top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် မေလ ၈ ရက်

နေ့စဉ်သတင်းစုစည်းမှု

08-May-2024

တိုက်ပွဲသတင်း

 

၁။ ပဲဒက်စခန်းသိမ်းတိုက်ပွဲ စစ်သား ၂၀ ကျော် ဖမ်းမိ

 

မေ ၈ ၊ The Irrawaddy

 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းအား ယနေ့ နံနက် ၈ နာရီခွဲခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၂၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တနင်္သာရီစစ်ဌာန တာဝန်ရှိသူတဦးက ပြောသည်။ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ထွက်ပြေး သူများရှိနေသေးပြီး နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ ထားကြောင်း သိရသည်။ တနင်္သာရီစစ်ဌာန တာဝန်ရှိသူတဦးက “ ဒီနေ့မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ သိမ်းလိုက် နိုင်တယ်။ ကျနော်တို့ရထားတဲ့ သတင်းအချက်အလက်တွေအရ အဲဒီစခန်းမှာ စစ်သား ၄၀ ကျော်လောက် ရှိတယ်။ အဲဒီမှာ ၂၀ ကျော်လောက် ဖမ်းမိထားတယ်။ ထွက်ပြေးနေသူတချို့လည်း ရှိသေးတယ်လို့ သိရတယ်။ အသေးစိတ်တော့ အတည် ပြုလို့ မရသေးဘူး” ဟု ပြောသည်။အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် ခဲ့သည့်အပြင် ရေကြောင်းမှလည်း စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုပဲဒက်စစ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက မေ ၅ ရက်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေးရက်မြောက်နေ့၌ စခန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ပဲဒက်စခန်းအပြင် သရက်ချောင်းမြို့နယ်အတွင်း ကျောက်ဆည်ပျူစောထီးရွာနှင့် ဝင်းဝကျေးရွာ ရဲစခန်းတို့ကိုလည်း KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းများ၌ ဖော်ပြထားသည်။

 

၂။ ကန့်ဘလူ မလယ်ရွာတိုက်ပွဲ PDF သုံးဦး သေဆုံး

 

မေ ၈ ၊ RFA

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မလယ်ရွာမှာ မေလ ၇ ရက်နေ့က ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ကန့်ဘလူအခြေစိုက် (PDF) တပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။ မေလ ၇ ရက် မနက် ငါးနာရီခန့်က စဖြစ်တဲ့တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မလယ်ရွာခံ သုံးထောင် ကျော်လည်း ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် သုံးဆယ်ကျော်လုပ်ခဲ့ပြီး အရပ်သားငါးဦး ဒဏ်ရာရခဲ့သလို ကာကွယ် ရေး တပ်ဖွဲ့ဝင် တချို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ မလယ်ရွာပျူစောထီးစခန်းမှာ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား တစ်ရာနီးပါးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

၃။ လက်ပံတန်း၊ကွမ်းခြံစစ်ဆေးရေးဂိတ်ကို PDF ဝင်တိုက်၊ စစ်သားသုံးဦး သေဆုံးဟုဆို

 

မေ ၈ ၊ Myanmar Pressphoto Agency

 

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒေသခံ PDF တို့ ဝင်ရောက်တိုက်ခိုက်ရာ စစ်သား သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားကြောင်း သိရသည်။ ယနေ့(မေလ ၈ ရက်) နံနက် ၁၂ နာရီကျော်တွင် လက်ပံတန်း မြို့နယ်၊ကွမ်းခြံကျေးရွာ စစ်ဆေးရေးဂိတ်စခန်းကို ဒေသခံ PDF တပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သာယာဝတီခရိုင်အမှတ်သုံး တပ်ရင်း (Myanmar Defense Force)ထံက သိရသည်။ “ကျတော်တို့ ဝင်ပစ်ခဲ့တာ သုံးကောင်ကျတယ်။ သုံးကောင်ထိတယ်။အားလုံးအေးဆေး ပြန်ဆုတ်နိုင်ခဲ့တယ်” ဟုသာယာဝတီခရိုင် အမှတ်သုံးတပ်ရင်း၏ တပ်ရင်းမှူးက MPA သို့ ပြောသည်။ ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် သေဆုံးနှင့် ဒဏ်ရာရ စစ်သား များကို လက်ပံတန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ယင်းဂိတ်စခန်းကို PDFတပ်ဖွဲ့အချို့က အနီးကပ်ဝင်ရောက် ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့အချို့က စစ်ကူမလာရန် ကာပစ်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ်နှစ်တပ်ရင်း၏ တပ်ခွဲ(နှစ်၊သုံး၊ခြောက်)၊ MBDF (မြေလတ်ဗမာကာကွယ်ရေးတပ်) နှင့်သာယာဝတီခရိုင်အမှတ်သုံး တပ်ရင်း(Myanmar Defense Force)နှင့် ရွှေတန်းမြေကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ

 

၄။ အပစ်ရပ် ၇ ဖွဲ့ လုပ်ငန်းကော်မတီစုဖွဲ့မှု ပအိုဝ်းအဖွဲ့ (PNLO) မပါနိုင်သေး

 

မေ ၈ ၊ BBC

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့ရဲ့မဟာမိတ်အဖွဲ့ (7EAO Alliance)ရဲ့ လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်ပြီး ဒီထဲမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်အရေးအဖွဲ့ချုပ်(PNLO) ကိုယ်စားလှယ်တော့မပါနိုင်သေးဘူးလို့ အဲဒီကော်မတီပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။ဧပြီလ ၇ ရက်နဲ့ ၈ ရက်မှာပြုလုပ်တဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးမှာ မဟာမိတ် အဖွဲ့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်၊ ရည်မှန်းချက်နဲ့ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးခဲ့ပြီး လုပ်ငန်းကော်မတီဖွဲ့စည်းတာကိုလည်း လုပ်နိုင်ခဲ့တာပါ။ “PNLOက အဖွဲ့ရဲ့အစည်းအဝေးတိုင်းကို တက်ပါတယ်။ အဖွဲ့တွင်း ညှိနှိုင်းစရာတွေ ရှိနေလို့ PNLO ကိုယ်စားလှယ်တွေ မပါနိုင်သေးတာပါ” လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။ PNLO က လုပ်ငန်းကော်မတီ အပြင် ဦးဆောင်အဖွဲ့နဲ့အတွင်းရေးမှူးအဖွဲ့မှာလည်း ပါဝင်ထားခြင်း မရှိသေးတာပါ။ 7 EAO Alliance လုပ်ငန်းကော်မတီ ၆ ခုကို နိုင်ငံရေးဆွေးနွေးမှုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ အရပ်သားကာကွယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူညီပေးရေးကော်မတီ၊ ရန်ပုံငွေကော်မတီနဲ့ အမျိုးသမီးနဲ့လူငယ်ကော်မတီဆိုပြီး ဖွဲ့စည်းလိုက်တာပါ။ နိုင်ငံရေးဆွေးနွေးမှုကော်မတီနဲ့ ရန်ပုံငွေရှာဖွေရေးကော်မတီကို အတွင်းရေးမှူးအဖွဲ့က တာဝန်ယူထား ပြီး ကျန်ကော်မတီ ၄ ခုကို မဟာမိတ်အဖွဲ့ထဲက ကိုယ်စားလှယ်၂၈ ဦးနဲ့ ဖွဲ့စည်းလိုက်တာပါ။

-

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ

 

၅။ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူတစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ

 

မေ ၈ ၊ PVTV

 

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူလေးအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်း အကြမ်းဖက် စစ်ကော်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူတစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တဲ့အပြင် ပြည်သူ့နေအိမ်တွေနဲ့ မူကြို ကျောင်းတစ်ကျောင်း ပျက်စီး ခဲ့ရတယ်လို့ KNU(ဗဟို)မှ ထုတ်ပြန်လိုက်ပါတယ်။ လယ်ဒို(ကျောက်ကြီး)မြို့နယ်(KNU) အတွင်း အကြမ်းဖက်စစ်ကောင်စီ ရဲ့ ပိန်းဇလုပ်အချိန်စိုက် ခလရ-၂၆၄ တပ်ရင်းမှ မေလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက် ကြီး (၈)လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပဒဲကောကျေးရွာနဲ့ ဘောကထာကျေရွာ အတွင်းကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် မူကြိုကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ချိန်တည်းမှာပင် ခလရ-၂၆၄ တပ်ရင်းမှ ၈၁ မမ (၃)လုံးနဲ့ ၂၀ မမ (၃)လုံး ပစ်ခတ်မှုကြောင့် ရေဖြူကန်ကျေးရွာ၊ နွားရေကျောင်းကျေးရွာနဲ့ ငါးဖယ်အင်းကျေးရွာအတွင်း ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ပိန်းဇလုပ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ-၂၆၄တပ်ရင်းမှ မေလ ၂ရက်နေ့ ညနေ ၉နာရီ ၂၃မိနစ်တွင် ၁၅၅မမ ဟောင်ဝစ်ဇာ လက်နက်ကြီး (၁)လုံး ပစ်ခတ်မှုကြောင့် ကရင်ကျွန်းကြီး ကျေးရွာမှ အသက် ၄၇ နှစ်အရွယ်နဲ့ အသက် ၈၉ နှစ်အရွယ် ပြည်သူ ၂ ဦး လက်နဲ့ ညာဖက်ခြေ ထောက်ထိမှန်ပြီး ပြည်သူ့ နေအိမ် ၂ လုံး ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

 

၆။ စနဲမြို့မှာ ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် တစ်ဦး သေဆုံး၊ ခြောက်ဦးထက်မနည်း ဒဏ်ရာရ

 

မေ ၈ ၊ Myanmar Now

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ စနဲမြို့ကို မေလ ၈ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးရှစ်လုံး ကြဲချခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါ တယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ စနဲ့မြို့ ဈေးနဲ့ကားဂိတ်ကို ဗုံးကြဲခဲ့တာဖြစ်ပြီး စာတိုက်အပါအဝင် ဈေးဆိုင်ခန်းတွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စနဲဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မနက် ၈ နာရီလောက်မှာ ဗုံးခြောက်လုံး လာကြဲတယ်။ ပြီးရင် တစ်နာရီကျော်လောက်မှာ နှစ်လုံးလာကြဲတယ်။ ဒရုန်းနဲ့ လာကြဲတာပါ။ မိန်းမတစ်ယောက် ပွဲချင်းပြီး သေသွားတယ်။ လူခုနစ်ယောက်လောက် ဒဏ်ရာရတယ်။ တစ်ယောက်က ဒဏ်ရာအတော်ပြင်းတယ်။ စာတိုက်နဲ့ ဈေးအဆောက်အအုံတချို့ ပျက်စီးသွားတာရှိတယ်။ တိုက်ပွဲတွေဖြစ်တာ မရှိပါဘူး”

သေဆုံးသွားသူဟာ စနဲမြို့ပေါ်က အသက် ၂၈ နှစ်အရွယ် မမျိုးသန္တာဝင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ပြီးတဲ့အချိန်အထိလည်း မြို့ပေါ်မှာ ဒရုန်းပျံဝဲနေဆဲဖြစ်တာကြောင့် စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

၇။ မတ္တရာ၊ ဇီးဖြူကုန်းရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ မီးရှို့

 

မေ ၈ ၊ Myanmar Pressphoto Agency

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ဇီးဖြူကုန်းကျေးရွာကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။မေလ ၇ ရက်၊ နံနက် ၄ နာရီခွဲခန့်က မတ္တရာမြို့နယ်၊ တံငါကျေးရွာမှ ထွက်လာသော အင်အား ၅၀ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇီးဖြူကုန်းကျေးရွာသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ငါးလုံးထက် မနည်း ပျက်စီးခဲ့ကြောင်း မတ္တရာမြို့နယ်ပကဖထံကသိရသည်။  "တိုက်ပွဲတော့မဖြစ်ဘူး။ သူတို့အနေနဲ့က ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက် နေထိုင်တယ်ဆိုတဲ့ သတင်းနဲ့ စစ်ကြောင်းထိုးတယ်လို့ ယူဆရတယ်"ဟု မတ္တရာမြို့နယ်ပကဖ၊ သတင်းပြန်ကြားတာဝန်ခံက MPAသို့ ပြောသည်။ယင်းစစ်ကြောင်းကြောင့် ဇီးဖြူကုန်းကျေးရွာ အပါ အဝင် ကျေးရွာခြောက်ရွာမှ ပြည်သူ ၈၀၀ ခန့် အရေးပေါ် စစ်ဘေးရှောင်ခဲ့ရသော်လည်း ဖမ်းဆီးသတ်ဖြတ်ခံရခြင်း မရှိ ကြောင်း ဒေသခံတစ်ဦး ကပြောသည်။ ယင်းစစ်ကြောင်းသည် ဇီးဖြူကုန်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် တံငါကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။

 

၈။ ပုလဲမြို့နယ်၊တနယ်လုပ်သားရွာမှ နေအိမ်များကို စစ်ကောင်စီမီးရှို့

 

မေ ၈ ၊ Mizzima

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်လုပ်သားကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ယနေ့(မေလ ၈ ရက်) နေ့လယ်ပိုင်းမှစတင်၍ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေသောကြောင့် ဒေသခံများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သတင်းရရှိသည်။ ပုလဲမြို့နယ်၊ အင်မထီးရွာတွင်တပ်စွဲထားသည့် စစ်ကြောင်းက နံနက် ၁၁ နာရီခန့်မှ စတင်၍ တနယ်လုပ်သားရွာကို မီးရှို့နေခြင်းဟု ဒေသခံများနှင့်ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

“စစ်ကြောင်းက ရွာထဲကိုရောက်တာ မကြာဘူး မီးတန်းပြီး ရှို့တာပါ။ ရွာက အိမ်တွေ မီးလောင်နေတာကို အဝေးကနေပဲ ကြည့်နေရတာပါ"ဟုတနယ်လုပ်သားကျေးရွာဒေသခံတဦးကပြောသည်။ ယနေ့ည‌နေ ၄ နာရီခန့်အထိ မီးမငြိမ်းသေးဘဲ နေအိမ်များ မီးဆက်လက်လောင်ကျွမ်းနေကြောင်း သတင်းရရှိသည်။ ဒေသခံများ ရွာအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိသေး ၍ ပျက်စီးဆုံးရှုံးမှုကိုမသိရှိရသေးဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲ‌ဘော်တဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းတွင် ခန့်မှန်းစစ်အင်အား ၆၀ ခန့်ပါရှိပြီး ရွာနှင့်နှစ်မိုင်ခန့်အကွာရှိ အင်မထီးရွာမှ ရိက္ခာရှာရန်ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ အင်မထီးရွာတွင် စစ်ကောင်စီအခိုင်အမာတပ်စွဲထားပြီး ပြည်သူ့စစ်နှင့်ပျူ‌စောထီးအများအပြားရှိကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြော သည်။ ထိုရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရိက္ခာဖြတ်တောက်ထားသည်။ ထို့‌ကြောင့် စစ်ကောင်စီနှင့်ပျူ‌စောထီး များက အနီးပတ်ဝန်းကျင်ကျေးရွာများသို့ နှစ်လလျှင်တကြိမ်ခန့် စစ်ကြောင်းထိုးကာ ဒေသခံများပိုင်ဆိုင်သည့် စားသောက် ကုန်များ လုယက်ယူဆောင်လေ့ရှိသည်။ ထို့အပြင် စစ်ကောင်စီလက်အောက်၌ မနေလိုသော ဒေသခံအချို့သည် ရွာမှ ထွက်ပြေးလာပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လာရောက်ခိုလှုံလေ့ရှိသည်။

 

၉။ မြိုင်မြို့နယ်၊ ကံသစ်ကျေးရွာအနီးရှိ PDF စခန်းနှင့် ကံသစ်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ပြီး ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ပြည်သူ ၂၀ ခန့်ကို ဓားစာခံဖမ်းဆီး

 

မေလ ၈ ၊ D Day News

 

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ကံသစ်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု နှင့် ကံသစ်ကျေးရွာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့ပြီး ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ပြည်သူ ၂၀ ခန့်ကို ဓားစာခံ ဖမ်းဆီး သွားကြောင်း နွေဦးတော်လှန်ရေး -မြိုင်မြို့အဖွဲ့ထံမှ သိရသည်။ ယနေ့ မေလ ၈ ရက် နံနက် ၅ နာရီခန့်က အင်အား ၈၀ ခန့် ဖြင့် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက်စစ်သားများသည် မြိုင်မြို့နယ်တောင်ပိုင်းရှိ ကံသစ်ကျေးရွာနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတို့ကို တပြိုင်တည်းဝင်ရောက်စီးနင်းကာ PDF စခန်းအတွင်းမှ ကား ၂ စီး၊ ခဲယမ်း ကျည်များစွာနှင့် ငွေသား သိန်း ၈၀၀ ကျော်ကို ယူဆောင်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“PDF စခန်းရော၊ ရွာထဲရော တပြိုင်တည်းဝင်စီးတာ။ PDF စခန်းထဲက ရဲဘော်တွေကတော့ လွတ်သွားတယ်။ ဒါပေမယ့် ခဲယမ်းတွေ ကျည်ဘောက်တွေ၊ စခန်းထဲမှာရှိတဲ့ ငွေသားသိန်း ၈၀၀ ကျော် လောက်ကတော့ ချက်ချင်းဝင်စီးခံရတဲ့အတွက် မယူနိုင်ပဲ မီးရှို့ခံရတဲ့အထဲပါသွားတယ်။ သတ်ခံရတဲ့ ပြည်သူ ၂ ယောက် ရွာထဲကို ညှပ်ဝင်တဲ့အခါမှာ သူတို့ပက်ပင်း တိုးသွား တာဗျ။ စစ်ကြောင်းက မနက် ၅ နာရီခွဲလောက်မှာ ဝင်တယ်။ ၁၂ နာရီမှာ ပြန်ထွက်သွားတယ်။ ဖမ်းဆီးခံရတဲ့အယောက် ၂၀ အခြေ အနေ‌တော့မကြားမိသေးဘူး။ စစ်ကြောင်းကတော့ ကန်တော်ရွာ စစ်တပ်အထိုင်ကို ရောက်သွားပြီဗျ။ ကံသစ် ကျေးရွာနဲ့ ၃ မိုင်းခွဲလောက်ဝေးတဲ့နေရာမှာပေါ့။” ဟု နွေဦးတော်လှန်ရေး -မြိုင်မြို့အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ထို့အပြင် ကံသစ်ကျေးရွာနေ အသက် ၄၀ အရွယ် ဦးနန်းအောင်နှင့် ဦးအောင်ဇော်ဦးတို့ကို ဖမ်းဆီးကာ နှိပ်စက် သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂၀ ခန့်ကို ဖမ်းဆီးကာ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့အပြင် ဆိုင်ကယ် ၈ စီး ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။ ထို့သို့ လုပ်ဆောင်ပြီးနောက် ကံသစ်ကျေးရွာမှ ပြန်လည်ထွက်ခွာသွားသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ကံသစ်ကျေးရွာနှင့် ကန်တော်ကျေးကြား တနေ ရာ ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းမှ ယူဆောင်သွားသည့် ကားနှစ်စီးကို လမ်း၌ ပစ်ထားခဲ့ကာ အကြမ်းဖက်စစ်သားများ တပ်စွဲထားသည့် ကန်တော်ကျေးရွာ စခန်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

 

 



 

 

100 views0 comments

Comments


bottom of page