နေ့စဉ်သတင်းစုစည်းမှု
22-April-2024
တိုက်ပွဲသတင်း
၁။ ကောလင်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂၀ ဦးသေဆုံး
ဧပြီ ၂၂ ၊ Mizzima
စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊တံဇူးရွာအနီးတွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်း ၂၀ ရရှိထားကြောင်း ကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်သည်။ ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းတွင် ကောလင်းမြို့ထဲမှ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို တံဇူးကျေးရွာအနီးတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြော သည်။နေ့လယ် ၁၂ နာရီခန့်တွင် ကောလင်းမြို့ထဲမှ အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းက စစ်ကူထပ်မံရောက်ရှိ လာပြီး တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ကြောင်း ကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်သည်။
မွန်းလွဲ ၁ နာရီ ဝန်းကျင်တွင်စစ်ကောင်စီစစ်ကြောင်းသည် ကောလင်းမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရ သည်။" ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ကာပစ်ပေးပြီး မြို့ ထဲ ပြန်ဝင်သွားတယ်” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
၂။ မြဝတီမြို့သို့ စစ်ကူတက်လာသည့် စစ်ကြောင်ကို ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ ဦးသေဆုံး၊ သံချပ်ကာကားတစ်စီးအပါအဝင် ၃ စီး၊ ပွိုင့်ဖိုက် သေနတ်တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိ / မြဝတီအမှတ် ၂ အမှတ် ချစ်ကြည်ရေးတံတားတိုက်ပွဲတွင် စစ်သား ၃၀ ကျော်သေဆုံးပြီး တပ်မ ၄၄ တပ်မမှူးဗိုလ်မှူးကြီး စိုးမင်းထက် အပါအဝင် ၃၀ ကျော်ဒဏ်ရာရ
ဧပြီလ ၂၂ ၊ BBC
ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူပေးရန် တက်လာသည့် အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ ဦးသေဆုံးပြီး သံချပ်ကာ ကားတစ်စီး အပါအဝင် ၃ စီး၊ ပွိုင့်ဖိုက်သေနတ် တစ်လက်နှင့် ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ဧပြီလ ၂၁ ရက်နေ့က မြဝတီမြို့သို့ စစ်ကူပေးရန် ကော့ကရိတ်မြို့ဘက်မှ ထိုးစစ် ဆင်လာသော အကြမ်းဖက်စစ်ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့်အတူ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်မှ ဗိုလ်ကြီး (၁) ဦး နှင့် ဗိုလ်လေး (၁) ဦး အပါအဝင် စုစုပေါင်း (၆) ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဥ် (၁) စီး၊ စက်သေနပ်တပ်ဆင်ထားသော စစ်သုံးယာဥ် (၂) စီး၊ ပွိုင့်ဖွိုက် (၁) လက် အပါအဝင် လက်နက်ငယ် (၁၁) လက် နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့တွင်လည်း စခန်းအားစွန့်ခွာ၍ မြဝတီ ထိုင်း−မြန်မာချစ်ကြည်ရေး တံတား အမှတ် (၂) အောက်သို့ ထွက်ပြေးတိမ်းရှောင် ခိုအောင်းနေသော ခလရ-၂၇၅ မှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များ အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် အတူ ပူးပေါင်းကာ သွားရောက် တိုက်ခိုက်ခဲ့ရာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ (၃၀) ဦးအထက် သေဆုံးခဲ့ပြီး တပ်မ(၄၄) မှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် (၃၀) ဦး နှင့်အထက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
၃။ မိုးမောက်မြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်၊ အရပ်သား ၃ ဦး သေဆုံး
ဧပြီ ၂၂ ၊ Myanmar Pressphoto Agency
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ ကြား ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ အရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (ဧပြီ ၂၂ ရက်)၊ မနက် ၇ နာရီခန့်မှစ၍ မိုးမောက်မြို့နယ်၊ ခလရ ၄၃၇ အမြောက်တပ်ရင်းမှ ထွက်လာသည့် အင်အား ၁၀၀ ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ "တိုက်ပွဲက ငြိမ်နေတာ တစ်လနီးပါးလောက် ရှိပြီ၊ ဒီမနက်မှ ခါနန်ရပ်ကွက်ဘက်မှာစပြီး ပြန်ဖြစ်တာ၊ ၇ နာရီလောက်ကနေ ၁၁ နာရီအထိ လက်နက်ကြီးသံတွေ မရပ် ဘူး။ လေယာဥ်နဲ့လည်း လာပစ်တယ်။ အိမ်တစ်လုံးကတော့ လက်နက်ကြီးကျလို့ ပျက်စီးသွားတယ်လို့ သိရတယ်၊ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး သေတယ်၊ ထိခိုက်မှုကတော့ အတိအကျမသိရသေးဘူး" ဟု မိုးမောက်ဒေသခံ အမျိုးသား တစ်ဦးက MPA ကိုပြောသည်။ ဗန်းမော်မြို့ရှိ စကခ ၂၁ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)၊ ခလရ ၂၃၆ နှင့် ခလရ ၄၇ တပ်ရင်း များနှင့် မိုးမောက်မြို့နယ်ရှိ ခလရ ၄၃၇ အမြောက်တပ်ရင်းမှလည်း တိုက်ပွဲဖြစ်ပွားနေသည့် မိုးမောက်မြို့နယ်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
၄။ ကော့ကရိတ်မြို့ ၃ ရက်တာတိုက်ပွဲအတွင်း ကျားဖြူစစ်ကြောင်း တပ်ခွဲ ၁ က ရဲဘော် ၄ ဦး ကျဆုံး
ဧပြီ ၂၂ ၊ Myanmar Pressphoto Agency
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ၃ ရက်တာတိုက်ပွဲအတွင်း ကျားဖြူစစ်ကြောင်း တပ်ခွဲ ၁ က ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း ကျားဖြူတပ်ခွဲ ၁ ၏ သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။ ဧပြီ ၁၉ ရက်တွင် ရဲဘော် စံထွန်း (ခ) စဝီရာဝင်း ကျဆုံးခဲ့ပြီး ဧပြီ ၂၀ ရက်တွင် ရဲဘော် အချောကြီး (ခ)သုတစိုးနှင့် ရဲဘော် ပန်းချီဆရာ (ခ) အောင်သင်္ကြန် ကျဆုံးခဲ့ကာ ဧပြီ ၂၁ ရက်တွင် ရဲဘော် ဝတုတ် (ခ) ဇင်မင်းအောင်တို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။" ရန်သူကို ခုခံတွန်းလှန်ရင်း ကျဆုံးခဲ့ခြင်းဖြစ်ပါတယ်။ ရန်သူ ရဲ့ အဆိပ်ငွေ့ဓာတုဗုံးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ကူတွေ နောက်ပြီးတော့ အလုံးအရင်းနဲ့ ဖိလာ တဲ့ အားတွေကြောင့် ကျွန်တော်တို့ ကလေးတွေ ကျဆုံးခြင်းဖြစ်သည်။ ကျွန်တော်တို့ကလေးတွေက ရဲရင့်စွာနဲ့ နောက်ဆုံး ကုန်တဲ့ ကျည်ဆန်အထိကို တွန်းလှန်သွားတယ်ဗျ" ဟု ကျားဖြူစစ်ကြောင်း၏ ဒုတပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောသည်။
မြဝတီမြို့သို့ စစ်ကူသွားရောက်ရန် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်များက ကော့ကရိတ်မြို့တွင် တားဆီးပိတ်ဆို့တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ယင်းတိုက်ပွဲများအတွင်း အထက်ပါ ရဲဘော် ၄ ဦးကျဆုံးခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
၅။ တံတားဦးလေတပ်အနီး ကင်းပတ်နေသည့် စစ်ကား မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံးဟုဆို
ဧပြီ ၂၂ ၊ Myanmar Pressphoto Agency
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ တံတားဦးလေတပ်အနီးတွင် ကင်းပတ်နေသည့် စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ ၄ ဦးသေဆုံးကြောင်း သိရသည်။ ဧပြီ ၂၁ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က တံတားဦးလေတပ်အနီးတွင် ကင်းပတ် နေသည့် စစ်သား ၈ ဦးခန့်ပါသော စစ်ကား ၁ စီးကို မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနောက်ခန်း၌ လိုက်ပါလာသည့် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Kyaukse Revolution Army အဖွဲ့က သတင်းထုတ်ပြန်သည်။
" စစ်ကားက 4 Wheels အစိမ်းရောင်။ လေတပ်ရဲ့ ၈ မိုင် ပတ်လည်လောက်မှာ ကားမိုင်းအကြီးနှစ်လုံးနဲ့ဆွဲတာ" ဟု Kyaukse Revolution Army အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုညဏ်လင်းက ပြောသည်။ ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်သားများက သေနတ်များပစ်ဖောက်ကာ လမ်းဘေးတဲများကို မီးရှို့ဖျက်ဆီးသွားကြောင်း ၎င်းကပြောသည်။
" တစ်ခါတည်း ၄ ကောင်ကျသွားတယ်။ မြင်တွေ့တဲ့ ပြည်သူကပြောတာပေါ့" ဟု စဉ့်ကိုင်မြို့နယ် ပကဖမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ယင်းတိုက်ခိုက်မှုကို Kyaukse Revolution Army (KRA)၊ Kyaukse District Defense Force (KDDF) နှင့် စဥ့်ကိုင်မြို့နယ် ပကဖ တို့ ပူးပေါင်းဆင်နွှခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၆။ ရွာငံ၊ မြင်းကျဒိုး ရဲစခန်းကို PDF ဝင်စီး၊ စစ်သား ၃ ဦးသေ၊ ၁ ဦးကို သေနတ် ၂ လက်နှင့် အရှင်ဖမ်းမိဟု ဆို
ဧပြီ ၂၂ ၊ Myanmar Pressphoto Agency
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာ နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ဒုတပ်ကြပ် ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိကြောင်း Ywangan PDF-JPRF က သတင်းထုတ် ပြန်သည်။ ဧပြီ ၂၁ ရက်၊ နံနက် ၁၀ နာရီခန့်မှစတင်ကာ မြင်းကျဒိုးကျေးရွာ နယ်မြေရဲစခန်းကို ၄၅ မိနစ်ခန့်ကြာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “အဲ့ဒီစခန်းမှာက အင်အား ၃၀ လောက်ရှိတယ်။ ကျနော်တို့ဝင်တိုက်တော့ ၄၅ မိနစ်လောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး သူတို့တပ်ရှိတဲ့ဘက်ကို ထွက်ပြေးသွားတယ်။ ကျနော်တို့ စခန်းကိုသိမ်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မထိန်းနိုင်ခဲ့ပါဘူး။ စခန်းကိုတော့ မီးရှို့တာမလုပ်ခဲ့ပါဘူး။ စစ်တပ်နဲ့လည်း အရမ်းမဝေးတော့ စစ်ကူက အချိန်မရွေးရောက်လာနိုင်တာကြောင့်” ဟု Ywangan PDF-JPRF မှ တာဝန်ခံကပြောသည်။
မြကျဒိုးစခန်းမှ စစ်သားများသည် ကလောမြို့အခြေစိုက် တပ်မ-၅၅ ဘက်သို့ ထွက်ပြေးသွားပြီး ယင်းစခန်းမှ ဒုတပ်ကြပ် ကိုကိုဦးကို AK-47 ၁ လက်၊ ကာဘိုင် ၁ လက်၊ ကျည်အတောင့် ၃၀၀ တို့နှင့်အတူ ဖမ်းဆီးရမိကြောင်းသိရသည်။
၇။ သံတွဲမြို့အနီး AA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေ
ဧပြီ ၂၂ ၊ The Irrawaddy
ရခိုင်ပြည်နယ် သံတွဲမြို့နှင့် မိုင် ၂၀ ဝန်းကျင်ရှိ ပုရစ်-ရေကောက်နှင့် ဒေါ်မြရွာအကြား အာရက္ခ တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား ၂ ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားနေရာ လေကြောင်း ရေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူ ပေးနေရကြောင်း သံတွဲဒေသခံများထံမှ သတင်းရရှိသည်။ယနေ့ နေ့လည် ၁၂နာရီဝန်းကျင်မှ စ၍ ယခု ညနေပိုင်းအထိ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်နေပြီး၊ တိုက်ပွဲ ဖြစ်ပွားရာ အနီးတဝိုက် ကျေးရွာဒေသခံများက ဘေးလွတ်ရာသို့ စစ်ရှောင်နေကြရပြီ ဖြစ်ကြောင်း သိရသည်။ယင်းသို့ လေကြောင်းနှင့် ရေတပ်မှ ပစ်ကူပေးခြင်း ဗုံးကြဲခြင်းများကြောင့် ပုရစ်-ရေကောက် ရွာအနီး တဝိုက်သို့ ကျည် များကျခဲ့ပြီး လူအသေအပျောက်၊ ထိခိုက်ပျက်စီးမှုရှိ/ မရှိ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၈။ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ရာထူးမှ အနားပေးကြောင်း စစ်ကောင်စီကြေညာ
ဧပြီ ၂၂ ၊ Myanmar Now
စစ်ကောင်စီလက်အောက်တွင် ဒုသမ္မတအဖြစ် အမှုထမ်းနေသည့် ဗိုလ်မှူးဟောင်း ဦးဟင်နရီဗန်ထီးယူသည် ကျန်းမာရေး အကြောင်းပြချက်ဖြင့် ယနေ့တွင် ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်။ ဦးဟင်နရီဗန်ထီးယူကို အနားယူခွင့်ပြုကြောင်း စစ်ကောင်စီက ယနေ့ည ၈ နာရီသတင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ အသက် ၆၅ နှစ်အရွယ် ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက် ဒုတိယသမ္မတ ဖြစ်လာခဲ့သူဖြစ်သည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် က အာဏာသိမ်းချိန်မှစတင်ပြီး ၂ နှစ်ခွဲနီးပါး လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃ စစ်ကောင်စီ သက်တမ်းတိုးသည့် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးတွင် လူမြင်ကွင်းရှေ့ ပြန်ထွက်လာခဲ့သည်။
ထိုအစည်းအဝေးတက်ခဲ့သည့်အတွက် ဦးဟင်နရီဗန်ထီးယူကို ပါတီမှ ထုတ်ပယ်ကြောင်း NLD က ကြေညာခဲ့သည်။
အာဏာသိမ်းပြီးနောက် ဦးဟင်နရီဗန်ထီးယူ အဖမ်းမခံရသလို နေအိမ်အကျယ်ချုပ်လည်း မချထားကြောင်း၊ နေပြည်တော် ရှိ သူ၏အိမ်တွင်သာ ရှိနေကြောင်း စစ်ကောင်စီ ပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၁ စက်တင်ဘာလ အတွင်း က ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာနကို ပြောကြားခဲ့သည်။
၉။ လုံခြုံရေးကိစ္စ ဆွေးနွေးရန် စစ်ကောင်စီအဖွဲ့ဝင်များ ရုရှားသွား
ဧပြီ ၂၂ ၊ The Irrawaddy
လုံခြုံရေးကိစ္စများ ဆွေးနွေးရန် စစ်ကောင်စီ၏ ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ယမန်နေ့တွင် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီအာဘော် မီဒီယာများ၌ ဖော်ပြသည်။
၁၂ ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကို ဧပြီ ၂၃ ရက်မှ ၂၆ အထိ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည်ဖြစ်ပြီး ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Nikolai Patrushev ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၄)၊ ပြည်ထောင်စု ဝန်ကြီး၊ ဗိုလ်ချုပ်ကြီး မိုးအောင်က ဦးဆောင်ကြောင်း ရေးသားထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာနေခြင်းဖြစ်သည်။
မတ်လ ၂၁ ရက်တွင်လည်း ရုရှား-မြန်မာ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော် ရှိ ဂျက်စမင်ဟိုတယ်၌ ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် မတ်လ ၂၇ ရက်( တပ်မတော်နေ့)ကလည်း စစ်ခေါင်းဆောင်သည် မကြာသေးမီက ပြဋ္ဌာန်းထားသော သီရိသီဟ ကျော်နှင့် သီရိသူရကျော်ဘွဲ့တံဆိပ်များကို စစ်ဘက်ဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်ခဲ့သော ရုရှားစစ်တပ်ဘက်မှ လူပုဂ္ဂိုလ် ၂၇ ဦးကို ပထမဆုံးအကြိမ် ချီးမြှင့်ခဲ့သေးသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၁၀။ ကျောက်ဖြူမြို့နယ် ဒွေးချရွာမှာ လက်နက်ကြီးကြောင့် နေအိမ် ၃၀ ခန့်မီးလောင်
ဧပြီ ၂၂ ၊ Mizzima
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဒွေးချရွာမှာ ဧပြီလ ၂၁ ရက်မနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ ကြောင့် နေအိမ် ၂၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၂၁ ရက် မနေ့မနက်ပိုင်းက ဒွေးချရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်မော်ကြီး ရေတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ဒွေးချရွာထဲ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ တောင်မော်ကြီး ရေတပ်စခန်းကနေပစ်တာ။ ဒေသခံတွေကတော့ အရင်ကတည်းက ရှောင်နေရလို့ ထိခိုက်မှုမရှိဘူး။ နေအိမ်တွေပဲ မီးလောင်သွားတာ”
နေအိမ်နှစ်ရာနီးပါးရှိတဲ့ ဒွေးချရွာမှာ ဒေသခံတွေလည်း မရှိတော့သလို နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ နောက်ထပ်ဒေသခံတစ်ဦးကလည်း နေအိမ်တွေထဲက ဆန်၊ စပါးတွေပါ မီးလောင်ပျက်စီး ခဲ့တယ်လို့ RFA ကို အတည်ပြုပြောပါတယ်။ ဧပြီလ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲ ခဲ့တာကြောင့် နေအိမ်နှစ်လုံးနဲ့ ဘုန်းကြီးကျောင်းထဲက အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်က ကျောက်ဖြူမြို့နယ်၊ စနဲမြို့နဲ့အနီးတစ်ဝိုက်ကို မကြာခဏ လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဒွေးချရွာ အပါအဝင် ရွာဆယ်ရွာခန့်က ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။
၁၁။ ခါမ်းပါတ်နဲ့ ကလေးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးဦးသေဆုံး၊ ခုနစ်ဦးခန့် ဒဏ်ရာရ
ဧပြီ ၂၂ ၊ Myanmar Now
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက ခါမ်းပါတ်မြို့နဲ့ ကလေးမြို့နယ်ထဲက စော်ဘွားရေရှင်ရွာကို ဧပြီလ ၂၂ ရက်နေ့ မနက် အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် လေးဦးသေဆုံးပြီး ခုနစ်ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၂၂ ရက် မနက်အစောပိုင်း နှစ်နာရီခန့်မှာ ခါမ်းပါတ်မြို့၊ အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၄) ရပ်ကွက်ကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ယောကျာ်းလေးတစ်ယောက်က ခေါင်းပြတ်သွားတယ်။ နောက်မိန်းကလေးတစ်ယောက်ကတော့ နေရာစုံ ထိတယ်လို့ ပြောရမှာပေါ့။ ခေါင်းရော၊ တခြားနေရာတွေရော ထိတာ။ သူတို့က အမှတ် (၁) ရပ်ကွက်မှာနေတဲ့ ဒေသခံတွေ။ မနေ့က လုံးဝထင်မှတ်မထားတဲ့အချိန်မှာ လေယာဉ်က ဂျက်ဖိုက်တာနဲ့ လေးခေါက်ဝဲလာတာ”
ဒါ့အပြင် ကလေးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာခဲ့သလို နေအိမ်ခုနစ်လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ် စော်ဘွားရေရှင်ရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံနှစ်ဦး သေဆုံး ပြီး သုံးဦး ဒဏ်ရာရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲတော့မရှိဘူး၊ ဒီနေ့မနက်နှစ်နာရီခန့်မှာ လေကြောင်းနဲ့ ဗုံးကြဲတာ။ ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၄) ရပ်ကွက်ပြီးတော့ အဲဒီကနေ လေးရွာပဲခြားတဲ့ ကလေးနယ်က စော်ဘွားရေရှင်ကိုလည်း ကြဲတယ်"
အဲဒီနေရာတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရထားတဲ့ ခုနစ်ဦးခန့်မှာ ကလေးငယ်တစ်ဦး လည်း ပါနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
၁၂။ ဖြူးမြို့မှာ လမ်းသွားလမ်းလာ ဒေသခံ ခြောက်ဆယ်ခန့် ဖမ်းဆီးခံရ
ဧပြီ ၂၂ ၊ RFA
ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးမြို့မှာ ဧပြီလ ၂၁ ရက်နေ့က လမ်းသွားလမ်းလာ ဒေသခံ ခြောက်ဆယ်ခန့်ကို စစ်ကောင်စီတပ်သား တွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖြူးမြို့အနီး ညောင်ပင်သာရွာ၊ ဆားကွင်းလမ်းဆုံနဲ့ ဖြူးမြို့တွင်း ရဲစခန်းရှေ့ စတဲ့သုံးနေရာမှာ စစ်ကောင်စီတပ်က ဆိုင်ကယ်တွေကို ရှာဖွေစစ်ဆေးပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။"မနေ့က နေရာ သုံးနေရာလောက်မှာ ဆိုင်ကယ်တွေ ရပ်တန့်ရှာဖွေတယ်။ မိန်းကလေးဆို ပြန်လွှတ် တယ်ပေါ့။ အသက်ကြီးတဲ့သူ ပြန်လွှတ်တယ်။ ဒါပေမဲ့ ယောက်ျားလေးတွေကို ဖမ်းဆီးသွားတယ် "
ဖမ်းဆီးခံရသူတွေကို တောင်ငူမြို့ကို ပို့ဆောင်လိုက်ပေမယ့် ဘာကြောင့် အခုလိုဖမ်းဆီးသွားလဲဆိုတာကိုတော့ မသိရ သေးဘူးလို့ ဆိုပါတယ်။ ဧပြီလ ၂၁ ရက်နေ့က ကညွတ်ကွင်းမြို့နဲ့ ညောင်ပင်သာရွာကြားမှာတော့ ဓားပြတိုက်မှုတစ်ခု ဖြစ်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဖမ်းဆီးမှုနဲ့ပတ်သတ်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်းကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ရာမှာ သူ့အနေနဲ့ ဒီအကြောင်းကို မသိသေး ဘူးလို့ အကြောင်းပြန်ဖြေဆိုပါတယ်။
၁၃။ စစ်တွေမြို့ ဂန့်ဂေါ်ကျွန်းရွာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ ၁၀၀ ခန့် ပြန်မလွတ်သေး
ဧပြီ ၂၂ ၊ RFA
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ထဲက ဂန့်ဂေါ်ကျွန်းရွာ လှေဆိပ်မှာ ဧပြီလ ၂၁ ရက်နေ့မနက်ပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ တစ်ရာနီးပါး ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ စစ်တွေမြို့ခံတွေက RFA ကို ပြောပါတယ်။
ကုန်းလမ်းနဲ့ ရေလမ်းကြောင်း ပိတ်ဆို့ခံထားရတဲ့ စစ်တွေမြို့ပေါ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတော့ဘဲ စားဝတ် နေရေး ကျပ်တည်းလာတာကြောင့် ဒေသခံတွေဟာ စစ်တွေမြို့ကနေ တိတ်တဆိတ်စွန့်ခွာချိန် ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။ဖမ်းဆီးခံရသူတွေကို စစ်တွေမြို့က အမှတ် (၁) ရဲစခန်းဆီခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွတ်သေးသလို မိသားစုတွေနဲ့လည်း အဆက်သွယ်မရဘူးလို့ အဲဒီအခြေအနေကိုသိတဲ့ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ "အခုထိ ပြန်လွတ်လာတာ မရှိသေးဘူး။ ဖမ်းခံထားရတဲ့ အသက်အရွယ်အစုံပါတယ်။ အခုထိကို တစ်ယောက် မှ မလွတ်သေးပါဘူး။ အဆက်အသွယ်လည်း မရကြဘူး။ ရဲစခန်းကို သွားစုံစမ်းဖို့ကလည်း အခက်အခဲတွေ ရှိနေကြတယ်"
ဖမ်းဆီးခံထားရသူတွေဟာ ပြစ်မှုဆိုင်ရာဥပဒေတွေကို ချိုးဖောက်ကျူးလွန်ထားတာ မရှိတာကြောင့် စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးစေချင်တယ်လို့ ဆိုပါတယ်။ လတ်တလောအခြေအနေအရ ဖမ်းဆီးခံထားရတဲ့ စစ်တွေဒေသခံ တစ်ရာနီးပါးရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို အတိအကျမသိရသေးပါဘူး။
၁၄။ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က PNLO ဒုဥက္ကဋ္ဌ စစ်ဦးစီးချုပ်အိမ် နဲ့ ဒေသခံ နေအိမ် ၆ လုံး ဖျက်ဆီး မီးရှို့
ဧပြီ ၂၂ ၊ PVTV
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ (၂) ရဲ့ အိမ်နဲ့ ဒေသခံ နေအိမ် ၆ လုံးကို ဖျက်ဆီး မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ရန်သူစစ်ကောင်စီ လက်ပါးစေ PNO ပြည်သူ့စစ် အုပ်ချုပ်ရေးမှူး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ပြည်သူစစ် အထူးကွန်မန်ဒို တပ်ဖွဲ့တို့မှ ဧပြီ ၁၂ ရက်၊ နေ့လည် ၁၂ နာရီမှာ PNLO ဒုဥက္ကဋ္ဌ စစ်ဦးစီးချုပ်ရဲ့ အိမ်အား တော်လှန်ရေးကို ဦးဆောင်နေတဲ့ သူရဲ့ နေအိမ်ဟုဆိုကာ ဖျက်ဆီး၊မီးရှို့ခဲ့တာဖြစ်တယ်လို့ PNLO/ PNLA သတင်းပြန်ကြားရေးမှ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
နားခိုက်ကျေးရွာက ပြည်သူ့နေအိမ် ၆ လုံးကိုလည်း အကြမ်းဖက်စစ်အုပ်စု လက်ပါးစေ PNO ပြည်သူ့စစ်များက PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်ကို အားပေးနေတယ်ဟု ဆိုကာ မီးရှို့၊ဖျက်ဆီးခဲ့ကြပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် အနေနဲ့ အာဏာရှင်စနစ်ကို စတင်ဆန့်ကျင်တော်လှန်နေတဲ့ အချိန်မှစပြီး ၊ ပအိုဝ်း အမျိုးသားချင်း တိုက်ခိုက်မှုကို ရှောင်ရှားမယ်လို့ အသိပေး ၊ ကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။
PNO ပြည်သူ့စစ်ဟာ ပအိုဝ်းဒေသကို လက်နက်ကြီး၊ မီးလောင်ဗုံး၊ လေယာဥ်များ နဲ့ ပစ်ခတ်ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်အုပ်စုနဲ့ ပူးပေါင်းပြီး PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို စစ်ကြောင်းထိုး တိုက်ခိုက်မှုများ လုပ်နေ တဲ့အပြင် ၊ တော်လှန်ရေး တပ်ဖွဲ့ဝင် မိသားစုများကို ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေတယ်လို့ အသိပေးချက်မှာ ဖော်ပြ ထားပါတယ်။
၁၅။ စစ်တွေတွင် မြေမြုပ်မိုင်းနှင့် စစ်တပ်၏ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်းသေဆုံး
ဧပြီ ၂၂ ၊ Myanmar Pressphoto Agency
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဧပြီ ၂၀ ရက်က စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းနင်းမိမှုနှင့် ပစ်ခတ်ခံရမှု ကြောင့် အရပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအများပြားရရှိခဲ့သည့်အပြင် ဖမ်းဆီးခံရသည့် ဒေသခံများလည်း ရှိကြောင်း သိရသည်။ သေဆုံးခဲ့သည့်ဒေသခံများသည် စစ်တွေမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရသူများဖြစ်ပြီး ကန့်ကော်ကျွန်းကျေးရွာအနီး ကွင်းပြင်ကိုဖြတ်သန်းစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုနှင့် မြေမြုပ်မိုင်းများကို နင်းမိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ "အဲ့ဒီစစ်ရှောင်တွေက ကျောက်တော်တို့၊ ပေါက်တောတို့ ဘက်ကစစ်ဘေးရှောင် တွေ၊ ပစ်လို့သေတာနှစ်ယောက်၊ မိုင်းထိပြီးသေတာကသုံးယောက်ပေါ့လေ၊ ထိတာလဲအတော်များများထိကြတယ်"ဟု ဖြစ်စဉ်အခြေအနေများကိုသိရှိသူ စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက ရှင်းပြသည်။ ဖြစ်စဥ်အတွင်း အဆိုပါစစ်ဘေးရှောင်များ အနက် စစ်ဘေးရှောင် ၁၀၀ ခန့်သည်လည်းစစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရသည်။
လက်ရှိစစ်တွေမြို့နယ်သည် စစ်ကောင်စီတပ်၏ ထိန်းချုပ်မှုအတွင်းရှိနေပြီး ရေလမ်း၊ ကုန်းလမ်းပိတ်ဆို့ထားမှုနှင့် အသွား အလာကန့်သတ်ထားမှုများကြောင့် ဒေသခံများအနေဖြင့် မြို့ပြင်ထွက်နိုင်ရန်ခက်ခဲမှုများလည်းရှိနေကြောင်းသိရသည်။
Comments