top of page
Writer's pictureMyo Yan Naung Thein

ပြည်သူတွေ သင်္ကြန်မှာပျော်နေကြသလား။


လူတစ်ဦးနှင့်တစ်ဦး ခံနိုင်းည်မတူသလို၊ စွန့်လွတ်အနစ်နာခံနိုင်မှုရေချိန်လည်းမတူကြပါဘူး။ ဒါကို မတူရကောင်းလားဆိုပြီးသွားအပြစ်တင်လို့မရပါဘူး။


ပြည်သူလူထုရဲ့နိုင်ငံရးမှာတက်ကြွပါဝင်မှုကအကန့်အသတ်ရှိပါတယ်။ သာမန်ပြည်သူတွေအတွက်က နေ့စဉ်စားဝတ်နေရေးရယ်၊ မွန်းကြပ်မှုတွေကြားကခဏတာပျော်ရွင်မှုရယ်ကြားမှာ အသက်ဝအောင်မတရားရှုနေကြရသူတွေပါ။မြန်မာပြည်သူတွေဟာစစ်အာဏာရှင်လက်အောက်မှာအကြာကြီးနေခဲ့ရတဲ့အတွက် ခက်ခဲကြပ်တည်းတယ်ဆိုတာကို နေသားကျနေကြပြီး မပျော်ပျော်အောင်နေတတ်နေကြပါပြီ။


မြန်မာတွေရဲ့အခြေအနေတွေကိုတုန့်ပြန်မှုပုံစံကလည်းထူးခြားပါတယ်။ အခက်အခဲ သို့မဟုတ် ဝမ်းနည်းစရာရှိလာရင် ခဏတာဝမ်းနည်းမယ် ၊ ချက်ချင်းပြန်ပျော်ရွင်နေမယ်ဆိုတဲ့လူမျိုးတွေဖြစ်ပါတယ်။ ဥပမာအားဖြင့် က်ုယ့်မိခင်ရဲ့နာရေးမှာ အသုဘချတဲ့နေက “ မေ့မျောမတတ်ငိုကြတဲ့သူတွေဟာ၊ ရက်လည်နေ့ရောက်တော့ တဟီးဟီး၊တဟားဟား” နဲ့ ရယ်မောနေကြပါပြီ။ ဒါကြောင့်လည်း မြန်မာပြည်သူတွေဟာ resilience အရမ်းကောင်းတယ်ဆိုပြီး တစ်ခြားလူမျိုး၊လူ့အသိုက်အဝန်းတွေကမှတ်ချက်ပေးကြတာပါ။


အနုပညာရှင်ဆိုသူတွေဟာ သာမန်ပြည်သူတွေထက်ကိုစိတ်ခံစားမှုနောက်ကိုပိုလိုက်ကြပြီး အပျော်ပိုရှာကြပါတယ်။ သူတို့တွေက နိုင်ငံရေးခံယူချက်မပြောနဲ့၊ လူတစ်ယောက်စောင့်ထိန်းရမယ့် သာမန်လူ့ကျင်ဝတ်တွေ၊ လူမှုရေးစည်းတွေကိုတောင် မစောင့်စည်းနိုင်ပဲ လူမှုရေးဇတ်ရှုတ်တွေဖြစ်ကြတာကိုတွေ့ကြရပါမယ်။ ကိုပြေတီဦး၊ မအိန္ဒြာကျော်ဇင်၊ ကိုလူမင်းတို့ဆိုတာရှားပါးပစ္စည်းတွေပါ၊ ချွင်းချက်တွေပါ။ များသောအားဖြင့် ရာဇာနေဝင်းလိုခပ်ပေါပေါတွေများကြပါတယ်။  နောက်ပြီးသူတို့ရဲ့စားဝတ်နေရေးလည်းရှိပါသေးတယ်။ အဲ့ဒီအနုပညာရှင်တွေကို ဘောမလို့သွားပြောလို့မရပါဘူး၊ သူတို့ရဲ့ဖြစ်တည်မှုပုံစံကိုက ခပ်ပေါ့ပေါ့ဖြစ်နေကြတာပါ။  ( ဒိန်းဒေါင်၊ အုန်းသီးတို့ကတော့ အခွင့်အရေးသမားဘောမစစ်စစ်တွေဖြစ်တာကိုတော့ပြောလိုပါတယ်။)


စိတ်ထွက်ပေါက်ရှာနေတဲ့ ပြည်သူတွေနဲ့ ၊ ခပ်ပေါပေါအနုပညာရှင်တွေ ( တစ်ချို့ကလည်းတကယ်စားဝတ်နေရေးအတွက်လုပ်ရတာပါ) တွေဆုံကြတဲ့အခါ ဘီယာဆိုင်သီချင်းဆိုပွဲတွေ၊ စိုင်းစိုင်းခမ်းလှိုင် show ပွဲတွေ၊  င်္သကြန်မှာပွဲတွေ လူစည်ကားတော့တာပါပဲ။ သင်္ကြန်မှာ လူသိထင်ရှားအနုပညာရှင်တွေအားလုံးနီးပါးကိုမတွေ့ရပါဘူး၊ ဇတ်ပို့ဇတ်ရံတွေလောက်ကိုလူရာသွင်းပြီးသီချင်းဆိုခိုင်းနေကြတာတွေ့ရပါတယ်။


အဲ့ဒီလိုဖြစ်တာကို ပြည်သူတွေက အကြမ်းဖက်တွေကိုအားပေးနေတယ်လို့ပြောလို့မရပါဘူး။ ပြည်သူအများစုဟာ တော်လှန်ရေးကိုထောက်ခံသလို အကြမ်းဖက်မင်းအောင်လှိုင်ကို မုန်းတီးရွံရှာကြပါတယ်။ ဖိနှိပ်မှုပြန်းထန်လွန်းတံ့အတွက် ပြည်သူတွေ ( အထူးသဖြင့်မြို့နေပြည်သူတွေ) က အသံတိတ်နေကြရတာဖြစ်ပါတယ်။


ဒါကိုမှ ပြည်သူတွေကဘာကြောင့်ပျော်နေကြလဲသွားအပြစ်တင်လို့မးပါဘူး။ အထက်မှာကျွန်တော်ပြောခဲ့သလိုပဲ ပြည်သူတွေဟာ အသက်မတရားကြံဖန်ရှင်သန်တွေရတဲ့အချိန်မှာ မပျော်၊ ပျော်အောင်နေကြတာဖြစ်ပါတယ်။ ဒါဟာ မြန်မာတွေရဲ့စရိုက်လက္ခဏာလည်းဖြစ်ပါတယ်။


ကျွန်တော့်အသက် ၅၀ ရှိပါပြီ။ ၁၉၈၈ တော်လှန်ရေးဖြစ်တော့ ကျွန်တော်အလယ်တန်းကျောင်းသားဘဝပဲရှိပါသေးတယ်။ ၁၉၈၈ မှာပါဝင်တော်လှန်ခဲ့သူတွေဟာ အခုအသက် ၆၀ တန်း၊ ၆၀ ကျော်တွေပါ။ ၁၉၈၈ ကနေ နွေဦးတော်လှန်ရေးမတိုင်ခင်အထိ ပြည်တွင်း၊ ပြည်ပမြန်မာလူဦးရေ သန်း ၆၀ ကျော်ရှိတဲ့အထဲက လူထောင်ဂဏန်းပဲထောင်ကျခံတိုက်ပွဲဝင်ခဲ့ကြတာပါ။ အဲ့ဒီတော်လှန်ရေးမှာမပါဝင်တဲ့ လူသန်း ၆၀ ကျော်က စစ်အုပ်ချုပ်ရေးကိုကြိုက်လားဆိုမကြိုက်ပါဘူး။ နောက်ပြီး အဲ့ဒီသန်း ၆၀ ကျော်ပြည်သူတွေက တော်လှန်ရေးကိုထောက်ခံကြပါတယ်။ သူတို့ထောက်ခံကြောင်းကို ပွင့်လင်းလွတ်လာခဲ့ချိန်ခဏကာလအတွင်းက NLD စည်းရုံးရေးပွဲစဉ်တွေမှာ သိန်း၊ သန်းချီတဲ့လူအုပ်ကြီးတွေက သက်သေပြခဲ့ကြပါတယ်။



ကျွန်တော်တို့ နှိပ်စက်ခံ၊ ငတ်ပြတ်ခံပြီး နှစ်ပေါင်းများစွာ ထောင်ကျတိုက်ပွဲဝင်ခဲ့ချိိန်မှာ၊  အခုအသက် ၂၀၊ ၃၀ အရွယ်ဂျန်ဇီးတွေရဲ့ အမေတွေ၊ အဖေတွေဟာအချင်းချင်းဖတ်အိပ်နေခဲ့ကြတာပါ။ ဒါဟာအဖြစ်မှန်ပါ။ ဒါကို အပြစ်သွားတင်လို့မရပါဘူး။ ဒါဟာ လူ့သဘာဝဖြစ်ပါတယ်။


လူတစ်ယောက်နှင့်တစ်ယောက်စွန့်လွတ်နိုင်မှုရေချိန်မတူကြပါဘူး။



မျိုးရန်နောင်သိန်း

၂၀၂၄ ခုနှစ် ဧပြီလ ၁၆ ရက်



84 views0 comments

Comments


bottom of page