top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းအနှစ်ချုပ် - ၂၀၂၄ ဧပြီလ ၂၈ ရက်

နေ့စဉ်သတင်းအနှစ်ချုပ်

28-April-2024


တိုက်ပွဲသတင်း


၁။ တံတားပြင်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး


ဧပြီ ၂၈ ၊ Mizzima


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအဝင်တံတား ပြုပြင်ရန်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ကြောင်း Area 71 People Defense Force က ဧပြီလ ၂၇ ရက် နေ့တွင် ထုတ်ပြန်သည်။ တောပုရွာအဝင်တံတားပြုပြင်ရန် အနီးနားကျေးရွာမှဒေသခံများကို ခေါ်ဆောင်လာသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ် အင်အား ၃၀ ခန့်ကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကြေးမုံရွာအတွင်းဝင် ရောက်ချိန်၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တနာရီ ၃၀ မိနစ်ခန့်ကြာသောတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီးငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး စုစုပေါင်းသုံးဦးသေဆုံးခဲ့ကြောင်း ကျေးရွာ အတွင်းမှ ပြန်လည်ရရှိသည့် သတင်းများအရ အတည်ပြုထားခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါရွာအဝင်တံတားသည် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာချုပ်(နမခ)မှ စစ်လက်နက်နှင့် ရိက္ခာများထောက်ပံ့ရာတွင် ဖြတ်သန်းရသည့် လမ်းပေါ်တွင်ရှိသောကြောင့် တောပုကျေးရွာအတွက်အရေး ပါသောလမ်းဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအသုံးပြုသည့် ကာဘိုင်ကျည် ၈၆ တောင့် သိမ်း ဆည်းရမိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။



၂။ အမ်းစစ်ဆင်ရေးအတွင်း ပြည်သူ့လွတ်လပ်‌ရေးတပ်တော်က ရဲဘော် တဦးကျဆုံး


ဧပြီ ၂၈ ၊ PVTV


ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ် အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ တော်လှန်ရေးတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပြည်သူ့လွတ်လပ်ရေးတပ်တော်က ရဲဘော်တဦး ဧပြီ ၂၅ ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်လပ်‌ရေးအဖွဲ့/ ပြည်သူ့ လွတ်လပ်ရေး တပ်တော်က ဒီနေ့မှာ အသိပေးပါတယ်။ကျဆုံးရဲဘော် သွင်ထူးအောင် (ခ) ဘိုင်အိုမှာ ပြည်သူ့လွတ်လပ်ရေး တပ်တော်ရဲ့ အပတ်စဥ် (၃) အခြေခံ စစ်သင်တန်းဆင်းဖြစ်ပြီး၊ တော်လှန်ရေးတာဝန်ထမ်းရွက်ရင်း အမ်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ လူမျိုးပေါင်းစုံ ပြည်သူလူထုဘဝ လွတ်မြောက်ရေးအတွက် တပ်တော်က ပေးအပ်တဲ့ တော် လှန်ရေး တာဝန်တွေထမ်းဆောင်ခဲ့တာကို အလေးအနက် ဂုဏ်ယူတယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက် စစ်ကောင်စီ ရဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေမှာ ရက္ခိုင့်တပ်တော်(AA) နဲ့အတူ PDFတပ်ဖွဲ့တွေလည်း ပါဝင် တိုက်ခိုက်သိမ်းပိုက်နေတာပါ။



၃။ ချောင်ဦးမြို့က အကြမ်းဖက်စစ်တပ်ရဲ့ မြပုလဲစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်


ဧပြီ ၂၈ ၊ PVTV


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အထွက်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မြပုလဲစစ်ဆေးရေးဂိတ်ကို ဧပြီ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီး ၆၀ မမ (၅)လုံး၊ ၈၀ မမ (၅)လုံးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People's Defence Force - South Monywa-V4က ထုတ်ပြန်လိုက်ပါတယ်။


တော်လှန်ရေးတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၆၀မမ၊ ၈၀မမကျည်တွေက မြပုလဲဂိတ်အတွင်းကို တိတိကျကျ ရောက်ရှိ ပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တောင် ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိတော့ပဲ အကြမ်းဖက်တပ်သား ၁၅ ဦးထက်မနည်း ခြေပြတ်လက်ပြတ် ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရရှိသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ အော်ဟစ်ညည်းညူသံတွေနဲ့အတူ သေဆုံးလုစဲစဲ အကြမ်းဖက်တပ်သားတွေကို စစ်ကား (၂)စီးနဲ့ ချောင်းဦးမြို့အတွင်းကို တစ်စီးနဲ့ မုံရွာမြို့အတွင်းကို တစ်စီး သယ်ဆောင် သွားတယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာ ခရိုင် အမှတ်(၁၁)တပ်ရင်း ဖြစ်တဲ့ People's Defence Force - South Monywaတပ်ခွဲ(၁)မှ မုံရွာခရိုင်တပ်ရင်း (၂၇) တပ်ခွဲ (၃)၊ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နဲ့ လက်တွဲပြီး တိုက်ခိုက်ခဲ့တာပါ။



၄။ မြင်းခြံမြို့နယ်က အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေပျူစောထီးတွေ တပ်စွဲထားတဲ့ ပျူရွာကို တိုက်ခိုက်ရာ ၁၅ ဦးခန့် သေ


ဧပြီ ၂၈ ၊ PVTV


မန္တတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် မြောက်ဘက်၊ ဧရာတီမြစ်ကမ်းဘေးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်ပါးစေပျူစောထီး ပူးပေါင်း အင်အား ၆၀ ခန့် အထိုင်ချတပ်စွဲထားတဲ့ ကြည်ရွာကို ဧပြီ ၂၀ ရက်မှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်သားစုစုပေါင်း ၁၅ ဦးခန့် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ၃ နာရီခန့်ကြာ တိုက်ပွဲအတွင်း စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ ပြီးနောက် စခန်းနေရာကို ရှင်းလင်း‌ရေး ပြုလုပ်နေစဥ် ဆီမီးခုံရေနက်ဆမ်းမှ အကြမ်းဖက်စစ်သင်္ဘောနဲ့ တပ်ကူတွေ ရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ အကြမ်းဖက်စစ်ကောင်စီရဲ့ ပူးပေါင်းအထိုင်စခန်း ကနေ ၆၀မမ အထိုင်ပြောင်း (၁) လက်၊ ၆၀မမ ဗုံးသီး (၉)လုံး၊ MA-3 (၉) လက်၊ ၅.၅၆ ကျည်(ကပစထုတ်) (၁၂၅)တောင့် စတဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။တိုက်ပွဲအတွင်း ပြည်သူ့တော်လှန်ရေးတပ် ဖြစ်တဲ့ မြင်းခြံခရိုင်အမှတ်(၂)တပ်ရင်းက စစ်ဆင်ရေးအရာရှိ ရဲဘော်အာကာမင်း (ကိုယ်ပိုင်အမှတ်P-14803 009)မှာ တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော် (၄)ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။



၅။ လောင်းလုံးတွင် စစ်ကြောင်း တိုက်ခိုက်ခံရ


ဧပြီ ၂၈ ၊ DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ကနေ စပ်ပြဲရွာဘက်ကိုထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီ ၂၇ ရက်နေ့၊ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ လောင်းလုံပကဖပြန်ကြားရေးတာဝန်ခံက “ပထမတကြိမ်ကကျတော့ သူတို့ ဘက်က မိနစ် ၃၀လောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ဒုတိယတကြိမ်မှာကျတော့ ပစ်လိုက်နားလိုက်နဲ့ ညနေ ၄ နာရီလောက်မှ တိုက်ပွဲပြီးသွားတယ်” လို့ ပြောပါတယ်။ အဲဒီတိုက်ပွဲတွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်က အထိအခိုက်မရှိပေမယ့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအပြီး ညနေ ၄ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်က လောင်းလုံးမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားပြီး စပ်ပြဲရွာက လူငယ်တဦးကိုပါ အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။



၆။ အုတ်ဖို တိုက်ပွဲတွင် စစ်သား ၁၅ ဦး သေ


ဧပြီ ၂၈ ၊ DVB


ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီဘက်က အယောက် ၂၀ ကျော် ထိခိုက်သေဆုံးပြီး စစ်ကိုင်းတိုင်းမှာတော့ မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက် ခံရပြီး MA 1 သေနတ်တလက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပါတယ်။ အုတ်ဖိုမြို့နယ်မှာ ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီ လောက်ကနေ ဧပြီ ၂၇ ရက်နေ့ မနက် ၈ နာရီလောက်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံး၊ ၇ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တယောက်က ပြောပါတယ်။ “အုတ်ဖိုမြို့နယ် အရှေ့ဘက်ဗျူဟာလမ်း တင်းဝါးချောင်းရွာနားမှာ ကျနော်တို့ PDF တပ်ပေါင်းစု ရဲဘော်တွေနဲ့ စစ်ခွေးအင်အား ၄၀ လောက်ပါတဲ့ တပ်မ ၆၆ လက်အောက်ခံခွေးတပ်တို့ ၂ ရက် နီးပါးကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ” လို့ ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်း (၃၈၀၁) တပ်ခွဲ ၅၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ကြဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တော်လှန်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။



၇။ မင်္ဂလာဒုံ ၁၀၆တပ်ရင်းဂိတ်ကို ပြင်းအားမြင့်မိုင်းများဖြင့် တိုက်ခိုက်၊ သုံးဦးထက်မနည်းသေဆုံးဟုဆို


ဧပြီ ၂၈ ၊ Myanmar Pressphoto Agency


ရန်ကုန်မြို့၊ မင်္ဂလာဒုံအခြေစိုက် ခလရ ၁၀၆တပ်ရင်းဂိတ်ကို ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖထံက သိရသည်။


ဧပြီ ၂၇ ရက်၊ညနေ ခြောက်နာရီ မိနစ် ၄၀ ခန့်တွင် မင်္ဂလာဒုံမြို့နယ်အခြေစိုက် ၁၀၆ တပ်ရင်း၊ဂိတ်နှစ်ကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ၏ စစ်ရေးတာဝန်ခံက ပြောသည်။"တိုက်ခိုက်တာက မဟာမိတ်တပ်ဖွဲ့ နှစ်ခုနဲ့ ခလရ၁၀၆ရဲ့ ဂိတ်နှစ်ကို မိုင်းနဲ့တိုက်တာပေါ့။ မိုင်းအလုံးရေက များပါတယ်။ခလရ ၁၀၆၊ဂိတ် နှစ်က စစ်သားတွေ အရက်မူးပြီး ပျော်နေတဲ့အချိန် တိုက်ခိုက်ခဲ့တာပါ"ဟု ၎င်းက MPA သို့ ပြောသည်။ ယင်းတိုက်ခိုက်မှုကို Yangon Army(YA)၊ အနောက်ပိုင်းခရိုင် ပကဖနှင့် YGA တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဝင် ရဲဘော်များ အထိအခိုက်မရှိဘဲ ဘေးကင်းရာအရပ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း YAတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ "ဖောက်ခွဲတာ အောင်မြင်တယ်ဆိုတာနဲ့ ကျွန်တော်တို့ တပ်ဆုတ်ခဲ့တာပေါ့။မျက်မြင်အရ ဂိတ်နှစ်မှာ အော်ဟစ်ဆဲဆိုသံနဲ့ ခလရ ၁၀၆ ထဲကို ဝင်ပြေးသူတွေရှိတယ်။ ပြန်လည် ပစ်ခတ်မှုတော့မရှိပါဘူး" ဟု ၎င်းက ပြောသည်။ယင်းသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ခြင်း မရှိကြောင်းနှင့် ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနေကြကြောင်း မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။



၈။ ဆီဆိုင်မြို့နယ်နယ်၊ ၃ နေရာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၃ ဦးသေဆုံး


ဧပြီလ ၂၈ ၊ D Day News


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း ၃ နေရာတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။ ယမန်နေ့ ဧပြီလ ၂၇ ရက် နေ့က ဆီဆိုင်မြို့နယ် နေရာသုံးခု တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ယမန်နေ့ ဧပြီလ ၂၇ ရက် ည ၁၀ နာရီခွဲခန့်က ဆီဆိုင်မြို့ အနောက်ဘက်၊ ဝန်းကောင်ရွာအနီးရှိ ဝိန်းကောင်တံတားကို တော်လှန်ရေးအင်အားစုများ အသုံးပြုလျက်ရှိသည်ဟု ဆိုကာ အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့အပြင် ဧပြီလ ၂၇ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ အကြမ်းဖက်စစ်တပ်နှင့် PNO ပြည်သူ့စစ်များက ဝိန်းကောင် ရွာကို ဒရုန်း ၂ စီးဖြင့် အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ စစ်ကောင်စီတပ်ဖွဲ့မှ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်သဖြင့် ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။



လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ


၉။ အမ်းမြို့က စွေ့ချောင်းရွာ လက်နက်ကြီးကြောင့် ရွာလုံးကျွတ် မီးလောင်ပျက်စီး


ဧပြီ ၂၈ ၊ RFA


ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက ချင်းတိုင်းရင်းသားအများစုနေထိုင်တဲ့ စွေ့ချောင်းရွာကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တွေအားလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒီအခြေအနေကိုသိတဲ့ အမ်းမြို့ ခံတွေက RFA ကို ပြောပါတယ်။ ဧပြီလ ၂၄ ရက်နေ့ကတည်းက စွေ့ချောင်းရွာအနီးက အင်အားခြောက်ရာကျော်တဲ့ စစ်ကောင်စီတပ်ရဲ့ တောဟိန်းတောင်ဗျုဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေချိန် စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။လက်နက်ကြီးတွေကြောင့် စွေ့ချောင်းရွာက နေအိမ် နှစ်ရာနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ အမည်မဖော်လိုတဲ့ အမ်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။


"နေအိမ် နှစ်ရာလောက်ရှိတာကို နှစ်ရာလုံးပဲ လောင်သွားတဲ့ သဘောပဲ။ တစ်အိမ်စ၊ နှစ်အိမ်စပဲ ကျန်ခဲ့တယ်။ အဲဒီရွာက လည်း တောဟိန်းတောင်ဗျုဟာကို သိမ်းကတည်းက ရွာကနေ တိုက်ပွဲရှောင်လိုက်ကြပြီ။ နှစ်ဖက်တိုက်ပွဲက ပြင်းထန်တော့ ဟိုကလည်းပစ်၊ ဒီကလည်းပစ်နဲ့ နေအိမ်တွေကိုကျပြီး မီးလောင်တာ။ ဘယ်သူမှ မရှိတဲ့အချိန် မီးလောင်တော့ ပိုဆိုးတာ ပေါ့"။ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် စွေ့ချောင်းရွာက ဒေသခံ ခုနစ်ရာကျော် ဒီနေ့အထိ နေရပ်စွန့်ခွာ ထွက်ပြေး နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။



၁၀။ မတ္တရာအတွင်း ရွာ လေးရွာ မီးရှို့ဖျက်ဆီးခံရ


ဧပြီ ၂၈ ၊ RFA


မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း ဧပြီလ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာ လေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေစာရင်းစုစုပေါင်းကိုတော့ အတိအကျမသိရသေးဘူးလို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုတောက်က RFA ကိုပြောပါတယ်။

"ဒီမနက် ၉ နာရီလောက်ကပေါ့ စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာကနေ ကျွန်တော်တို့ မတ္တရာနယ်ထဲကို ကူးလာတဲ့ စကစ အင်အားနှစ်ရာဝန်းကျင်ခန့်ဟာ မတ္တရာမြို့နယ်ထဲ ဝင်ရောက်လာတာမျိုးရှိတယ်၊ ဝင်လာပြီး စကစတွေက ကျွန်တော်တို့ မတ္တမြို့နယ်အနောက်ခြမ်း မန္တလေးဘက်ခြမ်း ပြန်ဆုတ်နေရင်းနဲ့ ကြားထဲမှာရှိတဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်တယ်၊ အိမ်ခြေဘယ်လောက်များ ပါသွားတယ်ဆိုတာ အတည်ပြုလို့မရသေးဘူး၊ စကစကလည်း အဲနားဝန်းကျင် ရှိနေ သေးတာကြောင့်"၊ ရွာသစ်၊ ရှင်လှ၊ ထန်းခြောက်ပင်နဲ့ ဟင်္သာကုန်း စတဲ့ ရွာလေးရွာကို စစ်ကောင်စီတပ်က မီးရှို့နေတာ ဖြစ်ပြီး ဟင်္သာကုန်းကျေးရွာမှာတော့ နေအိမ် (၁၂၀) မီးလောင်ပျက်စီးခဲ့ပြီး ကျန်ကျေးရွာတွေမှာတော့ နေအိမ်ဘယ်လောက် မီးလောင်ပျက်စီးတယ်ဆိုတာ မသိရသေးပါဘူး။ ဒီစစ်ကောင်စီစစ်ကြောင်းမှာ ပါဝင်တဲ့ တပ်ရင်းတွေကိုတော့ RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။ မတ္တရာမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွာထဲ ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံတွေ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။



၁၁။ ကန်ပက်လက်တွင် လေကြောင်းတိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ


ဧပြီ ၂၈ ၊ DVB


ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို ဒီနေ့ ဧပြီ ၂၈ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ မွန်းလွဲ ၁ နာရီခွဲ အချိန်မှာ ကန်ပက်လက်မြို့နယ်၊ လွန်ဒုံကျေးရွာကို လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၃ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီထဲက အသက် ၆၈ နှစ်အရွယ် ဦးမနားထင်ဟာ ဆေးကုသမှုခံယူရင်း ညနေ ၃ နာရီအချိန်မှာ သေဆုံးခဲ့ တယ်လို့ သိရပါတယ်။ ကန်ပက်လက် မြို့နယ်ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံက “ဒီကနေ့ နေ့လယ်မှာ တိုက်လေယာဉ် ၂ စီးနဲ့ဝဲပြီးတော့ လွန်ဒုံကျေးရွာထဲကို တလုံး၊ ရွာဘေးနားကို ၂ လုံးကြဲသွားပါတယ်။ ခြေတဖက်ပြတ်သူက ဆုံးသွားပါတယ်။ ဒဏ်ရာရသူတွေကိုတော့ အနီးစပ်ဆုံး ဆရာမတွေရှိတဲ့ရွာကို ဆိုင်ကယ်နဲ့ သယ်သွားခဲ့ပါတယ်။ လွန်ဒုံ အနားက တိုက်ပွဲမရှိပါဘူး။ ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားတဲ့နေရာလည်း မဟုတ်ပါဘူး” လို့ ပြောပါတယ်။



၁၂။ မုံရွာတွင် ညီအစ်ကို ၃ ဦးကို စစ်တပ် ဖမ်းဆီး


ဧပြီ ၂၈ ၊ DVB


မုံရွာမြို့၊ ရတနာပုံရပ်ကွက်မှာနေထိုင်တဲ့ ညီအစ်ကို ၃ ဦးကို ဧပြီ ၂၆ ရက် မနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သား တွေက နေအိမ်အတွင်းဝင်ရောက်ပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံတဦးက “စစ်သား ၁၀ ယောက်လောက် အိမ်စီးကားနဲ့ရောက်လာပြီး သူတို့ညီအစ်ကို ၃ ယောက်ကို မျက်နှာတွေကို အဝတ်စည်းပြီး ဖမ်းခေါ်သွား တာ တွေ့လိုက်တယ်” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားသူတွေဟာ အသက် ၂၀ ကျော် ညီအစ်ကို ၂ ယောက်နဲ့ အငယ်ဆုံးက အသက် ၁၃ နှစ်အရွယ်ပဲ ရှိသေးတယ်လို့ သိရပါတယ်။


မိသားစုနဲ့ နီးစပ်သူတယောက်က “အကြီးလေး မျက်နှာသစ်နေတုန်း သူတို့တွေက အိမ်ထဲဝင်လာပြီး ဒူးထောက်ခိုင်းတယ်။ PDF လားလို့ မေးတယ်။ စစ်သားတွေက သူ့ညီ ၂ ယောက်ရဲ့ အိပ်ရာထဲသွားပြီး ခြေထောက်နဲ့ကန်နှိုးပြီး မျက်နှာတွေကို အဝတ်စည်းပြီး ဖမ်းခေါ်သွားတယ်။ ဘယ်ခေါ်သွားတယ်ဆိုတာ စုံစမ်းလို့မရသေးဘူး။ သူ့မိဘတွေက ကလေးတွေအတွက် အရမ်းစိတ်ပူနေကြတယ်” ပြောပါတယ်။ မတရားဖမ်းဆီးခံရတဲ့ ညီတစ်ကို ၃ ယောက်ဟာ စစ်ကောင်စီတပ်သားတွေ စွပ်စွဲ သလို PDF တွေ မဟုတ်ကြဘူးလို့လည်း သူက ဆက်ပြောပါတယ်။


ညီအစ်ကို ၃ ဦး အဖမ်းခံရတာနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ မုံရွာရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ‘စစ်တပ်က ဖမ်းတာဖြစ်လို့ သူတို့မသိရပါဘူး’ လို့ပဲ တာဝန်မှူးက ပြန်လည်ဖြေဆိုပါတယ်။




142 views0 comments

Comments


bottom of page