top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဧပြီလ ၁၈ ရက်

နေ့စဉ်သတင်းစုစည်းမှု

18-April-2024


တိုက်ပွဲသတင်း


၁။ ချောင်းဦးမြို့ရဲစခန်းကို PDF တွေက ဒရုန်းနဲ့ တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံး


ဧပြီ ၁၈ ၊ PVTV


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ ရဲစခန်းကို မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၁၇ ရက် မနက် ၁၀နာရီ ၁၉မိနစ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင်ဘအမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)မှ ဒီနေ့ နေ့လည်မှာ ထုတ်ပြန် လိုက်ပါတယ်။ ချောင်းဦးမြို့ ရဲစခန်းကို ဒရုန်း ၃စီး အသုံးပြုပြီး ‌ဗုံးသီး ၁၁လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက် နေချိန်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေဘက်မှလည်း လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေး ရဲဘော်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း ဒရုန်းတစ်စီး ပျက်စီး ဆုံးရှူံးခဲ့ရတယ်လို့ ဆိုပါတယ်။


အဆိုပါ ဒရုန်းစစ်ဆင်ရေးကို လျှပ်စီးတပ်ခွဲ (မုံရွာခရိုင်ဘအမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)၊ ရန်ရှင်း ဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ်-၈ တပ်ရင်း၊ မီးတောက်တပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၄)စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



၂။ မြဝတီသို့ ထိုးစစ်ဆင်လာသည့် စစ်တပ်ကို KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်


ဧပြီ ၁၈ ၊ The Irrawaddy


ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တို့ က ဖြတ်တောက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ယနေ့ ထုတ်ပြန်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိသော ခြေလျင်တပ်ရင်း ခလရ -၂၇၅ ကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက မြဝတီမြို့ ပြန်လည်ရရှိရေး အောင်ဇေယျအမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတခု ဖော်ဆောင်၍ ထိုးစစ်ဆင်လာရာ လမ်းတလျှောက်၌ အဆက်မပြတ် ဖြတ်တောက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ သံချပ်ကာ ယာဉ် အပါအဝင် စစ်သုံးကားအချို့နှင့် တပ်ဖွဲ့ဝင် ၁၀၀ ကျော် ထိခိုက်သေဆုံးခဲ့သဖြင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါန တောင်တန်းအနောက်ဘက် တောင်ခြေတွင် ရပ်တန့်နေသည်ဟု KNU က ဆိုထားသည်။

ထိုးစစ်ဆင်လာသော အာဏာသိမ်း စစ်ကောာင်စီတပ်များက ၎င်းတို့လာရာလမ်းတလျှောက်တွင် စစ်ရေးပစ်မှတ်မဟုတ် သည့် အရပ်သားများနေထိုင်ရာ နေရာဒေသများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း တို့ကို လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။



၃။ ခလရ (၂၉၉) နှင့် မလွှဲတောင်ဂိတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ အရာရှိအဆင့်အပါဝင် ၅ ဦး သေဆုံး


ဧပြီ ၁၈ ၊ Mizzima


မွန်-တနင်္သာရီလမ်းပိုင်းရှိ စစ်ကောင်စီ၏ ခလရ (၂၉၉) တပ်ရင်းနှင့် မလွှဲတောင်ဂိတ်တို့ကို ဧပြီ လ ၁၂ ရက်နေ့က ဒေါန စစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ အရာရှိအဆင့်တဦးအပါဝင် ငါးဦး သေဆုံးကာ ၃၀ ကျော်နီးပါး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေါနစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


ရေးမြို့နယ်ရှိ ကိုးကျေးရွာမှ ခလရ(၂၉၉)တပ်ရင်းနှင့် မွန်-တနင်္သာရီနယ်ခြားမျဥ်းပေါ်ရှိ မလွှဲတောင်ဂိတ် တို့ကို ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်တွင် လက်နက်ကြီး ၁၇ ကြိမ်နှင့် ဒရုန်းဗုံးသီး အလုံး ၈၀ ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါနစစ်ကြောင်း၏ သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံကပြောသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က K-8W နှစ်စင်း၊ Mi-35 တစင်း၊ Y-12 တစင်း စုစုပေါင်းလေယာဉ်လေး စင်းအသုံးပြုကာဗုံးကြဲတိုက်ခိုက်သဖြင့် ကိုးမိုင်ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်နှစ်လုံးထိ ခိုက်ပျက်စီးခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တဦးကျဆုံးကာ နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကပြောသည်။


ယခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တပ်ရင်း(၁)၊ ရေး ပြောက်ကျားတပ်ဖွဲ့ (ဒေါနတပ်ခွဲ-၃) YGF ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒေါနတပ်ခွဲ-၄) KBDF ၊ ဝေဟင်တပ်ဖွဲ့ (ဒေါနတပ်ခွဲ-၆) ၊ ထားဝယ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒေါနတပ်ခွဲ-၇) DDT ၊ ရေးသိမ်းငှက် (ဒေါနလုံခြုံရေးတပ်ခွဲ) ၊ ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း(T1) ၊ Saw Dragon Drone Force (ဒရုန်းအထူးတပ်ဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။



၄။ တနိုင်းက ပယင်းတောင်တပ်စခန်းကို KIA သိမ်းယူ


ဧပြီ ၁၈ ၊ RFA


ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက ပယင်းတောင် (နွယ်ဂျဲဘွမ်) စစ်တပ်ရှေ့တန်းစခန်းကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က ဧပြီလ ၁၇ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဒီစခန်းဟာ စစ်ကောင်စီတပ် ခလရ-၂၉၇ ရဲ့ အင်အား သုံးဆယ်ခန့်နဲ့ အထိုင်ချတဲ့တပ်စခန်းဖြစ်ပြီး တနိုင်း မြို့နယ်ထဲက ယပင်းမှော် (ပယင်းထုတ်လုပ်ရေးလုပ်ငန်းခွင်) ကို ထိန်းချုပ်ထားတဲ့ ရှေ့တန်းစခန်းတစ်ခုလို့ ဒေသခံတွေက ပြောပါတယ်။


စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေ လုပ်နေတဲ့ကြားက KIA ဘက်က သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “စခန်းကိုတော့ မနေ့က သိမ်းလိုက်ပြီ။ လက်နက်တွေလည်း သိမ်းရတယ်လို့ပြောတယ်။ ၂၀၁၇ က တိုက်ပွဲဖြစ်ပြီး စကစတွေ ထိုင်လိုက်တဲ့ စခန်းဟုတ်တယ် အရင်ကတော့ KIA စခန်းပေါ့။ မနေ့က စခန်းသိမ်း ပြီးနောက် စစ်ကောင်စီက လေကြောင်းနဲ့ လာပစ်တာလည်းရှိတယ် မနေ့က”ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။


KIA ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ EEDY SHIGA ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ပယင်းတောင်စခန်းကို သိမ်းပိုက် လိုက်ကြောင်းနဲ့ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။



၅။ ရေတာရှည်တိုက်ပွဲတွင် စစ်သား ၂၀ နှင့် PDF ၂ ဦး ကျဆုံး


ဧပြီ ၁၈ ၊ RFA


ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်က၊ ခင်တန်းကြီးကျေးရွာအနီးမှာ ဧပြီ ၁၇ ရက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ သေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံးသွားခဲ့ရတယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာန၊ တပ်ရင်း ၉၀၁ ဆီက သိရပါတယ်။ တပ်ရင်း ၉၀၁ ရဲ့ တာ၀န်ရှိသူတဦးက “တိုက်ပွဲက မနေ့က (ဧပြီ ၁၇) နေ့လယ် ၁၂ လောက်မှာ စစ်တောင်းမြစ် အနောက်ဘက်ကမ်းကနေ ခင်တန်းကြီးရွာဘက်ကိုကူးလာတဲ့ အင်အား ၈၀ လောက်ရှိတဲ့ စကစစစ်ကြောင်းကို ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်တာ၊ စစ်သား ၂၀ လောက် သေတယ်။ သေနတ် ၂ လက် ရတယ်ဗျာ။ ကျနော်တို့အဖွဲ့ဘက်က ရဲဘော် ၂ ဦးကတော့ နိုင်ငံနဲ့ ပြည်သူလူထုအတွက် အသက်ပေးလှူ လိုက်ရတယ်” လို့ DVB ကို ပြောပါတယ်။ ကျဆုံးသွားတဲ့ PDF ရဲဘော် ၂ ဦးဟာ နေပြည်တော်တိုင်းစစ်ဌာန၊ ၉၀၁ တပ်ရင်း၊ တပ်ခွဲ ၃ က တပ်ခွဲမှူး ရဲဘော် ဇိုးလေး နဲ့ (စနိုက်ပါ) ရဲဘော် ဥက္ကာစိုး (ခေါ်) သရဲတို့ဖြစ်ပြီး ဆွာမြို့စစ်ကောင်စီတပ်က စစ်ကူပေးပြီး ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ကျဆုံးရတာလို့ ဆိုပါတယ်။



၆။ မြင်းခြံ၊ စံပြရွာ စစ်တပ် ယာယီ အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၄ ဦးသေဆုံး


ဧပြီလ ၁၈ ၊ D Day News


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြရွာရှိ အကြမ်းဖက် စစ်တပ်၏ ယာယီအထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း (27 Revolution Forces) ထံမှ သိရသည်။


ဧပြီလ ၁၅ ရက်နေ့က မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ယာယီ အထိုင်စခန်းကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း (27 Revolution Forces) ၊ ဒေါင်းမင်းတမန် ပြောက်ကျားနက်အဖွဲ့ ၊ MG6 ပြောက်ကျား တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ


၇။ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ ထိုင်း တောင်းဆို


ဧပြီ ၁၈ ၊ RFA


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အကျဉ်းထောင်ကနေ နေအိမ်တွေကို ပြောင်းလိုက်တာကို ထိုင်းအစိုးရအနေနဲ့ ကြိုဆိုကြောင်း ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပန်းဖရီး ဘာဟီဒါ နူကာရာက မနေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ဒါဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ပူပန်မှုအတွက် အပြုသဘော ဆောင်တဲ့ ခြေလှမ်း တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည် ဖော်တဲ့အနေနဲ့ သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်လို့ ဧပြီလ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီအတောအတွင်းမှာပဲ ထိုင်းဝန်ကြီးချုပ် ဆရက်ထာ ထာဝီဆင် (Srettha Thavisin) နဲ့ နယူးဇီလန် ဝန်ကြီးချုပ် ခရစ္စတိုဖာ လူဇွန် (Christopher Luxon) တို့ရဲ့ ကမ္ဘာ့ရေးရာနဲ့ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေ ဆွေးနွေးတဲ့အခါ မြန်မာ့အရေးလည်း ပါဝင်ခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ မြန်မာပြည်ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ညီညွတ်ရေးတွေအတွက် အာဆီယံ ဦးဆောင် ကြိုးပမ်းနေတဲ့ ဘုံသဘောတူညီချက်တွေအတိုင်း အကောင်အထည်ပေါ်လာအောင် အထူး ထောက်ခံအားပေးသွားကြမှာ ဖြစ်သလို၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ အပြုသဘောဆောင်ပြီး လက်တွေ့ကျတဲ့ လုပ်ရပ်တွေကို အားပေးသွားမယ်လို့ မနေ့ကထုတ်တဲ့ နှစ်နိုင်ငံကြေညာချက်မှာ ဖော်ပြထားပါတယ်။



၈။ ဗိုလ်မှူးကြီးစောချစ်သူရဲ့ တပ်ကိုပေးထားတဲ့ လက်နက်တွေပြန်ပေးအပ်ဖို့ စစ်ကောင်စီဘက်ကပြောတယ်လို့ဆို


ဧပြီ ၁၈ ၊ BBC


ကရင်နယ်ခြားစောင့်တပ်(BGF) ကနေ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA) အဖြစ်အသွင်ပြောင်းထားတဲ့ ဗိုလ်မှူးကြီး စောချစ်သူကို ပံ့ပိုးပေးထားတဲ့ လက်နက်ခဲယမ်းတွေပြန်ပေးဖို့ စစ်ကောင်စီကကိုယ်စားလှယ်လွှတ်ပြီး ပြောဆို ထားတယ်လို့ ထိုင်းဘက်က လာတဲ့သတင်းတွေက ဖော်ပြပါတယ်။ ထိုင်း PBS သတင်းမှာတော့ လက်နက်ခဲယမ်းတွေ ပြန်မပေးရင် ဗိုလ်မှူးကြီး စောချစ်သူထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်၊ ရွှေကုက္ကိုမြို့သစ်က လောင်းကစားနဲ့ အမာခံ စခန်း တွေကို တိုက်ခိုက်မယ်လို့ စစ်ကောင်စီဘက်က ပြောတဲ့အကြောင်းဖော်ပြထားပါတယ်။


ဒီအခြေအနေကို အသေးစိတ်သိရဖို့ ဒီကနေ့ ဧပြီ ၁၈ ရက်မှာ ဗိုလ်မှူးကြီး စောချစ်သူကို ဘီဘီစီက မေးမြန်းဖို့ကြိုးစား နေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။


ဗိုလ်မှူးကြီး စောချစ်သူရဲ့ တပ်ဟာ နယ်ခြားစောင့်တပ်အဖြစ် နှစ်ပေါင်း ၃၀ နီးနီး စစ်ကောင်စီတပ်နဲ့ လက်တွဲလုပ်ဆောင် ခဲ့တာဖြစ်ပြီး အခုနှစ် ဇန်နဝါရီနှောင်းပိုင်းမှာတင် ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်ပြည်နယ်ကို နေ့ချင်းပြန် သွားပြီး တွေ့ဆုံဆွေးနွေးတာတွေ လုပ်ခဲ့တာပါ။ ဗိုလ်မှူးကြီး‌စောချစ်သူကတော့ တပ်ဖွဲ့ဝင်အများစုရဲ့ ဆန္ဒကြောင့် စစ်တပ် လက်အောက်မှာ‌ဆက်နေဖို့ မဖြစ်တာကြောင့် စစ်တပ်ရဲ့ ထောက်ပံ့မှုတွေကိုဆက်မယူတော့ဖို့ဆုံးဖြတ်တာလို့ ဘီဘီစီကို အစောပိုင်းမှာ ပြောထားပါတယ်။



၉။ အာဆီယံ-နယူးဇီလန်ညီလာခံမှာ စစ်ကောင်စီကိုယ်စားလှယ်ကို ဆန္ဒပြ


ဧပြီ ၁၈ ၊ RFA


နယူးဇီလန်နိုင်ငံရဲ့မြို့တော် ဝဲလ်လင်တန် (Wellington)မှာ အာဆီယံ-နယူးဇီလန်ညီလာခံကိုဧပြီလ ၁၈ နဲ့ ၁၉ နှစ်ရက်တာ ကျင်းပနေပါတယ်။ အဲဒီညီလာခံမှာ စစ်ကောင်စီဘက်က ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိတဲ့ ကိုယ်စားလှယ်တစ်ယောက် တက်ရောက်နေတဲ့အတွက် နယူးဇီလန်ရောက် မြန်မာတွေက ညီလာခံ ပထမနေ့ဖြစ်တဲ့ ဧပြီ ၁၈ ရက်မှာ ဆန့်ကျင်ဆန္ဒပြခဲ့ ကြပါတယ်။ဆန္ဒပြပွဲကို ဝဲလ်လင်တန်မြို့က နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနရုံးချုပ်ရှေ့မှာ မနက်ပိုင်းကစလို့ ပြုလုပ်ခဲ့ပြီး မြန်မာ့အရေးလှုပ်ရှားသူ ၂ဝဝ ကျော် ပါဝင်ခဲ့ပါတယ်။ “ဒီနေ့ကတော့ သူတို့တက်ရောက်လာတဲ့အတွက် သူတို့ ကို ကန့်ကွက်တာရော ဖိတ်ကြားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုရော ကန့်ကွက်တဲ့ သဘောရော လုပ်ခဲ့ကြတဲ့သဘောပါ။ စစ်ကောင်စီကိုယ်စားလှယ်ကို မဖိတ်ကြားဖို့အတွက် နောက်ဆုံးအထိ မဟန့်တားနိုင်ခဲ့သော်လည်းပဲ ကျွန်တော်တို့ကတော့ အဆုံးထိ ကန့်ကွက်ခဲ့ကြတယ်။ အစိုးရအနေနဲ့ကလည်း ကျွန်တော်တို့အသံကို ကောင်းကောင်းကြားခွင့်ရမယ်လို့ ထင်တယ် ။ နောက်ဆို သူတို့ တော်တော်လေးဆင်ခြင်သွားမယ်လို့ ယူဆရတယ်”


စစ်ကောင်စီကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ဗီဇာမပေးဖို့ မြန်မာတွေနဲ့ မြန်မာ့မိတ်ဆွေ နယူးဇီလန်တွေက ဧပြီလဆန်း ကတည်းက အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံက ချမှတ်ထားတဲ့ မူအတိုင်းပဲ ဆောင်ရွက်မယ်လို့ နယူးဇီလန် ဝန်ကြီးချုပ်သစ် လူဇွန်က ပြောထားပါတယ်။

အခုဆန္ဒပြပွဲကို ဦးဆောင်တဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ New Zealand Karen Association (NZKA) ဥက္ကဋ္ဌ မန်းလှအေးကလည်း အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို ဖိတ်တာက မဖြစ်သင့်လို့ အခုလိုဆန္ဒပြတာလို့ RFA ကိုပြောပါတယ်။



လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ


၁၀။ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်တပ်က ပြန်ဖမ်း


ဧပြီ ၁၈ ၊ The Irrawaddy


စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယမန်နေ့က မြစ်ကြီးနားထောင်မှ ပြန်လွတ်လာသည့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အား ယင်းနေ့ညပိုင်း၌ပင် စစ်ကောင်စီ က ပြန်လည်ဖမ်းဆီးသွားကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ထိုဖမ်းဆီးမှုတွင် ဒေါက်တာ ခလမ် ဆမ်ဆွန်နှင့်အတူ ၎င်း၏အမျိုးသမီးဖြစ်သူနှင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ တာဝန်ရှိသူတဦးလည်း ပါဝင်ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူများက ဆိုသည်။ အဆိုပါဖမ်းဆီးမှုနှင့်ပတ်သက်ပြီး အကြောင်းအရင်း သေချာစွာ မသိရသေးကြောင်းလည်း ဒေါက်တာခလမ်ဆမ်ဆွန်၏ ရှေ့နေဖြစ်သူနှင့် မိသားစုဝင်များက ပြောသည်။

လက်ရှိ စစ်တပ်က ပြန်လည်ဖမ်းဆီးသွားသည့် ဒေါက်တာခလမ်ဆမ်ဆွန် အပါအဝင် သုံးဦးစလုံးအား မြစ်ကြီးနားအကျဉ်း ထောင် ရိပ်သာတွင် ထားရှိထားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးက ဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် စစ်ကောင်စီကစွပ်စွဲသည့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) တို့ဖြင့် ၂၀၂၃ ဧပြီ ၇ ရက်တွင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် မြစ်ကြီးနားထောင်တွင် အကျဉ်းချခံထားရသည့် ၎င်းအနေဖြင့် ယမန်နေ့က လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း နာရီပိုင်းအကြာ၌ပင် ပြန်လည်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

၁၁။ ဒီပဲယင်းတွင် လယ်ယာလုပ်ကိုင်နေသူများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ

ဧပြီ ၁၈ ၊ Myanmar Now

စစ်ကိုင်တိုင်း၊ ဒီပဲယင်းမြို့နယ် အင်းတန်းကျေးရွာအနီးတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံး ၁၂ လုံးကြဲချသွားရာ အင်းတန်းကျေးရွာ တောင်ဘက်ရှိလယ်ကွင်းများထဲသို့ ကျရောက်ပေါက်ကွဲခဲ့ ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ ကိုကြီးဖြိုးက ပြောသည်။ “သူတို့ပစ်ခတ်တဲ့အချိန်မှာ တောင်သူလယ်လုပ် နေတဲ့ ပြည်သူတွေ၊ ငါးရှဉ့်ထိုးနေတဲ့ ပြည်သူတွေရှိနေ တယ်။ ဝေဟင်ကဝဲလာတာနဲ့ ချက်ခြင်းထွက်ပြေးလို့ လွတ်မြောက် ခဲ့တယ်” ဟု ၎င်းကပြောသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီပဲယင်းမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဆိုသည့် သတင်းမှားဖြန့်ဝေမှုများပြုလုပ်ပြီးနောက် ယခုကဲ့သို့ မြို့နှင့်အနီး ဆုံးရှိ အင်းတန်းကျေးရွာကို လေကြောင်းမှတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကိုကြီးဖြိုးက မှတ်ချက်ပြုသည်။

စစ်ကောင်စီကတိုက်ခိုက်ခဲ့သည့် အင်းတန်းကျေးရွာသည် ဒီပဲယင်းမြို့နှင့်တဆက်တစပ်တည်း တည်ရှိ သည့်ကျေးရွာဖြစ်ပြီး ရွာတောင်ဘက်မှလယ်ကွင်းများကိုဖြတ်ကာ ဒီပဲယင်းမြို့ပေါ်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်တခုရှိပြီး အဆိုပါ လမ်းကြောင်းပေါ်ကို ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

၁၂။ ကလေးမြို့ ပျဉ်းခုံကြီးရွာက ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

ဧပြီ ၁၈ ၊ RFA

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်းက အိမ်ခြေငါးရာနီးပါးရှိတဲ့ ပျဉ်းခုံကြီးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ခဲ့လို့ ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဧပြီလ ၁၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။ ဧပြီလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာမှာ ရှိတဲ့နေအိမ်တွေအပြင် ခရစ်ယာန်ဘုရားကျောင်း ငါးကျောင်းပါ မီးလောင်ပျက်စီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွာဘက်ကို မသွားရဲကြသေးဘူး။ ရွာလုံးကျွတ် နေအိမ်တွေ မီး ထဲပါသွားတယ်။ စစ်ကြောင်းထိုးလာတော့ ကျွန်တော်တို့က ထွက်ပြေးကြတာ၊ ဘုရားကျောင်းက ရွာထဲမှာ ငါးကျောင်းရှိတယ်လေ”

မီးလောင်ပျက်စီးသွားတဲ့ ဘုရားကျောင်းတွေကတော့ East Baptist Church၊ West Baptist Church၊ Wesleyan Church၊ Believer Church နဲ့ Church Of the Rock တို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဘုရားကျောင်းနဲ့ နေအိမ်တွေအပြင် ကျေးရွာက ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ မူးယစ်ဆေးဖြတ်စင်တာလည်း မီးလောင်ပျက်စီးခဲ့ပြီး စာသင်ကျောင်းကတော့ လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၈ ရက်နေ့ကတော့ ကလေးမြို့၊ ရှားတောရွာက ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းထိခိုက် ပျက်စီးခဲ့ပါတယ်။

၁၃။ ဧရာဝတီတိုင်းမှာ အကြမ်းဖက်စစ်တပ်က အဓမ္မစစ်မှုထမ်း အပတ်စဉ်(၂)အတွက် လူသစ်ဆင့်ခေါ်တာတွေကို တစ်အိမ်ဆင်း တစ်အိမ်တက်လိုက်လံ ခြိမ်းခြောက်လုပ်ဆောင်နေ

ဧပြီ ၁၈ ၊ PVTV

ဧရာဝတီတိုင်းမှာ အကြမ်းဖက်စစ်တပ်က အဓမ္မစစ်မှုထမ်း အပတ်စဉ်(၂)အတွက် ရွာတွေကို ကွင်းဆင်းပြီး တစ်အိမ်ဆင်း တစ်အိမ်တက် အတင်းအဓမ္မဖိအားပေး ခြိမ်းခြောက် လိုက်ခေါ် နေ တယ်လို့ ဧရာဝတီတိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်တွေကို စောင့်ကြည့်နေတဲ့ ပုသိမ်သတင်းတပ်ဖွဲ့က PVTV ကိုပြောပါတယ်။

"စစ်မှုထမ်း အပတ်စဉ် (၂) အတွက် ဆင့်ခေါ်စာတွေကို အကြမ်းဖက်တပ်တွေက သူတို့ ကိုယ်တိုင်ရွာတွေကို ဆင်းပြီး အိမ်တိုင်ရာရောက် လိုက်ပို့နေပြီး မနက်ဖန် ဧပြီ ၁၉ရက်နေ့မှာ သူတို့ကိုယ်တိုင် လာရောက်ခေါ်ပြီး ဆေးစစ်ဖို့ လိုက်ခဲ့ရမယ်" လို့ ပုသိမ်သတင်းတပ်ဖွဲ့က ပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်သာပေါင်းမြို့နယ် ခေနန်အုပ်စု၊ ဘုရာကုန်းအုပ်စု၊ ကွင်းပေါက်အုပ်စု၊ သရက်ကုန်းအုပ်စု စတဲ့ကျေးရွာ အုပ်စုတွေမှာဆို စစ်မှုထမ်းဖို့ ရပ်ကျေးတစ်အုပ်စုကို ဆယ်ယောက်နှုန်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူး တွေက အတင်းဖိအားပေး ခြိမ်းခြောက် လူတောင်းနေတယ်လို့ ဆိုပါတယ်။

"အဲဒီ အဓမ္မစစ်သားစုဆောင်းနေတဲ့ သာပေါင်းမြို့နယ် ၊ ကျီးပင်အုပ်စု ကျီးကျွန်း၊ ကျားကျွန်း၊ ဒလယ်ကူး၊ ကျီးပင်၊ ကြွက်ကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးမြင့်လွင်ကို စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ လူငယ်တစ်ဦးက ဓါးနဲ့ခုတ်တာကြောင့် အသုတ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတယ်"လို့ ဒေသခံတစ်ဦး PVTV ကိုပြောပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် ၊ရေချိုကုန်းကျေးရွာအုပ်စု၊ ညောင်ဝိုင်း၊ တဂူ ချောင်းစတဲ့ ကျေးရွာအပိုင် အကြမ်းဖက်အုပ်မှူးဆန်းဌေးဦးနဲ့ လူတစ်စုဟာ ကျေးရွာနေ ပြည်သူတွေကို အတင်းဖိနှိပ်အနိုင့်ကျင့်ကာ အကြောင်း တစုံတရာရှိပါက အကြမ်းဖက် စစ်တပ် ခေါ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။


137 views0 comments

Comments


bottom of page