top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဧပြီလ ၂၁ ရက်

နေ့စဉ်သတင်းစုစည်းမှု

21-April-2024


တိုက်ပွဲသတင်း


၁။ မိုးဗြဲတိုက်ပွဲတွင် KNDF တပ်ရင်း ၃ တပ်ရင်းမှူး ကျဆုံး


ဧပြီ ၂၁ ၊ The Irrawaddy


မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၄၂၂ ကို တော်လှန်ရေးအင်အားစုများ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တိုက်ပွဲ အတွင်း ကရင်နီ အမျိုး သားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် ၃ တပ်ရင်းမှူး အိုက်ဗေ ကျဆုံးသွားကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် အထိနာကာ အကျအဆုံးများသည့်အတွက် လေကြောင်းစစ်ကူဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ် တဦးက ပြောသည်။ ၎င်းက " ၄၂၂ ကို သူကိုယ်တိုင် ရှေ့ကတိုက်ပြီး တိုက်ခိုက်ရင်းနဲ့ ကျဆုံးသွားတာပါ။ ခုတော့ ဂုဏ်ပြုသဂြိုဟ်တာ ပြီးစီးသွားပါပြီ" ဟု ဆိုသည်။

လက်ရှိအနေအထားအရ မိုးဗြဲမြို့နေရာအများစုကို တော်လှန်ရေးအင် အားစုများ ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ ခမရ ၄၂၂ သာ ကျန်ရှိနေသည့်အတွက် ထိုတပ်ရင်းကို ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်း ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီသည် မြေပြင်စစ်ရေးအရ အရေးနိမ့်နေသည့်အတွက် လေကြောင်းအကူအညီဖြင့် ပြန်လည်ခုခံနေရပြီး စစ်ရေးပစ်မှတ်မဟုတ် သော လူနေအိမ်များကိုပါ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။



၂။ ထီးလင်းတွင် စစ်သားများ ၃ ရက်ဆက် တိုက်ခိုက်ခံရ၊ မြင်းခြံက တပ်စွဲသည့်ရွာကို PDF သိမ်းပိုက်


ဧပြီ ၂၁ ၊ DVB


မကွေးတိုင်း ထီးလင်းမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေ ၃ ရက်ဆက် တိုက်ခိုက်ခံရပြီး မန္တလေးတိုင်း၊ မြင်ခြံ မြို့နယ်မှာလည်း စစ်တပ် အထိုင်ချတပ်စွဲထားတဲ့ ကြည်ရွာကို ဧပြီ ၂၀ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ထီးလင်းမြို့က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ တရားရုံး အပါအဝင် ရေမျက်နီကျေးရွာ နယ်မြေ ရဲစခန်းတို့ကို ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ Yaw Revolution Army-ထီးလင်းက ဧပြီ ၂၀ ရက်နေ့မှာ ထုတ်ပြန် ပါတယ်။ဧပြီ ၁၇ ရက် ညနေ ၄ နာရီခွဲအချိန်မှာ ၃၀ ထီးလင်းမြို့ ထွေအုပ်ရုံးနဲ့ တရားရုံးကို ၆၀ မမ ဒရုန်းဗုံးသီး ၂ လုံး ကြဲချ ပြီးနောက် ရေမျက်နီရဲစခန်းကိုလည်း ၄၀ မမ ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဧပြီ ၁၈ ရက်နေ့ ညနေ ၆ နာရီမှာလည်း ရေမျက်နီရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး ဧပြီ ၁၉ ရက်နေ့ ညနေ ၆ နာရီမှာတော့ ထီးလင်းမြို့မရဲစခန်းနဲ့ ရုပ်သံရုံးကို ၆၀ မမ ဒရုန်းဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား ၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး သက်ဆိုင်ရာ စခန်း တွေမှာပဲ ကုသနေကြတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မြင်ခြံမြို့နယ်၊ ဆီမီးခုံအုပ်စုက စစ်တပ်အထိုင်ချ တပ်စွဲထားတဲ့ ကြည်ရွာကို ဧပြီ ၂၀ ရက်နေ့ မနက် ၅ နာရီ လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။



၃။ ဝိုင်းမော်မြို့တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို KIA က နှစ်ကြိမ်တိတိ ကြားဖြတ်တိုက်ခိုက်


ဧပြီ ၂၁ ၊ Myanmar Pressphoto Agency


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှ ပန်ဝါမြို့သို့ ချီတက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဧပြီ ၁၉ ရက်၊ နံနက် ၁၀ နာရီခန့် တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


အဆိုပါစစ်ကောင်စီယာဥ်တန်းသည် ဝိုင်းမော်မြို့ဘက်မှ ချီဖွေ၊ ပန်ဝါဘက်သို့ ချီတက်လာကာ စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်များကို တင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး မံဝိန်းကြီးကျေးရွာနှင့်ဆိုင်လော်ရွာကြားတွင် KIA က ကြားဖြတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်ကပြောသည်။ "အင်အား ၁၀၀ လောက်ပါတာ၊ တိုက်ပွဲ ဖြစ်တဲ့နားမှာ ကျတော်တို့ ဂိတ်ထိုင်ထားတာ၊ ကျတော်တို့က ဖြတ်တိုက်တဲ့သဘောမျိုးပါ" ဟု KIA သတင်းရင်းမြစ်က ပြောသည်။


ထို့ပြင် ဝိုင်းမော်မြို့၊ ဝိုင်းမော် - ဆဒုံးလမ်းပေါ်ရှိ မုန့်ကြိတ်ကျေးရွာနှင့် လမြန်ကျေးရွာကြားတွင် အဆိုပါ စစ်ကောင်စီ ယာဥ်တန်းကို ည ၇ နာရီခန့်အချိန်တွင် KIA က ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကားလေးစီးအနက် တစ်စီး မီးလောင် ပျက်စီးခဲ့သည်ဟု ဝိုင်းမော်မြို့ ဒေသခံတစ်ဦးက MPAသို့ပြောသည်။


"၁၂ ဘီးကားလေးစီးနဲ့ အိမ်စီးကားတစ်စီးတက်လာတာ၊ ၁၂ ဘီးကားတစ်စီးကတော့ မီးလောင်ပျက်ဆီးသွားတယ်။ ကားပေါ်က ခုန်ချထွက်ပြေးတဲ့ သူတွေလည်း အပစ်ခံရတယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။


အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် စစ်ကောင်စီလက်အောက်ခံ ခလရ ၅၈ မှ ဖြစ်ပြီး ဆော့လော်မြို့သို့ စစ်ကူလာသည့် ယာဥ်တန်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။



၄။ ပြင်ဦးလွင်-နောင်ချိုအစပ် သရက်ကုန်းရွာအနီး တိုက်ပွဲပြင်းထန်


ဧပြီ ၂၁ ၊ The Irrawaddy


မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) သိမ်းထားသည့် ပြင်ဦးလွင်နှင့် ၁၀မိုင်ခန့်သာဝေးသည့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ် သရက်ကုန်းရွာ တပ်စခန်းပြန်ရရေး စစ်ကောင်စီက ကြိုးပမ်းနေရာ တိုက်ပွဲများ ပြင်းထန် နေကြောင်း သိရ သည်။ထိုစခန်းကို ဧပြီ ၁၅ ရက်က မန္တလေး PDF များမှ သိမ်းပိုက်ပြီးနောက် ပြင်ဦးလွင် တပ်မတော်နည်း ပညာတက္ကသိုလ် (DSTA)နှင့် ညောင်ကုန်းရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်က နေ့စဉ် လက်နက်ကြီးများနှင့် ပစ်နေရာ သရက်ကုန်းရွာနှင့် ဝန်းကျင်မှ အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။ ထို့အတူ ယနေ့တွင်လည်း သရက်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။ MDY-PDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “စစ်ကောင်စီဘက်ကနေ သရက်ကုန်းကို ပြန်ရဖို့ ကြိုးစားနေတာ လတ်တလော တိုက်ပွဲဖြစ်နေတယ်။ ပြီးခဲ့တဲ့ရက်တွေကလည်း လက်နက်ကြီးနဲ့ အဝေးက လှမ်းပစ် တာ ရွာတွေထဲကျပြီး အိမ်တွေ ပျက်စီးတာ ရှိပါတယ်။ ပြီးတော့ ဇာလီရွာမှာရှိတဲ့ ပြည်သူတဦးလည်း လက်နက်ကြီးမှန် သေဆုံးခဲ့တာလည်း ရှိပါတယ်” ဟု ပြောသည်။



၅။ မြဝတီ အမှတ် ၂ တံတားအနီးမှ ကရင်ပူးပေါင်းတပ်များ ပြန်ဆုတ်ခွာ


ဧပြီ ၂၁ ၊ The Irrawaddy


ထိုင်း- မြန်မာနယ်စပ်ရှိ မြဝတီမြို့ အမှတ် ၂ တံတားအနီး ဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အလွန်အကျွံ ပြုလုပ်နေသောကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်း တပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ကို KNLA နှင့်ပူးပေါင်းတပ်များ ဧပြီ ၁၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ချိန်၌ တပ်မ ၄၄ တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ခန့်သည် တံတား ၂ အနီး ထွက်ပြေး၍ ခုခံစစ်ဆင်နေခဲ့ကြသည်။အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA ပူးပေါင်းတပ်များ ဧပြီ ၁၉ ရက် ညပိုင်းစ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယမန်နေ့က တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှနေ တရက်ထဲပင် ဗုံးအလုံးရေ ၁၃၀ ထက် မနည်းကြဲချခဲ့ကြောင်း ဒေသခံများနှင့် ယင်းတိုက်ပွဲအခြေအနေကို အနီးကပ် စောင့်ကြည်သူများက ပြောသည်။လေကြောင်းတိုက်ခိုက်မှုများအပါအဝင် တိုက်ပွဲအတွင်း၌ မြဝတီဒေသခံတချို့ ထိခိုက် သေဆုံးမှုများရှိသလို နေအိမ် အဆောက်အဦများလည်း မီးလောင်ပျက်စီးမှုများရှိခဲ့သည်။


မြဝတီ မြို့အမှတ် ၂ တံတားအနီး ယနေ့နံနက်အစောပိုင်းတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက နံနက် ၄ နာရီ အချိန်ခန့်၌ လေယာဉ် ၄ စီးဖြင့် ဆက်တိုက် လာရောက်၍ ဗုံး ၁၂ လုံးထိ ကြဲချသွားသည်ဟု ကေအဲန်ယူဗဟိုက သတင်း ထုတ်ပြန်သည်။ယနေ့နံနက်ပိုင်း၌ ထိတွေ့ပစ်ခတ်သံများသည် နံနက် ၉ နာရီကျော်အချိန်တွင် ပြန်လည်ငြိမ်သွား ခဲ့ပြီး နောက် မြဝတီမြို့ပြင် မြေနီကုန်းလမ်းဆုံ၌ ပိတ်ထားသော အာရှလမ်းပိုင်း ပြန်ပွင့်သွားပြီး လက်ရှိနေ့လယ်ပိုင်း၌ ပုံမှန်သွားမှု များရှိနေသည်ဟု မြို့ခံများက ဆိုသည်။



လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ


၆။ ဆီဆိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပအိုဝ်းအမျိုးသမီး တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ဦးက သေနတ်နဲ့ ချိန်ပြီး မုဒိမ်းကျင့်ဖို့ ကြံစည်


ဧပြီ ၂၁ ၊ PVTV


ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပအိုဝ်းအမျိုးသမီးတစ်ဦးကို ဧပြီ ၁၄ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတစ်ဦးက သေနတ်နဲ့ချိန်ပြီး မုဒိန်းကျင့်ဖို့ အကြမ်းဖက်ကြံစည်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA)က ဒီနေ့ နေ့လည်မှာ ထုတ်ပြန်လိုက်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီရဲ့ ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃ မှ တပ်သား ညီညီနိုင်ဆိုသူက စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာကို ရောက်လာပြီး အခြားလူတွေ အားလုံးကို မောင်းထုတ်ပြီးနောက် အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ချိန်ကာ စစ်ဘေး ရှောင်တဲထဲကို ဆွဲခေါ်ပြီး မုဒိမ်းကျင့်ဖို့ အကြမ်းဖက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


“သူညီမတို့တဲနားရောက်လာပြီး လူတွေအကုန်လုံးကိုမောင်းထုတ်တယ်။ပြီးတော့ ညီမကို သေနတ်နဲ့ချိန်ပြီး နင်ငါ့ကို ယူမလား/မယူဘူးလားဆိုပြီး ပြောတယ်။ အဲတာနဲ့ညီမကမယူဘူးပြောတော့ သူက သေနတ်ကကျည်ဆံနဲ့ နဖူးနဲ့ ဟိုးအနောက်ဖက် ဖြောင်သွားချင်လားလို့ပြောတယ်။ အဲတာနဲ့ညီမကကြောက်ကြောက်နဲ့ ဆရာက ဘာဖြစ်ချင်လဲမေးတော့ ငါနင်နဲ့အိပ်ချင်တယ်ဆိုပြီးပြောတယ်။ အဲတာနဲ့ သူက ညီမကို တဲပေါ် အတင်းစွဲခေါ်သွားတယ်။ တဲပေါ်က ခြေထောက် နာနေတဲ့အကိုတွေရှိတယ်။ အဲအကိုတွေကို နင်တို့သွားတော့ ငါသူနဲ့ အိပ်တော့မှာဆိုပြီး ပြောနေချိန် ညီမလည်း ဖိနပ် ချွတ်ပြီးပြေးတာ။ အဲည အဲနေရာနဲ့ဝေးတဲ့ တဲမှာ သွားအိပ်ခဲ့တယ် ။ခုဆို အဲနားကို ပြန်လို့မရဲသေးဘူး"ဟု အကြမ်းဖက်ခံရတဲ့ ကာယကံရှင် ပအိုဝ်းအမျိုးသမီးက ပြောပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်သားက အဲဒီအမျိုးသမီးငယ်ကို တဲထဲကို ဆွဲခေါ်ပြီးနောက် တဲထဲရှိ အမျိုးသားတွေကို မောင်းထုတ်နေချိန်မှာ ပအိုဝ်းအမျိုးသမီးငယ်က အသက်စွန့် ထွက်ပြေးခဲ့တာကြောင့် လွတ်မြောက်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေး ဖော်ပြထားပါတယ်။



၇။ မြင်းခြံ ကိုင်းရွာအား စစ်ကြောင်းထိုး မီးရှို့


ဧပြီ ၂၁ ၊ The Irrawaddy


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းရွာရှိနေအိမ်များကို ယနေ့မနက်ပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထိုသို့ စစ်ကြောင်းထိုး မီးရှို့မှုကြောင့် နေအိမ်ပေါင်း ၂၀၀ နီးပါးခန့် မီး လောင်ပျက်စီးသွားပြီး အသက် ၇၀ ခန့် ကိုင်းရွာသူ အမျိုးသမီးတဦးလည်း အသတ်ခံရကြောင်း ဒေသခံတဦးက ပြောသည်။


ဒေသခံတဦးက “ကိုင်းရွာမှာ ၂၀၀ နီးပါးရှိတယ်။ အပေါ်ပူအောက်ပူနဲ့ ငြှိမ်းသတ်ရ မလွယ်သေးပါဘူး။ ကိုင်းရွာသူအဘွား တယောက်ကို နားထင်တေ့ပစ်သတ်သွားတယ်“ ဟု ဧရာဝတီကို ပြောသည်။ အဆိုပါ စစ်ကြောင်းသည် ဧပြီ ၂၀ ရက်တွင် မြင်းခြံမြို့နယ် ဆင်ချောင်းရွာ(တောင်) မှ နေအိမ် ၆၀ ကျော်ခန့်၊ ဆင်ချောင်းရွာ (မြောက်) မှ နေအိမ် ၄၀ ကျော်ခန့်၊ ရန္တပို၊ ဥဒယရွာမှ နေအိမ် ၃ လုံးနှင့် ယနေ့တွင် ကိုင်းရွာ (မြောက်) မှ နေအိမ်များကို ၂ ရက်အတွင်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ် ထားခြင်းဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီသည် ဧပြီလအတွင်း မြင်းခြံမြို့နယ်အတွင်းရှိ ရွာ ၈ ရွာကို ၉ ကြိမ်ခန့် မီးရှို့ ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ ၁၀၀၀ နီးပါးခန့်ပျက်စီးခဲ့ပြီး ဒေသခံ ၁၀၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရကြောင်း ကူညီပေးနေ သူများထံမှ သိရသည်။



၈။ စစ်တွေမြို့နယ်က ရိုဟင်ဂျာ ၈၀ နီးပါး စစ်မှုထမ်းဖို့ ထပ်မံခေါ်ဆောင်ခံရ


ဧပြီ ၂၁ ၊ RFA


စစ်တွေမြို့နယ်မှာ ဧပြီလ ၁ ရက်နေ့ကနေ ၂၁ ရက်ဒီနေ့အထိ ဘုမေကျေးရွာ၊ ဘာဆာရာကျေးရွာနဲ့ အဲဒီရွာတွေ အတွင်းမှာ ရှိတဲ့ ဒုက္ခသည်စခန်း (IDP Camp) တွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ရှစ်ဆယ်နီးပါးကို စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်က ဖိအားပေးပြီး ခေါ်သွားတယ်လို့ ရွာခံတွေက ပြောပါတယ်။ ဘုမေကျေးရွာအနီးမှာရှိတဲ့ ရဲတပ်ရင်း (၃၆) ဂိတ်က အသွားအလာတွေကိုပါ ကန့်သတ်ပိတ်ဆို့ထားတာကြောင့် စစ်မှုမထမ်းချင်ကြပေမယ့် သွားနေကြရတယ်လို့ ဆိုပါတယ်။


စစ်ကောင်စီတပ်က အဲဒီကျေးရွာတွေကို ကွင်းဆင်းပြီး အသံချဲ့စက်နဲ့ လှည့်လည်ပြောဆိုခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်မှုထမ်းဖို့အတွက် စစ်တပ်ဘက်က ဖိအားပေးတယ်ပေါနော်။ သိပ်မကြာခင်က ဒီလအတွင်းမှာပဲ ဘာဆာရာဆိုတဲ့ ရိုဟင်ဂျာရွာပေါ့နော်။ IDP Camp ရှိတယ်။ Camp ကနေ လူတောင်းတယ်။ ဒီကလူမပေးတော့ အဲဒီ ဘာဆာရာစံပြရွာ တစ်ခုလုံးကို ပိတ်ဆို့ထားတယ်။ သုံးရက်တိုင်တိုင် ပိတ်ဆို့ထားတယ်။ ဒီဘက်က လူပေးပြီးမှ လမ်းကြောင်းတွေ ပြန်ဖွင့် ပေးတာပေါ့နော်။ မသွားချင်ကြပေမယ့် သွားနေရတယ်”


ဧပြီလအစောပိုင်းကနေ ဒီနေ့အထိ ဘာဆာရာကျေးရွာကနေ စစ်မှုထမ်းဖို့ခေါ်ယူခံရသူ ရိုဟင်ဂျာ ၃၉ ဦးနဲ့ အဲဒီကျေးရွာ အနီးက IDP Camp နဲ့ ဘုမေကျေးရွာကလည်း ရှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။



၉။ မြင်းခြံမြို့နယ် စိန်ကျောင်းရွာမှာ နေအိမ် ၄၀၀ ခန့် မီးရှို့ဖျက်ဆီးခံရ

ဧပြီ ၂၁ ၊ RFA


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက အိမ်ခြေငါးရာကျော်ရှိတဲ့ စိန်ကျောင်းရွာကို ဧပြီလ ၂၀ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီ တပ် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်လေးရာနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


အင်အားနှစ်ရာခန့်ပါ စစ်ကြောင်းဟာ စိန်ကျောင်းရွာကို သုံးနာရီကြာ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တာလို့ အမည်မဖော်လိုတဲ့ မြင်းခြံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ "စိန်ကျောင်းကို ဝင်စီးတဲ့အချိန် သုံးနာရီနီးပါးအတွင်းမှာ အိမ်လေးရာနီးပါး ပါသွားတယ်။ စစ်ကြောင်းက စိန်ကျောင်းကထွက်ပြီး ရန္တပိုရွာကိုဝင်တယ်။ ရန္တပို မှာတော့ နေအိမ်နှစ်လုံး၊ ကျောင်းဆောင်တစ်ဆောင်ပဲ မီးလောင်ပျက်စီးတယ်။ ဒီမနက်ပိုင်းတော့ ရန္တပိုကထွက်ပြီး ညောင်တိုရွာကို ဝင်နေပါတယ်"။ အဲဒီစစ်ကြောင်းဟာ တလုပ်မြို့ကနေ မြင်းခြံမြို့နယ်အတွင်းကို ဝင်ရောက်လာပြီး တစ်ရွာ ဝင်တစ်ရွာထွက် ဝင်ရောက်စီးနင်းနေတာကြောင့် ညောင်ရိုး၊ ကိုင်း၊ ရန္တပိုနဲ့ စိန်ကျောင်း စတဲ့ရွာတွေက ဒေသခံ နှစ်ထောင် နီးပါးလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၁ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာတော့ စိန်ကျောင်းရွာနဲ့ သုံးမိုင်ကျော်ဝေးတဲ့ ညောင်တိုရွာကို ထပ်မံဝင်ရောက် စီးနင်း နေပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။



၁၀။ စစ်သားစုဆောင်းရာတွင် ထွက်ပြေးသည့် လူငယ်များ၏ မိသားစုဝင်များကို ဖမ်းဆီး

ဧပြီ ၂၁ ၊ DVB


ပဲခူးတိုင်းထဲမှာ စစ်ကောင်စီက စစ်မှုထမ်း‌ဖို့ အဓမ္မစုဆောင်းနေရာမှာ လူငယ်တွေ ထွက်ပြေးတာကြောင့် မိသားစုဝင်တွေကို ဓားစာခံလုပ်ပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ထဲမှာ ဧပြီ ၂၀ ရက်က သရက်ချဉ်ရွာနဲ့ သဲကုန်းရွာမှာ စစ်သင်တန်းတက်ဖို့ လာခေါ်တုန်း ကာယကံရှင်ကို မတွေ့တာကြောင့် အမေတွေကို ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း၊ ကာယကံရှင်တွေက လူစားလာမလဲရင် ထောင် ၆ နှစ်ချမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်လို့ သရက်ချဉ်ရွာ နေသူတယောက်က ပြောပါတယ်။ နတ်တလင်းမြို့နယ်၊ တာပွန်မြို့ထဲမှာတော့ ဧပြီ ၁၈ ရက်က လူငယ် ၈ ယောက်ကို အိမ်တွေမှာ လိုက်ဖမ်းရာ ၂ ဦး ထွက်ပြေးသွားတဲ့အတွက် ဇနီးသည်တွေကို အစားထိုးဖမ်းဆီးသွားပြီး လူချင်းလာလဲမှသာ ပြန်လွှတ်ပေးမယ်ဆိုပြီး ပြောသွားတယ်လို့ တာပွန်မြို့ ဒေသခံတယောက်က ပြောပါတယ်။


လက်ပံတန်းနဲ့ သာယာ၀တီမြို့နယ်တို့မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က စစ်သင်တန်းတက်မယ့်သူတွေကို အိမ်တိုင်ရာ ရောက်လိုက်ခေါ်ပြီး ဆေးရုံမှာ သွေးစစ်ခိုင်းကာ ပြန်မလွှတ်တော့ဘဲ နေအိမ်တွေကိုတော့ ငွေ ၃၀,၀၀၀ ကျပ်နဲ့ အ၀တ်အစား လာပို့ဖို့ စစ်ကောင်စီက လှမ်းအကြောင်းကြားပြီး ဆေးစစ်ရာမှာ အအောင်ပေးလိုက်တယ်လို့ စစ်သင်တန်းတက်ရမယ့်သူရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။ ကြို့ပင်ကောက်မြို့ပေါ်မှာတော့ စစ်သားစုဆောင်းတာကို နေ့ခင်းဘက်တွေမှာ တရားခံ လိုက်ဖမ်းသလိုမျိုး အိမ်တွေမှာ လိုက်လံဖမ်းဆီးနေကြောင်း၊ လက်ရှိဖမ်းဆီးထားသူ အယောက် ၃၀ ကိုတော့ သာယာဝတီ ဆေးရုံမှာ ဆေးစစ်ခိုင်းပြီး အုတ်ဖို တိမ်မြုတ်ကျေးရွာအခြေစိုက် စစ်တပ်ကို ပို့ဆောင်ထားပါတယ်။



၁၁။ မြစ်ကြီးနားက ခရစ်ယာန်ဆရာများအပါအဝင် ၅ ဦး ဖမ်းဆီးခံရ


ဧပြီ ၂၁ ၊ DVB


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ ဧပြီ ၂၀ ရက် မနေ့ညပိုင်းက ခရစ်ယာန်ဓမ္မဆရာ ၃ ယောက် အပါအဝင် ပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။ မြစ်ကြီးမြို့နယ်၊ အောက်မော်ဖောင်းကျေးရွာ RC အသင်းတော်က ဓမ္မဆရာတယောက်၊ ကျောင်းစောင့် တယောက်နဲ့ ကချင်နှစ်ချင်းအသင်းတော်က ဓမ္မဆရာ ၂ ယောက်နဲ့ အမျိုးသား တယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံတယောက်က “စစ်တပ်က ည ၁၀ နာရီလောက်မှာ လာဖမ်းသွားတာ။ ဘာလို့ ဖမ်းသွားတယ်ဆိုတာကတော့ တိတိကျကျ မသိရသေးဘူး” လို့ ပြောပါ တယ်။ အောက်မော်ဖောင်းကျေးရွာ RC အသင်းတော်ကျောင်းက ဆရာ ဦးလုံဘန်ခေါထန်၊ ကျောင်းစောင့် ဦးလဖိုင်ဂမ်ဒွတ်၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က သိက္ခာတော်ရ ဆရာတော် ဦးရှောင်လာ၊ ဆရာဒွမ်ဖောင်းမုန်ဆန်နော်နဲ့ ဦးအင် ဒုတ်ဂမ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။




164 views0 comments

Comments


bottom of page