top of page
Writer's pictureMyo Yan Naung Thein

K3C ၊ NUG နှင့် အမေရိကန်တို့၏ထူးခြားသောတွေ့ဆုံမှု



အမေရိကန်ပြည်ထောင်စု ဒဲရစ်ချိုလေးတို့အဖွဲ့ နှင့်  NUG ယာယီသမ္မတ ၊ နိုင်ငံခြားရေးဝန်ကြီးတို့အဖွဲ့၏ 

၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက် တွေ့ဆုံမှုသည် ယခင်တွေ့ဆုံမှုများနှင့် မတူသည်ကိုသိရန်လိုသည်။ မြန်မာစစ်ကောင်စီသည်လွန်စွာအားနည်းနေပြီး တိုက်တိုင်းရှုံးနေသည်ကို အိမ်နီးချင်းနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့အပြင်တကမ္ဘာလုံးကသတိထားမိကြသည်။ 


ယခုဆိုလျှင် မြန်မာနိုင်ငံဆိုင်ရာကော်မတီတစ်ရပ်ကိုထိုင်းဝန်ကြီးချုပ်က ဦးဆောင်ဖွဲ့စည်းထားပြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းမဲဆောက်သို့ရောက်ရှိနေသည့်အပြင် မြန်မာစစ်တပ်အနေဖြင့် မြဝတီမြို့ကိုအကြမ်းဖက်မှုဖြင့်မဖြေရှင်းရန် ထိုင်းအစီုးရမှ မြန်မာစစ်တပ်ကိုထူးထူးခြားခြား စာပို့ထားသည်။ ထိုအပြင် ထိုင်းအစီုးရအနေနှင့် ( NUG အပါအဝင်) ဖက်စုံအဖွဲ့စုံနှင့် ညှိနှိုင်းဆောင်ရွက်မည်ဟုလည်းပြောထားသည်။  ဆိုလိုသည်မှာထိုင်းအစီုးရအဆက်ဆက်အနေဖြင့် ယခင်က စစ်တပ်ကိုမျက်နှာသာပေးပြီး အဓိကအပေါင်းအသင်းလုပ်ခဲ့ရာမှ ယခုအခြေအနေအရအရောင်ပြောင်းလာခြင်းဖြစ်သည်။ အိန္ဒီယ နှင့် ဘင်္ဂလားဒေရှ့်တို့လည်းအခြေအနေအရအရောင်ပြောင်းလာကြသည်ကိုတွေ့ရ၏။ အိန္ဒိယနိုင်ငံ၊ မီဇိုးအမျိုးသားတပ်ဦး ပါတီ (MNF ပါတီ) က အထက်လွှတ်တော်အမတ်တဦး K. Vanlalvena (ဗန်လဲလ် ဗန်နာ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ရက္ခိုင့်တပ်တော် AA နှင့် ပြီးခဲ့သောမတ်လဆန်းက မြန်မာပြည်ထဲသို့လာ၍ တွေ့ဆုံဆွေးနွေးခဲ့သည်ကိုသတိထားမိကြလိမ့်မည်။ တရုတ်သည်လည်း စကစရှုံးနိမ့်တော့မည့် အခြေအနေမှန်ကို ရိပ်စားလာသည်နှင့်အမျှ NUG နှင့် ထိတွေ့လာလိမ့်မည်ဟု ခန့်မှန်းနိုင်သည်။ 



အမေရိကန်အစီုးရသည်လည်း ယခင်က NUG အစီုးရနှင့်တွေ့ဆုံဆွေးနွေးသည်၊ ထောက်ခံအားပေးသည်မှာ စံတန်ဖိုးအခြေခံတူသောကြောင့်ဖြစ်သော်လည်း ယခုတွေ့ဆုံဆွေးနွေးမှုသည် လက်တွေ့အကျိုးစီးပွါးအတွက်အရေးကြီးလာသောကြောင့်ဖြစ်သည်။ နွေဦးတော်လှန်ရေးအစက သာမန်ကာလျှံကာဟုယူဆခဲ့ပုံရသော အမေရိကန်ပြည်ထောင်စုသည် ယခုမြန်မာစစ်တပ်တကယ်ရှုံးတော့မည်ဟုသေချာလာသောအခါ K3C နှင့်တွေ့ပြီးဆွေးနွေးလာသည်၊ ယခု  NUG ယာယီသမ္မတ ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်ဆွေးနွေးခြင်းဖြစ်သည်။  



အမေရိကန်ပြည်ထောင်စု တွေ့ဆုံဆွေးနွေးသည်မှာမကြာခင်ကမှစစ်နိုင်သွားခဲ့သော ညီနောင်သုံးဖော်နှင့် မဟုတ်ပဲ K3C ဖြစ်သည်ကို သတိပြုမိရန်လိုသည်။ K3C ဆိုသည်မှာ ကချင်၊ ကရင်၊ ကရင်နီ ၊ ချင်းအဖွဲ့များမှ NUG နှင့် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ရန် အလုပ်သဘောဖွဲ့ထားသောအဖွဲ့ဖြစ်သည်ကိုလည်းသိရန်လိုသည်။ အတိုချုပ်ကောက်ချက်ပေးရလျှင် အမေရိကန်က  NUG နှင့် မဟာမိတ်တိုင်းရင်းသားများ မြန်မာပြည်ကို တကယ်အုပ်ချုပ်ခွင့်ရနေပြီ၊ ပိုမိုရရှိလာလိမ့်မည်ကို သဘောပေါက်သွားပြီဖြစ်သည့်အတွက် အလုပ်သဘောပိုဆန်စွာစကားစပြောလာခြင်းဖြစ်သည်။ ဤခရီးနီးနေပြီ၊ရောက်နေပြီဖြစ်သည်။ 



ဦးမျိုးရန်နောင်သိန်း 

၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်


ကိုးကား : 















43 views0 comments

Comments


bottom of page