နေ့စဉ်သတင်:စုစည်းမှု
13-April-2024
တိုက်ပွဲသတင်း
၁။ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၄ ဦး သေဆုံး
ဧပြီ ၁၃ ၊ PVTV
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တာကြောင့် အကြမ်းဖက်တပ်သား ၁၄ဦး သေဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရခဲ့တယ်လို့ Daung Minn Thar -Yedashe-PDF က ထုတ်ပြန်လိုက် ပါတယ်။အမှတ်(၆)ရေတာရှည်သကြားစက်အနီး အင်းပက်လက်ကျေးရွာ တာတမံလမ်းပေါ်မှာ ညဘက် လှည့်ကင်း လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၇ ရက် ည ၉နာရီ ၁၂ မိနစ်မှာ သံတောင်မြောက်ပိုင်းအထူးဒေသ UG အဖွဲ့မှ အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက် တပ်သား (၅)ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ဦးမှာ တောင်ငူဆေးရုံကို ပို့တဲ့လမ်းမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမှတ်(၆) ရေတာရှည်သကြားစက် ရဲစခန်းဟောင်း အထွက်ရှေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ထပ်တိုးကင်းပုန်းတွေကို သံတောင်မြောက်ပိုင်းအထူး ဒေသUG တပ်ဖွဲ့မှ ဧပြီလ ၉ ရက် ၈နာရီမှာလည်း ထပ်မံပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လက်ပါးစေ ရဲတပ်သား (၃)ဦးနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သား (၅)ဦး သေဆုံးခဲ့ပြီး (၃)ဦး ဒဏ်ရာရရှိခဲ့တာကြောင့် သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို တောင်ငူမြို့ဘက်ကို သယ်ဆောင်သွားပြီး ဒဏ်ရာ ရသူ (၃)ဦးကို နေပြည်တော်စစ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂။ AA နှင့် စစ်တပ်တို့ သံတွဲဒေသတွင် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်
ဧပြီ ၁၃ ၊ The Irrawaddy
ရခိုင်ပြည်နယ် သံတွဲမြို့နှင့် ၁၁မိုင်အကွာ တောင်ကုတ်နှင့် ဆက်သွယ်ထားသည့် ကားလမ်းမဘေးရှိ ကွေ့ချောင်းရွာနှင့် ရေစင်ရွာအကြား စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ကြား ယနေ့ နံနက်အစောပိုင်းက ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ယခင်က သံတွဲဒေသတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိကြောင်း၊ ရေတပ်ကသာ သံတွဲအနီး ပင်လယ်ပြင်မှနေ၍ ရွာများ ရှိရာသို့ ကုန်းမြေပေါ်သို့ လက်နက်ကြီးဖြင့် နေ့စဉ်လိုလို ပစ်ခတ်ရာ ၁၀ရက်ခန့် ကြာကြောင်း၊ ရွာများထဲ့သို့ ကျရောက် ခြင်းများ လည်ရှိကြောင်း သိရသည်။သံတွဲကနေ မနက်အစောကြီး တအုန်းအုန်းနဲ့ အသံတွေကြားလို့ ရေစင်ကို ဖုန်းလှမ်းဆက်မေးလိုက်တာ ၂ဖက် အပြန်အလှန် ပစ်နေတာလို့ ပြောတယ်၊ အခု အဲ့ဘက်ကလူတွေလည်း လွတ်ရာကို ထွက်ပြေးနေကြ တယ်လို့ ပြောတယ်”ဟု သံတွဲမြို့ပေါ် ရပ်ကွက်တွင် နေထိုင် သည့် ဒေသခံတဦးကပြောသည်။ ထို့ပြင် သံတွဲမြို့နယ်၊ ကင်းမောကျေးရွာမှ ဒေသခံတဦးကလည်း “ဒီနေ့ မနက် ၅ နာရီ ကနေ ၆ နာရီကျော်အထိ လက်နက်ကြီး သံတွေရော၊ သေနတ်သံတွေပါ ကြားရတယ်”ဟု ပြောသည်။
ယခု အပြန်အလှန်ပစ်ခတ်မှု ဖြစ်သည့် ရွာများသည် သံတွဲ-တောင်ကုတ်အဝေးပြေး လမ်းဘေးတွင်ရှိပြီး၊ လမ်းသွား လမ်းလာ များကို AA က မေးမြန်းစစ်ဆေးမှုများပြုလုပ်နေပြီး လမ်းသွားလမ်းလာလည်း ရှင်းနေကြောင်း ကိုယ်တွေ့ကြုံခဲ့ ရသူတဦးက ပြောသည်။
၃။ မောင်တော ကြိမ်ချောင်း စခန်းကြီးအား AA အပြီးသတ် သိမ်းပိုက်
ဧပြီ ၁၃ ၊ The Irrawaddy
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းဗျူဟာစခန်းကြီးအား လနှင့်ချီ ဝန်းရံပိတ်ဆို့ထိုးစစ်ဆင်ပြီးနောက် ယမန် နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု အာရက္ခတပ်တော် (AA ) က သတင်းထုတ်ပြန်သည်။
မောင်တောမြို့ ၌ စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ တခုဖြစ်သော မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးအား မတ်လ ၂၃ ရက်မှစ၍ AAက ထိုးစစ် အရှိန်အဟုန်မြှင့်တင်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကြိမ်ချောင်း ဗျူဟာကုန်းသည် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ ၇ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ နယ်ခြား စောင့်တပ်ဖွဲ့ဝင် ၄၀၀ ခန့်နှင့်အတူ ၎င်းတို့၏ မိသားစုဝင် ၁၅၀ ခန့်ရှိသော စခန်းကြီးတခုဖြစ်သလို ထိုစခန်း၌ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုး ၊ ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင်တို့ ဦးဆောင် ခုခံနေခြင်းဖြစ်ကြောင်း AA ကပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအမြောက်အမြား၊ သုံ့ပန်းတချို့ နှင့် မိသားစုဝင်တချို့ကို ဖမ်းဆီးရမိသည့်အပြင် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့ဟု ဆိုသည်။ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်းရှိ လက်ကျန် စစ်ကောင်စီစခန်းများကို AA က လမ်းကြောင်းများ ဖြတ်တောက်၍ ဆက်လက်တိုက်ခိုက်နေရာ မောင်တောမြို့ပေါ်တွင် ဌာနဆိုင်ရာများလည်း မရှိတော့ကြောင်း ၎င်းက ဆိုသည်။
၄။ တနင်္သာရီတွင် စစ်ကောင်စီတပ်သားများနှင့် ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၂ ဦးသေ
ဧပြီ ၁၃ ၊ The Irrawaddy
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုမှာ ဒီနေ့ သင်္ကြန်အကြိုနေ့ မနက်ပိုင်းက လမ်းကင်းချနေတဲ့ စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အရာရှိအပါအဝင် ၁ ယောက်သေတယ်လို့ တောဗုံးကြီးအဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံတယောက်က ပြောပါတယ်။ဧပြီလ ၁၃ ရက်နေ့ မနက် ၇ နာရီခွဲအချိန်မှာ ဘန်းလမွတ်ကျေးရွာနဲ့ ညောင်ပင်ကုန်းကျေးရွာကြားမှာ လမ်းကင်းချနေတဲ့ မော်တုန်းအခြေစိုက် အမတ ၃ဝ၆ တပ်ရင်းက စစ်ကောင်စီ တပ်သား တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်း ၂ လုံးဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။ ဒီမနက် မနက် ၈ နာရီခွဲ မှာလည်း ဘန်းလမွတ်ကျေးရွာဘက်ကို ကား ၃ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း မိုင်း ၂ လုံး ဆွဲပြီး ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်လုံးကို တနင်္သာရီပကဖ ဇုန် ၅ တောဗုံးကြီးအဖွဲ့နဲ့ ပုလောပကဖအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီအရာရှိ ၁ ယောက်နဲ့ တပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၅။ ပင်လောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး ပြီး ဒေသခံပြည်သူ ၄ ဦး ဒဏ်ရာရ
ဧပြီ ၁၃ ၊ PVTV
ပအိုဝ်းဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်စုံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီက ဧပြီလ ၁၀ ရက် နေ့တွင် လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် တစ်ဦးသေဆုံးပြီး ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူ့စစ်တွေက ပင်စုံကျေးရွာထဲကို တမင်သက်သက် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပင်စုံဒေသခံပြည်သူ ၄ ဦးမှာလည်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက ဧပြီ ၁၁ ရက်နေ့မှာလည်း ပင်စုံကျေးရွာကို လက်နက်ကြီးနဲ့ အကြိမ် ၂၀နီးပါး ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါ တယ်။အဆိုပါတိုက်ခိုက်မှုကြောင့် ပင်စုံကျေးရွာမှ နေအိမ် တစ်လုံး ပြာကျပျက်စီးခဲ့ရပြီး အခြားနေအိမ် အများအပြားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
၆။ ပျဥ်းခုံးကြီး ကျေးရွာကို စစ်ကောင်စီတပ် ၂ ရက် ဆက် မီးရှို့
ဧပြီ ၁၃ ၊ Mizzima
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်းရှိ ပျဥ်းခုံးကြီးကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက် မီးရှို့နေကြောင်း ဒေသခံ များနှင့် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီထံက သိရသည်။
အင်အား ၃၀၀ ပါ စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့ ( ဧပြီလ ၁၃ ရက်) တွင် ပျဥ်းခုံးကြီးကျေးရွာကို မီးရှို့နေခြင်းဖြစ်ပြီး မီးလောင်သည့် အိမ်အရေအတွက်ကို မသိရသေးကြောင်း ဒေသခံက ဆိုသည်။ ယမန်နေ့ ( ဧပြီလ ၁၂ ရက် ) နံနက် ၄ နာရီ ဝန်းကျင်တွင် လက်နက်ကြီး ၊ လက်နက်ငယ်များ ပစ်ဖောက်ကာ ပျဥ်းခုံးကြီးကျေးရွာတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး ထိုနေ့ ညနေ ၃ နာရီ မိနစ် ၄၀ ဝန်းကျင်တွင် ရွာကို မီးရှို့ခဲ့ရာ နေအိမ် လေးလုံး မီးလောင်သွားကြောင်း သိရသည်။
“လက်ရှိ ကလေးမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတယ်။ ကလေးအနောက်မြောက်ဘက်ခြမ်းရွာတွေကိုထိုးတာ မနေ့က ပျဥ်းခုံကြီးကို မီးရှို့ ဒီမနက်လည်း ထပ်ရှို့တယ်။ တိုက်ပွဲကြီးကြီးကျယ်ကျယ်တော့မရှိဘူး ။” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
ပျဥ်းခုံကြီးရွာတွင် နေအိမ် ၃၀၀ ဝန်းကျင်ရှိပြီး လက်ရှိတွင် စစ်ကောင်စီတပ်က တပ်စွဲထားကြောင်း ဒေသခံထံသိရသည်။
ကလေးမြို့မှ ဧပြီလ ၅ ရက်တွင် ထွက်လာသည့် ထိုစစ်ကောင်စီ စစ်ကြောင်းသည် ဆည်ကြီးရွာသို့ ဝင်ရောက်ကာ ထိုကျေးရွာအပါအဝင် အနီးရှိကျေးရွာများကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရသည်။
၇။ ဖားကန့်တွင် ပြည်သူ့စစ်က ပစ်ခတ်သဖြင့် အမျိုးသား ၁ ဦးသေဆုံး
ဧပြီ ၁၃ ၊ DVB
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်း - လဝါး လမ်းဆုံဂိတ်မှာ စစ်ဆေးရေးပြုလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က အမျိုးသားတယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဧပြီ ၁၁ ရက် ညပိုင်းမှာ လဝါးကျေးရွာက ဥယျာဉ်ခြံကိုသွားတဲ့ အမျိုးသားတယောက်ကို စစ်ဆေးရေးဂိတ်မှာရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့က သေနတ်နဲ့ ၄ ချက် ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒေသခံတယောက်က “အမြဲတမ်းလည်း ဥယျာဉ်ခြံထဲ သွားဖို့ အဲနားက ဖြတ်သွားနေကျပဲ။ အပစ်ခံရတာက ည ၇ နာရီလောက်က အပစ်ခံရတာ။ ၄ ချက် အပစ်ခံရတယ်။ မနက်မှပဲ အလောင်းသွားကောက်ပြီး သင်္ဂြိုလ်လိုက်ရတယ်။ ဘာကြောင့် ပစ်လဲတော့ မသိဘူး” လို့ ပြောပါတယ်။ ပစ်ခတ် ခံရလို့ သေဆုံးသူဟာ အသက် ၄၀ ကျော်အရွယ် ဦးဂျန်မော်တူးအောင်ဖြစ်ပြီး လည်ပင်း၊ ကျောနဲ့ ခြေထောက်မှာ ကျည်ဆန် ထိမှန် ဒဏ်ရာ ၄ ချက် ရခဲ့တယ်လို့ သိရပါတယ်။
၈။ ချောင်းဦးမှာကင်းလှည့်ချိန် အပစ်ခံရလို့ဆိုပြီး စစ်ကောင်စီတပ်က နေအိမ်အချို့ကို မီးရှို့
ဧပြီ ၁၃ ၊ RFA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်က ပွဲရပ် ရပ်ကွက်ကို ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက် မီးရှို့ ခဲ့ပြီး ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် နေအိမ်ငါးလုံးပဲ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်ခဲ့တာကြောင့် အဲဒီနောက် ပိုင်း ပွဲရပ်အနောက်ပိုင်းက နေရာနှစ်ခုကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“သူတို့ကင်းလှည့်နေတဲ့အချိန်မှာ အပစ်ခံရတော့ အရပ်သားကို မဲတာပေါ့။ ညနေပိုင်း ပွဲရပ်ဘက်ခြမ်းက အိမ်တွေကို မီးရှို့ တယ်။ ငါးအိမ်ကတော့ လုံးဝပြာကျသွားတယ်။ နောက်ထပ် အိမ်တွေလည်း မီးစွဲသွားတာတွေလည်း ရှိတယ်”
နေအိမ်တွေကို ဒေသခံတွေကပဲ မီးငြှိမ်းသတ်ခဲ့ရပြီး ညပိုင်းမှာ မီးငြိမ်းခဲ့တယ်လို့ ဆိုပါတယ်။
မီးရှို့ခံရမှုကိစ္စတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar ရဲ့ စာရင်းအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်ကုန်အထိ နိုင်ငံတစ်ဝန်းက နေအိမ် ၇၈,၇၃၇ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
Comentários