top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဧပြီလ ၁၉ ရက်

နေ့စဉ်သတင်းစုစည်းမှု

19-April-2024


တိုက်ပွဲသတင်း


၁။ တောင်ငူခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့စခန်းတွေကို Sniperနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၄ ဦး သေဆုံး


ဧပြီ ၁၉ ၊ PVTV


ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်းတွေကို Sniperနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ရက်အတွင်း တပ်ကြပ်ကြီး ၂ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ တောင်ငူခရိုင်တပ်မဟာ ၂၊ တပ်ရင်း၅ လက်အောက်ခံ (People Defence Force Thandaung)မှ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။


တောင်ငူ-လိပ်သိုလ်လမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းကို ဧပြီလ ၁၆ရက် နေ့လည် ၂နာရီ ၅၀မိနစ်မှာ Sniperနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်တပ်သား တစ်ဦး သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ-သံတောင် လမ်းပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ၇ မိုင် စခန်း ကုန်းကိုလည်း ဧပြီလ ၁၇ ရက် မနက် ၆ နာရီ ၂၅ မိနစ်မှာ Sniperနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး နှစ်ဦး အပါအဝင် တပ်သားတစ်ဦးသေဆုံးပြီး တပ်ခွဲမှူး တစ်ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



၂။ အကြမ်းဖက်စစ်တပ်ရဲ့ မြစ်ကြီးနားလေတပ်စခန်းကို NBPDF တပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်


ဧပြီ ၁၉ ၊ The Irrawaddy


ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နမ့်‌ပေါင်လေတပ်စခန်းကို ဧပြီလ ၁၉ ရက် ဒီမနက် ၁၀ နာရီ ဝန်းကျင်မှာ ၁၀၇ မမ ၁၀ လုံးနဲ့ ဒုတိယအကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ကချင်ပြည်နယ် NBPDF ( မြောက်ပိုင်းညီနောင် များ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ဒီကနေ့မနက် ထုတ်ပြန်ပါတယ်။


"တိုက်လေယာဉ်အားကိုးပြီး အပြစ်မဲ့ ပြည်သူများပါမကျန်အပေါ်စီးကနေ အနိုင်ကျင့်ဗုံးကျဲ တိုက်ခိုက်သတ်ဖြတ်နေတဲ့ မြစ်ကြီးနား မြို့ကအကြမ်းဖက် နမ့်ပေါင်လေတပ်ကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တာ"လို့ NBPDF တပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ (မပခ)စစ်ဌာနချုပ်၊ တပ်နယ်မြေအတွင်းထိ ခက်ခဲတဲ့ကြားကဝင်ရောက်ကာ ဒုတိယ အကြိမ်မြောက်အဖြစ်နဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်နိုင်ခဲ့တယ်ဆိုတာနဲ့ တိုက်ခိုက်မှုအပြီးမှာ ရဲဘော်တွေအားလုံး ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အသိပေးပြောကြားခဲ့ပါတယ်။


မြစ်ကြီးနားမြို့မှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ နမ့်ပေါင်‌ လေတပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာတစ်ကြိမ်၊ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်‌တွေ ရှိခဲ့တယ်လို့ ကချင်ပြည်နယ်အခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။



၃။ ကျုံဒိုးတွင် တိုက်ပွဲပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်နေ


ဧပြီ ၁၉ ၊ BBC


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့နှင့် အနီးတဝိုက်တွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့နံနက်အစောပိုင်းမှစပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရကြောင်း၊ တိုက်ပွဲကြောင့် ကျုံဒိုးမြို့ပေါ်မှ ဒေသခံများလည်း ထွက်ပြေးနေရကြောင်း ကျုံဒိုးမြို့ခံ အမျိုးသားတဦး က ပြောသည်။ အခြားဒေသခံ အမျိုးသားတဦးကလည်း "ငါးတိုင်တို့၊ မြပတိုင်တို့၊ ရေပူတို့ ရွာတွေဘက်မှာလည်း ဖြစ်နေ တယ်။ အဲဒီရွာတွေက ကျုံဒိုးနယ်ထဲမှာပဲ" ဟု ဆိုသည်။ ယနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ လာရောက် ပစ်ကူပေးနေပြီး ကျုံဒိုးတဝိုက်ကို လေယာဥ်ပတ်ဝဲပျံသန်းမှုများ တောက်လျှောက်ပြုလုပ်နေကြောင်း သိရသည်။


အခြားနယ်၌ ရောက်နေသည့် ဒေသခံအမျိုးသားတဦးက "လေယာဥ်နဲ့ဗုံးကြဲတာကို အစ်မတယောက် ပြောလာတယ်။ ကျုံဒိုးအနီးတဝိုက်မှာပဲ။ အခု ကျင်းပုန်းထဲမှာလို့ပြောတယ်" ဟု ပြောသည်။ ကျုံဒိုးနယ်သည် စစ်ကောင်စီက မြဝတီသို့ စစ်ကူပို့နေရာတွင် စစ်ယာဥ်တန်းများဖြတ်သန်းရာ အဓိက လမ်းကြောင်းတခု ဖြစ်သည်။



၄။ ဆားလင်းကြီးရဲစခန်းနှင့်ထွေအုပ်ရုံးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်


ဧပြီ ၁၉ ၊ Mizzima


စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့ရှိ မြို့မရဲစခန်းနှင့်ထွေအုပ်ရုံးကို ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ယမန် နေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း ပြန်လည်ပစ်ခတ်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် ရဲစခန်း နှင့်ထွေအုပ်ရုံးကိုဧပြီ ၁၈ ရက် ည ၉ နာရီ အချိန်တွင် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်နာရီခန့်ကြာတိုက်ပွဲပြင်းထန်ခဲ့ကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းထောက်က သတင်းပေးပို့သည်။ ရဲစခန်းနှင့်ထွေအုပ်ရုံးမှ အဆောက်အအုံအချို့ ပျက်စီးခဲ့ကာ စစ်ကောင်စီဘက်၌ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ချင်းတွင်းတိုးနယားတပ်ဖွဲ့ တာဝန် ရှိသူက ပြောသည်။တိုက်ပွဲအတွင်း ထိခိုက်မှုကို အသေးစိတ်မသိရှိရသေးပေ။


တိုက်ခိုက်မှုကို ချင်းတွင်းတိုးနယားတပ်ဖွဲ့ ၊ဒေါင်းမင်းတပ်ရင်း၊ Black Eagle Revolution Force ၊ SKYတပ်ဖွဲ့နှင့် ဆားလင်းကြီးမဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဟု သိရသည်။



၅။ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ယာဉ်တန်းကို ကမ္မမြို့အနီး မိုင်း ၃ ကြိမ်ဆွဲ၊စစ်သား ၅ ဦး သေဆုံးဟုဆို

ဧပြီ ၁၉ ၊ Myanmar Pressphoto Agency


မကွေးတိုင်း၊ ပေါက်မြို့သို့ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ယာဉ်တန်းကို မိုင်း ၃ ကြိမ်ဆွဲခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ဒဏ်ရာ ရသူလည်း များကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်သည်။ ပေါက်မြို့မှ ကမ္မမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသည့် ကားအစီး ၇၀ခန့်ပါ ယာဉ်တန်းနှင့် ရှေ့ပြေးစစ်သားတို့ကို ဧပြီ ၁၈ ရက်၊ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်တွင် ကမ္မမြို့နှင့် မန်းကျည်းသုံးပင် ကျေးရွာကြား၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။


"မနေ့က ညနေပိုင်းမှာတင် ၃ ကြိမ် မိုင်းဆွဲ နိုင်ခဲ့တာပါ။ အဲမှာ သူတို့ဘက် (စစ်တပ်) အထိအခိုက်ရှိပြီး ကားတစ်စီးလည်း ပျက်သွားတော့ ရှေ့မတက်နိုင်ဘဲ ကားဆက်ထွက်နိုင်အောင် ပြုပြင်နေကြတယ်" ဟု မြိုင် ပကဖ တာ၀န်ရှိသူတစ်ဦးက ပြောသည်။ ထိုသို့ ကားပြုပြင်နေချိန်၌ ယင်းစစ်ယာဉ်တန်းပါ စစ်သားများက လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။ "ကားမိုင်းဆွဲပြီး အဲနားက ပြည်သူနေအိမ်တွေက ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်သား တွေ နားမှာ တစ်ကြိမ် ထပ်မိုင်းဆွဲ နိုင်တယ်။ ရှေ့ပြေးပွိုင့်ကို တစ်ကြိမ် ထပ်မိုင်းဆွဲနိုင်ပါတယ်" ဟု ၎င်း က ဆက်လက် ပြောသည်။ ထို့အပြင် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ကမ္မရဲစခန်း ပတ်လည်၌ ရပ်နားထားသော ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့သေးကြောင်း ကမ္မတပ်ပေါင်းစုထံက သိရသည်။



၆။ အာရှလမ်းပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်၊ ၁၅ ဦးထက်မနည်း သေဆုံ


ဧပြီ ၁၉ ၊ PVTV


ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူလာမယ့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီလ ၁၆ ရက်မှာ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ခံ ကျားဖြူစစ်ကြောင်း ဒရုန်းတပ်ဖွဲ့မှ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်တပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းမှ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။


မြဝတီမြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အောင်ဇေယျစစ်ကြောင်း တည်ရှိရာ အာရှလမ်းမ ပေါ်ရှိ တံတားကူးနေရာကို ဒရုန်းနဲ့ ၄ ကြိမ် drop ဗုံး ကျဲတိုက်ခိုက်ခဲ့ပါတယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက် အကျအဆုံးများတယ် လို့ ဖော်ပြထားပါတယ်။


မြဝတီမြို့ကို စစ်ကူဖို့ လာနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းတွေမှာ KNU/KNLAနဲ့ တော်လှန်ရေး ပူးပေါင်း တပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် လမ်းခုလတ်မှာပင် ထိခိုက် သေဆုံးမှု များပြားနေကြောင်း စစ်ရေးသတင်းအရင်း အမြစ်တွေမှတဆင့် သိရပါတယ်။



နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ


၇။ မြဝတီအပါ ပြည်တွင်း၌ အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးရန် အာဆီယံ တိုက်တွန်း


ဧပြီ ၁၉ ၊ The Irrawaddy


မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ အရှိန်မြင့်လာခြင်းနှင့် ထိုင်းနယ်စပ်တလျှောက် ဖြစ်ပွားနေသော တိုက်ပွဲများအပေါ် စိုးရိမ်လျက်ရှိပြီး တိုက်ပွဲများ ရပ်တန့်၍ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ရန် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးများက ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုသည်။


ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော မြဝတီမြို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မ‌တော် (KNLA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း သိမ်းပိုက်ထားသောကြောင့် စစ်ကောင်စီအနေဖြင့် မြို့ပြန်လည် ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားနေစဉ် ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထုတ်ပြန်ချက်တွင် မြန်မာ-ထိုင်းနယ်စပ် တလျှောက် မြဝတီမြို့ တိုက်ပွဲများနှင့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရပြီး ပဋိပက္ခများ တိုးမြင့်လာခြင်းကြောင့် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လိုက်နာပြီး လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တခု ဖန်တီးရန် သက်ဆိုင်သူများအားလုံးကို တိုက်တွန်းကြောင်း ဖော်ပြထားသည်။ ထို့ပြင် နှစ်ဖက်တင်းမာမှုများ လျော့ကျစေရေးအတွက်လည်း လိုအပ်သည့် နည်းလမ်းမျိုးစုံ လုပ်ဆောင် ကြရန်နှင့် အရပ်သားများ ဘေးကင်းလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ကြရန်လည်း တိုက်တွန်းထားသည်။


အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနိုင်ငံတို့က လက်ရှိ ဖြစ်ပေါ် နေသောပဋိပက္ခများကို စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တွေ့ဆုံဆွေးနွေးနည်းနှင့် အဖြေရှာရန် တိုက်တွန်းထားသည်။



၈။ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွမ် ကို ပြန်ခေါ်ထားတာဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့လို့ စစ်ကောင်စီပြော


ဧပြီ ၁၉ ၊ BBC


ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွမ်ကို ပြန်ခေါ်ထားတာဟာ ငြိမ်းချမ်းရေး အတွက်ပူးပေါင်းဆွေးနွေးဖို့ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။


ဒေါက်တာ ခလမ်ဆန်ဆွမ်ဟာ ဧပြီ ၁၇ ရက် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ် လာတာဖြစ်ပေမဲ့လည်း ၂၄ နာရီမပြည့်ခင်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်ကနေ ပြန်ခေါ်သွားတာဖြစ်ပါတယ်။


“သူက KBC မှာ ငြိမ်းချမ်းရေးအကျိုးဆောင်လည်း လုပ်တဲ့သူဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေး နိုင်အောင်၊ သူ့ဆီကလည်း အခြေအနေ မေးမြန်းနိုင်အောင် ခေါ်ထားတာဖြစ်ပါတယ်။ ဖမ်းတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး လုပ်ဆောင်တဲ့နေရာမှာ ပူးပေါင်း၊ ဆွေးနွေးဖို့ပါ” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။


ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူတစ်ယောက်ကတော့ ဒေါက်တာခလမ်ဆန်ဆွမ် လွတ်မြောက်လာတဲ့ အတွက် ဆုတောင်းပွဲလုပ်ပေးကြပြီးနောက် အိမ်ပြန်သွားတဲ့အချိန်မှာ ပြန်ခေါ် သွားခံရတာသုံးရက်မြောက်ရှိပြီဖြစ်ပေမဲ့ ပြန်မလွတ်လာသေးဘူးလို့ ပြောပါတယ်။



လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ


၉။ အကြမ်းဖက်စစ်တပ်က ပအိုဝ်းဒေသခံနှစ်ဦးကို ပစ်သတ်ရာ တစ်ဦးသေဆုံး


ဧပြီ ၁၉ ၊ PVTV


ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းက ဆီဆိုင် - လွိုင်ကော်လမ်းမကြီးဘေးက ပုံလောင်း ကျေးရွာအနီးမှာ ဧပြီ ၁၈ ရက် နေ့လည် ၁နာရီလောက်မှာ အကြမ်းဖက် စစ်တပ်က ပအိုဝ်းဒေသခံ နှစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ရာ တစ်ဦးသေဆုံးသွား တယ်လို့ သိရပါတယ်။ " ၁ ဦးသေဆုံးပြီး ၁ ဦးထွက်ပြေးလွတ်မြောက်လာခဲ့တယ်"လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)က ပြောပါတယ်။ ဆီဆိုင်မြို့နယ် ဖြီတခေါ့ကျေးရွာက ဒေသခံနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ခရီးသွားရာကနေ ပုံလောင်းကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီ အကြမ်းဖက် စစ်တပ်က စစ်ဆေးမေးမြန်း ခြင်းမရှိဘဲ့ ပစ်ခတ်ရာ ရွာသားတစ်ဦးမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပြန်လည်သယ်ယူခွင့် မပြုသေးဘူးလို့လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောပါတယ်။



၁၀။ ဝက်လက်တွင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ


ဧပြီ ၁၉ ၊ Myanmar Now


မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ စစ်တပ်အထိုင်စခန်းမှ ဧပြီ ၁၈ ရက်တွင် ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ဘုံသာကုန်းကျေးရွာ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီး ကျေးရွာမှ အမျိုးသမီး တဦး သေဆုံးကာ တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။


ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိပ်ကျေးရွာအတွင်း လက်နက်ကြီး ၂ လုံးကျ၍ ပေါက်ကွဲခဲ့ရာ အသက် ၃၇ နှစ်အရွယ် မသန္တာကျော်(ခ) မိပုဆိုသူ သေဆုံးခဲ့ပြီး အသက် ၆၀အရွယ် အမျိုးသမီးကြီးတဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း၊ ထို့အတူ ဘုံသာကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာတွင်လည်း အရပ်သား ၅ ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း Wetlet Informational Network နှင့် ကင်းထောက် မြေပြင်သတင်း (စဉ့်ကူး) အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။


ဝက်လက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်မြေဩဇာက “နေ့ခင်း ၃ နာရီခွဲလောက်ကတည်းက စဉ့်ကူးမြို့နယ် ထုံးကြီး အထိုင်ကနေ ၁၂၀ မမနဲ့ ပစ်တာ၊ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာထဲ သွားကျပြီးတော့မှ အမျိုးသမီး ၂ ဦးကို ထိတယ်၊ အသက် ၃၇ နှစ်အရွယ်အမျိုးသမီးကတော့ ထိမှန်တဲ့နေရာမှာ ဆုံးသွားတယ်၊ နောက်တဦးကတော့ ကျောကို ထိမှန်ပြီး ဆေးရုံကိုရောက်လို့ မစိုးရိမ်ရတော့ဘူး၊ သက်သာတယ်လို့ သိရတယ်”ဟု ပြောသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားသော စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာမှ အနီးဝန်းကျင် ကျေးရွာများနှင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ကျေးရွာများဘက်သို့ ဧပြီ ၁၈ ရက် နေ့လယ်ပိုင်းမှ စတင်ကာ ညလုံးပေါက်နီးပါး ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။



၁၁။ ကော့ကရိတ်၌ ဗုံးကြဲခံရသဖြင့် ဘုန်းတော်ကြီးတပါး ပျံလွန်တော်မူ


ဧပြီ ၁၉ ၊ The Irrawaddy


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးတဝိုက် ရွာများကို စစ်ကောင်စီက ဗုံးကြဲနေရာ ယမန်နေ့ နေ့လယ်၌ မြို့ဟောင်းရွာရှိ ဘုန်းတော်ကြီးကျောင်းပေါ် ဗုံးကျသဖြင့် သက်တော် ၈၇ နှစ် ဝါတော် ၆၇ ဝါရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ မဟာထေရ် ပျံလွန်တော်မူသွားကြောင်း သိရသည်။ဆရာတော်၏ ဆွေမျိုးတော်စပ်သူတဦးက “နေ့လယ်ဆွမ်းဘုန်းပေးမယ့် အချိန်မှာပါပဲ ကျောင်းတည့်တည့်ကို ကျသွားတာ။ ရွာမှာက စစ်ကြောင်းထိုးတော့ ရွာကလူတွေကပြေးကုန်ပြီ။ ကျောင်းမှာ က ဘုန်းကြီးတွေက မပြေးဘူးကွယ်။ အဘိုးကလည်း အသက်ကကြီးနေပြီဆိုတော့ ဘာမှမလုပ်ဘူး ထင်တာပေါ့” ဟု ဧရာဝတီကို ပြောသည်။ အဆိုပါမြို့ဟောင်းရွာသည် ကော့ကရိတ်မြို့နှင့် ၂ မိုင်ခန့်ဝေးပြီး စစ်တပ် စစ်ကြောင်းထိုးနေသည့် အာရှလမ်းမကြီးဘေးရှိ ကော့နွဲ့ရွာပြီးလျှင် မြို့ဟောင်းရွာသို့ ရောက်သည်။ “ကျောင်းမှာက ဆွမ်းချက်တော့ မီးခိုးတွေ ထွက်တာကို PDF တွေထင်ပြီး လေကြောင်းကနေဗုံးကြဲတာ ဖြစ်နိုင်တယ်” ဟု ဒေသခံတဦးက မြို့ဟောင်းရွာ ဘုန်းကြီး ကျောင်း ဗုံးကြဲခံရသည့်အခြေအနေကို ပြောသည်။


တင့်ကားများအပါ ကားအစီး ၆၀ ခန့်ရှိ စစ်တပ်စစ်ကြောင်းသည် ကော့ကရိတ်မြို့တောင်ပိုင်းမှ အာရှလမ်းမကြီးအတိုင်း မြဝတီဘက်သို့ တက်လာနေရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်လျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ပေါ်၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။



၁၂။ တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ


ဧပြီ ၁၉ ၊ The Irrawaddy


ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၁၂ ရက်မှစ၍ မြို့လုံးကျွတ်နီးပါး မီးရှို့ခံနေရပြီး ဒေသခံထောင်နှင့်ချီ ဖမ်းဆီးခံထားရကြောင်း သတင်းများ ထွက်ပေါ်နေသည်။ထိုသို့သော အခြေအနေတွင် ဧပြီ ၁၂ရက်က အိမ်များ စတင်မီးရှို့ခံရပြီး ဒေသတွင်း ဆင်းရဲနွမ်းပါး သူများနှင့် စစ်ရှောင်များ ကို အခမဲ့ဆေးကုပေးနေသည့် ဘူးသီးတောင် အခြေစိုက် နယ်စည်းမခြားဆရာဝန်များ အသင်း (MSF) ရုံးနှင့် ဆေးခန်း လည်း ဧပြီလ ၁၅ ရက်နေ့က မီးရှို့ခံခဲ့ရကြောင်း၊ ရုံးသုံးပစ္စည်းများနှင့် ဆေးဝါးများ ပျက်စီးဆုံးရှုံးခဲ့ပြီး ပဋိဇီဝဆေးများ၊ နမိုးနီးယားကဲ့သို့ ရောဂါကုသည့် ကိရိယာများ၊ ကာကွယ်ဆေးများ ပါသွားခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်လာသည်။ ဘူးသီးတောင်မြို့ခံ ဒေါ်အေးခင်က “အခု မီးရှို့ခံရတာ တမြို့လုံးကုန်ပြီ။ ဧပြီ ၁၂ ရက်ကတည်းက စစ်တပ်နဲ့ မွတ်စလင်တွေ ပေါင်းရှို့ကြတာ။ ကျမတို့က ၁ လ၊ ၂ လပဲ စစ်ရှောင်မယ်ဆိုပြီး အရေးကြီး စာရွက်စာတမ်းနဲ့ ငွေကြေးတွေပဲ ယူလာတာ။ အိမ်မှာရှိတဲ့ ပစ္စည်းတွေ ဖောက်ချင် ဖောက်ပေါ့။ အိမ်လေးပဲ ကျန်ရင် ရပါပြီဆိုပြီး ပစ္စည်းတွေ အကုန်ထားခဲ့တာ။ အခု အကုန်မီးရှို့ခံရတော့ နေစရာမရှိ တော့ဘူး။ ပြန်လာရင်တောင် မြေတောင် ရှိပါ့မလားမသိတော့ဘူး” ဟု ဧရာဝတီကို ပြောသည်။

ဘူးသီးတောင်မြို့တွင် ရပ်ကွက် ၇ ခုရှိပြီး အိမ်ခြေ ၁,၄၈၀ ကျော်ရှိကြောင်း၊ လက်ရှိတွင် အိမ်ခြေ ၁ ထောင်ကျော် မီးလောင် သွားပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။



၁၃။ ဆီဆိုင်မှာ စစ်ကြောင်းနဲ့တိုးတဲ့ အရပ်သားတစ်ဦး သတ်ဖြတ်ခံရ


ဧပြီ ၁၉ ၊ RFA


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်ကားလမ်းပေါ်က ပုံလောင်းရွာအနီးမှာ ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းနဲ့တိုးတဲ့ အရပ်သားတစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA က သတင်းထုတ်ပြန်ပါတယ်။ ဆီဆိုင်မြို့နယ် ဖြီတခေါ့ရွာက ဒေသခံနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ခရီးသွား နေစဉ် လမ်းခုလတ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးမိရာမှ စစ်ဆေးမေးမြန်းတာမရှိဘဲ ပစ်ခတ်ခဲ့တာလို့ PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံက ပြောပါတယ်။ “အမျိုးသားနှစ်ယောက် ဆိုင်ကယ် တစ်ယောက်တစ်စီးနဲ့ ခရီးသွားရင်း လမ်းမှာပစ်ခံရတာပါ။ တစ်ယောက် ကတော့ အဲမှာပဲ သေဆုံးသွားတယ်။ အလောင်းတောင် ပြန်မကောက်နိုင်သေးဘူး။ တစ်ယောက်ကတော့ လွတ်လာတယ်”။ ပုံလောင်းရွာအနီးမှာ စစ်ကောင်စီရဲ့ ခမရ-၅၀၉၊ ခလရ-၇ တပ်ရင်းတွေအပြင် တပ်မ (၅၅ ) လက်အောက်ခံ ဗျူဟာ တစ်ခုလည်း အထိုင်ချထားတယ်လို့ သူက ဆိုပါတယ်။



၁၄။ ဘူးသီးတောင်မှာ လက်နက်ကြီးကြောင့် အရပ်သားလေးဦး သေဆုံး

ဧပြီ ၁၉ ၊ RFA


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်ကို ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦး သေဆုံးပြီး ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ရှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဧပြီလ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြ ပါတယ်။ အဲဒီလက်နက်ကြီးကျည်တွေဟာ ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးလို့ စစ်ကောင်စီက စွပ်စွဲ ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်ခဲ့ ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။ ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း ဘူးသီးတောင်မြို့ အမှတ် (၅) ရပ်ကွက်က ကားပစ္စည်းဆိုင်တစ်ခုကနေ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ပြီး စုစုပေါင်း နေအိမ် ငါးဆယ်ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေနဲ့ပတ်သက်လို့ ဆက်သွယ်ရေး အခက်အခဲကြောင့် RFA အနေနဲ့ သီးခြားလွတ်လပ်တဲ့ အတည်ပြုချက် မရသေးပါဘူး။


ဘူးသီးတောင် ဒေသခံတွေကတော့ ဘူးသီးတောင်မြို့မှာ ဧပြီလ ၁၃ ရက်နေ့ကစလို့ အမှတ် ၁၊ ၂၊ ၄ နဲ့ ၅ ရပ်ကွက်တွေက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။



၁၅။ မြစ်ကြီးနား ထောင်တွင်းဆန္ဒပြမှု ပစ်ခတ်ဖြိုခွင်းခံရလို့ အကျဥ်းသားလေးဦး သေဆုံး

ဧပြီ ၁၉ ၊ RFA


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနား အကျဉ်းထောင်မှာ ဧပြီလ ၁၈ ရက်နေ့က ထောင်တွင်းဆန္ဒပြမှုဖြစ်ခဲ့ပြီး ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းလို့ အကျဥ်းသား လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ဟာမျှတမှု မရှိဘူးဆိုပြီး အကျဥ်းသားတွေက ဧပြီလ ၁၈ ရက် နေ့လယ်ပိုင်းကစလို့ ထောင်တွင်းဆန္ဒပြနေစဥ် ညနေပိုင်းမှာတော့ ထောင်အာဏာပိုင်တွေဘက်က ပစ်ခတ် နှိမ်နင်းမှုတွေ လုပ်ခဲ့တာလို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။


သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို မြစ်ကြီးနားဆေးရုံကြီးကို ခေါ်သွားကြပြီး ဆေးရုံမှာလည်း စစ်ကောင်စီတပ်က လုံခြုံရေးယူထားတယ်လို့ သူကဆိုပါတယ်။


ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။


မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ကလည်း မြစ်ကြီးနား ထောင်တွင်းဆန္ဒပြမှုကို စစ်သား၊ ရဲနဲ့ အကျဥ်းဦးစီးဘက်က အကြိမ်ရေများစွာ သေနတ်ပစ်ခတ်မှုများ လုပ်ခဲ့ပြီး နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ပါတယ်။





191 views0 comments

Comments


bottom of page