နေ့စဉ်သတင်းစုစည်းမှု
27-April-2024
တိုက်ပွဲသတင်း
၁။ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်ပါးစေပျူစောထီးတပ်တွေကို တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံး
ဧပြီ ၂၇ ၊ PVTV
မကွေးတိုင်း ၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်ပါးစေပျူစောထီးတပ်တွေကို ဧပြီလ ၂၆ ရက် မနက် ၉ နာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်တပ်သား ၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ Earthquake People's Defence Force က ထုတ်ပြန်လိုက်ပါတယ်။ မြိုင်မြို့နယ်အတွင်းက ကိုင်းတောမရဲစခန်းနဲ့ စက်တွင်းမှ မီတာ၅၀အကွာ တောင်ဘက်ကို ထွက်ခွာလာတဲ့အင်အား(၂၀)ခန့်ပါ ရိက္ခာလာရှာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၆ ရက် မနက် ၉ နာရီမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်နက်ငယ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကို မီတာ(၂၀)အကွာအဝေးမှ အနီးကပ် ပစ်ခတ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား (၃)ဦး နေရာမှာ ပွဲချင်းပြီးသေဆုံးကာ ပြန်ပြေးသွားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို မိုင်းပွိုင့်ထပ်ဆွဲခဲ့တာကြောင့် တပ်သား ၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သရက်ကန်ပျုရွာမှ တောင်ဘက်ကို ထွက်ခွာလာတဲ့အင်အား (၁၅)ဦးခန့်ရှိတဲ့ လက်ပါး စေ ပျုစောထီးတွေကို ဧပြီလ ၂၆ ရက် မနက် ၉ နာရီမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂။ နောင်ချို သရက်ကုန်းစခန်း ပြန်ရရှိရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ဧပြီ ၂၇ ၊ The Irrawaddy
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် ၁၀ မိုင်အကွာရှိ MDY-PDF မှ သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ စစ်တပ်စခန်းကို ပြန်လည်ရရှိရေး စစ်ကောင်စီတပ်သည် ကြည်းကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက် နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ယနေ့ သတင်းထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF အနေဖြင့် ဧပြီ ၁၄ ရက်တွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် ကျောင်းဝင်း (DSA) အတွင်းသို့ ရှော့တိုက်ဒုန်း အလုံး ၂၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီ ၁၅ ရက် နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်စွဲထားသော သရက်ကုန်းကျေးရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်ကာ ယင်းစခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါစခန်းအား စစ်တပ်က ပြန်လည်ရရှိရေးအတွက် ဧပြီ ၁၉ ရက်မှစ၍ ကြည်းကြောင်း၊ လေကြောင်းဖြင့် ပြင်းထန်စွာ တန်ပြန်ထိုးစစ်ဆင်လာကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၅ ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များပြားခဲ့ ကြောင်း NUG က ဆိုထားသည်။ ထို့နောက် ဧပြီ ၂၅ ရက်ထိ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ရာ PDF တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး ခဲ့သလို စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်ဒဏ်ရာရမှု များပြားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ် ပြုလုပ်ခဲ့ရာ စစ်ရေးပစ်မှတ် မဟုတ်သည့် ဘုန်းကြီးကျောင်းများ အတွင်းသို့ ၂၆ ကြိမ် ကျရောက်ခဲ့ပြီး ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းကိုလည်း ၈ ကြိမ် ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။
၃။ နပခ အမ်း၏ အင်အားအကြီးဆုံး တောဟိန်းတောင် ဗျူဟာကို AA သိမ်းပိုက်၊ ၅ ဦးသေဆုံး
ဧပြီ ၂၇ ၊ Ayeyarwady Times
ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ စစ်ကောင်စီ၏ အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၅) လက်အောက်ခံ ကဇုကိုင်း၊ တောဟိန်းတောင်ဗျူဟာစခန်းကို ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့တွင် အာရက္ခတပ်တော် (AA) က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ အာရက္ခတပ်တော် (AA) သည် ဧပြီ ၂၅ရက်နေ့က အင်အား ၆၀၀နီးပါးရှိသည့် စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယင်းဗျူဟာမှ စစ်ကောင်စီ တပ်သားများ ကစဉ့်ကလျားထွက်ပြေးကြ၍ လိုက်လံတိုက်ခိုက်ခဲ့ရာ ယနေ့ ဧပြီ ၂၇ ရက်နေ့အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ AA သည် ပြီးခဲ့သည့် ဧပြီ ပထမပတ် ကတည်းက စတင်၍ စစ်ကောင်စီ၏ တောဟိန်း တောင်ဗျူဟာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနှင့် လေကြောင်းမှ အင်အားထောက်ပို့ ခြင်းကို အဆက်မပြတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
"တပ်တော် (AA)က အမ်းကို အကုန်ပိတ်ပြီး ချနေတာ။ သူတို့က အဝင်အထွက် လမ်းတွေကို အကုန်ပိတ်ထားပြီးမှ ဆိုတော့ သူတို့ဘဲပြန်ပိတ်မိနေတာ။ တောင်ကုတ် ဘက်ကလည်း မလာကူနိုင်ဘူး။ အမ်း၊ မကွေးကလည်း ကင်းပုန်းချတာနဲ့ ရွာတွေ ထဲ ဝင်မွှေတာတွေကို စစ်ကောင်စီက လုပ်နေတယ်။ စစ်ကူကတော့ အလွယ် မရောက်နိုင်ဘူး။ အဓိက ကတော့ လေကြောင်းပဲ သုံးနေတယ်။ အခုလည်း လေကြောင်းက ဆက်တိုက်လာနေတယ်" ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
တောဟိန်းတောင်ဗျူဟာမှ ကစဉ့်ကလျားထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် တောင်ခြေအနီးရှိ စွေ့ချောင်း၊ ကဇုကိုင်း၊ အုန်းနွယ်ချောင်း၊ ဆင်အုန်းတိုင်နှင့် အုန်းတိုင်းချောင်း ကျေးရွာများသို့ ဝင်ရောက်ထွက်ပြေးကြသည့် အတွက် အဆိုပါ ကျေးရွာများ၌ ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
၄။ ဝိုင်းမော်က ပြည်သူ့စစ်စခန်းကို ကေအိုင်အေ တိုက်ခိုက်၊ ဆင်ဘိုတွင်လည်း တိုက်ပွဲဖြစ်
ဧပြီ ၂၇ ၊ Ayeyarwady Times
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာက ပြည်သူ့စစ်စခန်းကို ဧပြီ ၂၆ ရက် ညနေပိုင်းမှာ ကချင်လွတ်မြောက်ရေး တပ် ကေအိုင်အေ နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီး ဆင်ဘိုမြို့နယ်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ သိရပါ တယ်။ ဆင်ဘိုမြို့နယ်က စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ ၁၄၁ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က လာရောက် တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြေီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်စခန်း ခမရ ၁၄၁ ဟာ ဆင်ဘိုမြို့နဲ့ ၃ မိုင်လောက်အကွာမှာရှိပြီး ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ နဲ့ တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်နေတုန်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၂ ကြိမ်ထက် မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
၅။ သံတွဲတိုက်ပွဲ စစ်တပ်အရာရှိအချို့ အပါအဝင် ၆၀ ကျော်သေဆုံးဟုဆို
ဧပြီ ၂၇ ၊ The Irrawaddy
ရခိုင်ပြည် တောင်ပိုင်း သံတွဲမြို့နယ်၌ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့က ဖြစ်ခဲ့သည့် ရွှေလှေတိုက်နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆၂ ဦးသေဆုံးကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံ သိရသည်။ ပြီးခဲ့သည့် သင်္ကြန်ကာလမှ စ၍ သံတွဲခရိုင်အတွင်းရှိ AAနှင့် ငပလီကမ်းခြေမြို့ အခြေစိုက် အမှတ် ၅၅ ခြေလျင်တပ် ရင်း၊ အမှတ် ၅၆၆ ခြေမြန်တပ်ရင်းတို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်လာခြင်းဖြစ်ပြီး ယမန်နေ့ကမူ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်း အနီးအပါအဝင် ရွှေလှေတိုက်နယ်အတွင်း တိုက်ပွဲပြင်းထန်လာရာ ရေတပ်မှလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ သည်။ဧပြီ ၂၅ ရက် ညပိုင်းကလည်း ငပလီကမ်းခြေမြို့၊ မဇင်ရပ်ကွက် အခြေစိုက် ခမရ ၅၆၆ တပ်သို့လည်း မြေသယ်ကား (တစ်ပါကား)ဖြင့် စစ်သားအလောင်းများဟု ယူဆရသည်များ သယ်ဆောင်လာသည်ကို မြင်တွေ့ခဲ့ရကြောင်း ငပလီ ကမ်းခြေမြို့ ဇီးဖြူကုန်းရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။ ထို့အတူ သံတွဲပြည်သူ့ဆေးရုံတွင်လည်း ဒဏ်ရာရ စစ်ကောင်စီတပ်သား ၆ ဦး ဆေးကုသခံနေရပြီး ၄ ဦးမှာ ခြေလက် ဖြတ်တောက်ရမည်ဖြစ်သည့်အတွက် ရန်ကုန်သို့ သယ်ယူ သွားပြီး၊ ၂ ဦးကျန်ရှိကာ လုံခြုံရေးချထားကြောင်း သံတွဲမြို့၊ ဆေးရုံပိုင်းရှိ ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။
၆။ ဘုတလင်မြို့ ထန်းတောရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားကို လက်နက်နှင့်ဖမ်းမိ
ဧပြီ ၂၇ ၊ Mizzima
စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ထန်းတောကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား တဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် BNRA တပ်ဖွဲ့ထံမှ သိရသည်။
ဧပြီ ၂၅ ရက် ည ၂ နာရီ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြာချိန် ၁၀ မိနစ်သာ ရှိခဲ့ကြောင်း နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ တဦးက ဆိုသည်။ “စစ်ကြောင်းရဲ့ ရှေ့ပြေး ကာကင်းနဲ့ ထိပ်တိုက်ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။ နယ်မြေကျွမ်းကျင်မှုကို အခြေခံပြီး ချုံခိုတိုက်ခိုက်ခဲ့တာ ပါ။ တိုက်ခိုက်မှု ကြာချိန် ၁၀ မိနစ်သာ ရှိခဲ့ပြီး ရန်သူ့ရှေ့ကင်းကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်” ဟု ၎င်းတာဝန်ခံက ဆိုသည်။ စစ်ကြောင်းတွင် ခန့်မှန်း စစ်အင်အား ၇၀ ခန့်ရှိပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းနှင့် ဒုံးပေါင်းစပ် တိုက်ခိုက်မှုအပြီး နယ်မြေရှင်းလင်းရေးထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း BNRA တပ်ဖွဲ့ထံမှ သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၇။ မြန်မာရဲတပ်ဖွဲ့ကို ယွမ် ၅ သန်း တရုတ် ထောက်ပံ့
ဧပြီ ၂၇ ၊ The Irrawaddy
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ခရီးစဉ်အတွင်း မြန်မာရဲ တပ်ဖွဲ့အတွက် ယွမ် ၅ သန်းတန်ဖိုးရှိ အကူအညီပေးအပ်ရေးစာလွှာကို နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ ကြောင်း စစ်ကောင်စီအာဘော် ယနေ့ထုတ် သတင်းစာတွင် ဖော်ပြသည်။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် သည် တရုတ်နိုင်ငံကောင်စီဝင် ဝမ်ချောက်ဟုန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၊ ဘေဂျင်းသို့ ဧပြီ ၂၄ ရက်မှ ၂၉ ရက်ထိ ၆ ရက်ကြာ ရောက်ရှိနေခြင်းဖြစ်ပြီး ခရီးစဥ်အတွင်း ပေကျင်း ရဲတက္ကသိုလ်ကိုပါ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးကို ဘေကျင်း၌ ကျင်းပခဲ့ပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသနေပြည်သူများ ဘေးကင်းလုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အမြစ်ပြတ်ပပျောက်ရေးတို့ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့ပြင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပပျောက်ရေး၊ နိုင်ငံဖြတ် ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ဆိုထားသည်။ နိုင်ငံရပ်ခြားမှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိကြီးများအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနက ချီးမြှင့်သည့် အမြင့်ဆုံးဆုတံဆိပ်ဖြစ်သော Golden Great Wall Commemorative Medal ဆုတံဆိပ်ကို ဝန်ကြီး ဝမ်ချောက်ဟုန်က ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ကို ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
၈။ မြန်မာစစ်ခေါင်းဆောင်နှင့် အဖွဲ့အစည်းများအပေါ် အီးယူပိတ်ဆို့မှုများကို သက်တမ်းတိုး
ဧပြီ ၂၇ ၊ DVB
မြန်မာနိုင်ငံက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါဝင် လူပုဂ္ဂိုလ် ၁၀၃ ယောက်၊ မြန်မာ့စီးပွားရေးဦးပိုင် လိမိတက် အပါအဝင် အဖွဲ့အစည်း ၂၁ ခုအပေါ် ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့အထိ ၁ နှစ်သက်တမ်းတိုးလိုက်တယ်လို့ ဥရောပကောင်စီက ထုတ်ပြန်ပါတယ်။ဒီမိုကရေစီကို ထိပါးနှောင့်ယှက် တာနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် မြန်မာနိုင်ငံက ဆက်လက်ဆိုးရွားနေဆဲ အခြေအနေတွေကို သုံးသပ်ပြီးတော့ အခုလို ကန့်သတ်ပိတ်ဆို့မှုတွေကို သက်တမ်းတိုးလိုက်တာဖြစ်ပါတယ်။အရေးယူပိတ်ဆို့ခံရတဲ့အထဲမှာ လူပုဂ္ဂိုလ်အနေနဲ့ဆိုရင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကစလို့ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်ကောင်စီရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ စစ်တိုင်းမှူးတွေ၊ တပ်မမှူးတွေ ပါဝင်ပါတယ်။ပြီးတော့ တေဇ၊ အောင်မိုးမြင့်၊ နိုင်ထွဋ်အောင်၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်၊ ကျော်မင်းဦး တို့လို လက်နက်ဝယ်ယူရေးနဲ့ ကန့်သတ် ထားတဲ့ ကုန်စည်နဲ့နည်းပညာတွေ စစ်ကောင်စီရရှိစေဖို့ ပံ့ပိုးကူညီသူတွေ ပါဝင်ပါတယ်။အဖွဲ့အစည်းထဲမှာတော့ စစ်တပ်ရဲ့ စီးပွားရေးအဖွဲ့အစည်းဖြစ်တဲ့ ဦးပိုင်အပြင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၊ မြန်မာ့ သစ်လုပ်ငန်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ တို့လို အဖွဲ့အစည်းတွေအပြင် ထူးကုမ္ပဏီအုပ်စု၊ IGE ကုမ္ပဏီ၊ Asia Sun Group၊ Dynasty International Group၊ Royal Shune Lei၊ Sky Aviator၊ Star Sapphire စတဲ့ပုဂ္ဂလိကကုမ္ပဏီတွေ ပါဝင် ပါတယ်။ပြီးတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အမှတ် ၁ နဲ့ ၂ သတ္တုတွင်းလုပ်ငန်း၊ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေး ပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံး စတဲ့ ဌာနနဲ့ လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။မြန်မာအပေါ် ဥရောပသမဂ္ဂက ဘဏ္ဍာရေးကူညီတာတွေ ရပ်ဆိုင်းထားတဲ့အပြင် စစ်ကောင်စီကို တရားဝင် လက်ခံရာရောက်တယ်လို့ ထင်မြင်ရစေနိုင်တဲ့ အကူအညီအားလုံးကိုပါ ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။
၉။ ဘူးသီးတောင်နဲ့ မောင်တောမှာ ညမထွက်ရအမိန့် AA ထုတ်ပြန်
ဧပြီ ၂၇ ၊ BBC
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့မှာ ည ၇ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို အာရက္ခ တပ်တော် (AA) က မနေ့က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီက သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေက အေအေကို ခပ်စိပ်စိပ် တိုက်ခိုက်လာတာအပြင် တခြားလုံခြုံရေးကိစ္စတွေကိုပါ ခြိမ်းခြောက်လာတာကြောင့် ထုတ်ပြန်တာလို့ သိရပါ တယ်။အဲဒီအမိန့်ကို မရုတ်သိမ်းမချင်း မပျက်မကွက် လိုက်နာဖို့နဲ့ မဖြစ်မနေသွားလာဖို့ရှိရင် ကြိုတင်အကြောင်းကြား ခွင့်ပြုချက်ရယူဖို့ အေအေ က ထုတ်ပြန်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၁၀။ ပေါက်တောမှာ လက်နက်ကြီးကြောင့် ဒေသခံသုံးဦး ဒဏ်ရာရ
ဧပြီ ၂၇ ၊ RFA
ရက္ခိုင့်တပ်တော် (AA) သိမ်းထားတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ဧပြီလ ၂၅ ရက်နေ့က စစ်ကောင်စီရဲ့ ရေတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံသုံးဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါ တယ်။ စစ်တွေမှာရှိတဲ့ ရေတပ်ကနေ ပေါက်တောမြို့ဘက်ကို လက်နက်ကြီးနဲ့ ဆယ်ကြိမ်ထက်မနည်း ပစ်ခဲ့တာကြောင့် တောင်ဦးမော်နဲ့ အနောက်ရွာက အသက် ၁၈ နှစ်အောက် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ စုစုပေါင်းသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါက်တောဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"တိုက်ပွဲမဖြစ်လည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်နေတာပဲ။ အခုဟာလည်း ဘာတိုက်ပွဲမှမရှိဘူး။ ရေတပ်ကနေ ညနေဘက်ကြီးကို လှမ်းပစ်တာပါ။ AA သိမ်းထားတဲ့မြို့တွေကို နှစ်ရက်ခြား တစ်မြို့လောက်နီးနီးကို လေကြောင်းနဲ့ လာပစ် တယ်။ လက်နက်ကြီးနဲ့လည်း ပစ်တယ်"။ တောင်ဦးမော်ရွာက နေအိမ်သုံးလုံးလည်း ပျက်စီးခဲ့ပြီး ဒဏ်ရသူတွေကတော့ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။
၁၁။ လောင်းလုံးမြို့မှာ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ
ဧပြီ ၂၇ ၊ RFA
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် (က) ရပ်ကွက်က ထိန်သစ်လမ်းပေါ်ကို ဧပြီလ ၂၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီ တပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ လက်နက်ကြီးကျည် ထိမှန်တာကြောင့် အသက် ၇၀ အရွယ် ဒေါ်ခင်အေး နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထား တဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောင်းလုံးမြို့ခံတစ်ဦးက RFA ကို ပြောပါ တယ်။ "အဲဒီနေ့က ခြောက်လုံးလောက် ပစ်ပါတယ်။ ထိန်သစ်လမ်းအလယ်ကို တစ်လုံးကျတာမှ အရပ်သားတွေ ထိခိုက် သေဆုံးတာ။ အိမ်တွေလည်း နည်းနည်းပါးပါး ပျက်စီးတာရှိပါတယ်။ သေဆုံးတဲ့သူကိုတော့ သင်္ဂြိုဟ်လိုက်ပြီလို့ သိထား ပါတယ်"။ လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်ကောင်စီတပ်က ရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ နေ့စဉ် နီးပါး ပစ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
၁၂။ ဆီဆိုင်မှာ လက်နက်ကြီးကြောင့် ဒေသခံလေးဦး ဒဏ်ရာရ
ဧပြီ ၂၇ ၊ RFA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက ရွာတွေဘက်ကို မြို့အဝင်မှာရှိတဲ့ ခြေမြန်တပ်ရင်း ခမရ (၄၂၃) က လက်နက် ကြီးနဲ့ပစ်ခဲ့တာကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။ ဧပြီလ ၂၅ ရက်နေ့မှာ နမ့်တောင် ရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါ တယ်။ ဧပြီလ ၂၄ ရက်နေ့ကလည်း နောင်ကျောကျေးရွာအုပ်စု၊ လုံးဖိုးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၀ ကျော်အရွယ် ပအိုဝ်းအမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိလည်း ဆိုင်ဆီမြို့ ပတ်ပတ်လည်ရွာတွေကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်နေတာလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။ “စကစ လက်နက်ကြီးနဲ့ပဲ မဟုတ်ဘူး၊ လေကြောင်းနဲ့ရော ဒရုန်းနဲ့ပါ ရွာတွေကို နေ့တိုင်းလိုလိုကို ပစ်ခတ်နေတာ။ အခုကလည်း စစ်ရှောင်တွေစုနေတဲ့ နေရာနားမှာ ကျရောက် ပေါက်ကွဲတော့ လူတွေထိခိုက်ကုန်တာပေါ့။ တချို့ရွာတွေမှာက လူတွေရှိသေးတယ်။ တချို့ရွာတွေကတော့ မရှိတော့ဘူး။ အရပ်သား ရှိတာဖြစ်ဖြစ်၊ မရှိတာဖြစ်ဖြစ် သူတို့က (စကစ) ဂရုမစိုက်ဘူး" လက်နက်ကြီးကြောင့် ဒဏ်ရာရသူတွေကတော့ လက်ရှိ တောင်ကြီးဆေးရုံးကြီးမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိတော့ဘူးလို့ ဒေသခံတွေ က ပြောပါတယ်။
Comments