top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်

နေ့စဉ်သတင်းစုစည်းမှု

25-April-2024


တိုက်ပွဲသတင်း


၁။ မောထာ့စခန်းကိုပူးပေါင်းတပ်တိုက််ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်ထွက်ပြေး


ဧပြီ ၂၅ ၊ Mizzima


တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း- မြန်မာနယ်စပ်အနီးရှိ မောထာ့စစ်ကောင်စီစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံဘက် ခြမ်းသို့ ထွက်ပြေးသွားကြောင်း KNU သတင်းရင်းမြစ်ထံမှ သိရသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) တပ်ရင်း (၁၂) နှင့် တပ်မဟာ (၆) တပ်ရင်း (၂၇) ပူးပေါင်းတပ်များက မောထာ့စခန်းကို ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၂၄ ရက်နေ့နံနက် ၉ နာရီဝန်းကျင်တွင် အပြီးသတ်နယ်မြေရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ " ကျွန်တော်တို့ လက်နက်ကြီးတွေနဲ့ စတိုက်တော့ အပြန်အလှန်ပစ်ခတ်မှု ခဏ ဖြစ်သေးတယ်နော်။ ပြီးတော့မှ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ထွက်ပြေးသွားတာ " ဟု KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။ မောထာ့စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ အရေအတွက်ကို လတ်တလော မသိရသေးပေ။ ထိုစခန်းမှ လက်နက်၊ ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း KNLA သတင်းရင်းမြစ်၏ ပြောကြားချက်နှင့် ဓာတ်ပုံ မှတ်တမ်းများအရ သိရသည်။



၂။ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု သေနတ် ၁ လက် သိမ်းဆည်းရရှိ


ဧပြီ ၂၅ ၊ D Day News


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သေနတ် ၁ လက်သိမ်း ဆည်းရရှိခဲ့ကြောင်း People’s Liberation Army – PLA တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ ဧပြီလ ၂၅ ရက်နံနက်ပိုင်းက မြင်းခြံမြို့နယ် ၊ ကုက္ကဲ ရဲစခန်းအတွင်း အခြေစိုက်တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သားများ အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ကုက္ကဲရွာကို ကာဗာ(Cover)ယူပြီး မြင်းခြံ ကပဖဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။ ထိုသို့ ထွက်ပြေးသွားသဖြင့် စခန်းကို ယာယီသိမ်းပိုက်ကာ ရှာဖွေစဉ် MA – 1 သေနတ် ၁ လက်၊ ကျည်ဘောက် တစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၈၁၅ တပ်ဖွဲ့-PLA (အနောက်မြောက်စစ်ဒေသ) ၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့ - PLA စုပေါင်းအင်အား ၊ မြင်းခြံ 35 တပ်ဖွဲ့ ၊ Burmese Guerrilla Force - BGF နှင့် KG တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



၃။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်းသို့ ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား အများအပြား သေဆုံး


ဧပြီ ၂၅ ၊ D Day News


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့ရှိ အကြမ်းဖက်စစ်ကောင်၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းသို့ ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြားသေဆုံးခဲ့ကြောင်း ဒေသ ကာကွယ်ရေး သတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဧပြီလ ၂၄ ရက် ည ၇ နာရီအချိန်ခန့်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ အတွင်းသို့ ရော့ကတ် အလုံး ၂၀ ၊ ဒရုန်း ၅ စီးဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဌာနချုပ်အတွင်းရှိ ဗဟို ကင်းနေရာအပါအဝင် ပစ်မှတ်နေရာတော်တော်များများကို ကျရောက်ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ အရာရှိကြီးများအပါအဝင် သေဆုံးသူအများအပြားရှိကြောင်း သိရသည်။ “အခုက တိတိကျကျ မသိရသေးဘူး။ အဖွဲ့တွေ ပေါင်းပြီးလုပ်တာတော်တော်မျာများပါတယ်။ သတင်းအတိအကျရရင်တော့ ပြန်ထုတ်ပြန်ပေးမှာပါ။ အကြီးပိုင်းတော်တော် များများသေတယ်လို့ လောလောဆယ် သတင်းရထားပါတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြား သည်။ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က YAK – 130 တိုက်လေယာဉ်ဖြင့် ၈ ကြိမ်တိုင်တိုင် ကင်းလှည့်ပတ်စစ်ဆေးခဲ့ကြောင်း သိရသည်။



၄။ စစ်တပ် ဒရုန်းကြောင့် ရေတာရှည်မြို့နယ်တွင် တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံး


ဧပြီ ၂၅ ၊ Myanmar Pressphoto Agency


ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် လုံခြုံရေးယူနေသည့် တော်လှန်ရေးရဲဘော်များကို စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက် ခဲ့သောကြောင့် နှစ်ဦးကျဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂ က ယမန်နေ့(ဧပြီ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ ဆွာမြို့အနီး၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ရွာများတွင် လုံခြုံရေးယူနေသည့် တော်လှန်ရေးရဲဘော်များကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ စစ်တပ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးခဲ့သည့် ရဲဘော်နှစ်ဦးကို ကိုသက်ပိုင်(အသက် ၂၃ နှစ်)နှင့် ကိုအငယ်လေး(အသက် ၂၈ နှစ်) တို့ဖြစ်ပြီး၊ ဧပြီ ၂၃ ရက်တွင် သင်္ဂြိုဟ်ပေးခဲ့ကြောင်း ကီကူးစစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောသည်။ လက်ရှိ ဆွာမြို့အနီး စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ရွာများတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၇ ရက်ကလည်း စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိရွာများတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအ‌ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည့် အပြင် တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးကာ၊ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။



နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ


၅။ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး တရုတ်သွား


ဧပြီ ၂၅ ၊ The Irrawaddy


မြန်မာ-တရုတ် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဧပြီ ၂၄ ရက်တွင် တရုတ် နိုင်ငံသို့ ထွက်ခွာသွားကြောင်း ယနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာများ၌ ဖော်ပြသည်။


တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Wang Xiao Hong ၏ ဖိတ်ကြားချက်အရ ဧပြီ ၂၄ ရက် မှ ၂၉ ရက်ထိ အလုပ်သဘောခရီးစဥ် သွားရောက်ခြင်း ဖြစ်ကြောင်းလည်း ရေးသားထားသည်။


ပြီးခဲ့သည့် ဧပြီ ၁ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း နေပြည်တော်သို့ လာရောက်ကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သေးသည်။


ယခု တရုတ်ခရီးစဥ်အပြင် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဖြစ်သည့် စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်လည်း ဧပြီ ၂၃ ရက်မှ ၂၆ ရက်ထိ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို တက်ရောက်နေကြောင်း သိရသည်။



လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ


၆။ ကလေးမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သား ၇ ဦး သေဆုံး


ဧပြီ ၂၅ ၊ The Irrawaddy


စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ၂ ရက်ဆက်တိုက် ပစ်ခတ်ခဲ့ရာ အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သေဆုံးသူများမှာ အသက် ၉ နှစ်၊ ၁၀ နှစ်၊ ၁၂ နှစ်အရွယ် ၃ ဦး၊ ၈၈ နှစ်၊ ၂၆ နှစ်၊ ၃၀ နှစ်အရွယ် အမျိုးသား ၃ ဦး၊ အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦးတို့ဖြစ်သည်။ ကလေးမြို့နယ် စစ်ရှောင်ကူညီနေသူတဦးက “မနေ့က ပစ်တာမှာ ကလေး ၃ ယောက်နဲ့ အဘိုးအိုတဦး သေဆုံးတယ်။ ဒီနေ့ မနက်ပိုင်းမှာ မနေ့က သေဆုံးသူတွေရဲ့ နာရေးလုပ်နေတဲ့အချိန် လက်နက် ကြီးကျရောက်ပေါက်ကွဲလို့ နာရေးလိုက်ပို့တဲ့ အမျိုးသား ၂ ဦး ထပ်သေဆုံးတယ်။ မနေ့က လက်နက်ကြီးကျလို့ ဒဏ်ရာ ပြင်းထန်တဲ့ အမျိုးသမီးတဦးလည်း သေဆုံးသွား တယ်လို့ သိရတယ်” ဟု ပြောသည်။ အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကို ကလေးမြို့တွင်းနှင့် စစ်ကြောင်းဝင်ရောက်တပ်စွဲထားသည့် ယောက်ချိုကွင်းကျေးရွာမှ ပစ်ခတ်နေခြင်းဟု သိရသည်။



၇။ ဟင်္သာတတွင် အမျိုးသား ၆ ဦး PDF ဟုစွပ်စွဲဖမ်းဆီးပြီး စစ်ကြောရေးသို့ ပို့ဆောင်ခံရ


ဧပြီ ၂၅ ၊ Mizzima


ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ဧပြီလ ၂၂ ရက်နေ့က အမျိုးသားခြောက်ဦး ဖမ်းဆီးပြီး စစ်ကြောရေးသို့ ပို့ဆောင်ခံထား ရကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရသည်။ ဟင်္သာတမြို့နယ် ကွင်းကောက်မြို့တွင်းတနေရာတွင် ကားနှစ်စီး ဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ကို PDF များဟုစွပ်စွဲကာ ကွင်းကောက်ရှိ တိုင်းဗဟိုလေ့ကျင့်ရေး(၅)အတွင်းရှိ စစ်ကြောရေးသို့ စစ်ကောင်စီ တပ်ဖွဲ့များက ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီးခံရသူများအနက် ဟင်္သာမြို့ ပေါ်နေ အသက် ၄၀ ကျော်အရွယ် ကိုစည်သူလပြည့်(ခေါ်)ဖိုးလပြည့် ဆိုသူတဦးကိုသာ တိတိကျကျသိရပြီး ကျန်ငါးဦးမှာ ဟင်္သာတခရိုင်အတွင်းနေထိုင်သူများဖြစ်သော်လည်း အမည်နှင့် နေရပ်လိပ်စာ အတိအကျမသိရသေးကြောင်း ဟင်္သာမြို့ ပေါ်နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးကပြောသည်။ “ကွင်းကောက် စစ်ကြောရေးကိုခေါ်သွားပြီး သတင်းပျောက်သွား တယ်။ စစ်ကြောရေးမှာပဲ ရှိနေသေးလား တခြားနေရာကို ဆက်ပြီးခေါ်သွားလားဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။ အဆိုပါ အမျိုးသားခြောက်ဦးနှင့်ပတ်သက်၍ ဟင်္သာတခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများအား ဆက်သွယ် မေးမြန်းရာ ဖမ်းဆီးခံရသူများမှာ PDF ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးကြောင်းနှင့် ၎င်းတို့ အနေဖြင့် စုံစမ်း နေဆဲဖြစ်ကြောင်း မဇ္စျိမကို ပြောသည်။



၈။ ဆားလင်းကြီးမြို့ ကံကုန်းရွာကို စစ်ကောင်စီတပ်မီးရှို့၊ ဒေသခံ ၇,၀၀၀ ခန့် စစ်ဘေးရှောင်


ဧပြီ ၂၅ ၊ Mizzima


စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် မုံရွာ - ပုသိမ်လမ်းတလျှောက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်း ကြောင့် ဧပြီလ ၂၃ ရက် နံနက် ၅ နာရီ အချိန်မှစတင်၍ ဒေသခံ ၇,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေရသည်။


စစ်ကောင်စီတပ်စစ်ကြောင်းတွင် အင်အား ၁၅၀ ခန့်ပါရှိပြီး ယနေ့(ဧပြီလ ၂၅ရက်)နံနက် ၈ နာရီအချိန်တွင် ကံကုန်းကျေးရွာ ရှိ နေအိမ် နှစ်လုံးကိုလည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း မဇ္စျိမ၏ မြေပြင်သတင်း ထောက်ထံမှ သိရသည်။ “ စစ်ရှောင်ရတာ ဒီလဆို နှစ်ကြိမ်ရှိပြီ။ တကြိမ်ရှောင်ရရင် တပတ်နှစ်ပတ်ကြာတယ်။ နေက တအားပူပြီး နေစရာ ၊ ထိုင်စရာက မရှိ။ သစ်ပင်လေးတွေအောက် ဖြစ်သလိုနေကြရတယ်။ လူကြီးတွေအတွက်ရော၊ ကလေးတွေ အတွက်ရော ကျန်းမာရေး စိုးရိမ်နေရတယ်” ဟု စစ်ရှောင်တဦးက ဆိုသည်။


စစ်ကောင်စီတပ်က ဧပြီလအတွင်း ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ကို နှစ်ကြိမ်တိုင် စစ်ကြောင်းထိုးခဲ့ပြီး၊ ဒေသခံ များကို စည်းရုံးရေးလုပ်ဆောင်နေကြောင်း ယင်းမာပင်သပိတ်အဖွဲ့ မှ ကိုလွမ်းသူက ဆိုသည်။



၉။ ကောဘိန်းရွာကို စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်က အမျိုးသမီး၁ ဦးကို အကြောင်းမဲ့ပစ်သတ်


ဧပြီ ၂၅ ၊ Mizzima


မွန်-ကရင်အစပ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာကို ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ စစ်ကြောင်းထိုးနေပြီး ဒေသခံအမျိုးသမီး တဦးကို အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံထံမှ သိရသည်။


“စကစတွေ ရွာထဲဝင်ပြီး ပစ်သတ်လိုက်တာ။ ကလေးမလေးဆို သူငယ်ငယ်လေးပဲ ဘာမှသိပ်နားလည်တာမဟုတ်ဘူး။ အကြောင်းမဲ့ ပစ်သတ်နေတာ။ ပစ်ရင်တောင် မသေမယ့်နေရာတို့ ဥပမာခြေထောက်တို့ ပစ်ပေါ့နော်။ ခုဟာက လူတွေကို ရည်ရွယ်ချက်ရှိရှိ သက်သက်မဲ့ သတ်နေတာ” ဟု ဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။


မတ်လတတိယအပတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းပိုက်ဖျက်ဆီးခဲ့သည့် ကော့ဘိန်းရဲစခန်းကို ပြန်လည်ထိန်း ချုပ်ရန် အင်အား ၃၀၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့( ဧပြီလ ၂၅ ရက်)နံနက ၇ နာရီခန့်တွင် ကော့ဘိန်း ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ လမ်းတွင်သွားလာနေသည့် အသက်၂၀ ကျော်အရွယ် အမျိုးသမီးတဦးကို သေနတ် ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဂျိုင်းမြစ်ဒေသရှိ ကျိုက်မရောမြို့နယ် ကော့စွယ်ကျေးရွာ အတွင်းသို့ ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်ခန့်တွင် လက်နက်ကြီးကျည်ကျရောက်ကာ ဦးရွှေထိန်း၏ ဇနီး(အသက် ၃၅ နှစ်ကျော်)ဖြစ်သူ ကျောကုန်းကျည်စထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။



၁၀။ မုံရွာ-မန်း လမ်းမကြီးဘေး မိုင်းရှင်းလင်းရေး လုပ်ဆောင်စဉ် အိမ်များကိုပါ စစ်တပ် မီးရှို့သွား


ဧပြီ ၂၅ ၊ Myanmar Pressphoto Agency


စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ-မန္တလေးလမ်းပိုင်းတွင် မိုင်းဆွဲခံရမှာကြောက်သည့် စစ်တပ်က လမ်းဘေးဝဲ၊ ယာ ခြုံများ ရှင်းလင်းရင်း နေအိမ် ၈ လုံးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ ဧပြီ ၂၄ ရက်၊ နံနက် ၉ နာရီဝန်းကျင်က ချောင်းဦးမြို့ပေါ်၊ မြပုလဲဆီဆိုင်ဂိတ်၊ ဘက်စုံအထိုင်ချစခန်းမှ စစ်သားများသည် ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းဘေး ကို ရှင်းလင်းစဉ် ခင်မွန်ကျေးရွာမှ လမ်းဘေးနေအိမ် ၈ လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံ PDF ရဲဘော်တစ်ဦး ထံမှသိရသည်။"အထိုင်စခန်းတွေကနေ အင်အားစုပြီး လမ်းကြောရှင်းတာဗျ။ အင်အားက ဖြန့်ထားတော့ တိတိကျကျတော့ မရှိဘူးဗျ။ လမ်းကြောတစ်ကြောလုံး လုံခြုံရေးယူပြီး ရှို့သွားတာဗျ။ စစ်ကြောင်းရယ်မဟုတ်ဘူး" ဟု ၎င်းကပြောသည်။


စစ်ကောင်စီတပ်သည် မုံရွာ-မန္တလေးလမ်းပေါ် တက်လာသည့်အခါတိုင်း ဒေသခံ PDFများ၏ မိုင်းဆွဲခြင်းကို အမြဲမြဲလိုလို ခံနေရသဖြင့် ယင်းလမ်းပိုင်း၌ မိုင်းရှင်းလင်းရေးများ နေ့စဉ်လုပ်ဆောင်နေကြောင်း မုံရွာမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောသည်။ ဧပြီ ၂၂ ရက်က မုံရွာ - မန္တလေးလမ်းပိုင်းပေါ် ဖြတ်သန်းသွားလာနေသော စစ်ကောင်စီကား ၁စီး မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် စစ်တပ် ပြန်ပစ်သည့် လက်နက်ကြီးကျည် မုံရွာမြို့နယ်၊ ကြေးမုံရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရခဲ့ကြောင်း သိရသည်။



၁၁။ ကမ်းနီကျေးရွာသို့ စစ်တပ်လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၇ ဦးဒဏ်ရာရ


ဧပြီ ၂၅ ၊ Myanmar Pressphoto Agency


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ ကမ်းနီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ်နှင့် အဆောက်အဦးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (ဧပြီ ၂၄ ရက်)၊ မွန်းလွဲ ၂ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော A5 အမျိုးအစား ဂျက်ဖိုက်တာ ၂ စင်း ဖြင့် ကမ်းနီကျေးရွာသို့ ၅ ကြိမ်ခန့် ဗုံးသီးကြဲချခဲ့ပြီး၊ စက်သေနတ်ဖြင့်လည်း ကျေးရွာအတွင်းသို့ လှည့်လည်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ "တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူး၊ စစ်ကောင်စီက ခြေလျင်စစ်ကြောင်း ထိုးတာမျိုးလည်း မလုပ်နိုင်တော့ဘူး။ ဗုံးကြဲ တာပဲ လုပ်နိုင်တာ၊ ရွာထဲမှာ တစ်ခုခုရှိနိုင်မယ်ထင်ပြီး သတင်းအမှားနဲ့ လာကြဲတာဖြစ်နိုင်တယ်" ဟု Tigyaing Revolution - TR မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။ ထိုကဲ့သို့ စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက် မှုကြောင့် ကိုဇော်သက်စိုး၊ ကိုခင်ဇော်အေး၊ ကိုအောင်သက်ဦး၊ ကိုအီးတီ၊ မခိုင်သင်းကြည်၊ မပြည့်ပြည့်အောင်နှင့် မဌေးနွယ် တို့မှာ ဗုံးစထိမှန်၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။



၁၂။ ရေနံချောင်းနဲ့ နတ်မောက်မှာ လူ ၁၅၀ ခန့် ဖမ်းဆီးခံရ


ဧပြီ ၂၅ ၊ RFA


မကွေးတိုင်း၊ ရေနံချောင်းနဲ့ နတ်မောက်မြို့နယ်အတွင်းမှာ စစ်မှုထမ်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က လေးရက်အတွင်း လူ ၁၅၀ ခန့်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ဧပြီလ ၂၅ ရက် ဒီနေ့မှာ ပြောပါတယ်။


ရေနံချောင်းမြို့မှာတော့ ဧပြီလ ၂၅ ရက် ဒီနေ့မနက် ခုနစ်နာရီကျော်အချိန်ကစလို့ စစ်ကောင်စီတပ်သားတွေက လမ်းသွား လမ်းလာ ခြောက်ဆယ်နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။“မနက်က ဆိုင်ကယ်တွေကို တားပြီး ဖမ်းတာ။ လူတွေပါသွားတယ်။ အယောက် ခြောက်ဆယ်နီးပါးပါတယ်လို့ ကြား တယ်။ သူတို့ဖမ်းချင်တဲ့အချိန် စောင့်ဖမ်းသွားတာ။ လူပြည့်ပြီဆိုပြီး အခု မဖမ်းတော့ဘူး”


ရေနံချောင်း မြို့ဝင်၊ မြို့ထွက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေက ဖမ်းဆီးတာမဟုတ်ဘဲ ဥယျဉ်စုရွာထိပ်၊ ရွှေဘုံသာရွာနဲ့ ကျွန်းကုန်းရွာ ဇရပ်ကြီးအနီး လမ်းပေါ်တွေမှာ လမ်းသွားလမ်းလာတွေကို ရုတ်တရက် ဝင်ရောက်ဖမ်းဆီးတာလို့ သူက ဆိုပါတယ်။ဖမ်းဆီးခံရသူတွေဟာ ဒီနေ့ နေ့လယ်ပိုင်းအထိ ပြန်မလွတ်သေးဘူးလို့ ရေနံချောင်းမြို့ခံတွေက ပြောပါတယ်။


နတ်မောက်မြို့နယ်မှာတော့ ဧပြီလ ၂၂ ရက်နေ့ကစလို့ ဒေသခံတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့အထိ လေးရက်အတွင်းမှာ လူတစ်ရာနီးပါး ဖမ်းဆီးခံထားရတယ်လို့ နတ်မောက်ဒေသခံ တစ်ဦးက ပြောပါတယ်။


“စစ်မှုထမ်း အပတ်စဥ် (၂) အတွက် လူလိုလို့ လိုက်ဖမ်းတာလို့ ကြားတယ်။ ကတ္တရာလမ်းဘေးမှာရယ်၊ မြို့နဲ့ နီးစပ်တဲ့ ရွာတွေမှာရယ် အဲဒီလို နေရာတွေမှာ အများဆုံး ဖမ်းကြတယ်။ ပြီးတော့ လမ်းဆုံလမ်းခွတွေမှာ စောင့်ပြီးဖမ်းတယ်။ ညဘက် တောထဲသွားတဲ့သူတွေ၊ ကလေးတွေကို ဝင်ပြီးဖမ်းသွားတယ်ဗျ။ ဒီနေ့အထိ ဖမ်းနေတုန်းပဲ။ ကျွန်တော်တို့ သိရ သလောက်ဆိုရင် တစ်ရာနီးပါး နားကပ်သွားပြီဗျ”။ ဖမ်းဆီးခံရသူတွေကို နတ်မောက် မြို့မရဲခစန်းကို ခေါ်ဆောင်သွားပြီး အသက်အရွယ်ကြီးရင့်သူနဲ့ ကျန်းမာရေး မကောင်းသူတွေကို ပြန်လွတ်ပေးတာရှိသလို လူတချို့ကိုတော့ ငွေကြေးနဲ့ ပြန်လည် ရွေးယူခိုင်းတာတွေလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲက စစ်မှုထမ်း သတ်မှတ်ချက် ပြည့်မီတဲ့ လူငယ်တွေကိုတော့ ပြန်မလွှတ်ပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ နတ်မောက်မြို့နယ်ထဲမှာ ဖမ်းဆီးခံထား ရတဲ့ လူတစ်ရာနီးပါးထဲက လူအရေအတွက် ဘယ်လောက် ပြန်လည်လွတ်မြောက်ခဲ့လဲဆိုတဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။



၁၃။ မိုးမောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး


ဧပြီ ၂၅ ၊ RFA


ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် လုံဂျာရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချတာမှာ အရပ်သားသေဆုံးမှုရှိခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။


“လုံဂျာဘက်မှာ တစ်လုံးကြဲတယ်။ အဲမှာ အမျိုးသမီးကြီးတစ်ယောက် ဆုံးတယ်။ မိုးမောက်မြို့က မီးသတ်ရုံးနားမှာလည်း ကျတယ်။ မိုးမောက်မြို့က မြို့ပျက်သလိုဖြစ်နေပြီ။ လူတွေက ဗန်းမော်ဘက်ကို ထွက်ပြေးကြတယ်။ မပြေးနိုင်တဲ့သူတွေက ဗုံးခိုကျင်းတွေမှာ နေ နေကြတယ်”။ မိုးမောက်မြို့ပေါ်မှာ ဧပြီလ ၂၂ ရက်နေ့ကစလို့ တိုက်ပွဲတွေပြင်းထန်နေပြီး မြို့က လူဦးရေ တစ်သောင်းဝန်းကျင်ဟာလည်း ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သူက ဆိုပါတယ်။

မိုးမောက်မြို့က ရပ်ကွက်တွေထဲမှာ စစ်ကောင်စီရဲ့ ခမရ-၄၃၇ တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့က တစ်ဖက်တစ်ချက်စီနေရာယူထားပြီး တိုက်ပွဲတွေဆက်ဖြစ်နေတာလို့ ဆိုပါတယ်။




104 views0 comments

Comments


bottom of page