နေ့စဉ်သတင်းစုစည်းမှု
24-April-2024
တိုက်ပွဲသတင်း
၁။ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်း စစ်ကြောင်းကို PDF တွေ တိုက်ခိုက်၊ ရန်သူ ၇ ဦးသေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရ
ဧပြီ ၂၄ ၊ PVTV
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဆင်ချောင်း၊ ညောင်ဒို၊ ရန္တပို ၊ ကိုင်းရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုး မွှေနှောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်ပါးစေ ပျူစောထီးပူးပေါင်း အင်အား ၈၀ခန့်ပါ ပူးပေါင်း စစ်ကြောင်းကို ဧပြီလ ၂၂ရက် မနက် ၈နာရီ ၃၀မိနစ်မှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ် စစ်ကြောင်းတွေက တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက PVTVကို ပြောပါတယ်။ ဆုတ်ခွာထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထဲမှ စစ်ကြောင်းတစ်ကြောင်းက မရိုးကုန်းရွာ အနောက်ဖက် ကိုင်းတောထဲတွင် ပိတ်မိနေတယ်လို့ သတင်းရရှိ ပြီး MBTတပ်ဖွဲ့နဲ့ ပူးပေါင်းစစ်ကြောင်းမှ နောက်တစ်ကြိမ် ထပ်မံသွားရောက် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ တစ်နာရီခန့် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ရန်သူစစ်ကြောင်းမှာ ဇလပ်ကုန်းရွာဖက်ကို ဖယိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရ ပါတယ်။ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းမှ ၇ ဦးသေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့ ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဗိုလ်မိုက်ခဲက ပြောပါ တယ်။ MBTတပ်ဖွဲ့နဲ့အတူ စည်းလုံးမှုရှိရှိနဲ့ ငါးဇွန်မြို့နယ် တပ်ရင်း(၆) တပ်ခွဲ(၁) နောင်ရိုးပြောက်ကျား တပ်ဖွဲ့နဲ့ မြွေပွေး ပြောက်ကျားတပ်ဖွဲ့ (LPDF)စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
၂။ ဖားကန့်ရှိ ဆယ်ဇင်း စစ်တပ်စခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်
ဧပြီ ၂၄ ၊ The Irrawaddy
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့မနက် ၂ နာရီခန့်တွင် ကချင် လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ စစ်ရေးအရအရေးပါသော ဆယ်ဇင်းရဲစခန်း ကို ဧပြီ ၉ ရက်က စတင်တိုက်ခိုက်ခဲ့ရာ ဆယ်ဇင်းရဲစခန်းစခန်းမှူးအပါအဝင် ၂၃ ယောက် လက်နက်နှင့်တကွ အလင်းဝင်ခဲ့ ပြီးနောက်၊ ဆယ်ဇင်းရွာအခြေစိုက် စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၆ တပ်စခန်းကိုလည်း KIA နှင့် ပူးပေါင်းတပ်များ ဆက်လက်၍ တိုက်ခိုက် သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။ လေကြောင်းဖြင့် နေ့စဉ်ပစ်ကူနေသည့်ကြားမှ စခန်းကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ လက်နက်ခဲယမ်းအမြောက်မြားသိမ်းဆည်းရရှိခဲ့ပြီး စခန်းကိုလည်း ရှင်းလင်းရေးလုပ် ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း KIA/ KPDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ ဒရုန်းများဖြင့် အဆက်မပြတ် တိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားကာ ကျန်တပ်ဖွဲ့ဝင်များလည်း စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ဆယ်ဇင်းရဲစခန်းနှင့်စစ်တပ်စခန်းကို သိမ်းပိုက်လိုက်နိုင်သောကြောင့် ဖားကန့်- တာမခန်- ဆယ်ဇင်း လမ်းကြောင်းတွင် စစ်ကောင်စီတပ်ကင်းစင်ကာ KIA / KPDF ပူးပေါင်းအဖွဲ့က အပြည့်အဝထိန်းချုပ်နိုင်ပြီ ဖြစ်သည်။
၃။ စစ်ကောင်စီအတွက် ရိက္ခာနှင့် စစ်ကူပို့ပေးသည့် ငါးဖမ်းစက်လှေတစ်စီး တိုက်ခိုက်ခံရ
ဧပြီ ၂၄ ၊ Myanmar Pressphoto Agency
တနင်္သာရီတိုင်း၊ ထား၀ယ်မြို့နှင့် ကျောက်နီမော်ရွာအကြား ထား၀ယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီ တပ်၏ ရိက္ခာနှင့် စစ်ကူပို့ ငါးဖမ်းစက်လှေတစ်စီးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ဧပြီ ၂၃ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့် လိုက်ပါလာသည့် အဆိုပါစက်လှေ ၁ စီးကို ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုအတည်မပြုနိုင်သေး ကြောင်း သိရသည်။ "စက်လှေသွားလို့ရတဲ့ ရေကြောင်းက ကမ်းနဲ့ကပ်ပြီး ဖြတ်ရတဲ့နေရာရှိတယ်ဗျ။ အဲဒီနေရာတစ်ခုကနေ ပစ်ခတ်တိုက်ခိုက်တာပါ၊ စက်လှေကတစ်စီးပဲဗျ။ ၄၀ မမနဲ့ပစ်တော့ သူတို့ဘက်ကလည်း စက်သေနတ်နဲ့ ပြန်လည် ပစ်တယ်။ စစ်ကောင်စီ ငါးဖမ်းစက်လှေကို ၄၀ မမ၂ လုံး ထိပါတယ်။ တစ်လုံးကတည့်တည့် ထိချက်ကောင်းပြီး ကျန်တစ်လုံး ကတော့ လှေဦးမှာထိတာ။ ထိခိုက်သေဆုံးရှိနိုင်ပါတယ်။ အသေးစိပ်ကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်" ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းပြန်ကြားတာဝန်ခံ ကိုရှဲဒိုးက ရှင်းပြသည်။
၄။ ရွှေဘို၊ချီပါရွာထဲ တပ်စွဲနေသည့် စစ်တပ်ကို ဗုံးကြဲ၊ စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး ဟုဆို
ဧပြီ ၂၄ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာတွင် တပ်စွဲနေသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦးသေဆုံးကြောင်း သိရသည်။ ဧပြီ ၁၈ ရက်နေ့က ရွှေဘိုမြို့မှ ထွက်လာသော အင်အား ၁၀၀ ပါ စစ်ကြောင်း သည် ချီပါကျေးရွာအတွင်း ၇ ရက်ကြာ တပ်စွဲနေထိုင်နေသဖြင့် ဧပြီ ၂၃ ရက်၊ ည ၁၁ နာရီ ၈ မိနစ်ခန့်မှ ယနေ့(ဧပြီ ၂၄ ရက်) နံနက် ၈ နာရီခွဲခန့်အထိ ဒရုန်းဖြင့် ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ရွှေဘိုမြို့ခမရ -၁၁မှ စစ်ဗိုလ် ၁ဦးအပါအဝင် လေ့ကျင့်ရေး (၈)မှ စစ်သားနှင့် ပျူ ၃ ဦးတို့ သေဆုံးကြောင်း ရွှေဘိုမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
" မြေပြင်မှာတော့ မတိုက်ဖြစ်ဘူး။ လက်နက်ကြီးနဲ့ ပစ်ဖို့ စီမံထားပေမဲ့ မပစ်ခဲ့ရဘူး။ ဝေဟင်ပဲတိုက်ခဲ့ရတယ်။ သူတို့က ရွာထဲမှာ ပစ္စည်းတွေ ထုတ်နေတာ။ အဓိကကတော့ ရိက္ခာသယ်ယူရေးပေါ့" ဟု ရွှေဘိုမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးမှုများကို တပ်တွင်းသတင်းပေးမှတစ်ဆင့် အတည်ပြုနိုင်ခဲ့ပြီး သေဆုံး ဒဏ်ရာရသူများအား ရွှေဘိုမြို့သို့ ပို့ဆောင်ကြောင်း သိရသည်ဟု ၎င်းကပြောသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ (ဧပြီ ၂၄ရက်) ညနေ ၃နာရီဝန်းကျင်က ချီပါကျေးရွာကို မီးရှို့ဖျက်ဆီးရာ နေအိမ် ၄၀ ကျော် မီးလောင် ပြာကျနေပြီဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၅။ ဆီဆိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပအိုဝ်းအမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရ
ဧပြီ ၂၄ ၊ PVTV
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ မြေပြင်အနေအထားအရ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဧပြီလ ၂၄ ရက် မနက် ၇ နာရီမှာ အသက် ၆၆ နှစ်အရွယ် ပအိုဝ်းအမျိုးသမီးကြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒီနေ့မှာ ထုတ်ပြန်လိုက် ပါတယ်။အဆိုပါ အမျိုးသမီးကြီးက ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ လုံးဖိုးကျေးရွာမှ တောင်ယာခြံသွားနေချိန် မှာ လက်နက်ကြီးထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အခုလို အဖြစ်အပျက်တွေ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
၆။ ရွှေကျင်တွင် လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ
ဧပြီ ၂၄ ၊ Mizzima
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။
ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီက ဘောကထာရွာကို တိုက်လေယာဉ်ဖြင့် ဗုံးခြောက်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး လေယာဉ် ပစ်သေနတ်ဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဦးသေဆုံး၍ ရှစ်ဦးဒဏ်ရာရခဲ့သည်ဟု ကရင်ငြိမ်းချမ်းရေးအထောက် အကူပြုကွန်ယက် (KPSN)က ထုတ်ပြန်ထားသည်။ ရွှေကျင်မြို့နယ် ပဒဲကောနှင့် ဘောကထာရွာတို့တွင် ဧပြီလ ၂၂ ရက် နံနက် ၁၁ နာရီဝန်းကျင်က လေ ကြောင်းမှဗုံးကြဲခံရခြင်းဖြစ်ပြီး သေဆုံးသူများမှာအမျိုးသမီးနှစ်ဦးဖြစ်ကာ ဒဏ်ရာရသူများ အနက် ခြောက်လသားအရွယ် ကလေးငယ်တဦးပါဝင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံက သိရသည်။
“ငါးကြိမ်တောင် ကြဲသွားတာ။ အိမ်တွေ ပျက်စီးတာလည်း အများကြီးပဲ။ လူအထိအခိုက်က နှစ်ဦးသေပြီး ရှစ်ဦးဒဏ်ရာ ရတယ်ကြားတယ်။ ဆုံးသွားတာက အမျိုးသမီးတွေချည်းပဲ”ဟု ရွှေကျင်မြို့နယ်မှ အမျိုးသမီး သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
၇။ ပေါက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး
ဧပြီ ၂၄ ၊ RFA
မကွေးတိုင်း ပေါက်မြို့နယ် ကျောက်တိုင်ခင်ရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းမှာ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲအားပြင်းထန်တဲ့ ပေါင်းသုံးရာ ဗုံးသုံးလုံးကို ဖလံကိုင်းရေနံမြေနဲ့ ကျောက်တိုင်ခင်ရွာအနီးမှာ ကြဲချတာကြောင့် အသက် ၄၀ အရွယ် ကျောက်တိုင်ခင်ရွာသား ဦးစက်ကျော် ဗုံးစထိမှန်သေဆုံးခဲ့တာလို့ ပေါက်ဒေသခံတစ်ဦးက ပြောပါ တယ်။"သူ့တို့ဘက်က စစ်သားတွေ စခန်းကနေ စွန့်ခွာသွားတော့ ပြည်သူတွေ လုပ်စားလို့မရအောင် အကုန်ဖျက်ဆီး ပစ်တာပေါ့။ ကျောက်တိုင်ခင်ရွာက သေသွားတဲ့ ဒေသခံက ရေနံတွင်းတူးသမားပေါ့။ ဗုံးစက ဗိုက်ကို ပေါက်ထွက် သွားတယ်။ နေအိမ်တွေနဲ့ အိမ်မွေးတိရစ္ဆာန် နည်းနည်းပါးပါး ထိခိုက်ပါတယ်”
ကျောက်တိုင်ခင်ရွာအနီးက ဖလံကိုင်းရေနံမြေမှာ တပ်စွဲအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဧပြီလ ၂၁ ရက်နေ့မှာ စခန်းကနေ စွန်ခွာသွားခဲ့တာပါ။ အဲဒီနောက် ဖလံကိုင်းရေနံမြေမှာ လုပ်ကိုင်စားလို့မရအောင် တိုက်ပွဲတွေမရှိဘဲ ဗုံးကြဲဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
၈။ စစ်မှုမထမ်းလို၍ ထွက်ပြေးသွားသည့် လူငယ်အစား အဘိုးနှင့်အဘွားကို စစ်တပ်ဖမ်းဆီး
ဧပြီ ၂၄ ၊ Myanmar Pressphoto Agency
ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့တွင် စစ်ကောင်စီ၏ စစ်မှုထမ်းစာရင်း၌ အမည်စာရင်းပါဝင်ခဲ့သည့် လူငယ် တစ်ဦးသည် ထွက်ပြေးသွားသဖြင့် အဘိုးနှင့်အဘွားကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိ ရသည်။
ပြီးခဲ့သည့် ဧပြီ ၁၈ရက်၊ နေ့လယ်ပိုင်းတွင် သုံးဆယ်မြို့မစျေးအနီး၊ မကျီးကုန်းလမ်း၊ စာသင်ကျောင်းရှေ့တွင်နေထိုင်သည့် ဟင်းရွက်ရောင်းသူတစ်ဦး၏ သားသည် စစ်မှုထမ်းလိုသဖြင့် ထွက်ပြေးခဲ့ရာ၊ ၎င်း၏ အဘိုးနှင့်အဘွားကို ဖမ်းဆီးခဲ့ရာ ယနေ့ အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပေ။ "ဟင်းရွက်ရေးတဲ့ မအေးမိုးရဲ့သားက ထွက်ပြေးသွားလို့ အဘိုးနဲ့ အဘွားကိုဖမ်းသွားတာ၊ အခုလကုန်လို့ ထွက်ပြေးသွားတဲ့သူပြန်မလာရင် ထောင်ချမယ်ဆိုပြီးခြိမ်းခြောက်သွားတယ်။ ဖမ်းခံရတာကလဲ တစ်ပတ်ကျော်နေပြီ ပြန်မလွှတ်ပေးသေးဘူး" ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၈ ရက်တွင်လည်း သုံးဆယ်မြို့၊ သာယာ၀တီမြို့ပေါ်နှင့် ကျေးရွာအချို့မှ လူငယ် ၈၀ ကျော်ကို စစ်မှုထမ်းရန် အတွက် စစ်တပ်က ခေါ်ဆောင်ခဲ့ကြောင်း သာယာ၀တီမြို့ ဒေသခံတစ်ဦးက MPA သို့ပြောသည်။
"ပထမဆုံး အပတ်စဉ်ကို ခေါ်တာပါ၊ သာယာ၀တီမြို့၊ လှည်းလမ်းကူးရွာမှာရှိတဲ့ အမြှောက်တပ်ကိုခေါ်သွားတယ်" ဟု ၎င်းက ပြောသည်။
၉။ ဘူးသီးတောင်မြို့ရှိ နေအိမ် ၅၀၀၀ ကျော်ကို စစ်တပ်နှင့် မူဆလင်ပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီး
ဧပြီလ ၂၄ ၊ D Day News
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ နေအိမ် ၁၀၀၀ ကျော်ကို အကြမ်းဖက်စစ်တပ်က သင်တန်းပေးထားသည့် ARSA၊ ARA နှင့် RSO တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရခိုင့်တပ်တော် - AA က ထုတ်ပြန်ထားသည်။
ဘူသီးတောင်မြို့ပေါ်ရှိ ရခိုင်၊ ဟိန္ဒူနှင့် အခြားမူဆလင်မဟုတ်သူများ၏ နေအိမ်များကို အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီ နှင့် ၎င်း၏ လက်အောက်ခံ ဘင်္ဂလီမူဆလင်အကြမ်းဖက်အဖွဲ့များဖြစ်သည့် ARSA, ARA, RSO နှင့် မကြာမီအချိန်က စစ်ကောင်စီသင်တန်းပေးခဲ့သည့် မူဆလင် လက်နက်ကိုင်များက မီးရှိဖျက်စီးမှုကြောင့် နေအိမ်အမြောက်အများ ပျက်စီးခဲ့ရ ကြောင်း ရခိုင့်တပ်တော် - AA က ယနေ့ထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်နေ့က ဘူးသီးတောင်မြို့ပေါ်ရှိ နိုင်ငံတကာအဖွဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ရုံးအပါအဝင် အမှတ် (၃) ၊ အမှတ် (၄) ၊ အမှတ် (၅) ၊ အမှတ် (၇) စသည့် ရပ်ကွက် များက ဟိန္ဒူ ဘာသာကိုးကွယ်သူ နေအိမ်များ၊ ရခိုင်လူမျိုးနေအိမ်များ အပါအဝင် နေအိမ်အလုံးပေါင်း ၅၀၀၀ ခန့်ကို စစ်ကောင်စီက သင်တန်းပေးထားသည့် အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်အချို့နှင့် ARSA၊ ARA နှင့် RSO တပ်ဖွဲ့ ဝင်များ ပူးပေါင်းကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသတင်းရင်း မြစ်ထံက သိရသည်။
Comments