နေ့စဉ်သတင်းစုစည်းမှု
29-April-2024
တိုက်ပွဲသတင်း
၁။ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျ
ဧပြီ ၂၉ ၊ Mizzima
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ မိုင်နွဲကျေးရွာအနီး ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် ချင်းတော်လှန်ရေး တပ် PDF – Zophai မှ တပ်ဖွဲ့ဝင် နှစ်ဦးနှင့် အခြားတပ်ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်တဦး ကျဆုံးသွားကြောင်း တပ်ရင်းမှူး ဒေးဗစ်က မဇ္စျိမကို ပြောသည်။ ကျဆုံးသူ သုံးဦးမှာ ရဲဘော် လားလ်ချန့်သန်ဒန်မာ ၊ ရဲဘော် ဗန်လားလ်းရင်းငါနှင့် SR6 တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့တွင် ကျဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။ “စစ်ကောင်စီတပ်ကချတဲ့ ဒရုန်းကြောင့် ရဲဘော်သုံးဦးကျဆုံးခဲ့ရတာပါ ၊ ကတုတ်ကျင်း တူးနေတဲ့အချိန်မှာ ထိသွားတာ” ဟု PDF – Zophai မှ တပ်ရင်းမှူး ဒေးဗစ် က မဇ္စျိမကို ပြောသည်။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်နှင့် ထိစပ်နေသော မိုင်နွဲကျေးရွာအနီးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာ၍ ယင်းနေရာတဝိုက်တွင် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။ `တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိတ်ကို မသိရ ကြောင်း တပ်ရင်းမှူးဒေးဗစ်က ပြောသည်။
၂။ အမ်းရှိ တောဟိန်းတောင် ဗျူဟာကုန်းတဝိုက် တိုက်ပွဲပြင်းထန်
ဧပြီ ၂၉ ၊ Mizzima
ရခိုင်ပြည်နယ်၊ အနောက်ပိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်ရှိ ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကုန်း၌ ယနေ့(ဧပြီလ ၂၉ ရက်) တရက်လုံး တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော အဆိုပါ တောဟိန်းတောင်ဗျူကုန်း တိုက်ပွဲသည် ယမန်နေ့များထက် ပြင်းထန် ကြောင်းလည်း ပြောသည်။ “အတွဲလိုက်ဒုံးတွေနဲ့ ပစ်တာရော၊ နှစ်ဘက်လုံးဘက်က လက်နက်ကြီးတွေနဲ့ပစ်တာ အချက် ၅၀ လောက်ရှိပြီပစ်သံကြားနေရတာ” ဟု ကဇုကိုင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။ ကဇုကိုင်းတောဟိန်းတောင် ဗျူဟာကုန်းအား အပြီးသတ် သိမ်းပိုက်ရရှိကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ခြင်း မရှိသေးပေ။
ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကုန်း တဝိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
၃။ စလင်းတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ရဲ ၂ ဦးသေဆုံး
ဧပြီ ၂၉ ၊ Mizzima
မကွေးတိုင်း၊ စလင်းမြို့နယ် ၊ တညောင်စခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲ နှစ်ဦး သေဆုံး သွားကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ - စလင်းမြို့နယ် က သတင်းထုတ်ပြန်သည်။ ဧပြီလ ၂၆ ရက် မနက် ၇ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် တညောင်တိုက်နယ်အတွင်း စစ်ကြောင်းထိုးရန် ရောက်ရှိလာသည့် စစ်သား၊ ရဲသား ပူးပေါင်းအင်အား ၁၀၀ ကျော် ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ ဧပြီလ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စလင်း-ပကဖ ပြန်ကြားရေးတာဝန်ခံ ကို အောင်ဆန်းက “ မိုင်းဆွဲတိုက်တိုက်ခိုက်တဲ့အချိန်မှာ နှစ်ယောက် သေတယ်။ အထိအခိုက်လည်းရှိတယ် မိုင်းဆွဲတိုက်ခိုင်အပြီး စခ ( စစ်ကောင်စီတပ်ဖွဲ့) ဘက်မှ ရမ်းသန်းပစ်ခတ်တာမျိူးတွေတော့ ရှိတယ် “ ဟုပြောသည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွားပြီး ယင်းနေ့ ညနေပိုင်းတွင်ပင် ကျေးရွာများသို့ စစ်ကြောင်းထိုးရန် ပြန်လည်ဝင်ရောက်လာသည့် ထိုစစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် တားဆီးခဲ့ကြောင်း ကိုအောင်ဆန်းက ဆိုသည်။ ထပ်မံတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့၏ ဦးရေ တဝက်ခန့် မှာ ပြန်လည်ဆုတ်ခွာသွားပြီး ကျန်ရှိ တပ်ဖွဲ့သည် ၂၇ ရက်နေ့ မနက်ပိုင်းတွင် တညောင်နှင့် ခုနစ်ရွာချောင်ကြားရှိ လျော်ဖြူ တောတွင် ကင်းပုန်းဝပ်နေစဉ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း စလင်း- ပကဖ ထံက သိရသည်။
၄။ ဆင်ဘို ခလရ-၁၄၁ ကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်
ဧပြီ ၂၉ ၊ Myanmar Now
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နဲ့ ၃ မိုင်ကွာမှာရှိတဲ့ စစ်ကောင်စီ ခလရ-၁၄၁ တပ်စခန်းကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့က ဧပြီ ၂၉ ရက် မနက် ၇ နာရီ ဝန်းကျင်လောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။“ဒီနေ့ ဧပြီလ ၂၉ ရက်နေ့ မနက် ၇ နာရီ၊ ၇ နာရီခွဲခန့်မှာ တပ်စခန်းကို အကုန်လုံး ရှင်းလင်းပြီးပြီ။ ကာကင်း ၆ ခုရှိတယ်။ စစ်အင်အား ဘယ်လောက်ရှိလဲတော့ မသိဘူး။ သူတို့ မခံနိုင်တော့လို့ သူတို့ဘာသာထွက်သွားတာ” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။အဲဒီ ဆင်ဘို ခလရ-၁၄၁ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းရံ ပိတ်ဆို့ထားတာ ၂ လလောက်ကြာပြီလို့ သူကပြောပါတယ်။
ဧပြီ ၂၈ ရက်ညမှာ စစ်ကောင်စီ တပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေ စုဝေးနေတဲ့ တပ်စခန်းဝင်းထဲ စစ်ကောင်စီက လေယာဉ်နဲ့ မှားယွင်းပြီး ဗုံးလာကြဲမိတာကြောင့် အတုံးအရုံး ထိခိုက်ဒဏ်ရာရတဲ့အပြင် သေဆုံးသူတွေလည်းရှိပြီး ဖရိုဖရဲ ထွက်ပြေးကုန် တာလို့ သူက ပြောပါတယ်။ဧပြီ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ စစ်ကောင်စီက Mi - 17၊ Mi - 35၊ တိုက်လေယာဉ်၊ Y12 စတဲ့ ၄ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။အဲဒီ ဆင်ဘို ခလရ-၁၄၁ ရဲ့ ကာကင်းစခန်းတခုကို ဧပြီ ၂၆ ရက်နဲ့ နောက်ထပ် ကာကင်းစခန်းကို ဧပြီ ၂၇ ရက်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း KIA ရှေ့တန်း အသိုက်အဝန်းဆီက သိရပါတယ်။
၅။ သံတွဲတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က ရွာသား ၅၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထား
ဧပြီ ၂၉ ၊ DVB
ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ဧပြီ ၂၈ ရက်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်ပွဲအနီးအနား ကျေးရွာတွေက ဒေသခံရွာသား အယောက် ၅၀ ထက်မနည်းကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သံတွဲမြို့နယ်၊ ရွှေလှေတံတားအနီးနဲ့ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း အနီးမှာ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ ရေကြောင်း လက်နက်ကြီးပစ်ကူတွေ ပေးနေတယ်လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။ “တိုက်ပွဲက ဒီနေ့မှာလည်း တော်တော်လေးကို ပြင်းပြင်းထန်ထန် ဖြစ်နေကြတာ။ ကျနော် သိသလောက်တော့ ရွှေလှေတံတားအနီးမှာ တနေရာနဲ့ သူဌေးချောင်း ရေအားလျှပ်စစ်မှာ တနေရာ ဖြစ်နေတယ်လို့ သိရတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီး ပစ်ကူတွေ တရစပ်ပေးနေတယ်။”
သံတွဲမြို့နယ်အတွင်းမှာ တိုက်ပွဲပြင်းထန်လာတာကြောင့် ရေကောက်၊ ပုရစ်၊ ရွှေလှေ၊ ကျောင်းကုန်း အပါအဝင် ကျေးရွာ ပေါင်း ၁၀ ရွာနီးပါးခန့်က ဒေသခံ ၁၀,၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
၆။ မင်းကုန်းကျေးရွာရှိ PDF ကင်းဝင်စီးခံရသဖြင့် ရဲဘော်သုံးဦးကျဆုံးကာ လေးဦးအဖမ်းခံရ
ဧပြီ ၂၉ ၊ Myanmar Pressphoto Agency
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသည့် PDF ကင်းစခန်း ဧပြီ ၂၇ ရက်တွင် ဝင်ရောက်စီးနင်းခံရသဖြင့် ရဲဘော်သုံးဦးကျဆုံးကာလေးဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ရွှေဘိုမြို့မှ နာရေးကူညီမှုအသင်းကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းကုန်းကျေးရွာဂိတ်သို့အရောက်တွင် ကားဖြင့်တဟုန်ထိုးဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း Local PDF အသိုင်းအဝိုင်းနှင့် နီးစပ်သည့် အသက် ၂၆ နှစ် အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ မင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်က အင်အား ၈၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသည်မှာကိုးလခန့်ကြာမြင့်နေပြီဖြစ်ပြီး Local PDF များက မင်းကုန်းကျေးရွာ တံတားတွင် အလှည့်ကျ စနစ်ဖြင့် ကင်းချထားခြင်းဖြစ်သည်။ မင်းကုန်းကျေးရွာဘုန်းကြီးကျောင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် Local PDF လုံခြုံရေးကင်းမှာ တစ်မိုင်ခွဲခန့်သာကွာဝေးကြောင်း သိရသည်။ “ဖြစ်သွားတာက ကင်းချိန်းတဲ့အချိန်မှာ ဖြစ်သွားတာ၊ ကင်းက နှစ်နာရီတစ်ခါချိန်းတာ၊ ပထမအဖွဲ့က နောက်တစ်ဖွဲ့ကို စောင့်နေတုန်း စကစက ကားနဲ့လာပစ်တာ၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်သေးတယ်" ဟု ၎င်းက ဆက်ရှင်းပြသည်။ အထက်ပါ စီးနင်းမှုဖြစ်စဉ်အတွင်း စကစ တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး Local PDF အဖွဲ့က ရဲဘော်သုံးဦးကျဆုံးကာ အမျိုးသားရဲဘော်သုံးဦးနှင့် အမျိုးသမီးရဲမေတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ကျဆုံးသွားသည့်ရဲဘော်များအား အဆိုပါနေ့ကတည်းက ဆိပ်ခွန််ကျေးရွာတွင် သင်္ဂြိုဟ် ခဲ့ပြီး ဖမ်းဆီးခံရသည့် ရဲဘော်များအား မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ
၇။ ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်ငါးခုတွင် ညမထွက်ရအမိန့် ပြန်ထုတ်ပြီး ပစ်မိန့်ပေးထားဟုဆို
ဧပြီ ၂၉ ၊ Myanmar Pressphoto Agency
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၅ ခုတွင် ညမထွက်ရအမိန့်ပြန်ထုတ်ထားပြီး ပစ်မိန့်ပေးထားကြောင်း သိရသည်။
ဧပြီ ၂၄ ရက်၊ ညပိုင်းက ကွမ်းခြံကုန်းမြို့နယ်၊ ကသစ်ကုန်းကျေးရွာနေ ရာအိမ်မှူးနှင့် ၎င်း၏မြေးဖြစ်သူတို့ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက တွံတေး၊ ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းဖြစ်ကာ ညဘက်အပြင်ထွက်သူများကို တွေ့ရှိပါက အကြောင်းပြချက်မရှိ ပစ်မိန့်ပေး ထားကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ "တောင်ပိုင်းခရိုင်ထဲက ငါးမြို့နယ်ကို ဧပြီလ ၂၆ ရက် နေ့ကစပြီး ညမထွက်ရအမိန့် ပြန်ထုတ်တာပေါ့။ နောက်တစ်ခုက ဒီလထဲမှာ အဲ့ဘက်ခြမ်းက PDF တချို့ဖမ်းမိတယ်။ နောက်တစ်ခုက ဒီရက်ပိုင်းထဲ ကွမ်းခြံကုန်းက အုပ်ကြီး အသတ်ခံရတာလည်း ပါတာပေါ့"ဟု ၎င်းက ပြောသည်။
ယင်းသို့ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းမှာ ရန်ကုန်မြို့ကို ထိန်းချုပ်ရန် စစ်တပ်က အင်အားမရှိသည့်အတွက် အင်အား ချွေတာခြင်းဟု မြင်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာက ပြောသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ
၈။ အကြမ်းဖက်စစ်တပ်ရဲ့ အမတ-၄၀၂ တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ရော်ဘာ ခြံတွေ မီးလောင်ပျက်စီးတယ်လို့ KNU ဗဟိုထုတ်ပြန်
ဧပြီ ၂၉ ၊ PVTV
ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ဒူးသထူခရိုင်အတွင်းမှာ အမတ-၄၀၂ တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ရော်ဘာခြံ ၁၅ ဧက မီးလောင်ပျက်စီးခဲ့ရတယ်လို့ KNU ဗဟို က ဒီနေ့မှာ ထုတ်ပြန်အသိပေး လိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဒူးသထူခရိုင်၊ သထုံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အမတ-၄၀၂ တပ်စခန်းက ဧပြီ ၂၇ ရက် ည (၉)နာရီ (၅၀)မိနစ်မှာ လက်နက်ကြီး (၂)လုံး ပစ်ခတ်ရာ ဓနုကျေးနယ်၊ ဓါးရိုးရွာအနီးရှိ အရပ်သားပြည်သူ လုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲပြီး ကွမ်းခြံလုပ်ငန်း လာရောက်လုပ်ကိုင်နေသော အသက် (၆၇)နှစ်အရွယ်ရှိ နောင်ဘို ရွာသား တီးရိုးအား လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါအပြင် အဲဒီတပ်စခန်းကနေပဲ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှာ လက်နက်ကြီး (၂)လုံး ပစ်ခတ်ရာ ကေအဲန်ယူ-သထုံမြို့နယ်၊ ကော့လှိုင်းကျေးနယ်၊ ကော့လှိုင်းရွာအနောက်ဘက် ဒေသအခေါ် ဃို့ဖိုးကော်ကုန်း ရှိ အရပ်သားပြည်သူလုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲ ခဲ့ပါ တယ်။ အဲဒီပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကော့လှိုင်းရွာနေ တီးဂီလိ ပိုင်သော ရော်ဘာခြံ (၁၀)ဧက နဲ့ စောမောင်ကသဲ ပိုင်သော ရော်ဘာခြံ (၅)ဧက တို့ကို မီးလောင်ပျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အမတ-၄၀၂ အမြှောက်တပ်ရင်းဌာနချုပ်က သထုံမြို့နယ် ၊ အင်းရှည်ရွာမှာ အခြေစိုက်တပ်စွဲထားတာလို့လည်း KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၉။ ဖယ်ခုံမြို့နယ်၊ အင်လာကွင်း၌ အကြမ်းဖက်စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်
ဧပြီ ၂၉ ၊ D Day News
ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ အင်လာကွင်းတောင်ယာထဲ၌ ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး -KWO ထံမှ သိရသည်။ ဧပြီလ ၂၀ ရက်နေ့က ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများက အသက် ၃၄ နှစ်အရွယ် ဦးမာအို၊ အသက် ၃၃ နှစ်အရွယ် ဦးသန်းထွန်းနှင့် အသက် ၃၂ နှစ်အရွယ် ဒေါ်အားမူတို့ကို ဖမ်းဆီးပြီး အင်လာကွင်း တောင်ထဲ၌ ညှင်းပန်းနှိပ်စက် ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဧပြီလ ဧပြီလ ၂၃ ရက်နေ့က အသက် ၃၇ နှစ်အရွယ် ဦးမျိုး။ အသက် ၄၂ နှစ်အရွယ် ဒေါ်ရှ တို့ကို ဖမ်းဆီးနှိပ်စက်ကာ ၎င်းတို့၏ ကလေးများရှေ့၌ပင် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး -KWO ထုတ်ပြန်ချက်အရ သိရသည်။ အကြမ်းဖက်စစ်များက ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းကို Pekhon Health Community (PKHC)နှင့် ဖယ်ခုံ PDF 1002 တပ်ရင်း တို့မှ ကူညီ ကယ်ဆယ်ခဲ့ကြောင်း၊ ကျန်ရှိနေသော မိသားစုဝင်များ၏ စိတ်ဒဏ်ရာ ပြန်လည် ကုစားမှုပေးရန်နှင့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
၁၀။ လူ ၅ ဦး သေဆုံးခဲ့သည့် ဝမ္မသူးဆေးရုံကို စကစတပ်က လေကြောင်းမှ ထပ်မံတိုက်ခိုက်
ဧပြီ ၂၉ ၊ BBC
ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် လူငါးဦးသေဆုံးခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ် မြို့နယ်ရှိ ဝမ္မသူးဆေးရုံကို ယမန်နေ့ (ဧပြီလ ၂၈ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ခဲ့သည်။ ယခုတိုက်ခိုက်မှုတွင် ယခင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဝမ္မသူးဆေးရုံ ထပ်မံထိခိုက် ပျက်စီးခဲ့ပြီး ဆေးရုံးအနီးနားကျေးရွာရှိ လူနေအိမ်အချို့လည်း ထိမှန်ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ် ရေးတာဝန်ခံ ဆလိုင်းယောမန်က မဇ္စျိမ ကိုပြောသည်။ “နောက်ထပ်ဗုံးထပ်ကြဲသွားပြန်ပါတယ်၊ ထိခိုက်မှုကတော့ ဆေးရုံ ပါပဲ၊ ပြီးတော့ ဒေသခံနေအိမ်တွေပါ့” ဟု ဆလိုင်းယောမန်က ပြောသည်။ ဧပြီလ ၂၅ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ဝမ္မသူး တိုက်နယ်ဆေးရုံ ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဆေးရုံတက် ဆေးကုသမှု ခံယူနေသည့် လူနာ လေးဦးနှင့် လူနာစောင့်တဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဝန်းကျင်ခန့်ရှိခဲ့သည်။
ထို့ပြင် ဆေးရုံသုံး ကိရိယာများ အပါအဝင် အသုံးဆောင်ပစ္စည်းများလည်း ပျက်စီးခဲ့ရာ ဆုံးရှုံးမှု ကာလတန်ဖိုး ကျပ်သိန်း ၁၀,၀၀၀ ခန့် ရှိကြောင်း ပြည်သူ့ အုပ်ချုပ်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။
၁၁။ ကော့ကရိတ်မြို့နယ်တွင် စကစတပ်က ဒေသခံ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများကို လမ်းဘေး စွန့်ပစ်
ဧပြီ ၂၉ ၊ Mizzima
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းနှင့် ကော့ပလိုင်းကျေးရွာမှ ဒေသခံသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများကို လမ်းဘေးစွန့်ပစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ အရပ်သားသုံးဦးကို တော်လှန်ရေးတပ်ဖွဲ့မှ သိမ်းပိုက်ဖျက်ဆီးခဲ့သည့် ကော့ဘိန်းနယ်မြေရဲစခန်းကို ပြန်လည် ထိန်းချုပ်ရန် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။
အသတ်ခံရသူ သုံးဦးအနက် ကော့ပလိုင်း ကျေးရွာခံ မင်းအောင်ချမ်း (အသက် ၂၀ ကျော်အရွယ်) ၏ ရုပ်အလောင်းကို ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာများအပြင် လက်နောက်ပြန်ကြိုးတုပ်ထားသည့် အနေအထားဖြင့် ဧပြီလ ၂၇ ရက်နေ့တွင် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ “မင်းအောင်ချမ်းရဲ့ အလောင်းက ချောင်းဘေးမှာတွေ့ရတယ်။ ကော့ပလိုင်းချောင်းမှာ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးတပ်ဖွဲ့မှ သိမ်းပိုက် ဖျက်ဆီးခဲ့သည့် ကော့ဘိန်းနယ်မြေရဲစခန်းကို ပြန်လည်ထိန်းချုပ်ရန် ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကြောင်းထိုးလာခဲ့သည်။
ထိုစစ်ကြောင်းသည် ကော့ပလိုင်းကျေးရွာသို့ အရောက်တွင် စစ်ကြောင်းနှင့် တည့်တည့်တိုးသော မင်းအောင်ချမ်းကို စကစ တပ်ဖွဲ့ဝင်များက ဖမ်စစ်ဆေးပြီးနောက် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။
၁၂။ ပခုက္ကူ၊ ဖောင်ချောင်းရွာထဲ ပျူစောထီးတို့ အကြောင်းမဲ့ ဝင်ရောက် အကြမ်းဖက် မီးရှို့
ဧပြီ ၂၉ ၊ Myanmar Pressphoto Agency
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ၊ဖောင်ချောင်းကျေးရွာကို ပျူစောထီးတို့က အကြောင်းမဲ့ ဝင်ရောက် အကြမ်းဖက် မီးရှို့ခဲ့ ကြောင်း သိရသည်။ယနေ့ (ဧပြီ ၂၉ ရက်) နံနက် ခုနှစ်နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ညောင်ဂျစ်ပင်နှင့် ရေလာလေး ပျူစော ထီးရွာမှ ပျူစောထီး အင်အား ၅၀ ခန့်တို့သည် ဖောင်ချောင်းရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက် ပြီး မီးရှို့ခဲ့ရာ အိမ်၂၃ လုံး မီးလောင်ပျက်စီးကာ ဆိတ်ခြံ သုံးခြံ အတွင်းမှ ဆိတ်အကောင်၁၀၀ ကျော်လည်း မီးလောင် သေဆုံးခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။" ဘာအကြောင်းမှလည်း မရှိဘူး၊ ဒီအတိုင်းကြီး ၀င်ပြီး မီးရှို့သွားတယ် သိရ တယ်။ အဓိက ညောင်ဂျစ်ပင်နဲ့ ရေလာလေး ရွာက ပျူတွေချည်းပဲ။ စစ်သား တစ်ယောက်မှ မပါဘူး " ဟု ဂဠုန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ခံ ရဲဘော် အကိုလေးက MPAသို့ ပြောသည်။" ရွာနားရောက်တော့ သေနတ်တွေ ဆက်တိုက် ဖောက်တော့ ရွာကလူတွေ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးကြရတယ်။ ဘာမှ မယူလိုက်နိုင်ဘူး၊ စပါးသီးနှံလည်း အကုန်ပါသွားတယ်။ ဘာမှလည်း ပြန်မရဘူး။ ဆိတ်တွေ ခြံထဲကို မီးလောင်တိုက် သွင်းသွားတာ " ဟု ဖောင်ချောင်း ဒေသခံ တစ်ဦးက ပြောသည်။ရွာအတွင်းရှိ နေအိမ်တစ်လုံးနှင့်ပြည်သူတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်းလည်း သိရသည်။
Comments