top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု -၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်

နေ့စဉ်သတင်းစုစည်းမှု

15-April-2024


တိုက်ပွဲသတင်း


၁။ ရှမ်းပြည်နယ် ညောင်ရွှေတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ၃၀ ကျော်သေဆုံး


ဧပြီ ၁၅ ၊ PVTV


ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ညောင်လေးပင်ရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ဧပြီ ၁၃ ရက်မှာ PDFတပ်ဖွဲ့တွေက လက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်က ၃၀ ကျော်သေဆုံးခဲ့သလို အင်းလေး PDF နှစ်ဦးမြင့်မြတ်စွာ အသက်ပေးလှူ ခဲ့ရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က သိရပါတယ်။


"၃၀ကျော်သေဆုံးပြီး အလောင်းများခုချိန်ထိလာမကောက်နိုင်သေးပဲ ဒဏ်ရာရရှိရာ ၂၀ ကျော်ကို အောင်ပန်း ကုတင် ၇၀၀ စစ်ဆေးရုံမှာ ကုသပေးနေတယ်ဆိုတာ သိရတယ်"လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။


"အသက်ပေးလှူကြရတဲ့ရဲဘော်ရဲ့မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးကို မိမိတို့ IPDF ရဲဘော်တွေက ဆက်လက်တာဝန်ထမ်းဆောင်သွားပါမယ်။ သွေးကြွေးပြန်ယူပေးပါမယ်လို့ ကတိသစ္စာပြုရင်း ရဲဘော်အောင်ကြီး ရဲဘော် အယ်ဝိုင်းတို့ကို အလေးနီပြုပါတယ်" အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ကဆိုပါတယ်။



၂။ ပြင်ဦးလွင် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရပြီး ရဟန်းနှစ်ပါး အပါအဝင် သုံးဦးသေ၊ ရှစ်ဦး ဒဏ်ရာရ


ဧပြီ ၁၅ ၊ RFA


မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ စစ်တက္ကသိုလ်ကို ဧပြီလ ၁၅ ရက်ညပိုင်း အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့တဲ့ ရှော့တိုက်ဒုံးတွေ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သုံးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှော့တိုက်ဒုံး (၁၅) လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ ပြင်ဦးလွင် ဆေးရုံကြီးနဲ့ အမှတ် (၈) ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါ တယ်။ အောင်မြေဇေယျာဘုန်းကြီးကျောင်းက ရဟန်းနှစ်ပါးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အရပ်သားရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြင်ဦးလွင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။


"ဆုံးသွားတဲ့ ဘုန်းကြီးနှစ်ပါးက သင်္ကြန်ကာလဒုလ္လဘဝတ်တဲ့သူတွေပါ။ သူတို့နေရာနားကို ကျပြီးပေါက်ကွဲလို့ နေရာမှာ တင် ဆုံးသွားပါတယ်။ နောက်အမျိုးသားတစ်ဦးက အမှတ် (၈) ရပ်ကွက်က သူလည်းနေရာမှာတင် ဆုံးတယ်။ အဲဒီရပ်ကွက် ကပဲ နောက်ထပ်သုံးဦး ဒဏ်ရာရတယ်။ ပြင်ဦးလွင် ဆေးရုံကြီး၊ အရိုးကုသအဆောင်မှာကျ ရှော့တိုက်ဒုံးကြောင့် ငါးဦး ဒဏ်ရာရပါတယ်"။ရှော့တိုက်ဒုံးတွေ ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း သင်္ကြန်ကာလ ပြင်ဦးလွင်ကို အပန်းဖြေလာကြသူတွေနဲ့ မြို့ခံတချို့ မြို့ကိုစွန့်ခွာဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။


ဒါ့အပြင် ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့တဲ့ ပြင်ဦးလွင်ဆေးရုံက လူနာအများစုဟာ မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့ကုသဖို့ ပြင်ဆင်နေသလို ပြင်ဦးလွင်မြို့ပေါ်မှာလည်း ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးတင်းကျပ် စစ်ဆေးနေတယ်လို့ မြို့ခံတွေကပြောပါတယ်။



၃။ မုံရွာမြို့နယ်၊ သာစည်စစ်တပ်ဂိတ်နှင့် ပလင်ကုန်းရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်ဗိုလ်တစ်ဦး အပါအဝင် ၃ ဦးသေဆုံး


ဧပြီ ၁၅ ၊ D Day News


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာ စစ်တပ်ဂိတ်နှင့် ပလင်ကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA တပ်ဖွဲ့ထံမှ သိရသည်။ ဧပြီလ ၁၃ ရက် နံနက် ၈ နာရီခန့်က မုံရွာမြို့နယ်၊ ပလင်ကုန်းရွာတွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ရွာပြင်ရှိ ရေကန်ကြီးဘေး၌ အပြန်အလှန် တိုက်ခိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ အလားတူ ဧပြီလ ၁၂ ရက် နံနက် ၈ နာရီ ၁၀ မိနစ် ဝန်းကျင်ခန့်က သာစည်ကျေးရွာ၌ တပ်စွဲထား သော အကြမ်းဖက်စစ်တပ် ကင်းစခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်သား ၃ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်-ADPRA နှင့် ရေဦး ပကဖ ဖီးနစ် တပ်ခွဲတို့ ပူးပေါင်းကာ တိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။



၄။ မုံရွာ-‌ချောင်းဦးလမ်းပေါ်တွင် ကင်းပုန်းစစ်သားနှင့် စစ်သားများစီးနင်းလိုက်ပါလာသည့် အိမ်စီးကား တစ်စီးကိုမိုင်းဆွဲ တိုက်ခိုက်မှု အရာခံဗိုလ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံး


ဧပြီ ၁၅ ၊ D Day News


စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ငါယှန်ကျေးရွာကြားတွင် ကင်းပုန်းစစ်သားများနှင့် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်တစ် ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာ ခရိုင် အမှတ် ၁၁ တပ်ရင်း People's Defence Force - South Monywa ထံမှ သိရသည်။ ဧပြီလ ၁၃ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်မှ အကြမ်းဖက်စစ်သားများသည် နတ်ရေကန်ကျေးရွာနှင့် ငါယှန် ကျေးရွာကြား၌ ကင်းပုန်းဝပ်ရန် မိုင်းကွင်းပေါ်ရပ်နေစဉ် မိုင်း ၂ လုံးပွိုင့် တစ်ပွိုင့်ဖြင့် လည်းကောင်း၊ ထို့နောက် မြင်းမူဘက်မှ အကြမ်းဖက်စစ်သားများ လိုက်ပါလာသော ရွှေငါးကားတစ်စီးထပ်မံရောက်ရှိလာသဖြင့် မိုင်း ၂ လုံးပွိုင့်တစ်ပွိုင့်ဖြင့် လည်း ကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ သိရသည်။ ထိုသို့ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ အရာခံဗိုလ်တစ်ဦး အပါအဝင် ၅ ဦး သေဆုံးပြီး သေဆုံးအကြမ်းဖက်စစ်သားများကို ချောင်းဦးမြို့သို့ သယ်ဆောင်သွားကြောင်း၊ မိုင်းဆွဲ ခံရပြီး နောက် အနီးအနားရှိ ပြည်သူများကို ၂ ကြိမ် ဖမ်းဆီးခဲ့ပြီး ပထမတစ်ကြိမ် ဖမ်းဆီးသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရ သည်။ အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း - People's Defence Force - South Monywa တပ်ခွဲ ၁၊ နွေဦးလူငယ်People's Defence Force၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force နှင့် Pentagram တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။



၅။ နောင်ချိုတွင် တိုက်ပွဲပြင်းထန်နေ၊ ဒေသခံအချို့ သေဆုံးဒဏ်ရာရပြီး နေအိမ်များ မီးလောင်


ဧပြီ ၁၅ ၊ D Day News


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သရက်ကုန်းရွာရှိ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကို ဧပြီ ၁၅ ရက်မနက်မှာ မန္တလေးပြည်သူ့ကာကွယ် ရေးတပ် (MDY-PDF) နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာက တိုက်ပွဲပြင်းထန်ပြီး ဒေသခံအချို့ သေဆုံး၊ ဒဏ်ရာရခဲ့သလို နေအိမ်တွေလည်း မီးလောင် နေတယ်လို့ သိရပါတယ်။ ဒေသခံ မိန်းကလေးတဦးက "မနက်က တယောက်သေသွားတယ်။ ပေါင်ပြတ်တဲ့သူကပြတ်၊ ဒဏ်ရာရသူတွေရောပဲ။ ဘယ်နှယောက် ထိခိုက်ဒဏ်ရာရလည်း တိတိကျကျတော့ မသိရဘူး။ နေ့လယ်ပိုင်းက ဦးဇင်း တပါး လည်း ထိခိုက်ပြီး ပျံလွန်‌တော်မူသွားတယ်" လို့ ပြောပါတယ်။ရွာထဲမှာ စစ်ကောင်စီတွေ တပ်စွဲထားတာ ၅ လ လောက်ရှိပြီ ဖြစ်ပြီး ဒီနေ့ မနက် အစောပိုင်းကမှ ရုတ်တရက် တိုက်ပွဲဖြစ်လာလို့ ရွာခံ ပြည်သူတွေ ခြေဦးတည့်ရာ ဘေးလွတ်ရာ အနီးနား ရွာတွေဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သူက ပြောပါတယ်။



၆။ ဘူးသီးတောင်တိုက်ပွဲ ရိုဟင်ဂျာ ၂၅ ဦးသေဆုံး၊ ၃၀၀၀ နီးပါး ထွက်ပြေးနေရ


ဧပြီ ၁၅ ၊ RFA


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ The Arakan Rohingya Salvation Army လို့ နာမည် ပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ အာဆာ (ARSA) တို့ တိုက်ပွဲအတွင်း ဧပြီလ ၁၂ ရက်နေ့က လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ ၂၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဧပြီလ ၁၂ ရက်နေ့ကစဖြစ်တဲ့ အဲဒီတိုက်ပွဲကြောင့် ဦးလှဖေ၊ ရွက်ညိုတောင်နဲ့ ကွန်တိုင်ရွာတွေက ရိုဟင်ဂျာ သုံးထောင် ဝန်းကျင် မြို့ပေါ်ကိုထွက်ပြေးချိန် အပစ်ခံခဲ့ရတာလို့ ဆိုပါတယ်။ အာဆာ (ARSA) အဖွဲ့ဟာ အဲဒီရွာတွေမှာ ခြေကုပ်ယူပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်နေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါ တယ်။ “ဦးလှဖေနဲ့ ရွက်ညို‌တောင်ကြားထဲမှာလေ အာဆာ (ARSA) နဲ့ စစ်တပ်နဲ့ပေါင်းပြီးတော့ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲ ဖြစ်တယ်။ ရက္ခိုင့်တပ်တော်ဘက်က နှစ်ယောက်ဒဏ်ရာရတယ်။ သူတို့ဘက်က ခြောက်ယောက် သေသွားတယ်လို့ ပြော တယ်။ ဘုတ်ကို စစ်တပ်က လက်နက်ကြီးပစ်တယ်။ မွတ်စလင်အားလုံး ၂၅ ယောက်လောက် ပါသွားတယ်လို့ပြောတယ်။ ဘုတ်(သင်္ဘော) မြုပ်တဲ့အထဲမှာ ကျတာလို့ပြောတယ်”။ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ ပစ်နေတာကြောင့် သေဆုံးသွားသူတွေရဲ့ အချက်အလက်အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


အဲဒီအခြေအနေကိုသိတဲ့ အမည်မဖော်လိုသူ မောင်တော ဒေသခံတစ်ဦးကလည်း ဒေသခံရိုဟင်ဂျာတွေ ထွက်ပြေးချိန်မှာပဲ အပစ်ခံခဲ့ရတာလို့ RFA ကို အတည်ပြုပါတယ်။



လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ


၇။ ဆိပ်ဖြူမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး


ဧပြီ ၁၅ ၊ Myanmar Now


မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာမှာ ဧပြီလ ၁၄ ရက် မနေ့ညနေက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက် မှုကြောင့် နေအိမ်ခုနစ်လုံး ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိပ်ဖြူဒေသခံတွေက ပြောပါတယ်။


စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ဗုံးတစ်လုံးကြဲပြီး စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရှားလှရွာ စာသင် ကျောင်းအနီးမှာနေထိုင်တဲ့ အသက် ၅၃ နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ရှားလှရွာခံတစ်ဦးကတော့ နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာလို့ RFA ကို ပြောပါတယ်။“ဆိပ်ဖြူအနောက်ဘက်အခြမ်း ရှားလှရွာကို လေယာဉ်နဲ့ဝဲပြီး သုံးကြိမ်ပစ်တာ။ ဝန်ကြီးရွာဘက်ကိုလည်း ပစ်တယ်။ ရှားလှရွာမှာ စာသင်ကျောင်းနဲ့ကပ်လျက် အိမ်မှာနေတဲ့ အမျိုးသမီးတစ်ဦး လက်နက်ထိပြီးတော့ သေတာ”

ရှားလှရွာ လေကြောင်းတိုက်ခိုက်မှုမှာ နေအိမ်ခုနစ်လုံး ပျက်စီးခဲ့ပြီး ဝန်ကြီးရွာဘက်ပစ်ခတ်မှုမှာတော့ အရပ်သား ထိခိုက်၊ သေဆုံးတာမရှိဘူးလို့ ဒေသခံက ပြောပါတယ်။



၈။ အရာတော်မှာ စစ်ကြောင်းဝင်လာချိန် ဒေသခံနှစ်ဦး ပစ်သတ်ခံရ


ဧပြီ ၁၅ ၊ RFA


စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝါးတောမရွာမှာ ဧပြီလ ၁၃ ရက်နေ့က အင်အားခြောက်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်စီးနင်းပြီးနောက် ဒေသခံနှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။


စစ်ကောင်စီတပ်သားတွေဟာ အရာတော်မြို့နယ် အနောက်ဘက်အခြမ်းရွာတွေဖြစ်တဲ့ ဝါးတောမ၊ မကျီးစု၊ ရေယဉ်သာ၊ ဘော်ကုန်းစတဲ့ရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး ဝါးတောမရွာက အသက် ၇၀ အရွယ် အဘိုးတစ်ဦးနဲ့ အသက် ၅၀ ကျော် အရွယ် အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ “ရွာထဲဝင်စီးနင်းတော့ ထွက်ပြေးဖို့က အချိန်မရလိုက်တာ။ အဲဒီမှာ အဖမ်းခံရပြီးတော့ အသတ်ခံလိုက်ရတာ။ ရွာတွေမီးရှို့ခံရတာလည်းရှိတယ်။ အခုလည်း စစ်ကြောင်းက အရာတော် ထဲမှာရှိသေးတော့ အသေးစိတ် မသိရသေးဘူး”။ အဲဒီနေ့မနက်ပိုင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ ဝါးတောမရွာသားသုံးဆယ်ကိုတော့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေ ဆက်ပြီးစစ်ကြောင်းထိုးနေလို့ ရွာငါးရွာက ဒေသခံ ငါးထောင်နီးပါး အခုချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။




Comments


bottom of page