top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု - ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်

နေ့စဉ်သတင်းစုစည်းမှု

30-April-2024


တိုက်ပွဲသတင်း


၁။ အုတ်ဖိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အား ၂၀ ပါ စစ်ကြောင်းကို PDF တွေ မိုင်းဆွဲတိုက်ခိုက်၊ ရန်သူ ၅ ဦး သေဆုံး


ဧပြီ ၃၀ ၊ PVTV


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိမ်အုပ်စု ဂွေးချိုကွင်းရွာနဲ့ ကျွန်းလှကုန်းကို ဆက်သွယ်ထား တဲ့ တံတားအနီးမှာ အကြမ်းဖက်စစ်တပ်ရဲ့အင်အား ၂၀ ပါ စစ်ကြောင်းကို PDF တွေကို မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ထံမှ သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ဧပြီ ၂၈ ရက် ညနေ ၅ နာရီ ၇ မိနစ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အား ၂၀ ပါစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ရန်သူ ၅ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ပြောပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ကြောင်းက ရွာစဥ်လှည့်လည် ပေါ်တာဆွဲ ဆတ်ကြေးကောက်နေတာဖြစ်ပြီး ပဒေသာ ၇ လုံးကွင်းမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းခဲ့ရာမှ အကြမ်းဖက်စစ်တပ် ထံမှ MA3 ကျည်ဘောက်ရှည် ၁ခု၊ ၅ ဒသမ ၅၆ ကျည် ၃၂ တောင့်၊ စစ်ဦးထုတ် ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) တပ်ခွဲ ၄ မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ လက်အောက် မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။



၂။ စဉ့်ကူးတိုက်ပွဲတွင် ဒုဗိုလ်မှူးကြီးအပါအဝင် စစ်သား ၁၁ ဦး သေဆုံးဟု MDY-PDF ဆို / အညံ့ခံသူ ၁၅ ဦးရှိပြီး လက်နက် အများအပြားလည်း သိမ်းဆည်းနိုင်ခဲ့


ဧပြီ ၃၀ ၊ PVTV


ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဧပြီ၂၈) က ဖြစ်ပွားခဲ့သည့် စဉ့်ကူးမြို့ ဝါးပိုးချပ်ရွာတိုက်ပွဲတွင် စစ်ကောင်စီ ဒုဗိုလ်မှူးကြီး အပါအဝင် ၁၁ ဦးသေဆုံး၊ ၁၅ ဦးကို အရှင်မိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။ အသေဖမ်းမိသည့် စစ်ကောင်စီအရာရှိမှာ တတက (၁၃) အုပ်ချုပ်မှုဌာန ဌာနမှူး ဒုတိယဗိုလ်မှုးကြီး တင်ကိုဖြစ်ပြီး တေဇ (၂၈) စစ်အရာရှိသင်တန်းဆင်းဟုလည်း ထိုထုတ်ပြန်ချက်က ဆိုသည်။


စစ်ကောင်စီတပ်သား (၁၅) ဦး လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ငယ် (၁၉) လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက် အပါအဝင် ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။



၃။ ကျင်းဒွေးမြို့ကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်


ဧပြီ ၃၀ ၊ Mizzima


ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်းဒွေးမြို့ကို လေးလ ကျော်ကြာတိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့ တာဝန်ရှိသူက ယနေ့( ဧပြီလ ၃၀ရက်) မနက်တွင် မဇ္စျိမကို ပြောသည်။ “ကျနော်တို့ ကျင်ဒွေးမြို့ကို မနေ့ကတည်းကသိမ်းပိုက်ရရှိပြီးပါပြီ၊ မကြာခင် တရားဝင်ထုတ်ပြန်ဖို့ရှိပါတယ်” ဟု ချင်းညီနောင် အဖွဲ့ တာဝန်ရှိသူက ပြောသည်။ မြေပြင်ရှိသတင်းအချက်အလက်များစုစည်းနေပြီး မကြာမီတိတိကျကျနှင့် အခြေအနေအသေးစိတ်များကို ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။ ကျင်းဒွေးမြို့ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့မှစတင်ပြီး CDF နှင့် PDF တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ လေးလအကျော် ယမန်နေ့ (ဧပြီလ ၂၉ ရက်)တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။


ပထမအကြိမ်တိုက်ခိုက်မှု၌ စခန်းရလုနီးအချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုနှင့်အတူ စစ်ကူ အင်အားများ ဖြည့်တင်းခဲ့သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ နောက်ဆုတ်ခဲ့ရသည်။

ယင်းနောက် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့၌ “ချင်းညီနောင်” စစ်ဆင်ရေးအမည်ဖြင့် ချင်းညီနောင်တပ်ဖွဲ့များနှင့် အာရက္ခ တပ်တော်(AA) အပါအဝင် မဟာမိတ်များနှင့်အတူ မြို့ကို ပတ်လည်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



၄။ ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး ဟုဆို


ဧပြီ ၃၀ ၊ Mizzima


စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊တောင်ပုလူကျေးရွာရှိ စစ်ကောင်စီတပ်သားများအတွက် ရိက္ခာလာပို့သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း Mahura People Defence Force (MHRPDF) အဖွဲ့ တာဝန်ခံ မီးငယ်က မဇ္စျိမကိုပြောသည်။ အနီးနားရှိပျူရွာမှ တဆင့် အင်အား ၁၅ ဦးဖြင့် လာရောက်ရိက္ခာပို့သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီလ ၂၈ ရက်တွင် တောင်ပုလူကျေးရွာ အနီး၌ ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “ကျနော်တို့ အဲဒီနေရာမှာ တိုက်ပွဲဖော်ဆောင်နိုင်ဘို့ အချိန် တော်ကြာ သတင်းထောက်ခဲ့ရပါတယ်။ သေသွားတဲ့ စစ်ကောင်စီတပ်သားတွေကို မျက်မြင်တွေ့လိုက်ရတာပါ ” ဟု မီးငယ် က ဆိုသည်။မိနစ် ၃၀ ကျော်ကြာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားသေဆုံးခဲ့ပြီး လေကြောင်းမှ ပစ်ကူရောက်လာ သောကြောင့် လက်နက်များကောက်ယူနိုင်ခြင်းမရှိဘဲ ကာကွယ်ရေးရဲဘော်များဆုတ်ခွာခဲ့ရသည် ဟုဆိုသည်။



၅။ သရက်ချောင်းမြို့နယ်တွင် ၅ ရက်ကြာ တိုက်ပွဲ ဆက်တိုက်ဖြစ်ပြီး စစ်သား ၁၄ ဦးသေဆုံး


ဧပြီလ ၃၀ ၊ D Day News


တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ၅ ရက်ကြာ တိုက်ပွဲ ဆက်တိုက်ဖြစ်ပြီး အကြမ်းဖက် စစ်သား ၁၄ ဦးသေဆုံး ခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။ ဧပြီလ ၂၂ ရက် နံနက် ၉ နာရီ မိနစ် ၂၀ အချိန်မှစ၍ ည ၇ နာရီအထိ အင်အား ၈၀ ခန့်ဖြင့် သရက်ချောင်းမြို့မှ မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ သရက်ချောင်းမြို့အောက်ပိုင်း ကျေးရွာများဘက် သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများသည် ဆင်ကုန်းကျေးရွာမှ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဆက်လက် စစ်ကြောင်းထိုးလာပြီး ဘုတ်ကိုင်း ကျေးရွာတွင် စခန်းချစဉ် ဒေါင်းညီနောင်စစ်ကြောင်းမှ ရဲဘော်များက ၆၀ မမ ဗုံးသီး ၃ လုံးဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၃ ရက်နေ့တွင် ဘုတ်ကိုင်းကျေးရွာမှ ဆက်လက်ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဆင်ကျန်းကျေးရွာ၊ ကျောက်ပြင် ရဟန္တာ ၅၀ဝ တောင်တွင် ညနေ ၃ နာရီ ၁၃ မိနစ်မှ ၄ နာရီ ၄၃ မိနစ်အထိ ဒေါင်းညီနောင် စစ်ကြောင်းမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၇ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး၊ ယင်းတိုက်ပွဲအတွင်း ဒေါင်းညီနောင်စစ်ကြောင်းမှ ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဧပြီလ ၂၄ ရက်ညနေ ၄ နာရီခွဲအချိန်တွင် ဆက်လက်စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ် ကောင်စီ တပ်သားများ နှင့် ဝင်းဝစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများ ချောက်ချောင်းကျေးရွာ၌ ပူးပေါင်းပြီး ချောက်ချောင်းဘုန်းကြီး ကျောင်းအတွင်း စခန်းချနေထိုင်စဉ် ဧပြီလ ၂၅ ရက် နံနက် အစောပိုင်း ၂ နာရီ ၁၀ မိနစ်ခန့်၌ ကာကင်းအဖွဲ့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က RPG ၂ လုံးဖြင့် စတင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ဖော်ဆောင်ခဲ့ရာ နံနက် အစောပိုင်း ၃ နာရီ ၁၀ မိနစ်ခန့် အထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို KNLAတပ်မဟာ ၆ (တပ်ရင်း၂၇) ၊ DDT (ထားဝယ် ပကဖ) နှင့်ဒေါင်းညီနောင် စစ်ကြောင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင် စီ တပ်သား ၆ ဦးသေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ထိုအပြင် ငါးကြင်းမြီးကျည် ၁၆၈ တောင့်၊ ယူနီဖောင်း ၁ စုံ၊ ဖိနပ် ၁ ရံ၊ ကျည်ကာ ၁ စုံ တို့ သိမ်းဆည်းရရှိခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


ဧပြီလ ၂၅ ရက် ညနေ ၅ နာရီ မိနစ် ၄၀ အချိန်မှ ၆ နာရီအထိ ချောက်ချောင်းရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့အကြား ချောက်ချောင်းရွာ စီမံကိန်း ဆီအုန်းတော၌ ထပ်မံဖြစ်ခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိကာ ဒေါင်းညီနောင်စစ်ကြောင်းမှ ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဧပြီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ အကြမ်းဖက် စစ်တပ် နှင့် KNLA တပ်မဟာ ၆ (တပ်ရင်း၂၇) ၊ DDT (ထားဝယ်-ပကဖ)နှင့် ဒေါင်းညီနောင်စစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ရဲဘော်များ ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၄ ဦးသေဆုံးကာ ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း ဒေါင်းညီနောင် စစ်ကြောင်းက ထုတ်ပြန်ထားသည်။



နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ


၆။ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံရန် စစ်ကောင်စီ စီစဥ်နေဟုဆို


ဧပြီ ၃၀ ၊ Mizzima


KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံရန် စီစဥ်နေကြောင်း မြစ်ကြီးနားအကျဥ်းထောင် ဝန်ထမ်းက ဆိုသည်။ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးရန် အကြောင်းပြချက်ဖြင့် နှစ်ခြင်း ခရစ်ယာန် အသင်းတော်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ခေါ်ယူရန်စီစဥ်နေခြင်းဖြစ်ပြီး အကျဥ်းဦးစီးဌာန ၏ အစီအစဥ်ဖြင့် မြစ်ကြီးနားအကျဥ်းထောင်အတွင်းရှိ ဧည့်ရိပ်သာတခုတွင် သီးသန့်ထားရှိကြောင်း သိရသည်။


"ဟိုရက်က ထောင် ရုတ်တရက်ဆူခဲ့တဲ့ ဖြစ်ရပ်ကို အရင်စစ်နေလို့ ဆရာကြီးကို မခေါ်တွေ့သေးတာ။ နေပြည်တော်ကို ငြိမ်ချမ်းရေးကိစ္စ စကားပြောဖို့လို့ ပြောတယ်။ ဂဃဏနတော့ မသိရသေးဘူး" ဟု ထောင်တွင်းသတင်းရင်းမြစ်က ဆိုသည်။


ကချင်ဘာသာရေး ခေါင်းဆောင်တဦးဖြစ်သူ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် နှစ်နှစ်၊ ၅၀၅-က ဖြင့် ထောင်ဒဏ် တနှစ်၊ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် သုံးနှစ် စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ်ကို ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်က ချမှတ်ခဲ့သည်။


ယင်းနောက် ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ တွင် မြစ်ကြီးနားထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် ၎င်းကို စစ်ကောင်စီက ၂၄ နာရီ မပြည့်ခင်ပင် ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။



၇။ မြန်မာ့အရေး ထိုင်းနဲ့ ဘရူနိုင်းခေါင်းဆောင်တွေ ဆွေးနွေး


ဧပြီ ၃၀ ၊ Mizzima


ထိုင်းနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဥ်ရောက်နေတဲ့ ဘရူနိုင်းဘုရင်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ဟာ ဒေသတွင်းအခြေအနေ တွေကို ဆွေးနွေးရင်း မြန်မာ့အရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်း-ဘရူနိုင်း နှစ်နိုင်ငံ သံတမန်ထူထောင်မှု နှစ် ၄၀ ပြည့်အထိမ်းအမှတ်အနေနဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေ ဘန်ကောက်မြို့မှာ မနေ့က တွေ့ဆုံချိန် အခုလိုဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။မြန်မာ့အရေးကို ငြိမ်းချမ်းစွာဖြေရှင်းရေး ဆန္ဒရှိတဲ့အကြောင်း နှစ်နိုင်ငံခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြသလို သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအနေနဲ့ မတူကွဲပြားမှုတွေကို ဘေးဖယ်ကာ ငြိမ်းချမ်းစွာအဖြေရှာရေးကိုလည်း တိုက်တွန်းတယ်လို့ ခေါင်းဆောင်တွေက ဆွေးနွေးပွဲအပြီးမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။


ဘရူနိုင်းဘုရင်ကတော့ မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီတိုးမြှင့်ရေး ရှေ့ဆောင်အစီအစဥ်အဖြစ်ကြိုးပမ်းတဲ့ ထိုင်းနိုင်ငံရဲ့အားထုတ်မှုကို ကြိုဆိုကြောင်း ပြောထားပါတယ်။



လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ


၈။ မင်းပြားမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရ


ဧပြီ ၃၀ ၊ RFA


ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာ ကြောင့် ဒေသခံငါးဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး မြို့နယ်စည်ပင်ရုံးနဲ့ သပြေညိုရပ်ကွက်က နေအိမ်ငါးလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


မနက် ၁၀ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ဗုံးခုနစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ငါးဦးထက်မနည်း ဒဏ်ရာအပြင်း အထန်ရခဲ့တယ်လို့ မင်းပြားမြို့ပေါ်မှာရှိနေတဲ့ မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။ "မနက် ၁၀ နာရီလောက်မှာ ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ စည်ပင်ရုံးဆို အကုန်လုံး တစ်စစီဖြစ်သွားတယ်။ သပြေညိုရပ်ကွက် နေအိမ်ငါးလုံးလည်း မီးလောင်ပြီး ပြာကျသွားတယ်။ လူပွဲချင်းပြီး သေတာတော့မရှိဘူး။ ဒါပေမဲ့ ငါးယောက်ကတော့ ဒဏ်ရာအတော်လေး ပြင်းထန်တယ်။ ခြေပြတ်၊ လက်ပြတ်တွေချည်းပဲ”လက်ရှိမှာတော့ ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြရသလို ဗုံးထပ် လာကြဲမှာကို စိုးရိမ်တာကြောင့် အပြင်ကို မထွက်ရဲကြဘူးလို့ ဆိုပါတယ်။ မင်းပြားမြို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း မကြာခဏ ဗုံးလာကြဲတာတွေ ရှိနေတာပါ။



၉။ ရေဦးမြို့တွင် စစ်မှုထမ်းရန်ဟုဆိုကာ လူငယ် ၂၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီး


ဧပြီ ၃၀ ၊ Myanmar Pressphoto Agency


စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန်ဟုဆိုကာ လူငယ် ၂၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးခဲ့ကြောင်း၊ ထို့အပြင် နေအိမ်၌ မရှိသည့် လူငယ်များအစား မိသားစုဝင်များကို ဖမ်းဆီးခဲ့ကြောင့် မြို့နေပြည်သူများထံမှ စုံစမ်းသိရှိရသည်။


၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက်၊ ည ၉နာရီခန့်က ရေဦးမြို့‌ပေါ် ရွှေပြည်သာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ချမ်းသာ ရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ ဗိုလ်အောင်ဇေယျရပ်ကွက်တို့မှ လူငယ်အမျိုးသား ၂၀ ခန့်ကို စစ်ကောင်စီတပ်က နေအိမ် အထိ လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရေဦးမြို့ပေါ်နေ ပြည်သူတစ်ဦးက MPA ကို ပြောသည်။


" ဒီကောင်တွေ (စစ်ကောင်စီတပ်သား) ရပ်ကွက်ထဲကို ပတ်နေတာ ည ၇ နာရီလောက်ထဲက ဖမ်းဆီးတာက ည ၉ နာရီ လောက်မှာ ဖမ်းတာ၊ တကယ်တော့ အရင်ထဲက စစ်မှုထမ်းဖို့ သွေးစစ်တာတွေ ၊ ဘာညာလုပ်ထားပြီးတဲ့သူတွေကို လာခေါ် တာ၊ အဲ့ဒီလူတွေမရှိတော့လို့ဆိုပြီး မပါတဲ့အိမ်တွေက လူတွေကို ဝင်ဆွဲတာ " ဟု ရေဦးမြို့ခံတစ်ဦးက ပြောသည်။


ထို့အတူ စစ်မှုထမ်းရန် နာမည်စာရင်းပေါက်ထားသောကြောင့် မြို့မှ တိမ်းရှောင်သွားကြသော လူငယ်များ၏ မိသားစုများ ကိုလည်း ထပ်မံဖမ်းဆီးခဲ့သော်လည်း ဖမ်းဆီးခံရသည့် အရေအတွက်ကို သေချာ သိရှိမှုမရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။" ညဖက်ကြီးလည်း ညဖက်ကြီး၊ တံခါးဖွင့်မပေးရင် စစ်သားတွေက အိမ်တံခါးတွေရိုက်ချိူးဝင်တာဆိုတော့ ကျတော်တို့လည်း ထွက်မကြည့်ရဲဘူး။ အကိုမရှိလို့ ညီဖမ်းသွားတာတွေလည်း ရှိတယ် " ဟု ရေဦးမြို့ခံ တစ်ဦးက ပြောသည်။ လက်ရှိတွင် ဖမ်းဆီးခံရသည့် လူငယ်မျာသည် ရေဦးမြို့ အထက၁တွင် အထိုင်စခန်းချထားသည့် စစ်တပ်စခန်း၌ ဧပြီ ၃၀ ရက်၊ နံနက် ၇ နာရီခန့်အထိရှိနေသဖြင့် လူငယ်များ၏ မိသားစုများက ထမင်းပို့ရန်သွားသော်လည်း ဧည့်တွေ့ခွင့် မပြေးကြောင်း ဖမ်းဆီးခံရသည့် လူငယ်တစ်ဦးနှင့် နီးစပ်သော ပြည်သူတစ်ဦးက ပြောသည်။



၁၀။ ဒီးမော့ဆိုမှာ မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦး သေဆုံး


ဧပြီ ၃၀ ၊ RFA


ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ပူဖားရွာအနီးမှာ ဧပြီလ ၂၈ ရက် မနက်ပိုင်းက ကလေးတစ်ဦး မြေမြှုပ် မိုင်း နင်းမိတာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူဟာ အသက် ၁၄ နှစ်အရွယ် ယောက်ျား လေးဖြစ်ပြီး ပူဖားရွာအနီးမှာ နွာကျောင်းနေချိန် မိုင်းနင်းမိခဲ့တာလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ကလည်း ဧပြီလ ၂၉ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားကတော့ နေရပ်စွန့်ခွာတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ပြီးနေထိုင်ချိန် မိုင်းနင်းမိခဲ့တာလို့ RFA ကို ပြောပါတယ်။


“နေရပ်စွန့်ခွာရာကနေ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာ နေရပ်ပြန်လာပြီး နေထိုင်ကြတယ်။ အဲဒီက ဒေသခံတွေပေါ့။ ဒီဒေသတစ်ခွင်မှာ မိုင်းနင်းမိတာ အနည်းဆုံး ဆယ်ယောက်ဝန်းကျင် ရှိတယ်။ အခုတစ်ယောက်တော့ သေဆုံးတာပေါ့”


ကယားပြည်နယ်ထဲက စစ်ကောင်စီတပ်အခြေချ၊ တပ်စွဲခဲ့တဲ့တပ်စခန်း၊ ဘုရားကျောင်းနဲ့ နေအိမ် စုစုပေါင်းနေရာ နှစ်ရာ နီးပါးမှာ မြေမြှုပ်မိုင်းတွေ ရှိနေပြီး ဒါတွေကို လက်တလော ရှင်းလင်းဖို့ အခက်အခဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကယားပြည်နယ် (ကရင်နီပြည်) ထဲမှာ မြေမြှုပ်မိုင်းအန္တရာယ်က ပိုပြီးမြင့်မားလာနိုင်တယ်လို့လည်း ကိုဗညားက ပြောပါတယ်။




119 views0 comments

Comentarios


bottom of page