုပါတယ်။မြန်မာ့အရေးမှာ  ထိရှလွယ်တဲ့အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ တွေ့ဆုံတဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကလည်း သတိကြီးစွာထားကြကြောင်း၊ နောက်ဆက်တွဲ ပြဿနာတွေ လည်း ဖြစ်လာနိုင်လို့ ဒီလိုတွေ့ဆုံခဲ့တာကို မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လျှို့ဝှက်ထားခဲ့ကြတယ်လို့ ထိုင်းလုံခြုံရေးကောင်စီ သတင်းရင်းမြစ်က ဆိုပါတယ်။

ဒါပေမဲ့ ဒီတွေ့ဆုံမှုသတင်းကို Salaween Post က ဖော်ပြလိုက်တယ်၊ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်၊ SAC ဘက်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခက်ခဲစွာ ခုခံနေရချိန်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နဲ့  KNU၊ KNLA၊ KNO၊ NUG၊ RCSS စတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

 

၈။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ ဟွန်ဆန်တောင်းဆို

 

မေ ၇ ၊ RFA

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံစကားပြောခွင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က တောင်းဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ဟာ မေလ ၇ ရက် ဒီကနေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အွန်လိုင်းဗီဒီယိုကတစ်ဆင့် စကားပြောခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အွန်လိုင်း ဗီဒီယို ကနေ စကားပြောခွင့်ပေးဖို့ တောင်းခဲ့တာလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သတင်းထုတ်ပြန်ပါတယ်။

ဒီတောင်းဆိုချက်ကို စစ်ခေါင်းဆောင်ဘက်က စဉ်းစားသွားမယ်လို့ ပြောဆိုခဲ့ကြောင်းလည်း ဟွန်ဆန်က ပြောပါတယ်။

ကမ္ဘောဒီးယားအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးကို မကြာခင် စေလွှတ်သွားဖို့ရှိတယ်လို့လည်း ဆိုပါ တယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက် ၁၉ ခုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီး၊ နောက်ပိုင်းမှာ ထောင်ဒဏ်ကို ၂၇ နှစ်အဖြစ် လျှော့ချခဲ့ပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်မှာထိန်းသိမ်းထားလဲဆိုတာ စစ်ကောင်စီဘက်က လုံးဝထုတ်ပြန်ပြောဆိုတာ မရှိသလို၊ မိသားစုနဲ့ ရှေ့နေတွေကိုလည်း တွေ့ဆုံခွင့် ပိတ်ပင်ထားပါတယ်။

 

၉။ အာဆီယံအစည်းအဝေးတက်ရောက်ခွင့်ရခဲ့သူကို သီရိလင်္ကာသံအမတ်ကြီးအဖြစ် စစ်ကောင်စီခန့်အပ်

 

မေ ၇ ၊ BBC

 

အခုနှစ် ဇန်နဝါရီလကုန်ပိုင်းတုန်းက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံမှာပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များအစည်းအဝေးကို စစ်ကောင်စီကိုယ်စားပြု တက်‌ရောက်ခွင့်ရခဲ့တဲ့ ဒေါ်မာလာသန်းထိုက်ကို သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာတက်ရောက်ခွင့်ပြုတာကြောင့် သုံးနှစ်နီးပါး မြန်မာကိုယ်စားပြုတက်ရောက်တာ မရှိခဲ့ ပါဘူး။ ဒါပေမဲ့ ဇန်နဝါရီ ၂၉ ရက်နေ့အစည်းအဝေးမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ဒေါ်မာလာသန်းထိုက်က နိုင်ငံရေးကိုယ်စားမပြုသူ အဖြစ် တက်ရောက်ခွင့်ရခဲ့တာပါ။ အဲဒီအစည်းအဝေးတက်ရောက်ပြီး လေးလနီးပါးအကြာမှာတော့ ဒေါ်မာလာသန်းထိုက် ကို သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခံရတဲ့ သံအမတ်ကြီးအဖြစ် ခန့်အပ်ကြောင်း ဒီကနေ့ မေလ ၇ ရက် နိုင်ငံပိုင်သတင်းစာကနေ ကြေညာလာပါတယ်။ သီရိလင်္ကာနိုင်ငံဟာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိနေပြီး မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးကလည်း စစ်ကောင်စီဝန်ကြီးတွေနဲ့ မကြာခဏ တွေ့ဆုံလေ့ရှိပါတယ်။

 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၁၀။ ပေါက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

 

မေ ၇ ၊ The Irrawaddy

 

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ သီးခြောက်၊ ဇီးတောကျေးရွာများနှင့် ပေါက်၊ ထီးလင်းနယ်အစပ်ရှိ ဆေးကြီးတောင်ကျေးရွာကို မေ ၄၊ ၅ ရက်များတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်း အပါအဝင် နေအိမ် ၂၀ ကျော် ပျက်စီးခဲ့ပြီး ဒေသခံတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစု များထံမှ သိရသည်။ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတဦးက "တိုက်ပွဲဖြစ်တာမျိုးမရှိဘဲနဲ့ အကြောင်းမဲ့ တိုက်ခိုက်တာမျိုးပါ။ တံတားဦးလေဆိပ်ကတက်လာတဲ့ Y12 တိုက်လေယာဉ်၊ Mi35 ရဟတ်ယာဉ်တွေနဲ့ပါ တိုက်ခိုက်သွားတာ။ ပြည်သူတွေနေတာကို သိသိကြီးနဲ့ ပြည်သူကို ပစ်မှတ်ထားပြီး တိုက်ပွဲမရှိဘဲနဲ့ကို တမင်လာပစ်တာ။ ကံကောင်းတာက ပြည်သူတွေ ထိခိုက်မှုမရှိတာပဲ" ဟု ပြောသည်။ယခုကဲ့သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းမှာ ပြီးခဲ့ သည့်အပတ်၌ ပေါက်မြို့နယ်တွင်းရှိ ပျူစောထီးကျေးရွာအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့မှုအပေါ် အကြောင်းပြု၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း တော်လှန်ရေးအင်အားစု များက ဆိုသည်။ ထိုသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ထောင်ကျော်မှာလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

 

၁၁။ ဆီဆိုင်မြို့နယ်မှာ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦးအပါအဝင် ၉ ဦးကို အကြမ်းဖက်စစ်ကောင်စီက လူသားဒိုင်း အဖြစ် ဖမ်းဆီး

 

မေ ၇ ၊ PVTV

 

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာမှာ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦးအပါအဝင် ၉ ဦးကို အကြမ်း ဖက်စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီးထားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)က ဒီနေ့ နေ့လည်မှာ ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ထီဗွာကျေးရွာကို စစ်ကြောင်းထိုးလာချိန် ကြောက်ရွံ့တာကြောင့် စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေတဲ့ ဒေသခံတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတာဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံများမှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦးတို့ဖြစ်ပြီး အမျိုးသမီးထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးတဦးလည်းပါဝင်တယ်လို့ ဖော်ပြ ထားပါတယ်။ ဒါ့အပြင် ကျေးရွာအတွင်းကို ပစ္စည်းပြန်သယ်တဲ့ ထီဗွာကျေးရွာသားတစ်ဦးမှာလည်း စစ်ဘေးရှောင်ရာ နေရာကို ပြန်မရောက်လာဘဲ ပျောက်ဆုံးနေတာ ၂ ရက် ရှိပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၁၂။ မောင်တောမြို့နယ် ဝေသာလီရွာ မီးရှို့ခံရ၊ အမျိုးသမီးတစ်ဦး သေဆုံး

 

မေ ၇ ၊ RFA

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဝေသာလီရွာကို မေလ ၆ ရက်နေ့ မနေ့ညက စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီ တပ်က သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေ ဝင်ရောက်မီးရှို့ခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးကိုပါ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။ နေအိမ် ဆယ်လုံးကျော် မီးလောင်ခဲ့ပြီး အမျိုးသမီးတစ်ဦးကတော့ ထွက်ပြေးချိန်မှာ အပစ်ခံရတာလို့ အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။ “မနေ့ညအချိန် ရွာထဲကို သူတို့ ဝင်လာတာ။ စစ်ကောင်စီတပ်သားတွေလည်းပါတယ်။ မွတ်စလင် တပ်သား တွေလည်း ပါတယ်။ ရွာထဲကို သေနတ်ဖောက် ပြီးဝင်တော့ ရွာသားတွေ ထွက်ပြေးကြတာပေါ့။ လူကို ရှာမတွေ့တော့ အိမ်ကို မီးရှို့သွားတာ။ အိမ်ဆယ်လုံးကျော် မီးလောင် သွားတယ်။ မိန်းမတစ်ယောက်လည်း ထွက်ပြေးနေ တုန်း သေနတ်ပစ်ခံရလို့ သေသွားတယ်”

သေဆုံးသွားသူဟာ ဝေသာလီရွာခံ ဦးအဝိုင်ချေရဲ့ အမျိုးသမီးဖြစ်ပြီး အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးနဲ့ ခုနစ်နှစ်အရွယ် ကလေးတစ်ဦး ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ရင်းက စစ်ကောင်စီတပ်သားတွေနဲ့ အဲဒီ တပ်ရင်းမှာ သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေက ဝင်ရောက်မီးရှို့သွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေခုနစ်ဆယ်ကျော်ရှိတဲ့ ဝေသာလီရွာက ဒေသခံတွေကတော့ မနေ့ညကတည်းက ဘေးလွတ်ရာ ထွက်ပြေးနေရတယ် လို့ ဆိုပါတယ်။

 



 

 

 

 

 

61 views0 comments

Comments


bottom of page