နေ့စဉ်သတင်းစုစည်းမှု
26-April-2024
တိုက်ပွဲသတင်း
၁။ ဖာပွန်အခြေစိုက် ခမရ ၄၃၄ တပ်ရင်းကို ၂၄ နာရီအတွင်းသိမ်းပိုက်
ဧပြီ ၂၆ ၊ Myanmar Pressphoto Agency
စစ်ကောင်စီ၏ ဖာပွန်မြို့အခြေစိုက် ခမရ ၄၃၄ ခြေမြန်တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၄ နာရီအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော် (BPLA) ထံမှ သိရသည်။ အဆိုပါ ခမရ ၄၃၄ တပ်ရင်းကို ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း BPLA ၏ သတင်းပြန်ကြားတာဝန်ခံ ကိုလင်း လင်းက ပြောသည်။ အဆိုပါ တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ Force For Federal Democracy(FFD)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်း အမြောက်အများအား သိမ်းဆည်းရရှိခဲ့ပြီး စာရင်းအတိအကျကိုမူ စစ်ပွဲကာလအတွင်းမရေတွက်နိုင်သေးခြင်းကြောင့် မကြာမီအချိန်တွင် အသေးစိတ်ဖေါ်ပြပေးသွားပါမည်ဖြစ်ကြောင်း KNU မူတြော်ခရိုင်သတင်းစဉ်က အသိပေးထုတ်ပြန် ထားသည်။
၂။ သံတွဲ သူဌေးချောင်း ရေအားလျှပ်စစ်အနီး တိုက်ပွဲ ပြင်းထန်နေ
ဧပြီ ၂၆ ၊ The Irrawaddy
ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီး စစ်တပ်နှင့် အာရက္ခတပ်တော် (AA)တို့ ယနေ့နံနက် ၉ နာရီခန့်ကစ၍ လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားကာ လက်နက်ကြီးအပါအဝင် အဆက်မပြတ် ပစ်ခတ်မှု များ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံတဦးက “ရေအားလျှပ်စစ်ထဲမှာ လက်နက်ကြီးပစ်နေတယ်၊ ရေတပ်ကလည်း ကူပစ်ပေးနေတယ်၊ ရေအားလျှပ်စစ်စီမံကိန်းကလူတွေ အကုန်ထွက် ပြေးလာနေကြပြီ”ဟု ပြောသည်။
တိုက်ပွဲနေရာနှင့် မိုင် ၂၀ ကျော်ကွာသည့် ကွမ်းဝိုင်းနှင့် မောင်ရွှေလေးရွာကြား ရေတပ်မှလည်း လက်နက်ကြီးဖြင့် လှမ်း၍ ပစ်ခတ်ပေးနေကြောင်း ရေတပ်အနီးနေထိုင်သည့် ဒေသခံများထံမှ စုံစမ်းသိရသည်။ရွှေလှေကျေးရွာမှ ဒေသခံတဦး ကလည်း “အနေအထားကတော့ အခါတိုင်းထက် ပြင်းထန်နေတယ်၊ လူတွေအကုန်လုံး တွင်းတွေထဲ ဝင်နေရတုန်း၊ လေယာဉ်လာဖို့ကို ပိုကြောက်ရတယ်၊ သူတို့ဖြစ်တာနားရင် လေယာဉ်လာတတ်တယ်”ဟု ပြောသည်။
ယနေ့ တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ရှိ ကျေးရွာများမှ စစ်ရှောင်ပြည်သူများ ရွှေလှေကျေးရွာသို့ စစ်ရှောင်ရန် ရောက်နေ ကြပြီး တောင်ကုတ်နှင့် သံတွဲကြားရှိ ရွှေလှေတံတား (သူဌေးချောင်းကူးတံတား)ကို ယမန်နေ့ မနက်တွင် စစ်တပ်က ပိတ်လိုက်သဖြင့် စစ်ရှောင်များ သွားလာရေး ခက်ခဲနေသည်။
ယနေ့တိုက်ပွဲမှာ သံတွဲဒေသတွင် ၃ကြိမ်မြောက် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများကာ သံတွဲ ဆေးရုံ၌ တပ်သားများ ဆေးကုနေရကြောင်း သတင်းများထွက်ပေါ်နေသည်။
၃။ မိုးဗြဲတိုက်ပွဲ ပြင်းထန်၊ အရပ်သားငါးဦး သတ်ဖြတ်ခံရ
ဧပြီ ၂၆ ၊ RFA
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်က စစ်ကောင်စီရဲ့ ခလရ (၄၂၂) တပ်စခန်းကို ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဧပြီလ ၂၆ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက် လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ခုခံနေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်သေဆုံးမှုတွေများတယ်လို့ ကရင်နီ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူ စောသာအယ်စိုးက RFA ကိုပြောပါတယ်။
"မိုးဗြဲမှာ ခမရ (၄၂၂) တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဆင်ရေးတွေ လုပ်နေတာဖြစ်ပါတယ်။ အခုချိန်အထိတော့ အပြီးသတ် သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူးပေါ့နော်။ တော်လှန်ရေး တပ်ပေါင်းစုဘက်ကတော့ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ တာတော့ အမှန်ပါပဲ။ ကျွန်တော်တို့ လောလောဆယ်တော့ အကောင်းဆုံး ကြိုးစားနေပါတယ်။ အချက်အလက် အသေးစိတ်ကိုတော့ ကျွန်တော်တို့ ပြောလို့မရသေးပါဘူး"။ ဧပြီလ ၁၉ ရက်နေ့တိုက်ပွဲအတွင်းမှာ KNDF တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်း KNDF တပ်ရင်း (၆)က ဧပြီလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲအတွင်း KNDF တပ်ရင်း (၃) က တပ်ရင်းမှူးအဆင့်ရှိသူလည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
၄။ ကော့ကရိတ်မြို့နယ် ကော့ဘိန်းရဲစခန်းကို စစ်ကောင်စီတပ် ပြန်သိမ်း
ဧပြီ ၂၆ ၊ RFA
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေက တစ်လအကြာသိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ပြန်လည် တိုက်ခိုက်သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်အားအလုံးအရင်းနဲ့ ပြန်လည်တိုက်ခိုက်သိမ်းယူ ခဲ့တာ ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။“မနေ့က ချောင်း၀ဘက်က သင်္ဘောနဲ့ ရေကြောင်းကနေ ဝင်လာတယ်။ လက်နက်ကြီးက တစ်ချက်ပဲ ပစ်ပြီးတော့ သူတို့ဝင်လာတယ်။ မနက် ငါးနာရီခွဲ၊ ခြောက်နာရီလောက်ပဲ မိုးလင်းနေပြီ။ လက်ထဲ သေနတ်တွေ ကိုင်ပြီး သေနတ်တွေနဲ့ လျှောက်ပစ်ပြီး ဝင်လာတယ်။ အဲဒီလို လျှောက်ပစ်ခတ်တာကြောင့် အသက် ၂၂ နှစ်အရွယ် မွန်အမျိုးသမီးတစ်ဦး သေဆုံးတယ်”။ “ရွာမှာ ဘယ်သူမှ မရှိတော့ဘူး ထွက်ပြေးကုန်ပြီ။ တစ်ရွာတည်းမဟုတ်ဘူး။ ရွာအများကြီးပဲ စစ်ရှောင်နေရတယ်။ အခုအရမ်းဒုက္ခရောက်တယ်။ ကလေးတစ်ဖက်နဲ့။ တချို့ကတော့ ကရင်ပြည်နယ် ဘက်၊ တချို့ကတော့ မွန်ပြည်နယ် မော်လမြိုင်ဘက်ကို ပြေးကုန်တယ်။ ကျွန်မကတော့ အဝေးကြီးမပြေးနိုင်ဘူး။ ဒီအနီးအနားက ရွာမှာပဲ ရှောင်ပြေးနေရတယ်”။ ကော့ဘိန်းရဲစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ခဲ့တာပါ။ လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် ကော့ဘိန်း၊ ဓမ္မသ၊ သံကလောင်၊ တရနာ ၊ ကော့ပလိုင် စတဲ့ ရွာတွေက ဒေသခံတွေ မော်လမြိုင်မြို့ပေါ်နဲ့ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
၅။ မြဝတီမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်
ဧပြီ ၂၆ ၊ RFA
ကရင်ပြည်နယ် မြဝတီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ အမြောက်တွေ အထိုင်ချတပ်ဆင်ထားတဲ့ စွယ်တော် ကုန်းတောင်ခြေနဲ့ အနီးတစ်ဝိုက်ကို ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ခတ်တောင်၊ စွယ်တော်ကုန်းဝန်းကျင်နဲ့ လေးကေ့ကော်မြို့သစ်အနီးတစ်ဝိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မြဝတီမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “မနေ့ည ဆယ်နာရီခွဲလောက်မှာ Y-12 နဲ့ ပတ်တယ်။ ကျတာက နေရာစုံပဲ။ လေးကေ့ကော်၊ စွယ်တော်ကုန်း၊ လက်ခတ်တောင် အဲဒီသုံးနေရာကို အဓိက ချတယ်။ အနည်းဆုံး ငါးခေါက် ခြောက်ခေါက်လောက် ဝဲတယ်။ ဝဲပြီးတော့ တစ်ခါချရင် အနည်းဆုံး ခုနစ်လုံး၊ ရှစ်လုံးလောက် ချတယ်။ တချို့နေရာတွေဆိုရင် ဆယ့်နှစ်လုံးလောက် ဆက်တိုက်ချသွားတယ်။ Y-12 ပေါ်ကနေ ဗုံးသီးတွေ ပစ်ချတာပေါ့။ ပုံမှန် မော်တာတွေနဲ့ ပစ်မယ်ဆို ဒီလောက် မမြန်ဘူးလေ”။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်သံတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကလည်း ကြားနေရတယ်လို့ မဲဆောက်ရောက် မြန်မာဒေသခံတချို့ ပြောပါတယ်။ စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေပေမယ့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်း ရှိ မရှိကိုတော့ မသိရသေးပါဘူး။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၆။ စီမံကိန်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း တရုတ်ပြော
ဧပြီ ၂၆ ၊ The Irrawaddy
မြန်မာ-တရုတ် နှစ်နိုင်ငံကြား တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး အပါအဝင် လူပုဂ္ဂိုလ်နှင့် စီမံကိန်းလုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများအား မြှင့်တင်သွားလိုကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်က စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးနှင့် ယမန်နေ့၌ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အနေဖြင့် ဝမ်ရှောင်ဟုန်၏ ဖိတ်ကြားချက်အရ ဧပြီ ၂၄ ရက် တွင် တရုတ်နိုင်ငံသို့ ရောက်ရှိပြီးနောက် ယမန်နေ့က ပေကျင်းမြို့၌ နှစ်ဖက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံမှုတွင် နှစ်နိုင်ငံပူးပေါင်း၍ ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှုများ တိုက်ဖျက်ရာတွင် အထင်ကရ ရလဒ်များ ရရှိခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးအား မဟာဗျူဟာရှုထောင့်မှ အစဉ်အမြဲရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက် လျက် ရှိကြောင်းလည်း ဝမ်ရှောင်ဟုန်က ပြောသည်။ထို့ ပြင် လောင်းကစားလိမ်ညာမှု၊ မူးယစ်ဆေးဝါး စသည့် နယ်စပ် ဖြတ်ကျော်ပြစ်မှုများအား ထဲထဲဝင်ဝင် တိုက်ဖျက်သွားလိုကြောင်း အပါအဝင် နှစ်နိုင်ငံဒေသလုံခြုံမှု၊ တည်ငြိမ်မှုနှင့် တိုးတက်မှုများအတွက် အကျိုးပြုဆောင်ရွက်သွားလိုကြောင်းလည်း ၎င်းက ပြောခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးကလည်း နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုဖြစ်ထွန်းစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထား သည်။လက်ရှိ မြန်မာနိုင်ငံအတွင်း အာဏာသိမ်းစစ်တပ်အား တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များက တိုက်ခိုက်လျက်ရှိရာ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်လျက်ရှိသည့်အပြင် တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းနယ်မြေများနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတို့မှာလည်း တိုက်ပွဲများ အတွင်း ပိတ်ဆို့ခံထားရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၇။ ချင်းတောင်ပိုင်းက ဝမ္မသူးဆေးရုံကို စကစတပ်က လေကြောင်းတိုက်ခိုက်၊ ၄ ဦး သေဆုံး
ဧပြီ ၂၆ ၊ Myanmar Now
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်က ဝမ္မသူး တိုက်နယ် ဆေးရုံကို စစ်ကောင်စီတပ်က ဧပြီလ ၂၅ ရက်နေ့၊ ည ၈ နာရီခန့်တွင် လေကြောင်းတိုက်ခိုက်ခဲ့၍ အနည်းဆုံး လူလေးဦး သေဆုံးသွားကြောင်း မင်းတပ် CDF က မဇ္ဈိမကို ပြောသည်။
တိုက်နယ် အမှတ်(၂) ဝမ္မသူးဆေးရုံသည် လက်ရှိအသုံးပြုနေသော ဆေးရုံတခုဖြစ်ပြီး ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်ခံရ၍ ဆေးကုနေသော ဒေသခံပြည်သူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။
သေဆုံးသူ လေးဦးမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးသကဲ့သို့ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကိုလည်း မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဆေးရုံအဆောက်အအုံများ မီးလောင်သွားပြီး ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့သည်ကို တော်လှန်ရေးတပ်ဖွဲ့ CDF မင်းတပ်က ထုတ်ပြန်ထားသော မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။
၈။ ရေဇွာမြို့မှာ မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦး သေဆုံး
ဧပြီ ၂၆ ၊ Mizzima
ချင်းပြည်နယ် ဟားခါးမြို့နယ် ရေဇွာမြို့ လောင်းရဲရပ်ကွက်မှာ ဧပြီလ ၂၅ ရက်နေ့က ကလေးတစ်ဦး မြေမြှုပ်မိုင်း နင်းမိ ရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူဟာ ၁၃ နှစ်အရွယ် မောင်ဘွေနိုင်လျန်ဖြစ်ပြီး မိုင်းပေါက်ကွဲတဲ့နေရာမှာတင် သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မိုင်းနင်းမိတာလို့ ယူဆရတယ်။ အဲဒီရပ်ကွက်က အရင်စစ်ကောင်စီတပ်စခန်းနဲ့လည်း နီးတယ်။ စစ်ကောင်စီတွေက မိုင်းတွေလည်း ထောင်လေ့ ရှိတယ်ဆိုတော့လေ။ ကလေးကတော့ ရင်ဘတ်နဲ့ ခြေထောက်ထိပြီး ပွဲချင်းပြီးဆုံးသွားတယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ရေဇွာမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ CDF - Zotung နဲ့ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။အဲဒီနောက် မြို့နဲ့အနီးတစ်ဝိုက်မှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေသလို မိုင်းအန္တရာယ် ရှိနေတဲ့ နေရာတချို့ကိုလည်း ဒေသခံတွေ မသွားလာကြဖို့ ထားမြစ်ထားကြောင်း CDF – Zotung တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၉။ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ KHRG ထုတ်ပြန်
ဧပြီ ၂၆ ၊ PVTV
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ် လို့ Karenni Human Rights Group က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်တပ်က ဧပြီ ၂၁ ရက် နဲ့ ၂၃ ရက်တွေမှာ အမျိုးသမီး ၂ ဦး နဲ့ အမျိုးသား ၃ ဦးကို ဖမ်းဆီးပြီးတော့ ရက်စက်စွာနဲ့ နှိပ်စက်သတ်ဖြတ် ခဲ့တယ် လို့ အသိပေး ဖော်ပြခဲ့တာပါ။ ဖယ်ခုံမြို့ ၊ ဖယ်ခုံအနောက်ဖက်ခြမ်းဘက် တောင်ယာမှာ ဧပြီ ၂၁ ရက်က စစ်ရှောင်နေကြတဲ့ မိသားစု (၂)စု ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။ အဲဒီလိုသတ်ဖြတ်ရာမှာ အမျိုးသား ၂ ဦးကို ရက်စက်စွာနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၂ ဦး နဲ့ ကလေးငယ် ၁ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲက အမျိုးသမီးတစ်ဦးနဲ့ ကလေး တစ်ဦးတို့ ပြန်လည်လွတ်မြောက် လာပေ မယ့်လည်း အမျိုးသမီးတစ်ဦးကိုတော့ ဦးခေါင်းကို ရက်စက်စွာနဲ့ ရိုက်နှက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ KHRG က ထုတ်ပြန်ထား ပါတယ်။ အဲဒါကြောင့် ဧပြီ ၂၁ ရက်ဖြစ်စဉ်မှာ သတ်ဖြတ်ခံရသူ ၃ ဦးရှိခဲ့ပြီး သတ်ဖြတ်ခံခဲ့ရသူတွေက အသက် ၃၆ နှစ် အမျိုးသား ၁ ဦး ၊ အသက် ၃၇ နှစ် အမျိုးသမီး ၁ဦး နဲ့ အသက် ၃၃ နှစ် အမျိုးသား ၁ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။
ဖယ်ခုံအနောက်ဘက်ခြမ်းမှာပဲ ဧပြီ ၂၃ ရက်က အရပ်သားပြည်သူ (၂)ဦး တောင်ယာကနေ အပြန်မှာ အကြမ်းဖက် စစ်ကြောင်းနဲ့ တိုပြီးတော့ အရပ်သားပြည်သူ ၂ ဦး ရက်စက်စွာနဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
၁၀။ ကျောက်ဖြူ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သားတစ်ဦးသေဆုံး
ဧပြီ ၂၆ ၊ Myanmar Pressphoto Agency
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်ဖြူမြို့နယ်အတွင်းရှိ စနဲတိုက်နယ်ကို ဧပြီ ၂၅ ရက်၊ မွန်လွဲပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး အသက် ၅၆ နှစ်အရွယ် သစ်ကတိုး ကျေးရွာသား ဦးညီပုချေ သေဆုံးခဲ့ခြင်း ဖြစ်သည်။"ဘာတိုက်ပွဲမှမရှိဘူး။ ဒီတိုင်းကိုကြဲချသွားတာ၊ နေဗီရောမြို့ပေါ်က တပ်ရင်းကပါ လက်နက်ကြီးနဲ့ပစ်တာ မနက်အစောပိုင်းတည်းကမနားဘူး။ ဘုန်းကြီးကျောင်းတွေပါထိကုန်တယ်"ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးသူတစ်ဦး အပါအဝင် ဒေသခံနှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေးပုံကျောက်နှင့် ဒွေးချကျေးရွာများတွင်လည်း ဘုန်းကြီးကျောင်း နှင့် နေအိမ်သုံးလုံးထက်မနည်းပျက်စီးမှုများရှိခဲ့သည်။ "တစ်နေကုန်ဆက်တိုက်ပစ်တော့ ပြေးတဲ့သူလဲပြေးကြတယ်၊ ဗုံးခို ကျင်းထဲဝင်နေတဲ့သူလဲနေကြတာပဲ၊ ဘာကြောင့်မှန်းတော့မသိပေမဲ့ ဒီလိုတစ်နေကုန်နီးပါးပစ်တာ ပထဆုံးပဲထင်တယ်"ဟု ဒွေးချရွာခံတစ်ဦးက ရှင်းပြသည်။
၁၁။ ဆင်ဘိုမြို့ကို စစ်ကောင်စီ လေကြောင်းဖြင့်တိုက်ခိုက် ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
ဧပြီ ၂၆ ၊ Myanmar Pressphoto Agency
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီ ၂၅ရက်)၊ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီက ဆင်ဘိုမြို့၊ မြင်သာကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
"လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲသွားတာ၊ သေဆုံးသွားသူနဲ့ ဒဏ်ရာရတဲ့သူက သားမိတော်တယ်။ သားဖြစ်သူက နေရာမှာ တင်သေသွားတာ၊ အမေဖြစ်သူက ဒဏ်ရာအပြင်းအထန်ရသွားတယ်" ဟု ဆင်ဘိုမြို့ ဒေသခံတစ်ဦးကပြောသည်။
ထို့ပြင် စစ်ကောင်စီက ဆင်ဘိုမြို့အား လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်အချို့ပျက်စီးမှုအပြင် ဆင်ဘိုမြို့ရှိ ဘုရားကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း ဒေသခံများက ပြော သည်။ "ဘုရားကျောင်းထဲလည်း ကျတယ်။ မနေ့က ၁၀ကြိမ်ထက်မနည်း ကြဲသွားတာ၊ လူထိခိုက်တာတွေလည်းရှိတယ်။ တိုက်ပွဲမဖြစ်ဘဲနဲ့ကို တမင်လာကြဲသွားတာ" ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
Comments