နေ့စဉ်သတင်းစုစည်းမှု
23-April-2024
တိုက်ပွဲသတင်း
မုံရွာမြို့မှ ထွက်လာသော သံပြားကာများကို မိုင်းဆွဲတိုက်ခိုက်မှု ကားပျက်စီးပြီး ကားပေါ်ပါ စစ်သား ၅ ဦးအထက်သေဆုံး
ဧပြီလ ၂၃ ၊ D Day News
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင်အကြမ်းဖက်စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပျက်စီး သွားပြီး ကားပေါ်ပါ စစ်သား ၅ ဦးအထက်သေဆုံးနိုင်ကြောင်း Area 71 PDF Monywa တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၂၂ ရက် ည ၉ နာရီ ၃၆ မိနစ်အချိန်က မုံရွာမြို့မှ ချောင်းဦးမြို့သို့ ထွက်ခွာလာသော သံပြားကာ စစ်ကား တစ်စီးကို မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပထမမိုင်းပွိုင့်မှာ ထိခိုက်မှုမရှိပဲ လွဲချော်သွားခဲ့ပြီး ဒုတိယမိုင်း ပွိုင့်အရောက် ထပ်မံတိုက်ခိုက်ခဲ့ရာ ချိန်သားကိုက် ထိထိ မိမိ ဖောက်ခွဲနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့မိုင်းကွဲထိမှန်မှုကြောင့် ကားမှာ နေရာမှာပင် ပျက်စီးသွားပြီး ကားပေါ်ပါ စစ်သား ၅ ဦးထက် မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကားပေါ်ပါ စစ်သားအချို့က ၄၀ မမ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ကာ မုံရွေးကြေးမုံရွာအတွင်း ဝင်ရောက်ပြီးဆဲဆိုကာ အချိန်အတော်ကြာသည်အထိ ရမ်းသမ်းပစ်ခတ် နေခဲ့ကြောင်း သိရသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Area 71 PDF Monywa နှင့် ANYAR DEFENCE FORCE (ADF) မုံရွာ ခရိုင်တပ်ရင်း ၈ PDF အဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၂။ တပ်စွဲထားသည့် ကလေးစစ်တပ်ဂိတ်နှင့် တက္ကသိုလ်ကို ဒရုန်းဖြင့် တိုက်ခိုက်
ဧပြီ ၂၃ ၊ The Irrawaddy
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကလေးတက္ကသိုလ်အတွင်း အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကလေးမြို့ တောင်ပိုင်း စစ်ကောင်စီဂိတ်များကို ဧပြီ ၂၁ ရက်နှင့် ၂၂ ရက်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ - Wings Of Kalay Drone Team က ထုတ်ပြန်သည်။ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက “ နှစ်ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၂ ယောက်သေပြီး ၅ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရတယ်၊ နောက်ဆက်တွဲတွေ ကိုလည်း ဆက်လက် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။ဧပြီ ၂၁ ရက်က ကလေးမြို့တောင်ပိုင်း စစ်တပ်ဂိတ် ကို Shar Htoo Waw Drone နည်းပညာ မောင်းသူမဲ့ ဒရုန်းဖြင့် ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သလို ဧပြီ ၂၂ ရက်တွင် ကလေးတက္ကသိုလ်၌ အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား မောင်းသူမဲ့ ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ - Wings of Kalay Drone Team နှင့် ကလေးဝမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Kalay Revolution Force (KRF) ကလေးဒေသ တော်လှန်ရေးတပ်များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၃။ ရွှေပြည်အေးတွင် တိုက်ပွဲ ပြင်းထန်နေ
ဧပြီ ၂၃ ၊ The Irrawaddy
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ် လျက်ရှိသော ရွှေပြည်အေးမြို့တွင် ဧပြီ ၂၀ ရက်မှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် စစ်ကောင်စီ တပ်ကြား တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တဦးက “ရွှေပြည်အေးကို သိမ်းနိုင်ပြီး ကတည်း ထိတွေ့မှုကတော့ ဆက်တိုက်ဖြစ်နေတာ။ လက်ရှိ လက်နက်ကြီးပစ်ကူတွေရော၊ လေကြောင်းပစ်ကူတွေနဲ့ပါ တိုက်နေတာ။ ရွာတွေဘက်ကိုလည်း လေကြောင်းနဲ့ တိုက်ခိုက်နေတယ်။ ရွာတွေဘက်ကတော့ ပြည်သူ့ကာကွယ်ရေး တပ်တွေ ရှိတယ်ထင်ပြီး တိုက်နေတာမျိုးပေါ့။ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဖြစ်နေဆဲဆိုတော့ နှစ်ဖက်ထိခိုက်မှုတွေနဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ပြောသည်။ စစ်ကောင်စီက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ပျူစောထီးများ အပါအဝင် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာရာမှ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ကာ ဒေသခံ များမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်တွင် ရွှေပြည်အေးမြို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ၊ ခန္တီးခရိုင် အမှတ်-၂ တပ်ရင်း အပါအဝင် မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လက်လွှတ်ခဲ့ရသည့် ရွှေပြည်အေးမြို့ကို စစ်ကောင်စီက လေကြောင်းမှ မကြာခဏ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းအပြင် ပြန်လည်ရရှိရန်အတွက် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများလည်း ပြုလုပ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
၄။ မြင်းခြံတွင် စစ်သင်္ဘောနှင့်ဆီမီးခုံရဲစခန်း တိုက်ခိုက်ခံရ
ဧပြီ ၂၃ ၊ DVB
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာကို စစ်ကူသွားမယ့် စစ်သင်္ဘောနဲ့ ဆီမီးခုံရဲစခန်းကို ဧပြီ ၂၀ ရက် မနက် ၅ နာရီက စတင်ပြီး မနက် ၈ နာရီအထိ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ် စစ်ကူတွေကို အချိန်မီ တားနိုင်ခဲ့တယ်လို့ ဒေါင်းစစ်သည် အဖွဲ့ကနေ သိရပါတယ်။ ကြည်ရွာကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဧပြီ ၂၀ ရက် မနက်အစောပိုင်းမှာ တိုက်ခိုက် သိမ်းပိုက် နေချိန် ကြည်ရွာကို စစ်တပ်စစ်ကြောင်း မကူနိုင်အောင်လို့ စစ်ကြောင်းကို ဖြတ်တောက်ပစ်ခတ်ခဲ့တာလို့ ဒေါင်းစစ်သည် အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။“ကျနော်တို့က စစ်သင်္ဘောနဲ့ တပ်ကူသွားမှာစိုးလို့ ဖြတ်တောက်ပေးတာပါ။ သင်္ဘောနဲ့က ၁၀ မိနစ်လောက်မောင်းရင် အစောကပြောတဲ့ ကြည်ရွာကျေးရွာကို ရောက်တယ်။ သင်္ဘော အချိန်မီ မကူနိုင်အောင် တားနိုင် ခဲ့တယ်။ ဆီမီးခုံနဲ့ သိပ်မဝေးဘူး၊ ကြည်ရွာကို မဟာမိတ်အဖွဲ့တွေက ဝင်သိမ်းတာ။”
စစ်ကောင်စီတပ် စစ်ကူသင်္ဘောကို ၁၀၇ မမ ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ဆီမီးခုံရဲစခန်းကိုလည်း ဒရုန်း၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။“စခန်းထဲကိုလည်း တည့်တည့်ကျတယ်။ သင်္ဘောအထက်က ကုန်းပတ်ပေါ်ကိုလည်း တည့်တည့်ကျတယ်။ လေယာဥ်ပစ်လက်နက်တွေနဲ့ သင်္ဘောပေါ်ကနေ ပြန်ပစ်တယ်။ ကျနော်တို့ ဘက်က ရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။”ဆီမီးခုံရဲစခန်းနဲ့ စစ်သင်္ဘောပေါ်က စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးပါဘူး။
၅။ ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်သောကြောင့် ရဲဘော် ၅၀ ခန့် အဆိပ်ငွေ့သင့်ဟုဆို
ဧပြီ ၂၃ ၊ Myanmar Pressphoto Agency
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ပါဝင်သည့် (Drop Bomb) ဗုံးများ၊ မီးလောင်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သဖြင့် ရဲဘော်အယောက် ၅၀ ခန့် ဓာတုအဆိပ်ငွေ့သင့်ကာ အသက်ရှူကျပ်ခြင်း၊ မူးဝေ ခြင်း၊ အော့အန်ခြင်း၊ သွေးပေါင်ချိန်ကျခြင်းနှင့် အမြင်အာရုံဝေဝါးခြင်းတို့ ခံစားခဲ့ရကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရ သည်။ ဧပြီ ၁၉ ရက်မှ ၂၁ ရက်အထိ ဖြစ်ပွားခဲ့သော ကော့ကရိတ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အဆိုပါ ဓာတု အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျားဖြူစစ်ကြောင်း၏ ဒုတပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောသည်။
"၃ ရက်ဆက်တိုက်မှာ ရန်သူဘက်က ဒရုန်းဗုံးသီးတွေမှာ အဆိပ်ဗုံးတွေသုံးတယ်။ နောက်ပြီး Y-12 ကနေပြီးတော့ အဆိပ် ဗုံးသီးတွေနဲ့ ပစ်ချတယ်။ သူတို့ဘက်က မြေပြင်ရော ဝေဟင်ရော အဆိပ်သင့်တဲ့ ဗုံးတွေ တအားသုံးတဲ့အခါကျတော့ မြေပြင် မှာ ကျွန်တော်တို့ ရဲဘော်တွေက အဆိပ်ငွေ့သင့်တဲ့ ဒဏ်ကို မခံနိုင်ကြတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ မြေပြင်တချို့ အပိုင်းတွေကို စွန့်လွှတ်လိုက်ရတာလဲရှိတယ်" ဟု ၎င်းက ရှင်းပြသည်။
တိုက်ပွဲအတွင်း ဓာတုအဆိပ်ငွေ့သင့်ခဲ့သည့် ရဲဘော်များအနေဖြင့် အချိန်မီဆေးကုသမှုခံယူခဲ့သည့်အတွက် ဓာတုအဆိပ် ငွေသင့်ကျဆုံးမှုတော့ မရှိကြောင်း စုံစမ်းသိရှိရသည်။
၆။ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့တွင် တပ်စွဲထားသော စစ်တပ်လုံခြုံရေးကင်းနှင့်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး
ဧပြီလ ၂၃ ၊ D Day News
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့တွင် တပ်စွဲထားသော စစ်တပ်ကင်းနှင့်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး ကြောင်း ၃၆၀၁ PPDF တပ်ရင်းထံမှ သိရသည်။ ဧပြီလ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ပြည်ခရိုင် ၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ အထက်တန်းကျောင်းတွင်တပ်စွဲနေသော စစ်ကောင်စီကင်းနှင့်စစ်ဆေးရေးဂိတ်ကို ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး စစ်သား ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက် အန္တရာယ် မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယခုတိုက်ခိုက်ခဲ့သော စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ပြည်သူများအပေါ်နိုင် ထက်စီးနင်းရိုင်းပြစွာဆဲဆိုစစ်ဆေးခြင်း၊ ကားသမားများကို ငွေတောင်းခြင်းများကို ပြုလုပ်နေသော စစ်တပ်ဂိတ်လည်း ဖြစ်ကြောင်း သိရသည်။
၇။ BGF အကူအညီဖြင့် မြဝတီ ခလရ (၂၇၅) ကို စစ်ကောင်စီပြန်ထိန်းချုပ်
ဧပြီလ ၂၃ ၊ Myanmar Now
မြဝတီမြို့ကို လုံခြုံရေးယူထားသည့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ၏ အကူအညီဖြင့် ပြီးခဲ့သည့် ဧပြီ ၁၁ ရက် နေ့က ကရင်တပ် KNU က သိမ်းပိုက်ထားသည့် ခလရ (၂၇၅) တပ်စခန်းကို စစ်ကောင်စီက ယနေ့တွင် ပြန်လည်သိမ်းပိုက် လိုက်သည်ဟု မြဝတီဒေသခံများက Myanmar Now ကို ပြောသည်။ ခလရ (၂၇၅) သည် မြဝတီမြို့အနောက်ဘက်၊ မြေနီကုန်းအရပ်တွင်ရှိပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုနေ့ကတည်းက ယင်းတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သည် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် (၂) တံတားအနီးက ကုန်တင်ယာဉ်ရပ်နားဝင်း သို့ ဆုတ်ခွာထွက်ပြေးခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကုန်တင်ယာဉ်ရပ်နားဝင်းတွင် နေထိုင်ကာ ခံစစ်ပြင်ခဲ့ပြီး ဧပြီလ ၁၉ ရက် ညပိုင်းနှင့် ၂၀ ရက် နံနက်ပိုင်းတွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆင်တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ ရသည်။ နှစ်ဖက်အပြင်းအထန်ပစ်ခတ်မှုများဖြစ်ပြီးနောက် တိုက်ပွဲသည် ဧပြီလ ၂၁ ရက်နံနက်ပိုင်းတွင် ပစ်ခတ်မှုရပ်စဲ သွားသည်။ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တပ်ဆုတ်ပေးလိုက်သဖြင့် တိုက်ပွဲရပ်သွားခြင်းဖြစ်သည်။
ထို့နောက် ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်းတွင် မြဝတီမြို့ကို လုံခြုံရေးယူထားသည့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ၏ အကူအညီရယူပြီး အမှတ် (၂) တံတားမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခလရ (၂၇၅) အတွင်း ပြန်လည် ဝင်ရောက် နေရာယူလိုက်ခြင်းဖြစ်ကြောင်း မြဝတီဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
ခလရ (၂၇၅) ကို KNU နှင့် ပူးပေါင်းအဖွဲ့များ သိမ်းပိုက်ခဲ့စဉ်က ကော်ဘရာစစ်ကြောင်းက ကရင်အမျိုးသားအလံကို လွှင့်တင်ခဲ့သော်လည်း လက်ရှိတွင် အဆိုပါအလံသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖြုတ်ယူခြင်းခံလိုက်ရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၈။ ရေတာရှည်တွင် စစ်ကြောင်းက ကလေးတဦးအပါ ၈ ဦးကို ပစ်သတ်
ဧပြီ ၂၃ ၊ The Irrawaddy
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်ရှိ ရွာသစ်ကျေးရွာနှင့် ပိတောက်ကုန်းကျေးရွာများကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ) လက်အောက်ခံ စစ်တပ်က ဝင်ရောက်၍ သံဃာတပါးနှင့် ကလေးတဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရွာသစ်ကျေးရွာမှ ဒေသခံ ၄ ဦး၊ ပိတောက်ကုန်းကျေးရွာမှ သံဃာ တပါးနှင့် ဒေသခံ ၃ ဦးတို့ဖြစ်ပြီး ဖမ်းဆီးခံထားရသည့် ဒေသခံများလည်းရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၃ ရက်မှစ၍ ခင်တန်း၊ ကိုးတန်း၊ ဆွာရွာမ၊ ထန်းပင်ကုန်း၊ ပိတောက်ကုန်းစသည့် ဆွာမြို့အရှေ့ဘက်ရှိ ကျေးရွာများတွင် ထိတွေ့တိုက်ပွဲနှင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီက ပြန်လည်ဆုတ်ခွာသွားခြင်းမရှိဘဲ ကျေးရွာများအတွင်း အထိုင်ချတပ်စွဲပြီး ဒေသခံများအား ဖမ်းဆီး သတ်ဖြတ်နေခြင်းဟု သိရသည်။
၎င်းက ဆက်လက်၍ “စစ်ကြောင်းစဝင်တုန်းကတော့ အင်အား ၂၀၀ လောက် ပါတာ၊ တိုက်ပွဲတွေ ဖြစ်နေတော့ အင်အား တွေ ထပ်ဖြည့်ပြီး ရှေ့ဆက်တိုးနေတာမျိုးပေါ့၊ လက်ရှိမှာတော့ ပိတောက်ကုန်းနဲ့ ရေတာရှည်လေးရွာတွေဘက်မှာ အင်အား ၄၀၀ လောက်နဲ့ ဖြန့်ထားတယ်လို့ သိရတယ်၊ ပြီးတော့ ပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့လည်း ပစ်နေတာတွေ ရှိတယ်”ဟု ပြောသည်။
၉။ မုံရွာ၊ကြေးမုံရွာထဲ စစ်တပ်ပစ်သည့် လက်နက်ကြီးကျ၊ ကလေး ၁ ဦးအပါ အမျိုးသမီး ၄ ဦး ဒဏ်ရာရ
ဧပြီ ၂၃ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြေးမုံရွာထဲသို့ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ခဲ့ရာ ကလေး ၁ ဦး အပါအဝင် အမျိုးသမီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဧပြီ ၂၂ ရက်၊ ည ၉ နာရီဝန်းကျင်က မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ ထွက်လာသည့် စစ်ကောင်စီကား ၁စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ဒေသခံPDF တို့က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တောပုပျူစောထီးကျေးရွာမှ ၆၀(မမ) ၁ လုံးနှင့် ချောင်းဦးမြို့နယ်၊ ဘက်စုံစစ်တပ်အထိုင်စခန်းမှ ၆၀(မမ) ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လက်နက် ကြီး ကျည် ၂ လုံး မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ်(မ) ၁ဦး၊ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း မုံရွာမြို့နယ်၊ မုံရွာ - မန္တလေးလမ်းဘေးနေ ဒေသခံတစ်ဦးကပြောသည်။
ယင်းစစ်ကောင်စီကားကို ည၉နာရီခွဲဝန်းကျင်တွင် မိုင်း ၂ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိုးရပ်သွားဖြင့် မုံရွာ-ချောင်းဦး လမ်းပိုင်း စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ ကားတစ်စီးဖြင့် လာဆွဲသွားကြောင်း Anyar Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၁၀။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးသည့်ကလေးအပါအဝင် ၁၀ ဦးကျော်သေဆုံး
ဧပြီ ၂၃ ၊ Myanmar Pressphoto Agency
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၂) တံတားအနီးကို ဧပြီ ၂၁ ရက်၊ ညသန်းခေါင်ယံအချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် အသက်မပြည့်သေးသည့် ကလေး ၁ ဦး အပါအဝင် ၁၀ ဦးကျော်သေဆုံး ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ “ပထမအကြိမ်ကြဲတာက ၁ လုံးထဲ၊ နောက်တစ်ကြိမ်ကြဲတော့ ၅ လုံးဆက်တိုက် ကိုကြဲတာ၊ ပြေးချိန်တောင်မရဘူး။ ကြဲတဲ့ဗုံးကလည်း ပေါင် ၅၀၀ နဲ့ကြဲတာ”ဟု မြဝတီမြို့၊ ၅ ရပ်ကွက်အတွင်းနေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးကရှင်းပြသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြဝတီမြို့၊ ၅ ရပ်ကွက်အတွင်း နေထိုင်သူ ၁၀ ဦးနီးပါးသေဆုံးခဲ့ပြီး နေအိမ်များနှင့် ဘုန်းကြီးကျောင်းဆောင်တစ်ခုလည်း ပျက်ဆီးသွားကြောင်း ၎င်းက ဆက်လက်ပြောသည်။ “သေသွားတဲ့ လူဦးရေစာရင်းကိုတော့ ကျွန်တော်တို့လည်း အခုချိန်မှာ အတိအကျ မသိသေးဘူး။ ဘာလို့လဲဆိုတော့ အကုန်လုံးက ပြေးကြလွှားကြရင်း လူစုတွေကွဲနေတာတွေလည်းရှိတယ်။ကျွန်တော်တို့လည်း တာဝန် ကိုယ်စီနဲ့ ဘယ်ဟာမှ တိတိကျကျ မပြောနိုင်သေးဘူး။ ခန့်မှန်းခြေလောက်ပဲပြောနိုင်သေးတာ”ဟု မြဝတီစစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက MPA ကိုပြောသည်။ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ထိမှန်မှု ကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူ ၁၀ ဦးကျော် သေဆုံးသွားကြောင်း သိရသည်။
၁၁။ မိုးမောက်မှာ လက်နက်ကြီးကြောင့် ကလေးအပါအဝင် သုံးဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ
ဧပြီ ၂၃ ၊ RFA
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့မှာ ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံသုံးဦး သေဆုံးပြီး သုံးဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။မနေ့က မနက် ၈ နာရီလောက် စစ်ကောင်စီတပ်စစ်ကြောင်း ခါနန်ရပ်ကွက်ဘက် စစ်ကြောင်းထိုးလာတာ ကြောင့် နေ့လယ် ၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီးနဲ့ရောလေကြောင်းနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။“သုံးယောက်သေပြီး သုံးယောက် ဒဏ်ရာရတယ်။ လူတွေထိတာကတော့ လက်နက်ကြီးနဲ့ ထိတာ ပေါ့။ လေယာဉ်နဲ့ လာပစ်တာက အိမ်ပဲထိတာ။ အိမ်လည်း ငါးအိမ်လောက်ထိတယ်။ ဒဏ်ရာရတဲ့သူတွေက ဗန်းမော် ဆေးရုံမှာ”။ သေဆုံးသူတွေဟာ အလင်းကောင်ရပ်ကွက်နဲ့ ကြေးနန်းရပ်ကွက်က အသက် (၁၄) နှစ်အရွယ် မကြည် ကြည်ဝင်း၊ အသက် (၃၅) နှစ်အရွယ် ကိုဆန်းဝါနဲ့ အသက် (၂၂) နှစ်အရွယ် သက်လွင်ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
Comments