နေ့စဉ်သတင်းစုစည်းမှု
09-May-2024
တိုက်ပွဲသတင်း
၁။ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ မြိတ်ခရိုင် PDF စစ်ကြောင်း ၁ အသိပေး
မေ ၉ ၊ PVTV
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းမှာ ဧပြီ ၂၃ ရက်က စပြီး အကြမ်းဖက်စစ်တပ် နဲ့ ပြည်သူ့ကာကွယ်ရေး ပေါင်းစည်း တပ်ဖွဲ့တို့ ဒီနေ့အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒီတိုက်ပွဲမှာ ပါဝင်နေတဲ့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း-၁ က မနေ့က အသိပေး ထုတ်ပြန်ရာမှာ စစ်အာဏာရှင် အမြတ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၁ ဟာ မြိတ်ခရိုင် တပ်ရင်း ၂ ရဲ့ တပ်ခွဲ (၁) ၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ (SWDF)တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ ၊ မြိတ်မြို့နယ် ပကဖ၊ ADF ဒရုန်းတပ်ဖွဲ့တို ပါဝင်ဖွဲ့စည်းထားတဲ့ စစ်ကြောင်းဖြစ်ပါတယ်။
၂။ လောင်းလုံး စရဖ၊ ရဲစခန်းတို့ကို PDF ပူးပေါင်းတပ်တိုက်ခိုက်
မေ ၉ ၊ DVB
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စရဖ ရုံး၊ ရဲစခန်း၊ လက်ခပ်တောင် တာဝါတိုင်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေ ၉ ရက် ဒီနေ့မနက် ၆ နာရီခွဲလောက်က စတင်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ရေကြောင်းကပါ ပစ်ကူပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဒီနေ့ မွန်းတည့် ၁၂ နာရီကျော်အထိ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။ "စစ်တပ်ဘက်က လေယာဉ်ပျံနဲ့ ဗုံး ၂ လုံး ချသွားပြီး ရေကြောင်းမှလည်း ပစ်ကူနေပါတယ်။ စမ်းလှမ်းရွာက ရေကြောင်းပစ်ကူကြောင့် နေအိမ်တလုံး ပျက်စီးသွားပါတယ်။ လူထိခိုက်မှုတော့ မသိရသေးဘူး။” တိုက်ပွဲ ကြောင့် လောင်းလုံးမြို့က ကျေးရွာအတော်တော်များများက ဒေသခံ ထောင်ချီ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးနေ ရပြီး လက်တလောမှာ အစားစာနဲ့ရေ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
၃။ မိုးမောက်မြို့နယ်၌ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
မေ ၉ ၊ DVB
ကချင်ပြည်နယ် မိုးမောက်မြို့ထဲမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တပ် တွေ မေ ၈ ရက်က တနေကုန် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးမောက်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံ တဦးက ပြောပါတယ်။ “မနက် အစောကြီးကတည်းကနေ နှစ်ဖက် ဖြစ်နေကြတာ။ မနေ့ညနေပိုင်းကတည်းက တောင်ပေါ်က အဖွဲ့တွေ (KIA) က ဈေး အထက်ပိုင်းကိုရောက်နေပြီ၊ ဒီနေ့က စစ်တပ်တပ်စွဲထားတဲ့ ဈေးအနီးက တိုက် ၄ ထပ် ဘက်အသံတွေ အရင်ကြားရတယ်။ အဲဒီကနေ တနေကုန်ပဲ၊ လေယာဉ်က လည်း တနေကုန်လာတယ်။ ဂျက်လာလိုက်၊ ဗုံးချတဲ့လေယာဉ်လာ လိုက်နဲ့ တနေကုန်။ အခုညနေပိုင်းကြဲသွားတာဆို တခေါက်တည်းနဲ့ အလုံး ၂၀ လောက်ချသွားတယ်၊ ညနေပိုင်း အထိ အသံတွေ ကြားနေရတုန်းပဲ။” စစ်ကောင်စီ တပ်သား တွေဟာ မြို့အလယ်က ဈေးပတ်ဝန်းကျင်မှာ နေရာယူထားရာကနေ KIA က လာရောက်တိုက်ခိုက်တာကြောင့် မိုးမောက် မြို့အဝင်က ခ.လ.ရ (၄၃၇) တပ်စခန်း အနီးကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
၄။ ကျင်ဒွေးမြို့မှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွား
မေ ၉ ၊ Mizzima
ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF- Kanpetlet က ယနေ့( မေ ၉ ရက်)တွင် ထုတ်ပြန်သည်။ ကျင်ဒွေးမြို့ ၊ စစ်ကောင်စီစခန်းမှ ထွက်ပြေးလွတ်မြောက်နေကြသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၅၀၀ ခန့် ကျန်ရှိနေ၍ တော်လှန်ရေးတပ်ပေါင်းစုအနေဖြင့် ယနေ့အထိ အပြင်း အထန် လိုက်လံတိုက်ထုတ်နေရဆဲဖြစ်သည်ဟု ဆိုသည်။ “ တိုက်ပွဲကတော့ နေ့တိုင်းပါပဲ ၊ လေကြောင်းပစ်ခတ်မှုလည်း နေ့တိုင်းရှိနေပါတယ်၊ အထိအခိုက်အကျအဆုံးတွေကိုတော့ ပြောပြလို့မရသေးဘူး” ဟု CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်း ကမဇ္စျိမ ကို ပြောသည်။ ကျင်ဒွေး မြို့သိမ်းတိုက်ပွဲဖြစ်သော “ချင်းညီနောင်” စစ်ဆင်ရေးအတွင်း လက်နက် ခဲယမ်း ၊ စားနပ်ရိက္ခာ ၊ ဆေးနှင့် ဆေးပစ္စည်းများစွာ ကုန်ကျခဲ့ပြီး လက်ရှိတွင် စစ်အသုံးစရိတ် ကျပ်သိန်း ၁,၀၀၀ ကျော် ပေးဆပ်ရန်ရှိနေကြောင်း CDF – Kanpetlet ထုတ်ပြန်ချက်တွင် အသိပေးသည်။
၅။ ဗလမင်းထင် တံတားအနီးက စစ်တပ်စခန်း တိုက်ခိုက်ခံရ
မေ ၉ ၊ Mizzima
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဆက်ထားတဲ့လမင်းထင်တံတားအနီးက စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူပေါင်းတပ်ဖွဲ့တွေက ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ စတင် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တံတားအနီးတဝိုက်က ရွာတွေ လက်နက်ကြီးနဲ့ပစ်ခတ်ခံနေရတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတွေက ပြောပါတယ်။ မြစ်ကြီးနားတစ်ဖက်ကမ်း ဝိုင်းမော်ဘက်ခြမ်း တံတားအဆင်းနားမှာရှိတဲ့ စစ်တပ်ရဲ့ စုပေါင်း ဂိတ်အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကဆိုပါတယ်။ “ဒီနေ့ ညနေ ၃ နာရီကျော်အထိ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ တွေအပါအဝင် နေအိမ်တွေ အထိအခိုက်ပျက်စီးဆုံးရှုံးမှု ရှိမရှိကိုတော့ ဘီဘီစီက ဆက်သွယ်စုံစမ်းနေတုန်းဖြစ်ပါတယ်။
တိုက်ပွဲကြောင့် ဗလမင်းထင်တံတားကို စစ်တပ်က နာရီနဲ့ချီကြာအောင် ပိတ်ခဲ့ပေမဲ့ ဒီနေ့ ညနေ မြန်မာစံတော်ချိန် ၅ နာရီ ကျော်မှာတော့ တံတားကို ပြန်ဖွင့် လိုက်ပြီလို့ သိရပါတယ်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၆။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် ဟွန်ဆန် တောင်းဆိုမှု စစ်ကောင်စီ ငြင်းပယ်
မေ ၉ ၊ The Irrawaddy
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်၏ ဒေါ် အောင်ဆန်းစုကြည်နှင့် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့မှုအား စစ်ကောင်စီ လုပ်ငန်းစဉ်များ နှောင့်နှေးစေသည့်အတွက် ရှောင်ရှားသွားမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ညပိုင်းတွင် စစ်ကောင်စီအာဘော် မီဒီယာမှတဆင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ မစ္စတာဟွန်ဆန်သည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မေလ ၇ ရက် တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတာ တက်လာ တာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရပ်တည်ချက်ကတော့ ကျနော်တို့အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် အာမခံပြီး ဖြစ်တယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံပြီးဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့က ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်မှာဖြစ်တယ်။ ဆောင်ရွက်ဖို့အတွက်လည်း ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်။ ကျနော်တို့အနေနဲ့ Road Map ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီးဖြစ်တယ်။ ဒီရှေ့လုပ်ငန်းစဉ်တွေ မဖြစ်မနေ ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထားပြီးဖြစ်တယ်။ ဒီဘက်က သဘောထားကတော့ ရှေ့လုပ်ငန်းစဉ်ကို နှောင့်နှေးစေနိုင်မယ့် အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်ကို ရှောင်ရှားသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။ မစ္စတာဟွန်ဆန်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အွန်လိုင်းမှတဆင့် ၁ နာရီကြာ တွေ့ဆုံမှုတွင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း တိုက်တွန်းခဲ့ရာ စစ်ခေါင်းဆောင် က ၎င်း၏တောင်းဆိုမှုများအား စဉ်းစားမည်ဟု ကတိပြုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကိုမူ ငြင်းဆို ခဲ့ခြင်း ဖြစ်သည်။
၇။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် မလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံ၊ မြန်မာ့အရေးဆွေးနွေး
မေ ၉ ၊ DVB
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်းနိုင်ငံ ဖူးကတ်မြို့မှာ လျှို့ဝှက်တွေ့ဆုံပြီး ထိုင်းတောင်ပိုင်းမှာ မငြိမ်မသက်ဖြစ်နေတဲ့ကိစ္စနဲ့ မြန်မာအရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ မစ္စတာသက်ဆင်ဟာ ထိုင်းတောင်ပိုင်း ဖူးကက်မြို့ကို ဧပြီ ၂၉ ရက်က ရောက်လာပြီး မေ ၂ ရက်မှာ ထွက်ခွာသွားတဲ့အကြောင်းနဲ့ ဝန်ကြီးချုပ် အန်ဝါနဲ့တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံက တိုက်ပွဲတွေ ကိစ္စလည်းဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ မြန်မာပဋိပက္ခဖြေရှင်းဖို့ ကြိုးပမ်းရာမှာ ထိုင်းနိုင်ငံအနေနဲ့ ပိုမိုပါဝင်သင့်တယ်လို့ မစ္စတာအန်ဝါက အရင်တုန်းကတည်းက တိုက်တွန်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။ လျှို့ဝှက်တွေ့ဆုံခဲ့တာမို့ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့တာ အသေးစိတ် မသိရပေမဲ့ ထိုင်းနိုင်ငံရေး လေ့လာ သုံးသပ် သူတွေကတော့ ထိုင်းတောင်ပိုင်း နယ်မြေတည်ငြိမ်ရေးကိစ္စနဲ့ မြန်မာနိုင်ငံပဋိပက္ခချုပ်ငြိမ်းရေးကိစ္စတွေ ဖြစ်နိုင်တယ်လို့ The Better ထိုင်းတီဗွီသတင်းမှာလည်း ဖော်ပြပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဒီမတိုင်ခင်ရှေ့က အကြမ်းဖက် မှုတွေ မကြာခဏဖြစ်ပေါ်နေတဲ့ ထိုင်းတောင်ပိုင်း ၃ ခရိုင်ကို သွားချင်ပေမဲ့ ဒေသတွင်းနိုင်ငံရေးသမားတွေက အခြေအနေ ရှုပ်ထွေးမှာစိုးလို့ ခွင့်မပြုခဲ့ဘူး။ မလေးရှားဝန်ကြီးချုပ်ကလည်း နှစ်နိုင်ငံ နယ်နမိတ်ချင်းကပ်နေတဲ့ ထိုင်းတောင်ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှုကို လိုလားတယ်၊ ဒါကြောင့် တောင်ပိုင်းကိစ္စ ဆွေးနွေးတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နောက်အကြောင်းအရာတခုမှာ မြန်မာ့ပဋိပက္ခအရေးဖြစ်နိုင်ကြောင်း၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာ ပြီးခဲ့တဲ့ သင်္ကြန် ကာလမှာ မြန်မာပဋိပက္ခ ချုပ်ငြိမ်းပြေလည်စေဖို့ သူ့အနေနဲ့ ကြားဝင်စေ့စပ်ပေးဖို့ ဆန္ဒရှိကြောင်း မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တချို့နဲ့ ချင်းမိုင်မှာ တွေ့ဆုံပြောကြားခဲ့တယ်။မစ္စတာသက်ဆင်ဟာ ဧပြီ ၁၃ ရက်က ချင်းမိုင်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်ကလည်း မြန်မာပြည်ကို ငြိမ်းချမ်းစေချင်တယ်လို့ အာဆီယံအစည်းအဝေးတွေမှာ ပြောကြားခဲ့ပေမဲ့ အာဆီယံအသင်းကြီးက ထိထိရောက်ရောက် ကိုင်တွယ်မှုမရှိတဲ့အပေါ်မှာ သူ့အနေနဲ့ အားမလိုအားမရ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီမတိုင်ခင်က မလေးရှားဝန်ကြီးချုပ်ဟာ ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီးဆင်နဲ့လည်း တရားဝင်တွေ့ဆုံပြီး နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း၊ နယ်စပ်တရားမဝင်မှုတွေ ပူးပေါင်းနှိမ်နင်းရေးတွေ ဆွေးနွေးတယ်ခဲ့ပြီး ဒီကိစ္စအတွက် ပွင့်လင်းမြင်သာဆွေးနွေး လို့ရတာကြောင့် ဝန်ကြီးချုပ်သက်ဆင်နဲ့ လျှို့ဝှက်တွေ့ဆုံတာ ဟာ မြန်မာ့အရေး ဖြစ်နိုင်ခြေများတယ်လို့ ထိုင်းနိုင်ငံရေးသမားတွေက ထင်ကြေးပေးနေကြပါတယ်။ အခုလို တွေ့ဆုံမှုတွေ အပေါ် လက်ရှိဝန်ကြီးချုပ် ဆေထာထဝီးဆင်ကတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဘယ်သူတွေနဲ့ တွေ့ဆုံဆွေးနွေး တယ်ဆိုတာ သူ့အနေနဲ့ မသိရဘူး၊ သူ့ ကိုယ်ရေးကိုယ်တာကိစ္စပဲ ဖြစ်တယ်လို့ ပြောပါတယ်။မြန်မာပြည် ပဋိပက္ခချုပ်ငြိမ်း စေချင်တာကတော့ ကောင်းမွန်တဲ့စေတနာပါ၊ လူတိုင်း အဲလို ဆန္ဒရှိပါတယ်။ တဘက်နိုင်ငံအဖွဲ့အစည်းက ဘယ်သူနဲ့ ဆွေးနွေးချင်လဲဆိုတာတော့ သူတို့အပေါ်ပဲ မူတည်တာပေါ့။ ထိုင်းအစိုးရအနေနဲ့လည်း သက်ဆိုင်ရာအဖွဲ့တွေနဲ့ အလွတ် သဘော တွေ့ဆုံတာတော့ရှိတယ်။ ဖွင့်တော့မပြောချင်ဘူး။ မြန်မာပြည်နဲ့ပတ်သက်တဲ့ မူဝါဒကတော့ အာဆီယံဝါဒ အတိုင်းပဲ၊ လူသားချင်းစာနာမှု အကူအညီတွေတော့ ပေးနေပါတယ်လို့ ထိုင်းဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောသွားပါတယ်။
၈။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ မြန်မာ့အရေး ကြားဝင်ကြိုးပမ်းမှု စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစု နှစ်ဖက်စလုံးက လက်မခံ
မေ ၉ ၊ Mizzima
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ မြန်မာ့အရေး ကြားဝင်ရန် ကြိုးပမ်းမှုအပေါ် စစ်ကောင်စီနဲ့ တော်လှန် ရေး နှစ်ဖက်စလုံးက လက်မခံကြကြောင်း သိရပါတယ်။မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ ကြားဝင် စေ့စပ် ညှိနှိုင်းပေးမယ့် ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ ကမ်းလှမ်းချက်ကို တော်လှန်ရေး အင်အားစုတွေဖက်က ငြင်းဆန်ခဲ့တယ် လို့ ထိုင်းသတင်းတွေမှာဖော်ပြလာပါတယ်။ ဧပြီလ ၁၃ ရက်နေ့မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ အဖွဲ့က တော်လှန် ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နဲ့ ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကချင်အမျိုးသား အစည်းအရုံး (KNO)တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ ကိုယ်စားလှယ်တွေ၊ တခြား EAO တချို့တို့နဲ့ သက်ဆင်က အမြင်ဖလှယ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဆွေးနွေးမှုမှာ သက်ဆင်က သူဟာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြားမှာ စေ့စပ်ရေးကိစ္စ အဓိကတာဝန်ယူတဲ့ ကြားလူအနေနဲ့ ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆင်က သူ့ကို ဆွေးနွေးပွဲတွေရဲ့ ကြားလူအဖြစ် သဘောတူ ခန့်အပ်ရေး EAO အသီးသီးက သဘောတူ လက်မှတ်ရေးထိုး အတည်ပြုနိုင်ဖို့ စာရွက်စာတမ်းတွေပါ ကြိုတင် ပြင်ဆင်လာခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းကမှ သက်ဆင် အဆိုပြုတဲ့ စာရွက်စာတမ်းတွေကို လက်မှတ် မထိုးခဲ့ကြပါဘူး။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ် ပွန်ဆာကတော့ မြန်မာ့တော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံမှုဟာ သက်ဆင်ရဲ့ ပုဂ္ဂလိက အခွင့်အရေးဖြစ်ပြီး ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒကို ကိုယ်စားမပြုဘူးလို့ ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်းမစ္စတာသက်ဆင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်း ထွက်ပေါ်မှုအပေါ် စစ်ကောင်စီဘက်ကလည်း ပြန်လည်တုံ့ပြန်ထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၉။ သရက်ချောင်းမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီး နဲ့ ဗုံးကြဲ၊ ဘောလုံးကန်နေတဲ့ လူငယ် ၂ ဦး ထိခိုက် သေဆုံး
မေ ၉ ၊ PVTV
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာနဲ့ အနီးနားက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က ဂျက်ဖိုက်တာ နှစ်စီးနဲ့ မနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘောလုံးကန်နေတဲ့ လူငယ်နှစ်ဦး သေဆုံးခဲ့တယ် လို့ သိရပါတယ်။ အကြမ်းဖက် စစ်တပ်က မေ ၈ရက် ညနေ ၅ နာရီ အချိန်ခန့်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ကနက်သီရိရွာ ဘောလုံးကွင်းမှာ ကစားနေတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ ယာယီပိတ်ထားတဲ့ ငရဲ တိုက်နယ်ဆေးရုံ တခုလုံး ဗုံးထိမှန် ပျက်စီးခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ က မနေ့က အသိပေးထားပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကနက်သီရိရွာနဲ့ အနီးဝန်းကျင်က ရွာတွေမှာ တိုက်ပွဲ မဖြစ်သလို၊ တော်လှန်ရေးတပ်တွေ အခြေစိုက်လှုပ်ရှားတာ မရှိဘူးလို့ ဆိုပါတယ်။ ဒီနှစ် အစောပိုင်းမှာ ထားဝယ်ခရိုင်အတွင်းက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးတော့ ရန်သူ စစ်တပ်ဘက်ကလည်း တိုက်ပွဲတွေအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက် တိုက်လုပ်လာနေတယ်လို့ အသိပေး ဖော်ပြထားပါတယ်။
၁၀။ မောင်တော ရွှေရင်အေးရွာက နေအိမ် ငါးဆယ်ခန့် မီးရှို့ခံရ
မေ ၉ ၊ RFA
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်းက အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိတဲ့ ရွှေရင်အေးကျေးရွာက လူနေအိမ် ငါးဆယ်ခန့် ကို စစ်ကောင်စီတပ်နဲ့ သူတို့သင်တန်းပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေက မေလ ၉ ရက် ဒီနေ့ မနက် ၄ နာရီခွဲ ဝန်းကျင်ခန့်က ဝင်ရောက်မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးရှို့ခံရတာကြောင့် အနီးမှာရှိတဲ့ ရက္ခိုင့် တပ်တော် (AA) စစ်ကြောင်းတစ်ခုက သွားရောက် စစ်ဆေးစဥ် အဲဒီ ကျေးရွာအနီး မိနစ်အနည်းငယ် နှစ်ဖက်ထိတွေ့တိုက်ပွဲ အပြန်အလှန်ဖြစ်ပွားခဲ့တယ်လို့ အေအေ တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အရင်ကလည်း အဲဒီဝန်းကျင်မှာ အေအေ က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ဖူးတယ်။ ဖြစ်ဖူးတယ်ဆိုတော့ ရွာသားတွေက လည်း မရှိကြဘူး။ သုံးလေးစုလောက်ပဲရှိတယ်။ အဲဒီရွာကို မွတ်စလင်တွေလည်း အဝင်အထွက် ရှိတယ်။ မွတ်စလင်တွေကို စစ်ကောင်စီတပ်က အဲဒီရွာမှာ အေအေ ရှိ မရှိကို စုံစမ်းဖို့ ခိုင်းတယ်။ အေအေ မရှိတာကို သိတာနဲ့ စစ်ကောင်စီတပ်က သင်တန်းပေးထားတဲ့ မွတ်စလင် လက်နက်ကိုင်အဖွဲ့နဲ့ ညောင်ချောင်းက မွတ်စလင်တွေကို မီးရှို့ဖို့ ခိုင်းတယ်။ စစ်ကောင်စီ တပ်က နောက်က လိုက်ပေးတယ်” ။ အေအေ စစ်ကြောင်းတစ်ခုက လာရောက်စစ်ဆေးရာမှာ မီးရှို့ဖို့ အသုံးချစေခိုင်းခံရတဲ့ ညောင်ချောင်းကျေးရွာက ရိုဟင်ဂျာ လူငယ်တွေက ထွက်ပြေးသွားကြပြီးနောက် စစ်ကောင်စီတပ်နဲ့ မိနစ် ၃၀ ခန့်ကြာ အောင် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် မောင်တောဒေသခံ အမျိုးသမီးတစ်ဦးကလည်း ရွှေရင်အေး ကျေးရွာ မီးရှို့ခံရတာ မှန်ပေမယ့် မီးရှို့ခဲ့ရတဲ့ နေအိမ်ပိုင်ရှင်တွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
၁၁။ မင်းတပ်မြို့ခံ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
မေ ၉ ၊ RFA
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသမီးနှစ်ဦးကို မေလ ၈ ရက် မနေ့က ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။အဲဒီ အမျိုးသမီးနှစ်ဦးဟာ မှတ်ပုံတင်လုပ်ဖို့အတွက် သွားရာမှာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး အကြောင်းရင်းကို မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေရဲ့ အမည်နဲ့ အသက်ကိုတော့ မသိရသေးပါဘူး။ သူတို့ကို မင်းတပ်မြို့ အခြေစိုက် ခလရ (၂၇၄) တပ်ရင်းမှာ ဖမ်းဆီးထားပြီး ဒီနေ့မနက်အထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။ စစ်တပ် အာဏာသိမ်းတဲ့ သုံးနှစ်ကျော်အတွင်း မင်းတပ်မြို့မှာ ဒေသခံ တစ်ရာကျော် ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ မင်းတပ် CDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
၁၂။ ကွတ်ခိုင်မြို့နယ်၌ စစ်ကျန် လက်နက်ကျည် ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
မေ ၉ ၊ DVB
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယ ကျေးရွာအုပ်စု၊ မိုင်းယရွာမှာ မေ ၇ ရက် နေ့ခင်းပိုင်းက ကလေး ၅ ဦး စစ်ကျန် လက်နက်ကျည် ကောက်ကိုင်ရာက ပေါက်ကွဲသွားလို့ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ဒေသခံ တွေဆီက သိရပါတယ်။ ဒေသခံ အမျိုးသမီးတဦးက “မိုင်းယရွာမှာ ကလေးတွေ စစ်ကျန် လက်နက်ကျည် ကောက်ကိုင် ဆော့လို့ ပေါက်ကွဲသွားတာတဲ့ မနေ့က။ ၃ ယောက်က ဆေးရုံမှာ။ ဒီ အရွယ်က မျက်စိနောက်အောင် ဆော့တဲ့ အရွယ်လေ။ တိုက်ပွဲဖြစ်ဖူးတဲ့ နေရာတွေမှာ စစ်ကျန် ပစ္စည်းတွေ ကောက်ကိုင်တာတွေ မလုပ်ဖို့ ကလေးတွေကို မိဘတွေအနေနဲ့ ကောင်းကောင်း နားလည်အောင် ပြောပြရမှာ ဖြစ်တယ်။ မထိ၊ မကိုင်ကြဖို့ အမြဲ သတိပေး ပြောနေရမှာ” လို့ ပြောပါတယ်။ ကွတ်ခိုင် ဒေသခံ အမျိုးသားတဦးကလည်း “ကြေမွသွားတာပဲ။ ကလေးတွေ သနားပါတယ်။ ၂ ယောက် ဆုံးသွားတယ်။ ၃ ယောက်က ထိခိုက်ဒဏ်ရာရထားတယ်။ ထိခိုက်ဒဏ်ရာရထားတဲ့ ကလေး ၃ ယောက်က မနေ့ည ၁၁ နာရီမှာ ကွတ်ခိုင် ဆေးရုံ ရောက်လာတယ်” လို့ ပြောပါတယ်။
၁၃။ တိုက်ပွဲနှင့် လက်နက်ကြီးရန်ကြောင့် သပိတ်ကျင်းပြည်သူ ၂၀၀၀ကျော် စစ်ဘေးရှောင်နေရ
မေ ၉ ၊ Myanmar Preessphoto Agency
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကြာညှပ်ကျေးရွာတွင် စစ်တပ်နှင့် ဒေသခံPDF တို့ တိုက်ပွဲ ဖြစ်ပွားနေသဖြင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာတွင် မေလခြောက်ရက်နေ့ မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေ ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်လျက်ရှိရာ မေလ ရှစ်ရက် တွင် စစ်ဘေးရှောင်ပြည်သူတစ်ဦးနှင့် မေလခုနှစ်ရက်တွင် စစ်ဘေးရှောင်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း စစ်ဘေးရှောင်ကူညီ နေသူတစ်ဦးထံက သိရသည်။ "နှစ်ရက်ဆက်တိုက် သူတို့ဘက်ကနေ လက်နက်ကြီးပစ်နေတယ်။ အိမ်တစ်လုံးလည်း မီး လောင်တယ်" ဟု ၎င်းက MPA သို့ ပြောသည်။ လက်နက်ကြီးထိမှန်သူ သုံးဦးစလုံးမှာ စစ်ဘေးရှောင်နေစဉ် ထိမှန်ခြင်း ဖြစ်ပြီး မေလရှစ်ရက်က အိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျခြင်းဖြစ်ကာ လုံခြုံရေးအရ လက်နက်ကြီးထိမှန်သော နေရာ များကို ပြောကြားခြင်း မရှိပေ။ကြာညှပ်ကျေးရွာတွင် နေအိမ်မီးရှို့ခံရသည့် အခြေအနေကိုလည်း အဝေးမှ မြင်တွေ့ရ ကြောင်းလည်း ဒေသခံ စစ်ဘေးရှောင် အမျိုးသားတစ်ဦးကပြောသည်။
၁၄။ ပဲခူးတိုင်းအနောက်ခြမ်းက လူငယ် ၃ ဦး PDF ဟု စွပ်စွဲ သတ်ဖြတ်ခံရ
မေ ၉ ၊ Mizzima
ပဲခူးတိုင်းအနောက်ခြမ်းတွင် အနက်ရောင်သေမင်းတမန်အဖွဲ့မှ ဒေသနေ လူငယ်သုံးဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဟု စွပ်စွဲကာ သတ်ဖြတ်ပြီးနောက် မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရပ်ရွာအတွင်း အလောင်းများ လာရောက်စွန့်ပစ်ခဲ့ ကြောင်း သတင်းရရှိသည်။ ပေါင်းတည်မြို့နယ် နွားခြံကုန်းကျေးရွာအုပ်စု၊ ကုန်းသာရွာအတွင်း မေလ ၆ ရက်နေ့ နံနက်ပိုင်း က အလောင်း သုံးလောင်းကို လာရောက်စွန့်ပစ်သွားပြီး၊ အလောင်းများ၏ လည်ပင်းတွင် ကြိုးဖြင့် “အနက်ရောင်သေမင်း တမန်” တံဆိပ်နှင့်စာသားပါ စာရွက်တခုစီကို ချိတ်ဆွဲထားကြောင်း သိရသည်။ အောင်မျိုးလင်း၊ ကျော်ဖြိုးလင်း၊ ကောင်းထက်ကျော်(ခ)ကောင်းကောင်းတို့သည် PDF များဖြစ်၍ အနက်ရောင်သေမင်းတမန်အဖွဲ့က သတ်ဖြတ်လိုက်ခြင်း ဟု စစ်ကောင်စီအား ထောက်ခံရေးသားလျက်ရှိသည့် တယ်လီဂရမ်ချန်နယ်များ၌ ရေးသားဖော်ပြထားသည်ကို တွေ့ရ သည်။သို့သော် သေဆုံးသူ လူငယ်သုံးဦးသည် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၁) မှ တပ်ဖွဲ့ဝင်များမဟုတ် ကြောင်းကို ၎င်း PDF တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။ သေဆုံးသူ သုံးဦးအနက် တဦးမှာ မင်းလှမြို့နယ် လှည်းကူးအုပ်စု၊ ရှားကုန်းကျေးရွာမှ အသက် ၁၉ နှစ်အရွယ် မောင်အောင်မျိုးလင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ လက်ပံတန်း မြို့နယ်မှ ဖြစ်ကြောင်း ပြောသည်။ ထို့ပြင် ၎င်းတို့သည် လွန်ခဲ့သည့် တလခန့်က လက်ပံတန်းမြို့ပေါ်သို့ အလှူသွားစဉ် ကွမ်းခြံကုန်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဟု သတင်းစုံစမ်း ရရှိထားကြောင်း PDF တပ်ရင်းပြန်ကြားရေး တာဝန်ခံမှ ပြောသည်။
၁၅။ ဆောမြို့၊ အကြည်ပလွန်းကျေးရွာ လေကြောင်းကနေ ဗုံးကြဲခံရလို့ လူ ၂၀ ထက်မနည်းသေဆုံး
မေ ၉ ၊ BBC
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာနဲ့အနီးတဝိုက်ကို ဒီကနေ့ မေလ ၉ ရက် မနက် ၁၁ နာရီ ဝန်းကျင်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အကြည်ပန်းပလွန်းကျေးရွာဘုန်းကြီးကျောင်းကို ဗုံးကျရောက်ခဲ့ပြီး ဆရာတော်တစ်ပါးအပါအဝင် လူ ၂၀ ဦးခန့် သေဆုံးခဲ့တယ်လို့ ယောဒေသအခြေအနေသိရှိသူအချို့နဲ့ အခင်းဖြစ်နေရာကိုသွားကြည့်ခဲ့သူ တစ်ဦးကအတည်ပြုပါတယ်။ ဘုန်းကြီးကျောင်းမှာ ယော၊ ဆောဒေသခံ အရပ်သား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသအုပ်ချုပ်ရေး မှာပါဝင်သူတွေက ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာတွေနဲ့ ကာကွယ်ရေး ဂိတ်တွေကို ဖြတ်ချိန်မှာ ဘယ်လို ညှိနှိုင်းကြမလဲဆိုတဲ့ကိစ္စတွေကို ဆွေးနွေးကြချိန်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာလို့ ဆိုပါ တယ်။‘’ကျောင်းမှာ ဆွေးနွေးပွဲ လုပ်နေကြတဲ့အချိန် ဗုံးက ကျောင်းပေါ်တည်တည့်ကို ကျပြီး ဘုန်းကြီးကျောင်း တစ်ခုလုံး ပြိုသွားတယ်။ မီးလောင်သွားတယ်။ ထုပ်တန်းတွေ ယက်မတွေ အကုန်ပြိုကျသွားတယ်။ ပူလည်းပူတော့ မီးလောင်တာ လည်းမြန်တယ်။ ကျောင်းဆောင်အပျက်အောက်ကနေ အလောင်းတွေကို အကုန်ဆွဲမထုတ်နိုင်သေးဘူး’’ လို့ အခင်းဖြစ်တဲ့ နေရာကို သွားရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။ သေဆုံးသူထဲ အမျိုးသမီးဦးရေအများစုပါနေပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ ထက်မနည်းရှိတယ်လို့သိရပါတယ်။ လက်ရှိမှာ ရုပ်အလောင်း ၁၆ လောင်းကို မီးလောင်ပြင်ထဲကနေပြန်ပြီးဆွဲထုတ်ထား တယ်လို့ ဆိုပါတယ်။ဒေသခံအချို့ကတော့ အဲဒီဒေသမှာ တိုက်ပွဲမရှိတာဖြစ်လို့ အရပ်သားလုပ်ငန်းရှင်တွေ အစည်းအဝေး လုပ်နေတာကို စစ်ကောင်စီကသတင်းမှားရပြီးလာရောက်ဗုံးကြဲသွားတာဖြစ်နိုင်တယ်လို့ ယူဆပြောဆိုကြပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာမခံရခင်မှာ အကြည်ပန်းပလွန်းရွာဘက်မှာ ဖုန်းလိုင်းတွေဖြတ်တောက်ခံရသလို မြောက်ထု အမြောက်တပ်ကနေလည်း ဒရုန်းနဲ့ ကင်းထောက်တာတွေလုပ်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။
Comments