နေ့စဉ်သတင်းစုစည်းမှု
20-April-2024
တိုက်ပွဲသတင်း
၁။ မြဝတီတိုက်ပွဲ ပြင်းထန်ဆဲ၊ လေကြောင်းမှ ဆက်တိုက်ပစ်နေ
ဧပြီ ၂၀ ၊ The Irrawaddy
ထိုင်း-မြန်မာနယ်စပ် မြဝတီ အမှတ် (၂) တံတား၌ ယမန်နေ့ ညပိုင်းကတည်းက ဖြစ်ပွားနေသော တိုက်ပွဲသည် ယနေ့ နေ့လယ်ပိုင်းထိ ပြင်းထန်နေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ လက်ရှိအချိန်ထိ အဆက်မပြတ်ကြားနေ ရကာ ထိုင်းပိုင်နက်သို့ ကျည်ကျမှုများလည်း ရှိနေသည်။ စစ်ကောင်စီက ကင်းထောက်လေယာဉ်ဖြင့် ထောက်လှမ်းနေသလို Y-12 လေယာဉ်၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် အခေါက်ရေ ၆၀ ထက်မနည်း လာရောက်တိုက်ခိုက်နေပြီး ဗုံးတခါကြဲလျှင် ၁ လုံး၊ ၂ လုံးမှ ၄ လုံးတွဲ၊ ၅ လုံးတွဲထိ ဆက်တိုက်ကြဲချနေသလို ဗုံးကြဲချသဖြင့် မီးလောင်ကာ မီးခိုးများ တက်နေသည်ကို ထိုင်းဘက်ခြမ်း အမှတ် (၂) တံတားအောက်မှ အတိုင်းသားတွေ့နေရသည်။
မြဝတီဒေသခံ အမျိုးသားတဦးက “အခုအချိန် ၂ နာရီကျော်ထိကို ဗုံးကြဲတဲ့အလုံးရေက ၁၁၀ လောက်ရှိနေပြီ” ဟု ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ပွဲကြောင့် မြဝတီမြို့ အမှတ် (၅) ရပ်ကွက်အပိုင် မဟာစည်ဘက်အခြမ်း၊ ရေပူဘက် အခြမ်းဘက်တို့တွင် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
၂။ မြင်းခြံမြို့ ခြေမြန်တပ်ရင်းကို ကာကွယ်ရေးအဖွဲ့ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
ဧပြီ ၂၀ ၊ Mizzima
မန္တလေးတိုင်း ၊ မြင်းခြံမြို့ရှိစစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ -၁၅) ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြင်းခြံခရိုင်၊ အမှတ်(၂) တပ်ရင်းထံမှ သိရသည်။“ညပိုင်းအချိန်ကတဲ့က ရန်သူ့ကင်ပုန်းတွေ ရှိမရှိ ကြိုတင် ထောက်လှမ်းမှု တွေ လုပ်တယ်။ နံနက်ပိုင်း တန်းစီတဲ့ အချိန်လောက်မှာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး” ဟု မြင်းခြံခရိုင် အမှတ်(၂) တပ်ရင်းမှ ရဲဘော်ဗိုလ်သုက ပြောသည်။ ဧပြီလ၂၀ ရက် နံနက် ၅ နာရီ ၁၅ မိနစ် အချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ခမရ(၁၅)ဂိတ်ကင်းစခန်း ထိမှန် ပျက်စီးသွားသည်ဟု ဆိုသည်။ "၁၀၇ နှစ်လုံးပစ်တာ တလုံးက ခမရ (၁၅)ဂိတ်ကင်းစခန်းကို ကွက်တိကျတယ်။ နောက်တလုံးက ပစ်မှတ်လွဲပြီး ခမရ(၁၅) အနီးက လယ်သစ်(ပျူရွာ)ထဲကိုကျပြီး ပေါက်ကွဲတယ်။လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာ တွေရှိတယ်"ဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ရဲဘော်ဗိုလ်သုက ပြောသည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်(၂) တပ်ရင်းက ဆောက်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှု ဖြစ်ပွါးပြီးနောက် စစ်ကောင် စီတပ်ဖွဲ့က မြင်းခြံမြို့၏ အဝင်အထွက် လမ်းကြောင်းများကို ပိတ်ဆို့ကာ ခရီးသွားပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း မြင်းခြံမြို့ခံတဦးထံက သိရသည်။
၃။ နွားထိုးကြီး၊လျှော်ဖြူရွာတွင် စခန်းလာချသော တပ်ကို PDF တိုက်ခိုက် မောင်းထုတ်၊စစ်သား ၃ ဦး သေဆုံးဟုဆို
ဧပြီ ၂၀ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာတွင် လာရောက်အခြေစိုက်သော စစ်တပ်ကို ဒေသခံ PDF တို့က တိုက်ခိုက် မောင်းထုတ်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးသွားကြောင်း သိရသည်။
ဧပြီ ၁၈ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်က နွားထိုးကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၅၀ ခန့်ပါ စစ်ကောင်စီ စစ်စစ်ကြောင်းသည် လျှော်ဖြူကျေးရွာသို့ တပ်စွဲနေထိုင်စဉ် PDF တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်- ၄ တပ်ရင်း (Natogyi People Defence Force)အဖွဲ့က သတင်းထုတ်ပြန်သည်။
"တိုက်ပွဲဖြစ်တဲ့ မနက်ခင်းပိုင်းက တပ်စစွဲတာ။ ရွာရဲ့ စာသင်ကျောင်းထဲမှာ တပ်စွဲတာ။ တိုက်ပွဲဖြစ် တဲ့အချိန်မှာ ပြည်သူတွေ က ပြေးမိပြေးရာထွက်ပြေးကြတာပေါ့။ သူတို့က ၂ ထပ်ဆောင်နဲ့ ဘန်ကာနဲ့။ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းနဲ့က ကပ်လျက်ဆိုတော့ ဘုန်းကြီးကျောင်းဘက်ကနေ တိုက်ရတာပေါ့" ဟု မြင်းခြံခရိုင်အမှတ် - ၄တပ်ရင်း (Natogyi People Defence Force) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းတိုက်ခိုက်မှုတွင် PDF ရဲဘော် ၂ ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာ ရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
၄။ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစခန်းနှင့်စစ်တပ်စခန်းကုန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
ဧပြီလ ၂၀ ၊ D Day News
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ပျူရွာနှင့်အနီးပတ်ဝန်းကျင်ရှိ စစ်တပ်စခန်းကုန်းများကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဧပြီလ ၁၉ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့်က လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ တာဝါတိုင်စခန်းကုန်း၊ ပျူစောထီးစခန်းနှင့် ဘုရားတောင်ကုန်းများရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ နေရာများကို တပြိုင်တည်းဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တာဝါတိုင် စခန်းကုန်းတိုက်ပွဲ၌ အကြမ်းဖက်စစ်သား ၁ ဦးပွဲချင်းပြီး သေဆုံး ကာ ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုသို ဒဏ်ရာရရှိသူ အကြမ်းဖက်စစ်သား ၄ ဦး အနက်မှ ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ၃ ဦး ထက်မံသေဆုံးသွားသည်ဟု အတည်ပြုနိုင်ခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ ၄ ဦး ဖြစ်သွားကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဘုရားတောင်ကုန်း၌ တပ်စွဲထားသည့်စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ဘက်မှလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။
၅။ ရေတာရှည်မြို့နယ်၊ ဆွာရွာမကြီးကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၅၀ ကျော်သေဆုံး၊ သေဆုံးဒဏ်ရာရ စစ်သားအလောင်းများကို ဖောကား ၃ စီးဖြင့် သယ်ယူ
ဧပြီလ ၂၀ ၊ D Day News
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာရွာမကြီးကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၅၀ ကျော်သေဆုံးခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ စစ်သားအလောင်းများကို ဖောကား ဖြင့် ၃ စီးဖြင့် သယ်ယူသွားကြောင်း ပုဝါနီ စစ်ကြောင်းက ထုတ်ပြန်သည်။ ဧပြီလ ၁၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်စတင်၍ ရေတာရှည်မြို့နယ်၊ မြောင်းတူး ကျေးရွာမှ တဆင့် ဆွာရွာမကြီးကျေးရွာနှင့် ကျိတ်ပုတီး၊ ခင်တန်းကျေးရွာတို့ ဘက်သို့ စစ်ကြောင်းထိုး၀င်ရောက် လာသော အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခွဲဝန်းကျင်အထိ တစ်ကြိမ်၊ ည ၆ နာရီခွဲ မှ ၇နာရီ အထိ တစ်ကြိမ် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဖောကား ၂ စီးဖြင့် သယ်ဆောင်သွားကြောင်း၊ ထို့အပြင် ညပိုင်းတွင် သေဆုံးသွားသော အကြမ်းဖက် စစ်သားများကို ဖောကား ၁ စီးဖြင့်ထပ်မံ သယ်ဆောင်သွားသည့်အပြင် အလောင်းအချို့ကို စစ်တောင်းမြစ် အရှေ့ဘက် ကမ်း၌ မြေမြှုပ် သင်္ဂြုလ်ထားခဲ့ကြောင်း၊ တိုက်ပွဲ ၂ ကြိမ်အတွင်း စုစုပေါင်း စစ်သား ၅၀ ခန့်သေဆုံးသွားကြောင်း သိရသည်။
အထိနာသော အကြမ်းဖက်စစ်တပ်က Jet Fighter ဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တနေကုန်နီးပါး ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့နေအိမ်များ ထိခိုက်ပျက် စီးမှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော် စစ်ကြောင်းနှင့် ၃၅၀၁ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပုဝါနီစစ်ကြောင်းမှ ရဲဘော်ရဲရင့်သူ၊ ကီးကူ စစ်ကြောင်းမှ ရဲဘော်ဆိုလာ နေပြည်တော် တပ်ရင်း ၉၀၁ မှ ရဲဘော်သရဲ နှင့် နေပြည်တော် တပ်ရင်း ၉၀၁ မှ တပ်ခွဲမှူးတို့ တိုင်းပြည်နှင့် ဖက်ဒရယ်ပြည်ထောင်စု အတွက် စုစုပေါင်း ၄ ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း၊ ထိုအပြင် ရဲဘော် ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၆။ ဆားလင်းကြီး၌ လက်နက်ကြီးထိမှန်ပြီး ဒေသခံတဦး သေဆုံး
ဧပြီ ၂၀ ၊ The Irrawaddy
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း၌ စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်ပြီး အသက် ၅၂ နှစ်အရွယ် ကိုမိုးဦးဆိုသူ သေဆုံးခဲ့ရကြောင်း ဒေသခံတဦးက ပြောသည်။
မုံရွာမြို့ဘက်ကမ်းတွင် တပ်စွဲထားသည့် စစ်တပ်က ဆာလင်းကြီးဘက်ခြမ်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ကူးတို့ကုန်းရွာ ဘုန်ကြီးကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲရာ ပလောင်ရွာသားဖြစ်သူ ကိုမိုးဦး၏ ဦးခေါင်းအား ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဒေသခံတဦးက “ဆိတ်ကျောင်း၊ သိုးကျောင်းရင်း လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးရတာ။ ပစ်တာက သုံးလုံးပစ်တာ။ အဲဒီပစ်တဲ့ သုံးလုံးထဲက တလုံးက ကူးတို့ကုန်းဘုန်းကြီးကျောင်းအနီး ကျကွဲပြီး ကျည်စထိမှန် ကာ ဦးခေါင်းပေါက်ထွက်ဒဏ်ရာနဲ့ နေရာတင်သေဆုံးသွားတယ်။ ကျန်တဲ့ နှစ်လုံးကတော့ လယ်ကွင်းတွေထဲ ကျပေါက်ကွဲ ခဲ့တာ” ဟု ပြောသည်။ ပြီးခဲ့သည့် ဧပြီ ၁၆ ရက်ကလည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ကြောင့် ကူးတို့ကုန်းရွာခံ အရပ်သားတဦး သေဆုံးခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
၇။ လွိုင်ကော်တွင် လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦးသေဆုံး
ဧပြီ ၂၀ ၊ Mizzima
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာတွင် ယနေ့ ဧပြီလ ၂၀ ရက်၌ လေကြောင်းတိုက်ခိုက်ခံရ၍ ကလေး ငယ်နှစ်ဦး အပါအဝင် မိသားစုဝင် ခြောက်ဦး သေဆုံးသွားသည်ဟု မြေပြင်တွင် ကူညီကယ်ဆယ်ပေးနေသူထံမှ သိရသည်။
“တမိသားစုလုံးထိတယ်။ အိမ်ထောင်ဦးစီး တယောက်ပဲ ကျန်ခဲ့တယ်။ ကလေးတွေရဲ့ အဖေပေါ့။ သူက ရဲဘော်မို့ အိမ်မှာ မရှိလို့လွတ်တာ” ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတဦးက မဇ္ဈိမကို ပြောသည်။
သေဆုံးသူများမှာ (အသက် ၂ နှစ်) မနေမ ၊ (အသက် ၆ နှစ်) မဘယ်နဒ်တို့ ၊ ကလေးများ၏ အမေဖြစ်သူ (၂၇ နှစ်) ၊ မညွန့် (၄၇ နှစ်)၊ ဒေါ်မွမပွမ် (အသက် ၆၀ နှစ်)ဝန်းကျင်နှင့် ဦးမောင်လူး (အသက် ၈၀ နှစ်)ဝန်းကျင်တို့ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ပေါင် ၃၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ ကုန်းသာကျေးရွာရှိ နေအိမ် ၂၀ လုံးခန့် ပျက်စီးသွားကြောင်း ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့အစည်း KNGY ထံမှ သိရ သည်။ ဧပြီလ ၁၁ ရက် ညပိုင်းတွင်လည်း ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် လွယ်ရင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် (အသက် သုံးနှစ်) ကလေးငယ်တဦး၊ (အသက် ၁၂ နှစ်) ကလေးတဦးနှင့် (အသက် ၆၅ နှစ်) အမျိုးသမီးတို့ သေဆုံးခဲ့သေးသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ထံမှ သိရသည်။
၈။ မြေပုံမြို့နယ်တွင် စစ်ကောင်စီ ရေတပ် ပစ်သည့် လက်နက်ကြီးကြောင့် စစ်ရှောင် အမျိုးသမီးသေဆုံး
ဧပြီ ၂၀ ၊ Mizzima
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ ရေတပ်က လက်နက်ကြီးဖြင့်ပစ်၍ စစ်ဘေးရှောင်အမျိုးသမီး တဦး သေဆုံးသွားကြောင်း သိရသည်။ယနေ့ ( ဧပြီလ ၂၀ ရက်) နံနက် ၉ နာရီခန့်က ကျောက်ဖြူမြစ်နှင့်နီးသည့် မြေပုံ မြို့နယ် ကျွန်းသာယာရွာ၏အနီး နောင်တော်ကြီး မြစ်ထဲရှိ စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ် သည်။ ထိုလက်နက်ကြီး ကျည်စသည် စညှင်း ကျေးရွာ ပုဇွန်ဆည်နံဘေးတွင် စစ်ဘေးရှောင်နေသည့် မမေသန္တာ (အသက် ၂၃ နှစ်) ၏ ရင်ဘတ်သို့ ထိမှန်၍ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တဦးကမဇ္စျိမကို ပြောသည်။
"တိုက်ပွဲလည်းမရှိဘဲ မနက် ၆ နာရီထဲကနေ ၁၂ နာရီအထိတောက်လျှောက်ပစ်နေတာ။ စစ်ရှောင်စခန်းမဟုတ်ဘူး။ ဒေသခံ တချို့ကမြစ်ချောင်းနံဘေးမှာတဲထိုးပြီးနေကြတာပေါ့။ နီးစပ်ရာရွာတွေက ရှောင်ကြတဲ့ပုံစံပေါ့။ စညှင်းကတပ်ကမရှိတော့ဘူး ဆုတ်သွားပြီ။အခုက ကျွန်းသာယာက နေဗွီတပ် (ရေတပ်)ကပစ်တာ၊သင်္ကြန်တွင်းတုန်းကလည်း မနက် ၅ နာရီ ထဲကနေလာပစ်နေတာ"ဟု၎င်းကပြောသည်။ စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ဘေးရှောင်များနေထိုင်ရာတည်နေရာကို စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကဆိုသည်။
၉။ မြဝတီတွင် လေကြောင်းတိုက်ခိုက်ခံရကာ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
ဧပြီ ၂၀ ၊ Mizzima
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်ခံရကာ ဒေသခံ နှစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံထံက သိရသည်။"ဝါးစကင်းဘက်မှာက အိမ်ပေါ်ကိုဗုံးသီးပြုတ်ကျတာ၊ ကလေးငယ် တဦး သေတယ်။ နောက်ထပ် ကလေးတယောက်ကတော့ နည်းနည်း ဒဏ်ရာရသွားတယ်။ အစစင်တာပေါ့။ ဒါက ကိုယ်တိုင် တွေ့ကြုံတာပါ"ဟု မြဝတီမြို့ခံတဦးက နေ့လယ်ပိုင်းက ဝါးစကင်းရပ်ကွက်တွင် ဖြစ်ပွားသည့် အခြေအနေကို မဇ္ဈိမကို ပြောသည်။ ထို့အတူ ရေပူကျေးရွာရှိ မဟာစည်ဘုန်းကြီးကျောင်းဝင်းအတွင်း လေကြောင်းတိုက်ခိုက်ခံရကာ အမျိုးသမီး တဦး သေဆုံးပြီး ကလေးငယ်တဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။ "အမျိုးသမီးတယောက်နဲ့ ကလေးတယောက် ထိတယ်။ အမျိုးသမီးကတော့ ဆုံးသွားပြီ။ ကလေးလေးကတော့ ခြေထောက်ထိထားပါတယ်" ဟု ဒေသခံအမျိုးသမီးတဦး က ရေပူကျေးရွာဖြစ်စဉ်ကို ပြောသည်။ လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ရေပူကျေးရွာ၊ (၁၃) ဂိတ်၊ မြေနီကုန်းရပ်ကွက် တို့တွင် အဆောက်အဦး ပျက်စီးမှု၊ မီးလောင်မှုများလည်း ရှိကြောင်း ဒေသခံက ဆက်ပြောသည်။
၁၀။ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီးနောက် ပြည်သူ ၂၃ ဦးကို ဖမ်းဆီးထား
ဧပြီ ၂၀ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီးနောက် ပြည်သူ ၂၃ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၈ရက်တွင် ရွှေဘိုမြို့၊ ဆိပ်ခွန်လမ်း၊ မင်းကုန်း ဘုန်းကြီးကျောင်းမှ ထွက်လာသည့် အင်အား ၂၀၀ ခန့်ပါရှိသော စစ်သားနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ချီပါ ကျေးရွာသို့ ရောက်ရှိလာပြီး၊ ယနေ့(ဧပြီ ၂၀ ရက်) အထိ ၃ ရက်ကြာ တပ်စွဲနေခြင်းဖြစ်သည်။
"ပြည်သူ ၂၃ ဦးကို ဖမ်းထားတယ်၊ ရွာထဲက ရိက္ခာတွေ၊ ပစ္စည်းတွေကိုလည်း ယူနေကြတာ၊ ၁၈ ရက်နေ့ကနေ အခု ၂၀ ရက် အထိ ချီပါရွာထဲမှာ ရှိတယ်။ လက်နက်ကြီးတွေ ပစ်လို့ ဒဏ်ရာရသူတွေလည်း ရှိတယ်" ဟု ရွှေဘိုမြို့နယ်မှ အမျိုးသား တစ်ဦးက MPA သို့ ပြောသည်။ လက်ရှိတွင် ရွှေဘိုမြို့အနောက်ဘက်ခြမ်းရှိ ချီပါကျေးရွာအပါအဝင် ဆိပ်ခွန်၊ ဘိုတဲကုန်း၊ တင့်တယ်၊ ကြောင်မြစ်၊ နံ့သာကျေးရွာနှင့် အနီးတဝိုက်ရှိ ပြည်သူ ၃၀၀၀ ခန့်မှာ စစ်ဘေးရှောင်လျက်ရှိကြောင်း သိရသည်။
"စစ်ကြောင်းမထွက်မချင်းကတော့ ပြန်လို့ မရဘူးပေါ့၊ ချီပါရွာက ရွှေဘိုနဲ့ နှစ်မိုင်လောက်ပဲ ကွာတယ်။ ရွာထဲ မပြန်ရတော့ နေရထိုင်ရခက်ခဲကြတယ်" ဟု ချီပါကျေးရွာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၁၁။ ပေါင်းတည်မြို့ရှိ လူငယ် အယောက် ၃၀ ကို အကြောင်းကြားခြင်းမရှိဘဲ စစ်မှုထမ်းရန် စစ်တပ်ကခေါ်ဆောင်
ဧပြီ ၂၀ ၊ Myanmar Pressphoto Agency
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့ရှိ လူငယ် အယောက် ၃၀ ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စစ်မှုထမ်းရန် စစ်တပ်က ခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(ဧပြီ ၁၉ ရက်)၊ မနက်ပိုင်းမှ စတင်ကာ ပေါင်းတည်မြို့ရှိ ရပ်ကွက်အချို့နှင့် ကျေးရွာများသို့ စစ်သား၊ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ နေအိမ်များသို့ဝင်ရောက်ပြီး လူငယ်များကို ခေါ်ဆောင်သွားခြင်းဖြစ် ကြောင်း၊ ပေါင်းတည် မြို့၊ နွယ်ချို ၂ ရပ်ကွက်မှ အမျိုးသားတစ်ဦးကပြောသည်။ "စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ထားတာတော့ကြာပြီ၊ မဲတွေတော့မနှိုက်ထားဘူး။ ပြေးမှာစိုးလို့ ကြိုမပြောဘဲ အိမ်တွေပေါ်ထိတက်ခေါ်တာ၊ ဒီနေ့(ဧပြီ ၁၉ ရက်)၊ စစ်သားတွေ၊ ပျူတွေ၊ လ၀ကတွေကော ရောက်လာပြီး လူငယ်တွေကို လာရှာတာ၊ ရပ်ကွက်ထဲမှာ ၀ုန်းဒိုင်းကြဲနေတာ" ဟု ၎င်းက ပြောသည်။ ယခုကဲ့သို့ အကြောင်းကြားခြင်းမရှိဘဲ စစ်မှုထမ်းရန် ခေါ်ဆောင်ခံခဲ့ရသည့် လူငယ်များသည် နွယ်ချို ၂ ရပ်ကွက် မှ ၁ ဦး၊ ရွှေတည် ၁ရပ်ကွက်မှ ၅ ဦး၊ ကြို့ပင်ရွာအုပ်စုမှ ၂ ဦး၊ ပေါက်အိုင်ကြီးအုပ်စုမှ ၂ ဦး၊ ပေါက်တန်းရွာ အုပ်စုမှ ၁၇ ဦး၊ ကြာနီကန်ရွာမှ ၂ ဦး၊ ညောင်ဇင်ရွာမှ ၂ ဦး တို့ဖြစ်သည်။ ထိုကဲ့သို့ စစ်ကောင်စီက ခေါ်ဆောင်သွားသည့် လူငယ်များကို အင်းမမြို့ရှိ အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ်သို့ ခေါ်ဆောင်သွားကြောင်းလည်း သိရသည်။
၁၂။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၎င်းတို့တပ်စွဲထားသည့်ရွာက နေအိမ်များကို အကြောင်းမဲ့မီးရှို့
ဧပြီ ၂၀ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဖန်ခါးကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ရှိ ပြည်သူပိုင်နေအိမ်များကို ဧပြီ ၁၉ ရက်၊ နံနက်ပိုင်း အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“သူတို့(စကစ)တွေက သူတို့အထိုင်ချတာကြာပြီဖြစ်တဲ့ရွာကို မီးရှို့တာတော့ စဉ်းစားစရာပဲ၊ ကျောက္ကာရွာလည်း ရှို့ထားတာ မြင်မကောင်းဘူး။ သူတို့အထိုင်ချတဲ့နေရာကနေ ကျည်ကွယ်မျက်ကွယ်ပဲချန်ပြီးရှို့နေတာ၊ အခု ဖန်းခါးကုန်းကတပ်က အောက်ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေလို့ အကူသွားရမယ်လို့ သတင်းကြားတယ်၊ အဲ့ဒါကြောင့် ရှို့တာလားတော့ မသိဘူး" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သိမ်းယူထားသည့် ကောလင်းမြို့ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် စစ်ကောင်စီက ပြန်လည်ရယူပြီးနောက် မြို့ပေါ်တွင်တပ်စွဲကာ မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို နေ့စဉ်မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကောလင်းမြို့အနောက်ဘက်ရှိ ဖန်ခါးကုန်း၊ ရွာမ၊ ကျောက္ကာ၊ မင်းကုန်း၊ စန္ဒရာကုန်းစသည့် ကျေးရွာများတွင် အသီးသီးအထိုင်ချတပ်စွဲထားပြီး ယနေ့နံနက်ပိုင်းတွင် ဖန်ခါးကုန်းကျေးရွာမီးလောင်နေသည်ကို တွေ့ရှိရ ကြောင်း ဒေသခံတစ်ဦးကဆိုသည်။ “အထိုင်ချထားတဲ့ရွာဆိုတော့ သွားကြည့်လို့တော့မရဘူး။ နေအိမ် ၂ လုံး၊ ၃ လုံးလောက် တော့ ပျက်စီးလောက်တယ်" ဟု ၎င်းကဆိုသည်။
၁၃။ အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခက်မှုကြောင့် နွားကျောင်းထွက်လာသော အမျိုးသားတစ်ဦး သေဆုံး
ဧပြီလ ၂၀ ၊ D Day News
စစ်ကိုင်းတိုင်း မုံရွာမြို့အရှေ့ဘက်ကမ်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် ပစ်ခက်မှုကြောင့် နွားကျောင်းထွက်လာသော အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ သတင်းနှင့်ပြန်ကြားရေးထံက သိရသည်။ ယနေ့ဧပြီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်များမှ လက်နက် ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခက်မှုကြောင့် ကူးတို့ကုန်းရွာနှင့် ပလောင်ရွာကြားတွင် နွားကျောင်းနေသည့် အသက် ၅၂ နှစ် အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းနှင့်ဂုတ်ကြားတွင် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ ဧပြီလ ၁၆ ရက်နေ့တွင် အလာတူပစ်ခက်မှုမျိုးကြောင့် ကူးတို့ကုန်းကျေးရွာနေ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီထံက သိရသည်။
Comments