နေ့စဉ်သတင်းစုစည်းမှု
14-April-2024
တိုက်ပွဲသတင်း
၁။ စစ်ကောင်စီ စစ်သင်တန်းသားတွေ စီးလာတဲ့ ကား (၆) စီးကို ပစ်ခတ်၊ ဒု-အရာခံဗိုလ်တစ်ယောက် အပါအဝင် စစ်သင်တန်းဆင်း (၄၉) ယောက်ကို အရှင်ဖမ်းမိ
ဧပြီ ၁၄ ၊ C8 News
စစ်ကား (၆) စီးကို ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ဒု-အရာခံဗိုလ်တစ်ယောက်၊ တပ်ကြပ်ကြီးတစ်ယောက်၊ တပ်ကြပ် တစ်ယောက်၊ အားကစားသိပ္ပံတစ်ယောက် နဲ့ စစ်သင်တန်းသား (၄၅) ယောက် ကို အရှင်ဖမ်းမိထားတယ်လို့ အမှတ်-၁ စစ်ဒေသက ဒီနေ့မှာ ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ (နမခ) ထပရ-၉၂၉၊ အရာတော်မြို့နယ် (စခတ-၁၀) စစ်သင်တန်းသားတွေ စီးလာတဲ့ စစ်ကား (၆) စီး ကို ဧပြီ (၁၂) ရက်နေ့က အရာတော်မြို့နယ်၊ ကမ်းဖြူရွာ အနားကို အရောက်ချိန်မှာ ပစ်ခတ်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးတစ်ယောက်နဲ့ စစ်သင်တန်းသား (၂၀) ယောက် သေဆုံးပြီး (၁၅) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ငယ် (၇) လက်၊ ကျည်မျိုးစုံ (၅၅၀၀)၊ ဗုံးသီး မျိုးစုံ (၈၀)၊ RPG-7 ဒုံးသီး (၁၀) လုံး၊ မိုင်းမျိုးစုံ (၇၀)၊ Jammer စက်အကြီး (၁) လုံး၊ ကျည်အိမ် (၇) ခု၊ Detonater (၅၀) ချောင်း၊ ကျည်ကာ ဦးထုပ် (၃) လုံး၊ စစ်ဖိနပ် (၂၀) ရံ၊ Equipment (၁) ခု၊ ကျောပိုးအိတ် (၁) လုံး နဲ့ ဖိုင်တွဲ (၈၈) ဖိုင် သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသ ကပြောပါတယ်။
အခုတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၆၊ ၁၉၊ ၂၄)၊ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ အရာတော် မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း-၂၊ Danger Force LPDF၊ ကျားသစ်နက် LPDF နဲ့ Special Revolution Force LPDF အဖွဲ့တွေက ပူးပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
၂။ ဖြူးမြို့က အကြမ်းဖက် စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးရဲဘော် တဦး အသေခံတိုက်ခိုက်ရာ ၆ ဦးသေဆုံး
ဧပြီ ၁၄ ၊ PVTV
ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ပြည်သူတွေကို ရိုက်နှက်စစ်ဆေးနေတဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး ရဲဘော်တဦးက တကိုယ်တော် အသေခံ တိုက်ခိုက်ရာ ၆ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးတိုင်း PDF တစ်ဦးက PVTV ကို ပြောပါတယ်။ပဲခူးတိုင်း ဖြူးမြို့နယ်မှာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ပြည်သူတွေကိုရိုက်နှက်စစ်ဆေးနေတဲ့ အင်အား ၃၀ လောက်ရှိတဲ့ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဧပြီလ ၁၁ရက်နေ့က ပဲခူးတိုင်းထဲမှာတာဝန်ကျနေတဲ့ ဧရာဝတီ တပ်ရင်း ( ၃ )က ဧရာဝတီတိုင်းသား ရဲဘော်တိုးကျော်ဟာ တစ်ယောက်ထဲ သေနတ်နဲ့ သွားပစ်ခဲ့တာပါ။ အဆိုပါ အကြမ်းဖက် ဂိတ်ဟာ သူ့အရှေ့မှာ ပြည်သူတွေကို ရိုက်နှက်နှိပ်စက်နေတာကို မမြင်ချင်တော့လို့ဆိုပြီး အခြားရဲဘော်တွေက ဝိုင်းတားနေတဲ့ ကြားက သူသွားပစ်တာလို့ တကိုယ်တော် သွားရောက် ပစ်ခတ်ခဲ့တာလို့ သူနဲ့အတူတာဝန်ကျ ရဲဘော်က ပြောပါတယ်။
"စစ်ကောင်စီတပ်က ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူတွေဆီက ငွေကြေး မတရား ကောက်ခံနေရုံမက ပြည်သူတွေကိုပါ ရိုက်နှက် စစ်ဆေးနေတာတွေ ပြုလုပ်နေတာကို မခံမရပ်နိုင်ဖြစ်တဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးဟာ စိတ်မထိမ်းနိုင်တော့ပဲ သေနတ်နဲ့ တစ်ကိုယ်တော် သွားရောက်ပစ်ခတ်ခဲ့တာပါ။သူသေနိုင်တယ်ဆိုတာလဲ သိသိကြီးနဲ့ စွန့်လွှတ်ခဲ့တာပါ" ပဲခူးတိုင်း PDF တစ်ဦးက ပြောပါတယ်။"စစ်ကောင်စီစစ်သား ၆ ယောက်သေဆုံးခဲ့ပြီး၊ သွားရောက်ပစ်ခတ်တဲ့ ရဲဘော်တိုးကျော် ကျဆုံးသွားပါတယ်"လို့ သူကဆက်ပြောပါတယ်။ရဲဘော်တိုးကျော် သွားရောက်တိုက်ခိုက်နေချိန် အကြမ်းဖက် စစ်ကောင်စီ တပ်ဘက်က စစ်ကူအင်အားတွေ ထပ်မံရောက်ရှိလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဘေးလွတ်ရာတွေကို ပြန်လည် ရှောင်တိမ်းခဲ့ပြီး မြင့်မြတ်စွာ အသက်ပေး ကျဆုံးသွားခဲ့တဲ့ ရဲဘော် တိုးကျော်ရဲ့ စျာပနကို စစ်ရေးပြအခမ်းနားနဲ့ ဧပြီ ၁၂ ရက် နေ့ မနက်ပိုင်းမှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
၃။ မောင်းမကန်ရဲစခန်းကို ရိက္ခာပို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ၃ ဦးသေဆုံး
ဧပြီ ၁၄ ၊ PVTV
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာရှိတဲ့ မောင်းမကန်ရဲစခန်းကို ရိက္ခာပို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကား ၃ စီးပါ ယာဥ်တန်းကို ဧပြီလ ၁၂ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်မှာ လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဇုန်အသီးသီးက ရဲဘော်တွေ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က ဒီမနက်မှာ ထုတ်ပြန်လိုက်ပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒုတိယမြောက် ကားတစ်စီး ထိမှန်ခဲ့ပြီး မိနစ် အနည်းငယ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုအပြီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့တယ်ဆိုတာနဲ့ သေဆုံးတပ်သားတွေကို တောရှည်ရွာမှာ ထားရစ်ခဲ့ပြီး ဒဏ်ရာရ အကြမ်းဖက်တပ်သားတွေကို ထား၀ယ်မြို့ထဲ သယ်ဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သေဆုံးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေကို ဧပြီလ ၁၄ ရက်နေ့(ဒီနေ့)မှ တောရှည်ရွာသင်္ချိုင်းမှာ မြှုပ်နှံလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
၄။ မြဝတီသို့ ဦးတည်နေသည့် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံနေရပြီး သံချပ်ကာ ကား ၁ စီး နှင့် ကား ၃ စီး ပျက်စီး
ဧပြီ ၁၄ ၊ Mizzima
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ စစ်ကူပေးရန် ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်း ကြား ဖြတ်တိုက်ခိုက်ခံရပြီး သံချပ်ကာကားတစီး နှင့် စစ်ကား သုံးစီး ပျက်စီးသွားကြောင်း ကော်ဘရာစစ်ကြောင်းထံက သိရ သည်။ ဧပြီလ ၁၃ ရက်တွင် ကော့ကရိတ်မြို့အထွက် ကော့နွဲ့ကျေးရွာအနီး၌ တော်လှန်ရေး ပူးပေါင်းအဖွဲ့က စစ်ကောင်စီ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့သည့် ပြင်းထန်တိုက်ပွဲအတွင်း စစ်ကောင်စီယာဥ်များ ထိုသို့ ပျက်စီး သွားခြင်းဖြစ်ကြောင်း သိရသည်။ “ယာဉ် သုံးစီး သံချပ်ကာ နှစ်စီးထဲက တစီးက သုံးမရတော့ဘူး။ လုံးဝပျက်သွားတာ။ (ပျက်စီးသွားသည့် ယာဉ်များကို) ရတော့ မရလိုက်ဘူး။ ” ဟု ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်စောကော်က မဇ္ဈိမကို ပြော သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိ သုံးဦး အပါအဝင်၃၀ ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိသွားကြောင်း ၎င်းကဆိုသည်။တော်လှန်ရေးတပ်ဖွဲ့များကြား ချိတ်ဆက်မှု လွတ်သွားချိန် ထိုယာဥ်တန်းသည် ကော့ကရိတ်မြို့တွင်း ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယာဥ်တန်းရှေ့ဆက်မတိုးနိုင်ရန် တားဆီးနေကြောင်း ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။“ ကျွန်တော်တို့နိုင်သလောက် ကာကွယ်နေပါတယ်” ဟု ဗိုလ်မှူးကျော်ဟိန်းက မဇ္ဈိမကို ပြောသည်။ မွန်ပြည်နယ်မှ ဧပြီလ ၁၀ ရက်တွင် ထွက်ခွာလာသည့် ထိုယာဥ်တန်းသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ဖြတ်ပြီး မြဝတီမြို့ရှိ စစ်ကောင်စီအဖွဲ့ထံ စစ်ကူပေးရန် သွားရောက်နေခြင်းဖြစ်သည်။
၅။ မြင်းခြံတွင် ယာယီစခန်းတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေ
ဧပြီ ၁၄ ၊ DVB
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ယာယီစခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး ဓားစာခံပြည်သူ ၂ ယောက်ကို ကယ်ထုတ် နိုင်ခဲ့တယ်လို့ Myingyan Black Tiger -MBT အဖွဲ့က ဧပြီ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ မြင်းခြံမြို့နယ်၊ တောပုရွာနဲ့ ရွာရှည်ရွာအကြား ဘုန်းကြီးကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်ကို ဧပြီ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ကောင်စီတပ်တွေ ဧပြီ ၆ ရက်နေ့ မြင်းခြံမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်တည်းက ဖမ်းဆီးထားတဲ့ တောပုကျေးရွာက ဓားစာခံပြည်သူ ၂ ယောက်ကိုလည်း ကယ်တင်ခဲ့ပြီး မိသားစုဆီ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ၃ ယောက်က ဧပြီ ၁၃ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံမြို့နယ်ထဲကို ဧပြီ ၆ ရက်နေ့ကတည်းက စစ်ကြောင်း ထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ အရပ်သား ၄ ယောက်ကို သတ်ဖြတ်ခဲ့ပြီး တောပုရွာနဲ့ ရသာရွာက လူနေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။
၆။ ကံမမြို့နယ်တွင် စစ်သားများစီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ကားတစ်စီးပျက်စီး
ဧပြီလ ၁၄ ၊ D Day News
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်ကျေးရွာဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်သားများလိုက်ပါလာ သည့် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင် တပ်ရင်း ၄ Eagle Force တပ်ဖွဲ့ထံ မှ သိရသည်။ ယနေ့ ဧပြီလ ၁၄ ရက် နံနက် ၉ နာရီခန့်က ကံမမြို့မှ ကြို့ပင်ကျေးရွာဘက်သို့ ထွက်ခွာလာသော
စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၆ ဦး စီးနင်းလိုက်ပါလာသည့် ကား ၁ စီးကို အသင့်စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ နေရာတွင်ပင် ကားပျက်စီး ရပ်တန့်သွားပြီး ကားပေါ်ပါ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကံမ -ပြာကြီးလမ်းပိုင်းကနေ ပုသိမ်-မုံရွာလမ်းကိုတက်ပြီးတော့ ကြို့ပင်ရွာဘက်ကိုသွားမယ့်ကား၊ ကံမ - ပြာကြီးလမ်းပိုင်း မှာပဲ ကျနော်တို့က မိုင်းဆွဲလိုက်တာ။ ပျက်သွားတဲ့ကားက အခုထိ အဲဒီနေရာမှာပဲ ရှိသေးတယ်လို့ သတင်းရထားတယ်။ ကြို့ပင်မှာ သူတို့လူကြီးလမ်းကြောင်းကိုလာကြိုတယ်။ အဲဒီကားကို ကျနော်တို့က တိုက်ခိုက်တယ်။ ပြီးတော့ ကျနော်တို့က မိုင်းဆွဲပြီးပဲ ဆုတ်ခဲ့လိုက်တာ၊ သူတို့လာကြိုတဲ့လူကြီးကလည်း အခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်။ ကံမမြို့ဘက်ကိုပဲ ခွေးသေ တွေရော၊ ဒဏ်ရာရတဲ့သူတွေရောပြန်သွားတယ်လို့ ယူဆရတာပေါ့။” ဟု သရက်ခရိုင် တပ်ရင်း ၄ Eagle Force တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ မကွေး တိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ်-၄ တပ်ရင်း - Eagle Force ၊ ကျောင်းသားလက်ရုံးတပ်တော် - SAF နှင့်လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ - WOLF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၇။ ကျိုက်မရောတွင် ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်
ဧပြီ ၁၄ ၊ Mizzima
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့(ဧပြီလ ၁၄ ရက်)မွန်းလွဲပိုင်းတွင် သံကလောင်ကျေးရွာရှိ ကျောင်း ဟောင်းကျောင်းထိုင်ဆရာတော် ဦးဝါယမသည် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တရနာကျေးရွာဘက်သို့ ဒကာတယောက်နှင့် အတူ ထွက်လာစဉ် ကျွန်းကုန်းနှင့် တရနာကျေးရွာကြား၌ စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် သေနတ်ဒဏ်ရာဖြင့် ပျံလွန်တော်မူကာ ဒကာဖြစ်သူလည်း သေနတ်ရှပ်ထိဒဏ်ရာ အနည်း ငယ်ရရှိခဲ့ကြောင်း သိရသည်။ “ကျွန်းကုန်းရောက်တော့ ကားတားတယ်။ မှန်ဖွင့်ပေးဆိုလို့ ဖွင့်ပေးတာ၊ ဖွင့်ပေးပြီးတာနဲ့ ရင်ဘတ်ကို နှစ်ချက် ပစ်တယ်။ ဆေးရုံပို့ဖို့လည်း တားထားတော့ သွေးတအားထွက်ပြီး အသက်ပါမရှိတော့တာ” ဟု ဒေသခံ အမျိုးသမီးတဦးက ပြောသည်။ စစ်ကောင်စီတပ်သားများ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့သည့် ဆရာတော် ဦးဝါယမသည် သက်တော် ၅၅ နှစ် ဝါတော် ၃၅ နှစ်ရှိပြီး ယနေ့(ဧပြီလ ၁၄ ရက်) ညနေပိုင်းတွင် အလှပ်ကုန်းသုဿာန်၌ မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
၈။ ကသာတွင် စစ်ကောင်စီတပ်သားပစ်ခတ်သဖြင့် အမှိုက်ကောက်သူ ၁ ဦးသေဆုံး
ဧပြီ ၁၄ ၊ DVB
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့မှာ ဧပြီ ၁၂ ရက် ညနေပိုင်းက တော်လှန်ရေးအဖွဲ့များက မိုင်းထောင်ထားတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှာဖွေစစ်ဆေးနေချိန် အရပ်သားတယောက် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ် လို့ သိရပါတယ်။ ညနေ ၅ နာရီလောက်ကတည်းက ကသာမြို့ လျှပ်စစ်ရုံးဝင်း အပါအဝင် ဆေးရုံအနီးက ရဲမင်းကြီးအိမ်ဝင်း အတွင်း ရုံးကြီးရှေ့ ရပ်ကွက် ၄၊ ရပ်ကွက် ၅ အဝင်လမ်းတွေကို စစ်ကောင်စီက ယာယီပိတ်ပြီး ရှာဖွေနေချိန် ညနေ ၆ နာရီ ခွဲလောက်က ရပ်ကွက် ၉ မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်ခံရသူ အမျိုးသားဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး တန်ဖိုးနည်းအိမ်ရာ တောရကျောင်းလမ်းနဲ့ မီးသတ်ဘက်မှာလည်း ကင်းပုန်းဝပ် စစ်ဆေးနေတာကိုမသိဘဲ ပြန်လာတဲ့ ပလုံ (အမှိုက်) ကောက်သူတွေဖြစ်ပြီး တယောက်ကတော့ ပေါင်မှာထိပြီး ကျန်ခဲ့တယ်လို့ သိရပါတယ်။
၉။ အရာတော်မြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးရှို့
ဧပြီ ၁၄ ၊ DVB
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကျေးရွာ ၂ ရွာကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက် မီးရှို့ခဲ့ပြီး ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ အဲဒီ စစ်ကြောင်းဟာ အရာတော်မြို့ စ.ခ.တ ၁၀ ကနေ စစ်ကား ၉ စီးနဲ့ စတင်ထွက်ပြီး အခုလို ဝါးတောမရွာကို မနက်ပိုင်းမှာ ဝင်ရောက်တာဖြစ်တယ်လို့ သိရပါတယ်။
ဝါးတောမရွာကို အင်အားအများအပြား အသုံးပြုပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာဟာ ပြီးခဲ့တဲ့ ရက်တွေက မုံရွာ န.မ.ခ ကနေ စစ်ကားတွေနဲ့ အရာတော် စ.ခ.တ ၁၀ ကို စစ်သားအင်အား ထပ်ဖြည့်တာကို ပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခံရတာလို့ ဒေသခံတွေ ပြောပါတယ်။ ဝါးတောမရွာဟာ အိမ်ခြေ ၃၀၀ လောက်ရှိနဲ့ လူဦးရေ ၁၃၀၀ လောက်ရှိပြီး အရင်အကြိမ်တွေ အခုလို ရွာထဲဝင်ချိန်မှာ ပစ္စည်းယူတာမျိုး မရှိပေမဲ့ အခုတော့ ရွာက ပြည်သူတယောက်ရဲ့ ကားနဲ့ ပစ္စည်းတွေကို ယူသွားပြီး ရွာကိုပါ မီးရှို့ခဲ့တာကြောင့် ဒေသခံနေအိမ် ၈၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ သိရ ပါတယ်။
Comments