top of page
Writer's pictureMyo Yan Naung Thein

နေ့စဉ်သတင်းစုစည်းမှု ( ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက် )

နေ့စဉ်သတင်းစုစည်းမှု

12-April-2024



တိုက်ပွဲသတင်း


၁။ ဖားဆောင်းကို စစ်ကူလာသောတပ် ချေမှုန်းခံရ၊ ၅၈ ဦး အရှင် ဖမ်းမိ


ဧပြီ ၁၂ ၊ The Irrawaddy


ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဝိုင်းဝန်းပိတ်ဆို့ထားသည့် ဖားဆောင်းမြို့ရှိ ခြေလျင်တပ်ရင်း- ခလရ ၁၃၄ သို့ စစ်ကူ လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းမှာ ဧပြီ ၁၁ ရက်တွင် စစ်ကြောင်းတခုလုံး ချေမှုန်းခံရပြီး စစ်သုံ့ပန်း ၅၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း တပ်ပေါင်းစုတာဝန်ရှိသူတဦးက ပြောသည်။ ဖားဆောင်းမြို့ အခြေစိုက် ခလရ- ၁၃၄ နှင့် ၁၃၅ ကို တော်လှန်ရေးတပ်ပေါင်းစုများက ဝိုင်းဝန်းပိတ်ဆို့ကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်မှာ နှစ်လကျော်နေပြီဖြစ်သည်။ တော်လှန်ရေး တပ်ပေါင်းစု၏ ထိုးစစ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အကျအဆုံးများနေသည့်အတွက် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်းလည်း သိရသည်။


ခလရ ၁၃၅ ကို မတ်လ ပထမပတ်တွင် တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိကာ မြို့၏၈၀ရာခိုင်နှုန်းခန့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွင် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီတပ်မတော် (KA)၊ ကြယ်ဖြူ (KNSO)၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF)များက ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။



၂။ အမ်းအခြေစိုက် နပခကို AA တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ ဦး သေဆုံး

ဧပြီ ၁၂ ၊ DVB


ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်နေတာ မှာ စစ်ကောင်စီတပ်က ဗိုလ်မှူးကြီးတဦး သေဆုံးပြီး အရာရှိတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမ်းမြို့ခံတွေက ပြောပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ဧပြီ ၉ ရက်ကတည်းက ရက္ခိုင့်တပ်တော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေး တပ်ရင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဗိုလ်မှူးကြီး တဦး သေဆုံးခဲ့တယ်လို့ အမ်းမြို့ခံ စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။“နပခထဲကို ဧပြီ ၉ ရက် ညကတည်းက AA က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ။ ထိုးစစ်ဆင် တိုက်ခိုက်နေတာမျိုးတော့ မဟုတ်သေးဘူး။ နပခအထဲက အမှတ် ၈ အဆင်မြင့် ဆက်သွယ်ရေးတပ်ထဲမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဗိုလ်မှူးကြီးတဦး သေဆုံးခဲ့ပြီးတော့ နောက်ထပ်အရာရှိတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရတယ်။” အမ်းမြို့နယ်အတွင်းရှိ အမှတ် ၈ ဆက်သွယ်ရေးတပ်၊ နတ်စင်တောင်နဲ့ တောဟိန်းတောင် ဗျူဟာကုန်း အပါအဝင် တပ်စခန်းငယ်တချို့ကို ရက္ခိုင့်တပ်တော်က မတ် ၂၄ ရက်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီ ဘက်ကလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေတယ်လို့ သိရပါတယ်။



၃။ ချောင်းဦးတွင် ကင်းလှည့်လာသည့် ရဲတပ်ဖွဲ့ကား တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး


ဧပြီ ၁၂ ၊ Mizzima


စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့ ပွဲရပ် ရပ်ကွက်တွင် အိမ်စီးကားဖြင့် ကင်းလှည့်လာသည့်ရဲတပ်ဖွဲ့ကား တိုက်ခိုက်ခံရပြီး ရဲတပ်သား နှစ်ဦးသေဆုံးသွားသည်ဟု Burma Liberation Democratic Front - BLDF တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ထံမှ သိရသည်။ "ကားပေါ်မှာ ဒုရဲအုပ် အပါအဝင် ရဲတပ်သား သုံးဦး လိုက်ပါလာခဲ့တဲ့ သတင်းရလို့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကားကို ထားခဲ့ပြီး ပြည်သူ့ ဆိုင်ကယ်တွေကို လုယက်ပြီး သွေးရူးသွေးတန်းနဲ့ မောင်းပြီး ထွက်ပြေးသွားတာ ဖြစ်တယ်” ဟု BLDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ ဧပြီလ ၁၁ ရက် ညနေ ၄ နာရီ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒုရဲအုပ်တဦးပါ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ၎င်းကဆိုသည်။


ယင်းတိုက်ခိုက်မှုကို Burma Liberation Front-BLDF တပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကားတစီးနှင့် ဖုန်းနှစ်လုံး သိမ်းဆည်းရမိခဲ့ကာ အခင်းဖြစ်ပွားသည့် နေရာနှင့် ရဲစခန်းမှာ မီတာ ၅၀၀ ခန့်အကွာသာ ရှိသည့်အတွက် မစ်ရှင်ကို ငါးမိနစ် အတွင်း ပြီး‌အောင်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း BLDF တပ်ဖွဲ့ထံမှ သိရသည်။


အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နာရီပိုင်းအတွင်းပင် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ဖောက်ဝင်ရောက်လာကာ လူနေအိမ် ခြောက်လုံးကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားသည်ဟု ချောင်းဦးဒေသခံထံမှ သိရ သည်။



၄။ မုံရွာ စီးပွားရေးတက္ကသိုလ်အခြေစိုက် စစ်တပ်ကို လက်နက်ကြီးဖြင့် PDF ပစ်၊ ၃ ဦးသေဆုံးဟုဆို


ဧပြီ ၁၂ ၊ Myanmar Pressphoto Agency


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဧပြီ ၁၁ ရက်၊ နံနက် ၂ နာရီခွဲခန့်က မုံရွာမြို့ စီးပွားရေး တက္ကသိုလ်တွင် တပ်စွဲထားသည် အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်တပ်ကို ၆၀(မမ)၊ ၈၀(မမ)နှင့် ၁၂၀(မမ) လက်နက်ကြီး စုစုပေါင်း ၁၂ လုံး ပစ်ခတ်ခဲ့ကြောင်း Snipe Rangers Force က သတင်းထုတ်ပြန်သည်။


" မုံရွာမြို့နဲ့က မဝေးဘူး။ မြို့ပတ်လမ်း နားမှာ။ အင်းအား က အမြဲ ရှိတာတော့ မဟုတ်ဘူး။ ဒီရက်ပိုင်းလေးမှ ရောက်လာ တာ။ အရင်က ၅၀ လောက်ပဲ ရှိတာပါ" ဟု Snipe Rangers Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခန့် ကြာမြင့်ခဲ့ ကြောင်းသိရသည်။


စစ်သားများ ထိခိုက်သေဆုံးမှုကို တပ်တွင်းသတင်းရင်းမြစ်များထံမှတစ်ဆင့် သိရခြင်းဖြစ်ပြီး တိုက်ခိုက်မှုပြီးနောက် လူနာ တင်ယာဉ်လည်း တက္ကသိုလ်ထဲသို့ ဝင်သွားကြောင်း ၎င်းကပြောသည်။


ယင်းတိုက်ခိုက်မှုကို Snipe Rangers Force၊ ဒေါင်းပြောက်ကျားတပ်၊ မုံရွာခရိုင်တပ်ရင်း- ၂၇၊ GOS တပ်ဖွဲ့နှင့် မဟာမိတ် တပ်ဖွဲ့ ၃ ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။



၅။ ပလမြို့ရဲစခန်းကို အမျိုးသမီးဒရုန်းတပ်ဖွဲ့ဝင်များက ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး


ဧပြီလ ၁၂ ၊ D Day News


တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းကို အမျိုသမီးဒရုန်းတပ်ဖွဲ့ဝင်များက ဗုံးကျဲတိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်။ ယမန်နေ့ ဧပြီလ ၁၁ ရက် ညနေ ၆ နာရီခန့်က ပလမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲစခန်းကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ အမျိုးသမီးရဲဘော်များကိုယ်တိုင်ပါဝင်ပြီး ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီ အခြားထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ် ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း T2 Special Drone Force မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းအနဖြင့် ပုလောမြို့နယ်အတွင်းရှိ အကြမ်းဖက် ဖက်ဆစ်တပ်များကို အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် ဖက်ဆစ်စစ်သားများ၊ ၎င်းတို့တပ်စွဲရာနေရာများနှင့် အနီးကပ် နေထိုင်ခြင်း မပြုရန် အထူးမေတ္တာရပ်ခံထားသည်။



၆။ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး


ဧပြီလ ၁၂ ၊ D Day News


မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး နယ်ထိန်း ရဲတစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။


ယမန်နေ့ ဧပြီလ ၁၁ ရက် ညနေ ၅ နာရီ ၃၇ မိနစ်က စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို လက်နက်ကြီး လက်နက်ငယ်များ ဖြင့် လျှပ်တပြက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး နယ်ထိန်းရဲဖြစ်သူ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့(ပကဖ-စလင်း) နှင့် ဒေါင်းစစ်အောင်-LPDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



၇။ ဆော့လော်မြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ်လက်အောက်ခံ BGF တပ်စခန်းနဲ့ ပြည်သူ့စစ်စခန်းတွေကို KIA တိုက်ခိုက် သိမ်းပိုက်


ဧပြီ ၁၂ ၊ PVTV


ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ်လက်အောက်ခံ BGF တပ်စခန်းနဲ့ ပြည်သူ့စစ်စခန်းတွေ ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။


မျှော်ဇန်ကူး နယ်ခြားစောင့်တပ်ဖွဲ့ - BGF ( ၁၀၀၁ ) ရဲ့ တပ်စခန်းတစ်ခုကို ဒီနေ့ ဧပြီ ၁၂ရက် နေ့လည် ၁၂နာရီမှာ KIA တပ်ရင်း (၄၆) တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးတော့ KIA တပ်မဟာ(၇)က ဧပြီ ၁၁ရက် နေ့မှာ မျှော်ဂျောင် ပန်ဝါ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တာပါ။အဆိုပါ အကြမ်းဖက် လက်အောက်ခံ စခန်းတွေကနေ လက်နက် ခဲယမ်းတွေအပြင် စစ်သုံ့ ပန်းတွေကိုပါ သိမ်းပိုက်ရရှိခဲ့ပါတယ်။



နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းများ


၈။ အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံနှင့် NUG တွေ့ဆုံ


ဧပြီ ၁၂ ၊ The Irrawaddy


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နှင့် အဖွဲ့သည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် အဖွဲ့ဝင်များကို ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Cholletနှင့် လက်ထောက် အုပ်ချုပ် ရေးမှူး Michael Schiffer တို့က NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ Derek Chollet က မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ဒီမိုကရေစီ လှုပ်ရှားကြိုးပမ်း မှုများကို ကြိုဆိုကြောင်း၊ လိုအပ်နေသော လူသန်းပေါင်းများစွာအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန်၊ အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများ ပေးဆောင်ရန်နှင့် ဒေသန္တရအုပ်ချုပ်ရေး စွမ်းရည်များ တည်ဆောက် ရန် ကြိုးပမ်းမှုများအပါအဝင် ဒီမိုကရေစီလှုပ်ရှားမှုများအတွက် အမေရိကန်က ထောက်ခံကြောင်း ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် လူမျိုးစုနှင့် ဘာသာရေးအဖွဲ့များ အထူးသဖြင့် ရိုဟင်ဂျာများ အပါအဝင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အနာဂါတ်အတွက် ကြိုးပမ်းနေသူများနှင့် အားလုံးပါဝင်သော မဟာမိတ်များတည်ဆောက်ရန် ကြိုးပမ်းမှုအပေါ် NUG အား ချီးကျူးဂုဏ်ပြုကြောင်းလည်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရန်၊ မတရားဖမ်းဆီး ခံထားရသူများကို လွှတ်ပေးရန်၊ ပဋိပက္ခများအဆုံးသတ်ရေးနှင့် မြန်မာပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဒီမိုကရေစီ လမ်းကြောင်းပေါ် မြှင့်တင်ရန် သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် အရေးကြီးကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။



လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ


၉။ ကရင်နီတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါဝင် ပြည်သူ ၃ ဦး သေဆုံး


ဧပြီ ၁၂ ၊ The Irrawaddy


ကရင်နီ (ကယား) ပြည်နယ်၊ လွယ်ယင်းနှင့် ပီကင်းရပ်ကွက် နှစ်ခုပေါ်သို့ ယမန်နေ့ ည ၁၀ နာရီကျော် ဝန်းကျင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်ဝန်းကျင်ရှိ ကလေးငယ်တဦး၊ အသက် ၆၀ ကျော်အရွယ် အဖွားအို တဦးနှင့် အသက် ၁၂ နှစ်အရွယ် ကလေးတဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

လေကြောင်းဖြင့် ပီးကင်းဈေးသို့ မီးလောင်ဗုံးတလုံး ကြဲခဲ့သလို လွယ်ယင်းနှင့် ပီကင်း ရပ်ကွက်နှစ်ခုကြားသို့ ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ဒုတိယအကြိမ် ကြဲချခဲ့သောကြောင့် ဗုံးတလုံးမှာ ဝပ်ရှော့ဘေး နေအိမ်ပေါ်သို့ ကျရောက်ပြီး မြေးအဖွားနှစ်ဦး မှာ နေရာတွင်ပင် သေဆုံးခဲ့သလို ၁၂ နှစ်အရွယ်ကလေးဦးမှာ ဆေးရုံ၌ သေဆုံးခဲ့ရကြောင်း ကရင်နီပြည်နယ် စစ်ဘေးရှောင် ကူညီသူတဦးက ဧရာဝတီသို့ ပြောသည်။


၎င်းက “ည ၁၀ နာရီ ကျော်ဝန်းကျင်မှာ ပထမ တလုံးက ပီကင်းဈေးကို ပစ်ပါတယ်။ မီးလောင်ဗုံးလို့ ထင်ရတယ်။ အဲဒီဗုံးက ဈေးနဲ့ နည်းနည်းလွဲသွားတယ်။ နောက် ၅ မိနစ်ခြားမှာ တကြိမ် ပြန်လာတယ်။ ပေါင် ၅၀၀ ဗုံးနဲ့ တလုံးက စာသင်ကျောင်းနဲ့ ဝပ်ရှော့ကြားမှာ ကျတယ်။ အဲဒါကတော့ လွယ်ရင်းဘက် ဖြစ်တယ်။ အနားမှာ စစ်ရှောင်စခန်းလည်း ရှိတော့ သူတို့ ဘယ်ကို ပစ်မှတ်ထားလည်းတော့ ဝေခွဲမရဘူး။ နောက်တလုံးကတော့ ဘေးကပ်ရပ်အိမ်ကို တည့်တည့်ကျတော့ မြေးအဖွားနှစ်ဦး ပွဲချင်းပြီး သေတယ်။ ကျန်မိသားဝင်တွေလည်း ဆေးရုံမှာတင်ထားရတယ်။ လူဦးရေတော့ အတိအကျ မသိဘူး”ဟု ပြော သည်။ပီကင်းဈေးသို့ ပထမအကြိမ်ကြဲသည့် ဗုံးမှာ လူထိခိုက်မှုမရှိသော်လည်း နောက်ထပ် ကြဲချသည့်ဗုံး နှစ်လုံးကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့ရာ မည်မျှ ထိခိုက်ဒဏ်ရာရရှိသည်ကို မသိရသေးသော်လည်း ၄ ဦးနှင့်အထက်ရှိနိုင်ကြောင်း ၎င်းက ပြောသည်။



၁၀။ ဘူးသီးတောင်နဲ့ ကျောက်ဖြူမှာ ဒေသခံကိုးဦး ဖမ်းဆီးခံရ


ဧပြီ ၁၂ ၊ RFA


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေက ဒေသခံကိုးဦးကို စစ်ကောင်စီတပ်က ဧပြီလ ၉ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဘူးသီးတောင်မြို့နယ် စိုင်းဒင်ရေတံခွန် အထက် ပိုင်းမှာနေကြတဲ့ ခမီလူမျိုးငါးဦး စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ-၅၅၁ အနီးက အင်ကြင်းမြိုင်ရွာကို အလည်အပတ် ရောက်နေစဉ် ဧပြီလ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။


“သူတို့က စိုင်းဒင်ဘက်ကလို့ သိရတယ်။ အင်ကြင်းမြိုင်ကို အလည်ရောက်နေတဲ့အချိန်မှာ ၅၅၁ က ဖမ်းဆီးသွားတာ။ ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ မသိရဘူး။ မိသားစုတွေနဲ့လည်း အဆက်အသွယ်မရ ဖြစ်နေတယ်လို့ ပြောတယ်”

ဖမ်းဆီးခံရသူတွေက ဒေါ်စိန်ခေါင်၊ ဦးသန်းမောင်၊ ဦးထွန်းအောင်၊ ဦးဝေသာမောင်နဲ့ ဦးရွှေလှတို့ ဖြစ်ကြပါတယ်။

ကျောက်ဖြူမြို့နယ်မှာတော့ ကုလာဘာရွာက ကိုဇင်မြင့်ထွန်း၊ ကိုတင်မောင်နိုင်၊ ကိုချမ်းမြင့်ဇော်နဲ့ ကိုနေတိုးတို့ လူငယ် လေးဦးကို စစ်ကောင်စီတပ်က ဧပြီလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။


အသက် ၂၀ ဝန်းကျင်ရှိကြတဲ့ ဒီလူငယ်လေးဦးကို ကျောက်ဖြူမြို့နယ် စည်မော်ရွာလမ်းဆုံမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ မိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။



၁၁။ စစ်ကောင်စီက ပစ်ခတ်သည့်လက်နက်ကြီး ထိမှန်သဖြင့် ကော့ကရိတ် ပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ


ဧပြီ ၁၂ ၊ Myanmar Pressphoto Agency


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တောင်ဘက်အခြမ်းရှိ ရွာသစ်ကျေးရွာတွင် စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက် ကြီး ထိမှန်ခဲ့သဖြင့် ဒေသခံပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နယ်မြေခံသတင်းရစ်မြစ်များ ထံမှ သိရသည်။ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ - ၉၇တပ်က ဧပြီ ၁၂ ရက်၊ နံနက် ၉ နာရီခွဲအချိန်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ရွာသစ်ကျေးတွင်နေထိုင်သည့် အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦး သေဆုံးကာ အသက် ၂၈ နှစ်အရွယ်အမျိုးသမီး ၁ ဦး၊ အသက် ၂၀ အရွယ်အမျိုးသား ၁ ဦးနှင့် အသက် ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ဒဏ်ရာများရရှိသွားခဲ့ခြင်းဖြစ်သည်။


"သူတို့ အိမ်ဘေးကို လက်နက်ကြီးကျပြီး မိခင်ဖြစ်သူသေဆုံးသွားတယ်။ နောက်ပြီး အဲ့ဒီအမျိုးသမီးရဲ့သားနဲ့ သမီးရော၊ သူတို့အမျိုးတစ်ဝမ်းကွဲ ကောင်လေးတစ်ယောက်ရော ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့ သုံးယောက်လုံး ဆေးရုံပို့ထား ပါတယ်" ဟု နယ်မြေခံသတင်းအရင်းအမြစ်တစ်ဦးက ရှင်းပြသည်။ လက်ရှိတွင် မြဝတီမြို့ကို စစ်ကူတက်လာသော တင့်ကားများပါဝင်သည့် စစ်ကောင်စီ၏ တပ်မ ၅၅ (ကလော) စစ်ကြောင်းသည် ကော့ကရိတ်မြို့ကိုရောက်ရှိနေပြီး ကော့ကရိတ်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။





Comments


bottom of page